ဒီဒေါ်လာရိုက်ဇေးရှင်း (De - dollarization) အဆိုးအကောင်း
စောနိုင် (အသုံးချဘောဂဗေဒ)
(၁) နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင် လည်းကောင်း ၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင်လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလ တစ်လျှောက်လုံး ရှိနေခဲ့သည်။
ယခုအချိန်တွင်မူ စီးပွားရေးအင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများရှိလာနေသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့် ဆက်စပ်နေသည့်နိုင်ငံများသာမက အမေရိကန်အစိုးရကိုယ်တိုင်ပင် စဉ်းစားစရာ၊ စိုးရိမ်စရာများရှိလာသည်ဟု မှတ်ချက်ပြုကြသည်။
(၂) အမေရိကန်ဒေါ်လာ ငွေကြေးအသုံးပြုမှုကို လျှော့ချရေး(ခေါ်) ဒီဒေါ်လာရိုက်ဇေးရှင်း (De- dollarization) ကို ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုများအပေါ် သက်ရောက်နိုင်ခြေများသည့် ကြီးမားသောပြဿနာအဖြစ် အားလုံးက ထင်မြင်နေကြပြီဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာ အရန်အက်ဆက်(Reserve Asset)များတွင် ဒေါ်လာငွေပါဝင်မှုအပြောင်းအလဲများသည် နိုင်ငံအတော်များများတွင် ဘဏ္ဍာရေးမတည်ငြိမ်မှုများကို ဖန်တီးဖြစ်ပေါ်စေလျက် အရင်းအနှီးစီးဆင်းမှုများ၊ အက်ဆက်ဈေးနှုန်း အလှုပ်အရှားများဆီသို့ ဦးတည်နေသည်။
အထူးသဖြင့် အမေရိကန်ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားကြွေးမြီပမာဏ များပြားစွာယူထားသော နိုင်ငံများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများတွင် ဖြစ်လာနိုင်သည်။ နိုင်ငံအသီးသီးရှိ ပေါ်လစီရေးဆွဲသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးနိုင်ရေးနှင့် အပြောင်းအလဲများ ထိန်းချုပ်ရေးလုပ်ဆောင်နိုင်ရေးတို့အတွက် လုံ့လ ဝီရိယ ပိုမိုစိုက်ထုတ်ရန်လိုသည်ဟု အကြံပြုကြသည်။
(၃) အမေရိကန်ဒေါ်လာနေရာတွင် စိတ်ချရသည့် ငွေကြေးသစ်တစ်မျိုး အစားထိုးသုံးစွဲနိုင်ရန်မှာ ခိုင်မာသောစီးပွားရေးအဆောက်အအုံ၊ အရည်အသွေးစိတ်ချရသည့် ငွေကြေးဈေးကွက်များ၊ ကောင်းမွန်ထိရောက်သောငွေကြေးနှင့် ဘဏ္ဍာရေး မူဝါဒ မူဘောင်များရှိရန် လိုအပ်သည်ကို သတိပြုမိကြသည်။ လက်ရှိအခြေအနေတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ငွေကြေးအမျိုးအစား မတွေ့ရသေးပေ။ သို့သော် နိုင်ငံတကာက သတိပြုမိလောက်သည့် တိုးတက်မှုများရှိသောငွေကြေးများ ပေါ်ထွက်လာနေသည်။ အထူးသဖြင့် ဥရောပ ငွေကြေးယူရိုနှင့် တရုတ်ငွေကြေး ယွမ်တို့ကို ထောက်ပြကြ၏။
ပေါ်လစီရေးဆွဲသူများအနေဖြင့် အမေရိကန် ဒေါ်လာငွေကြေးအသုံးပြုမှု လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများကို လျှော့ချနိုင်ရေး အားထုတ်နေစဉ်မှာပင် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်အတွက် ငွေကြေးမျိုးစုံ အရန်ထားရှိသည့် စနစ်တစ်ရပ်ဖြစ်နိုင်ခြေရှိ၊ မရှိကိုပါ လေ့လာဖော်ထုတ်သင့်သည်ဟု သုတေသီအချို့ကဆိုသည်။ လက်ရှိအခြေအနေတွင် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျက် ယုံကြည်စိတ်ချရမည့် အခြားသော ငွေကြေးတစ်မျိုး အစားထိုးနိုင်ရေးအားထုတ်မှုများသည် စတင်လုပ်ဆောင်ချိန်ကတည်းက အားလုံးအပေါ်တွင် ဖိအားဖြစ်စေသည့်ပြဿနာဖြစ်နေသည်။
(၄) အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချခြင်း (ဒီဒေါ်လာရိုက်ဇေးရှင်း)သည် ငွေကြေးလဲလှယ်မှုနှုန်းများကိုလည်း မတည်ငြိမ်မှုပိုမိုဖြစ်လာစေနိုင်သည်။ အထူးသဖြင့် ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization) ပြုလုပ်သည့် အစောပိုင်းကာလများတွင် ပိုမိုဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ငွေကြေးလဲလှယ်နှုန်းအပြောင်းအလဲများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအနှီးစီးဆင်းမှုများအပေါ် သက်ရောက်လွှမ်းမိုးဖြစ်ပေါ်မှုများ ရှိလာနိုင်သည်။
အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက် အားနည်းနေသောနိုင်ငံများ သို့မဟုတ် ဈေးကွက်ကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အားနည်းသော နိုင်ငံများတွင် အန္တရာယ်ရှိနိုင်သည်။ မူဝါဒချမှတ်သူများနှင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများက အခြေအနေအပြောင်းအလဲများကို စဉ်ဆက်မပြတ် ဂရုတစိုက်စောင့်ကြည့်လေ့လာလျက် အနှောင့်အယှက်အဟန့်အတား တစ်စုံတစ်ရာမဖြစ်ပေါ်လာစေရန် သင့်လျော်သောမူဝါဒအစီအမံများကို ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။
(၅) ဒီဒေါ်လာရိုက်ဇေးရှင်း၏ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးလျော့ကျလာနိုင်ကာ ၎င်းတို့၏ ငွေကြေးဆိုင်ရာ အခွင့်အာဏာများကိုလည်း တိုးမြှင့်ရေးလုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ အကျိုးဆက်များသည် အဆိုးအကောင်းတန်းစီနေ ပေလိမ့်မည်။ ငွေရေးကြေးရေးစနစ်အားနည်းသော နိုင်ငံများတွင် ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာ၌ ယခင်ကထက် ခက်ခဲမှုများ ပို၍ရှိလာနိုင်သည်။ အပြောင်းအလဲများကြောင့် ရှားပါးသော အရင်းအမြစ်များအပေါ်ပိုမို စူးစိုက်သုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပါ မြင့်တက်လာနိုင်သည်။
(၆) ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization)ကြောင့် စတင်ပျိုးထောင်လုပ်ကိုင်မည့် စီးပွားရေး လုပ်ငန်းသစ်များ အကျိုးဖြစ်ထွန်းမှုရှိလာနိုင်သကဲ့သို့ ခက်ခဲမှုများလည်း ပိုတွေ့လာနိုင်သည်။ ထို့အတူ ပြည်တွင်းနှင့်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားပေးမှုများကြောင့် ဘဏ္ဍာငွေရရှိမှုအခြေအနေ ကောင်းမွန်လာနိုင်သော်လည်း ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစီးဝင်မှုကို ဟန့်တားမှုများသည့် အခြေအနေများ ဖြစ်လာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူ များ၌ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ကုန်ကျစရိတ်များမြင့်မားကာ ရှုပ်ထွေးမှုများ ရှိလာနိုင်လိမ့်မည်။
(၇) စဉ်းစားစရာများ ရှိနေသေးသည်။ ငွေကြေးအမျိုးအစားသစ်တစ်ရပ်ကို ဈေးကွက်များက မည်သို့မည်ပုံတုံ့ပြန်နိုင်သနည်း။ လူတိုင်းစဉ်းစားနိုင်သည့်အချက်မှာ တီထွင်ဖန်တီးထားသည့် ငွေကြေးသစ်ကို ဈေးကွက်များက (မမှန်းဆနိုင်သည့်) နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်သောကြောင့် ထူထောင်ခါစလုပ်ငန်းများအပါအဝင် လုပ်ငန်းအတော်များများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေလာရနိုင်သည်။
လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်မည်မဟုတ်၊ ပြင်ဆင်အားထုတ်နေစဉ်မှာပင် ဈေးကွက်မတည်ငြိမ်မှုကို ကြုံရနိုင်ပေသည်။ ကောင်းကျိုးများလည်း မျှော်လင့်နိုင်သည်။ စိန်ခေါ်မှုအသစ်များအောက်၌ နည်းပညာသစ်များ၊ လုပ်ငန်းမဟာဗျူဟာသစ်များ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်သစ်တစ်ရပ်ကို ဖန်တီးပေးနိုင်ပါက စွန့်ထွင်လုပ်ငန်းရှင်များ၏ စွမ်းရည်ကို လှုံ့ဆော်တွန်းအားပေးသကဲ့သို့ ဖြစ်လာနိုင်ပေ သည်။
သေချာသည့်အချက်မှာ ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ဟု ခေါ်ဆိုနေကြသည့် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချခြင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို မိုက်ခရို စီးပွားရေးရှုထောင့် (လုပ်ငန်းတစ်ခုချင်းစီ၏အခြေ အနေကိုရှုမြင်မှု)မှဖြစ်စေ၊ မက်ခရိုစီးပွားရေး ရှုထောင့် (နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေကိုရှုမြင်မှု)မှဖြစ်စေ ကြိုတင်မှန်းဆကြည့်ပါက အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးကို မြင်ရပေလိမ့်မည်။ ။