Skip to main content

မြန်မာ့အားကစားလောက တိုးတက်မြင့်မားရေးနှင့် အားကစားစာပေကဏ္ဍ အညမည

အားကစားပရိသတ်တစ်ဦး

၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ နှစ်စဉ်ကျင်းပခဲ့သော ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲများက အကြိတ်အနယ်ရှိလှသည်။

ရန်ကုန်၊ မန္တလေး၊ မကွေး၊ ရှမ်း စသည့်အသင်းကြီးများက ချန်ပီယံခြေစွမ်းခြေစရှိသော အသင်းကြီးများဖြစ်သည်။ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းအဆင့်အသင်းကြီးများကလည်း အစဉ်အလာရှိသော အသင်းကြီးများပီပီ ကျော်ဖြတ်ဖို့ရန်ခက်ခဲသည်။

မွန်၊ ကရင်၊ ကချင် စသည့်ပြည်နယ်အသင်းများကလည်း မခေလှပါ။ တိုင်းအဆင့်အသင်းကြီးများကို အုပ်စုအဆင့်ပွဲစဉ်မှာပဲ အခက်တွေ့အောင်အကြိတ်အနယ် ခံကစားတတ်သည်။ ရန်ကုန်အိမ်ခံပရိသတ်များကလည်း ပြည်နယ်အသင်းများကို အထူးသဖြင့် တိုင်းအဆင့်အသင်းကြီးများနှင့် ဆုံတွေ့ပါက တစ်ခဲနက်အားပေးလေ့ရှိကြသည်။ သို့နှင့် ပြည်နယ်အသင်းများမှာ ကိုယ့်ကွင်းကိုယ့်အိမ်ခံ ပရိသတ်ရှေ့မှောက်တွင် ကစားနေရဘိသကဲ့သို့ စိတ်ဓာတ်တက်ကြွကာ ပွဲစပွဲဆုံးရေကုန်ရေခန်း အသည်းပေါက်မတတ် ကစားလေ့ရှိသဖြင့် အသင်းကြီးများမှာ အခက်တွေ့ကြရသည်။ အခန့်မသင့်လျှင် စောစောစီးစီး အောင်ဖျာလိပ်ပြီး ပြန်ရတတ်သည်။

ပရိသတ်များ အထူးစိတ်ဝင်စား

ထိုခေတ်က နိုင်ငံပိုင်သတင်းစာများကလည်း ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲပွဲစဉ်များကို ပွဲစပွဲဆုံး သတင်း၊ သတင်းဓာတ်ပုံများ၊ ဆောင်းပါးများ ဝေဝေဆာဆာဖြင့် နေ့စဉ်ဖော်ပြလေ့ရှိသဖြင့် ပရိသတ်များ အထူးစိတ်ဝင်စားခဲ့ကြသည်။ အောင်ဆန်းကွင်းအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုအားပေးခဲ့သော ပရိသတ်များသည်ပင်လျှင် နောက်တစ်နေ့တွင် ကိုယ်ကြည့်ရှုခဲ့သော ပွဲစဉ်အကြောင်းကို သတင်းစာများက မည်သို့မည်ပုံ သုံးသပ်ရေးသားဖော်ပြမလဲဟု စိတ်ဝင်တစားစောင့်ဖတ်လေ့ရှိသည်။

ထိုခေတ်က ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား၊ မြန်မာ့အလင်း စသည့် နိုင်ငံပိုင်သတင်းစာကြီးများမှ အားကစားသတင်းထောက်များ၊ ဓာတ်ပုံသတင်းထောက်များကလည်း အပြိုင်အဆိုင်ရေးသား ရိုက်ကူးဖော်ပြကြသည်။ ယင်းသို့ဖော်ပြရာတွင် ကျွန်တော်က ဗိုလ်တထောင်သတင်းစာကို အကြိုက်ဆုံးဖြစ်သည်။ ဗိုလ်တထောင်သတင်းစာ၏ ဖော်ပြမှုက သွက်သည်၊ ထက်သည်။ သတင်းခေါင်းပေးဖော်ပြရာမှာပင် ပြည်နယ်နှင့် တိုင်းအသီးသီး၏ ထင်ရှားပေါ်လွင်သော အထိမ်းအမှတ်များကို နာမဝိသေသနပြု၍ တင်စားဖော်ပြလေ့ရှိသည်။

