Skip to main content

ရန်ကုန်အနောက်ပိုင်းခရိုင်က အများပြည်သူပြောကြား အာဇာနည်နေ့ အမှတ်တရ စကား

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူး တရားများကို အောက်မေ့သတိရစွာဖြင့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် ကျင်းပသွားရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အများပြည်သူပြောကြားသည့် အာဇာနည်နေ့ အမှတ်တရစကားများကို စုစည်း ဖော်ပြလိုက်ရပါသည်။

▲▲ စာရေးဆရာမ ပုညခင် ▲▲
(မရမ်းကုန်းမြို့နယ်)

အာဇာနည်ဆိုတာ အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်ပြီး အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူလို့ အဓိပ္ပာယ် ရပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်လို့ သတ်မှတ် ခံထိုက်တဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပ ခဲ့တယ်လို့ ကလေးဘဝကတည်းက သိနားလည်ခဲ့ပါတယ်။ ကျွန်မကလေးဘ၀ သိစကတည်းက ကျွန်မရဲ့ ဇာတိမြို့လေးမှာ အာဇာနည်နေ့ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အချိန်ရောက်တာနဲ့ မြို့မှာရှိသမျှ ဆန်စက်တွေရဲ့ ဥဩဆွဲသံ၊ ရေဒီယိုက ဥဩဆွဲသံတွေ ကြားရတိုင်း ရောက်ရာနေရာမှာ မတ်တတ် ရပ်ပြီး အလေးပြုခဲ့တယ်။ ဥဩဆွဲသံ ပြီးပြီးချင်း ရေဒီယိုက လွှင့်လိုက်တဲ့ အဆိုတော် မေလှမြိုင်ရဲ့ သီချင်း သံကြားတိုင်း လွမ်းလွမ်းဆွေးဆွေး ခံစားရတာတွေဟာ ခုချိန်ထိ စိတ်ထဲစွဲနေပါတယ်။ အာဇာနည်နေ့တိုင်း မနက်ခင်း တော်တော်များများမှာ မိုးတွေရွာ တတ် တာကိုလည်း မှတ်မိနေခဲ့တယ်။ အာဇာနည်နေ့နဲ့ အတူ တွဲပြီးမှတ်မိတာက ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်းကဗျာတွေထဲကပြောလိုက်ပါဘိ ဟောပါဘိဆိုတဲ့ ကဗျာပါ။ အဲဒီကဗျာထဲက “သခင်အောင်ဆန်း ပြည်သူ့ပန်းသည်၊ ပွင့်လန်းခါစ ကြွေလိုက်ရ၏၊ မြေခသတင်း မိုးကြိုးခွင်းသို့၊ အိမ်တွင်းအိမ်ပြင် တို့လမ်းခွင်၌၊ မချင့်မရဲ ဝမ်းနည်းခံခက်၊ မျက်စိမျက်နှာညှိုးကြရှာသည်၊ ရွာဦးပိုင်းမှ သင်္ချိုင်းထိ” ဆိုတဲ့ ကဗျာပိုဒ် ကလေးကြောင့် စိတ်နှလုံး ထိခိုက်ခဲ့ရဖူးပါတယ်။

အာဇာနည်နေ့ဆိုတာ နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း အားလပ်ရက်တစ်ရက်ရ တာ၊ အလေး ပြုတာ၊ ဥဩဆွဲတာ၊ ဗိုလ်ချုပ်နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီး တွေကို အမှတ်ရ တမ်းတတယ် ဆိုတာမျိုးထက် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ပြည်သူ တွေဘက်က ဗိုလ်ချုပ်တို့ အသက်စွန့် ကြိုးပမ်းရယူ ပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ တန်ဖိုးရှိပုံနဲ့ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပာယ်တွေကို ကောင်းစွာနားလည် သဘော ပေါက်ဖို့၊ စည်းကမ်းရှိဖို့၊ တာဝန်သိဖို့ လိုအပ်သလို နိုင်ငံရေးနယ်ပယ်က လူတွေ အချင်းချင်းလည်း ကိုယ့်နိုင်ငံရဲ့ အရေးအရာတွေကို တကယ်စေတနာ ကောင်းနဲ့ ဆောင်ရွက်ရိုးမှန်ရင် အချင်းချင်း တိုက်ခိုက်ခြေထိုး နှောင့်ယှက်တာမျိုးကို ရှောင်ကြဉ်ဖို့နဲ့ အချင်းချင်း မကောင်းကြံခြင်း ကြောင့် တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ခေါင်းဆောင်တွေကို ဆုံးရှုံးခဲ့ ရပြီး အာဇာနည် နေ့ဆိုတဲ့ ဝမ်းနည်းနာကျင်ဖွယ်ရာ နေ့တစ်နေ့ ပေါ်ပေါက်လာခဲ့ရတဲ့ အဖြစ်ကို သင်ခန်းစာယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