ရန်ကုန်တိုင်းအသင်းကို ရန်ကုန်ဟီးနိုးကြီး၊ ပဲခူးတိုင်းအသင်းကို ပဲခူးဆား၊ မကွေးတိုင်းအသင်းကို မကွေးဖန်ခါးသီး၊ ရှမ်းပြည်နယ်အသင်းကို ရှမ်းအိုးစည်၊ ချင်းပြည်နယ် အသင်းကို တောင်ဇလပ်ပန်းစသည်ဖြင့် ဒေသခံပရိသတ်များ၏ စိတ်နှလုံးကို အထူးဆွဲဆောင်စေသည်။

ထိုသည်မှစ၍ ကျွန်တော်သည် ပြည်တွင်း ပြည်ပ အားကစားလောကအကြောင်းကို အထူးစိတ်ဝင်စားလာမိသည်။ နေ့စဉ်ထုတ်သတင်းစာပါ အားကစားကဏ္ဍဖော်ပြချက်တို့နှင့်ပင် ရောင့်ရဲတင်းတိမ်မှုမရှိတော့၍ လက်လှမ်းမီရာ အားကစားစာပေများကို ရှာဖွေဝယ်ယူဖတ်ရှုရတော့သည်။ သို့ရာတွင် ထိုခေတ်အခါက ယခုခေတ်သို့နှယ် ဖတ်စရာ၊ မှတ်စရာလေ့လာဖွယ်ရာများက မများလှချေ။ ဂျာနယ်ဆို၍ သက်တမ်းရင့် တံခွန်ဂျာနယ် မျှသာရှိသေးသည်။

အားကစားစာအုပ်စာပေကလည်း အနည်းငယ်မျှသာ။ လက်ချိုးရေတွက်၍ပင်ရသည်။ သို့ရာတွင်ကျွန်တော်တို့လို အားကစားဝါသနာရှင်၊ အားကစားပရိသတ်များအတွက် တန်ဖိုးမဖြတ်နိုင်ပါပေ။ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ဖြစ်သည့် ဆရာကြီးဗဟိုသိမ်းဆောင်၏ “အိုလံပစ်အမည်ရှိ အားကစားစာအုပ်ကြောင့် ကျွန်တော်သည် ပြည်နယ်နှင့် တိုင်းဘောလုံးပြိုင်ပွဲ မြင်ကွင်းမှသည် ကမ္ဘာ့အိုလံပစ်စင်မြင့်ကို လှမ်းမျှော်ကြည့်ရှုခွင့်ရခဲ့သည်။

၁၉၆၇ ခုနှစ် နိုဝင်ဘာလက ထုတ်ဝေခဲ့သော ဆရာကြီး ဗဟိုသိမ်းဆောင်၏ “အာရှဘောလုံးနှင့် မြန်မာ့ကြယ်ပွင့် စာအုပ်ကြောင့်တစ်ချိန်က အရှေ့တောင်အာရှသာမက အာရှအဆင့်တွင်ပင် အောင်မြင်ကျော်ကြားခဲ့ကြသော မြန်မာ့ကြယ်ပွင့်များဖြစ်ကြသည့် ဗဟာဒူး၊ ခင်မောင်ထွန်း၊ ဘပု၊ မောင်မောင်၊ တင်အေး၊ အောင်ခင်၊ ဝင်းမောင်၊ စိုးမြင့်တို့၏ ဘဝကောက်ကြောင်းနှင့် မြန်မာ့ဘောလုံးလောက၏ ရွှေခေတ်တစ်စိတ်တစ်ပိုင်းကို လေ့လာမှတ်သားခွင့်ရခဲ့သည်။ ထို့အတူ ဆရာကြီးဗဟိုသိမ်းဆောင်၏ ၁၉၆၅ ခုနှစ်၊ ဇွန်လထုတ် “ကမ္ဘာသိသော အားကစားသမားများ စာအုပ်ကလည်း မြန်မာအားကစားလောကမှ ကမ္ဘာ့အားကစားလောကဆီသို့ တစ်ဖန်ပေါင်းကူးမိတ်ဆက်ပေးခဲ့ပြန်ပါသည်။

နိုင်ငံတကာပြိုင်ပွဲများ အောင်ပန်းဆင်နိုင်ခဲ့

ဆရာကြီးမောင်ရဲဝင်း၏ “မြန်မာ့အားကစားလူရည်ချွန်များစာအုပ်ကမူတစ်ချိန်က မြန်မာ့အားကစားလောကသည် ဘောလုံးအားကစားတစ်ခုတည်း ကွက်ကွက်ကလေး အောင်မြင်ခဲ့သည်မဟုတ်။ အားကစားနည်းအလိုက် အောင်မြင်ခဲ့မှုများရရှိခဲ့သည်ကို လေ့လာမှတ်သားတွေ့ရှိရပေသည်။ “အရှေ့တောင်အာရှ သံလုံးပစ်ဗိုလ်ဂျင်နီဖာတင်လေး၊ တာတိုဘုရင်မ မိုးစံ၊ မြန်မာ့ဂုဏ်ဆောင် တာလတ် အပြေးသမားဂျင်မီ၊ တာဝေးအပြေးဘုရင် ရှင်မွေဂန်း၊ လူငယ်ပွဲတော်၏ အလှဘုရင်မ မမိုးအေး(ခ)ဂရေစီကား (ပြေးခုန်ပစ်)၊ ‘မရညီနောင်မှတစ်ဦး စိုးမရ၊ ဘော်လီဘောမယ် မဖြူဖြူ၊ ကြက်တောင် မျိုးရိုးကြည်ညွန့်၊ တံခွန်စိုက်ရေကူးသမား တင်မောင်နီ၊ မလျှော့သောဇွဲလုံ့လရှင် တင်ထွန်း (လက်ဝှေ့)၊ လက်ဝှေ့ကြယ်တစ်ပွင့် သိန်းမြင့်၊ မြန်မာ့လူသန်ကြီး ထွန်းမောင် (အလေးမ)၊ ပင်ကိုသန်စွမ်း သူချစ်မြ(အလေးမ)၊ ဘောလုံးသမားတို့၏ဆရာကြီး ဦးစိန်လှိုင်၊ ဘုရားပေးသောခြေထောက် ဗဟာဒူး၊ ဂိုးစောင့်ဘုရင် တင်အောင်၊ ဘောလုံးမင်းသား လှဌေးတို့၏ ဘဝကောက်ကြောင်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်ပန်းဆင်နိုင်ခဲ့မှုများကို လေ့လာမှတ်သားခဲ့ရပေသည်။

အလားတူ ဆရာကြီးမောင်ရဲဝင်း၏ “အရှေ့အနောက် တောင်နဲ့မြောက်အမည်ရစာအုပ်မှာမူ ၁၉၇၄ ခုနှစ်က အနောက်ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့သည့် ခရီးသွားအတွေ့အကြုံများနှင့် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲပွဲစဉ်များကို မှတ်တမ်းတင်ဖော်ပြခဲ့ခြင်းဖြစ်၍ အားကစားဝါသနာရှင် ပရိသတ်များအဖို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရသကဲ့သို့ ခံစားဖတ်ရှုရပေသည်။