▲▲ ဦးဒီပါအောင်(အင်ဂျင်နီယာ) ▲▲
လမ်းမတော်မြို့နယ်၊ လျှပ်စစ်မန်နေဂျာ

အာဇာနည်နေ့ဆိုတာ ပြည်သူတွေစိတ်ထဲမှာ ကိန်းအောင်းရှင်သန်နေတဲ့ နေ့တစ်နေ့ ပါပဲ။ ဒီအတွက် ကျွန်တော်တို့တစ်တွေ သတိတရလည်း ရှိနေပါတယ်။ နောင်လာ နောက်သားတွေ အတွက်လည်း စံနမူနာထားရမယ့် အာဇာနည်ပုဂ္ဂိုလ်ကြီး တွေရှိတဲ့ အတွက် ကျွန်တော်တို့တစ်တွေ အမြဲတမ်း အလေးအမြတ်ထားပြီးတော့ ဂုဏ်ယူနေ လျက် ပါလို့ ပြောချင်ပါတယ်။

▲▲ စာရေးဆရာမောင်ခေတ်ထွန်း (လသာမြို့နယ်) ▲▲
ရတနာပန်းခင်း ကလေးရုပ်စုံမဂ္ဂဇင်း

မြန်မာ့လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားတွေကို အစဉ်အောက်မေ့ သတိရလျက် ရှိပါတယ်။ အထူးသဖြင့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ဖြောင့်မတ်မှန်ကန်၊ ကိုယ်ကျိုးမဖက်၊ အမှန်တရား ချစ်မြတ်နိုးသူ အစရှိတဲ့ ဂုဏ်ပုဒ် မျိုးတွေပါ။

▲▲ ဦးဝင်းရှိန် ▲▲
ကျောင်းကြီးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်

ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ယူအလေးထားတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေက တိုင်းပြည်လွတ်လပ်ရေးအတွက် သက်စွန့် ကြိုးပမ်းခဲ့လို့ လေးစားဂုဏ်ယူ တယ်။ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင် ကြီးတွေအတွက် ဝမ်းနည်းတယ်၊ နှမြောတသဖြစ်မိ တယ်။ ကျွန်တော့်ဆန္ဒကတော့ အာဇာနည်နေ့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ထာဝရ လုပ်စေချင်ပါတယ်။

▲▲ ဦးသန်းထွဋ် ▲▲
(အလုံမြို့နယ်)

ပြည်သူတစ်ယောက်အနေနဲ့ အာဇာနည်နေ့ နီးလာပြီဆိုရင် လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတ အသင်းအဖွဲ့တွေနဲ့ အစိုးရပိုင်းပါ ပူးပေါင်းပြီး အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဖြန့်ဝေတာတွေ လုပ်စေချင် ပါတယ်။ လူကြီးပိုင်းက သိပေမယ့် လူငယ်တွေက ဒါနဲ့ပတ်သက်တဲ့ အသိ ဗဟုသုတ ပိုင်း အားနည်းနေတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် အာဇာနည် နေ့နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် ဟောပြောပွဲတွေကို ကျောင်းက ဆရာ ဆရာမတွေ ဦးဆောင်ပြီး တက်တက်ကြွကြွ လုပ်ဆောင်ကြတယ်။ အမြဲသတိတရ ဖြစ်တယ်။ မိဘတွေကလည်း အာဇာနည်ဗိမာန်ကို လိုက်ပို့ပြီး ဂါရ၀ပြုကြတယ်။ ကလေးတွေ တော်တော်များများ ရောက်ဖူးကြတယ်။

▲▲ ဦးအောင်ကျော်ဆန်း ▲▲
အောင်ဇေယျရိပ်မွန်၊ အလုံမြို့နယ်

အာဇာနည်နေ့ဆိုတာ နိုင်ငံသားတွေ ဝမ်းနည်းကြေကွဲရတဲ့ နေ့တစ်နေ့ပါ။ ငယ်ငယ် တုန်း ကတော့ အာဇာနည်နေ့နဲ့ ပတ်သက်လို့ အမှတ်တရ များစွာ ရှိပါတယ်။ ကျောင်းမှာလည်း အာဇာနည်နေ့နား နီးလာရင် ဟောပြောပွဲတွေ ရှိတယ်။ ရုပ်ရှင်ရုံ တွေမှာ လည်း အာဇာနည်နေ့နဲ့ ပတ်သက်တာတွေ ကြည့်ရတယ်။ အခု NLD အစိုးရ လက်ထက်မှာ အာဇာနည်နေ့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပကြတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။

▲▲ မောင်ရှင်းသန့် ▲▲
(အဋ္ဌမတန်း)

ကျွန်တော့်ရဲ့ အဘိုးက အာဇာနည်နေ့ အကြောင်းကို မူကြိုအရွယ်ကတည်းက ပြောပြလို့ သိခဲ့ရပါတယ်။ အာဇာနည်နေ့ ဥဩတွေဆွဲတဲ့အချိန်မှာလည်း အဘိုးက အနားခေါ်ထားပြီး တစ်အိမ်သားလုံးပါ ငြိမ်သက်စွာ ဂါရ၀ပြုခိုင်းလေ့ရှိခဲ့တာလည်း မှတ်မိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါတာကြောင့် စာဖတ်ရင်း စာတွေကနေ အာဇာနည်ကြီးတွေ အကြောင်းပိုပြီး သိလာတယ်။ ပိုပြီးတော့လည်း လေးစားအားကျမိပါတယ်။

တွေ့ဆုံမေးမြန်း - မြတ်စန္ဒီသင်းဇော်