ထိုမှတစ်ဖန် ဆရာကြီး မောင်ရဲဝင်း၏ “ဘောလုံးဘုရင်ပီလီအတ္ထုပ္ပတ္တိစာအုပ်မှာလည်း ခေတ်အဆက်ဆက်ကမ္ဘာကျော် ဘောလုံးသမားမြောက်မြားစွာ မွေးထုတ်ပေးနေသော ဘရာဇီးဘောလုံးလောကနှင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကို မြန်မာပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်စေသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင်မူ အားကစားစာပေကဏ္ဍသည် ပို၍ဝေဆာဖွံ့ဖြိုးလာသည်။ တံခွန်ဂျာနယ်နှင့်အတူ အင်အားအားကစားဂျာနယ်သည်လည်း ပရိသတ်အင်အား အခိုင်အမာဖြစ်လာ သည်။ အင်အားအားကစားဂျာနယ်မှ ပင်တိုင်ဆောင်းပါးရှင် ဆရာ ဦးဖေသိန်းက အင်္ဂလန်ပထမတန်း ဘောလုံးပြိုင်ပွဲများကို တစိုက်မတ်မတ် ရေးသားဖော်ပြပေးမှုကြောင့် အင်္ဂလန်ကလပ်အသင်းများနှင့် အင်္ဂလန်ဘောလုံးလောကကို မြန်မာဘောလုံးပရိသတ်များ စတင်ထိတွေ့ခွင့်ရရှိခဲ့ပါသည်။ ထိုစဉ်က ယခုမြန်မာလူကြီးလူငယ်မရွေး အထူးကြိုက်နှစ်သက်နေသည့် အင်္ဂလန်ပရီမီးယားလိဂ် ဘောလုံးပြိုင်ပွဲပင် မပေါ်ပေါက်သေးချေ။ ပရီမီးယားလိဂ်ဘောလုံးပြိုင်ပွဲကို ၁၉၉၂ ခုနှစ် မေလ ၂၇ ရက်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဝါရင့်အားကစားကလောင်ရှင် ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား)၏ “မှားရင်ပြင်ပါ၊ ဆွေးနွေးပါရစေ အပတ်စဉ်ဆောင်းပါးများနှင့် ဆရာ ရွှေဘောလုံး၏ အပြန်အလှန် စကားပြောခန်းတို့ကလည်း ထိမိလှပေသည်။

၁၉၉၆ ခုနှစ်တွင် PHILIPS ကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ယူရို ၉၆ (EURO 96) ဥရောပ ဖလားဘောလုံးပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ မြန်မာအားကစားပရိသတ်များ အထူးစိတ်ဝင်တစားရှိခဲ့ကြသည်။ အင်အားအားကစားဂျာနယ်ကလည်း ရာသီစာအဖြစ် ၁၉၉၆ ဥရောပတံခွန်စိုက် ဘောလုံးပြိုင်ပွဲ အမှတ်တရမှတ်တမ်းကို ပြုစုထုတ်ဝေခဲ့သဖြင့် ဥရောပဘောလုံးပြိုင်ပွဲသမိုင်းကို ထဲထဲဝင်ဝင်လေ့လာ သိရှိခွင့်ရခဲ့ပြန်ပေသည်။

ထို့အတူ ယနေ့ မြန်မာနှင့် ကမ္ဘာတစ်ဝန်းမှ ဘောလုံးပရိသတ်များအားလုံး စိတ်ပါဝင်စားမှု အရှိဆုံး UEFA ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ စတင် ပေါ်ပေါက်လာပုံနှင့် စပ်လျဉ်း၍လည်း ထိုမှတ်တမ်း စာအုပ်တွင် ဖော်ပြပါရှိသည်။ UEFA ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ စတင်ပေါ်ပေါက်လာရန် စတင် စည်းရုံးလှုံ့ဆော်ပေးခဲ့သူမှာ ပြင်သစ်နိုင်ငံမှ ဝါရင့်သတင်းစာဆရာတစ်ဦးလည်းဖြစ်သူ၊ ဘောလုံးဝေဖန်ရေး သမားတစ်ဦးလည်းဖြစ်သူ၊ ပြင်သစ်လက်ရွေးစင် ဘောလုံးသမားတစ်ဦးလည်းဖြစ်သူ ဂါဘရီရယ်ဟီနွတ်ပင်ဖြစ်သည်။

“ကလပ်အသင်းများ အဆင့်အတန်းမြင့်မားရေး

ဟီနွတ်က ဥရောပမှ မိမိတို့နိုင်ငံအသီးသီး၏ ဘောလုံးအဆင့်အတန်းတိုးတက်ရေးမှာ “လက်ရွေးစင်အသင်း ဘောလုံးသမားများကိုသာ အားပေးချီးမြှောက်နေရုံနှင့်မပြီးဘဲ လက်ရွေးစင်အသင်းများအတွက် လက်ရွေးစင်ဘောလုံးသမားများကို မွေးထုတ်ပေးရာ “ကလပ်အသင်းများအဆင့် အတန်းမြင့်မားရေးမှာ အဓိကအခြေခံကျသော အချက်တစ်ချက်ဖြစ်သည်ဟု ခံယူကာ သူ၏သတင်းစာဖြစ်သော အယ်လ်အီကွိပ်သတင်းစာမှ တစ်ဆင့်စည်းရုံးလှုံ့ဆော်ရေးသားခဲ့ရာမှ ယနေ့တစ်ကမ္ဘာလုံး စိတ်ဝင်တစားအားပေးလျက်ရှိသော UEFA ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာ ၁၉၅၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် ပြင်သစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကာလတွင်မူ ဘောလုံးအားကစားနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာစာပေများ ပိုမို ကျယ်ပြန့်စွာထွက်ပေါ်လာသည်။ တံခွန်အယ်ဒီတာ အဖွဲ့ကပြုစုသည့် “ကမ္ဘာ့ဖလား(၁၉၃၀-၁၉၉၈)” မှတ်တမ်းစာအုပ်နှင့် အင်အားအားကစားဂျာနယ်မှ ထုတ်ဝေသည့် “၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ(၁၉၃၀ မှ ၁၉၉၈) အမှတ်တရမှတ်တမ်း စာအုပ်များမှာ စာဖတ်ပရိသတ်များကြားတွင် ထင်ရှားသည်။

ထို့အတူ ၁၉၉၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အပြီးတွင် ထုတ်ဝေခဲ့သော ဆရာကျော့မောင် (မင်္ဂလာတောင်ညွန့်) စုဆောင်းတင်ပြသည့် “ကမ္ဘာကျော်ကြားဘောလုံးမင်းသား စူပါစတားများ စာအုပ်မှာမူ ခေတ်အဆက်ဆက် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်ကြသည့် အူဆီဘီယို၊ မာစီလိုစလတ်စ်၊ ဂိုးသမားချီလာဗတ်၊ ဂျပ်စ်ဖွန်တိန်၊ ပလာတီနီ၊ အဲရစ်ကန်တိုနာ၊ ဇီနီဒိုင်းဇီဒိန်း၊ ဂတ်မူလာ၊ ယူဝီဆီးလား၊ ဘက်ကင်ဘောင်ဝါ၊ လိုသာမားသီးယပ်စ်၊ ဂျာဂင်ကလင်းစမန်း၊ အိုလီဗာဘီယာဟော့ဖ်၊ လီယိုနီဒတ်စ်၊ ဒီဒီ၊ ဂရင်ချာ၊ ဂျယ်ရာဇင်ဟို၊ ပီလီ၊ ဇစ်ကို၊ ကာရီကာ၊ ဘီဘီတို၊ ရိုမာရီယို၊ ဒီးနယ်စ်စန်၊ ရောဘတ်တိုကားလို့စ်၊ အက်ဒ်မန်ဒိုနှင့် ရိုနယ်ဒိုတို့၏အကြောင်း တစေ့တစောင်းကို ဆရာ၏ ရေးဟန်အတိုင်း သွက်သွက်လက်လက် တင်ပြထားသည်။ ဆရာ၏ “ကမ္ဘာ့ဖလား ပြိုင်ပွဲများနှင့် ထူးခြား ဖြစ်အင်စုံစုံလင်လင်၊ “၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ လမ်းညွှန်၊ “ဇမ္ဗူတစ်လူ ဒေးဗစ်ဘက်ဟမ်းနှင့် “ဒေးဗစ်ဘက်ဟမ်းကိုယ်တိုင်ပြောပြတဲ့ သူ့သဘောထားစာအုပ်များမှာလည်း စာဖတ်ပရိသတ်များ၏ နှစ်ခြိုက်အားပေးမှုများစွာရရှိခဲ့သည်။

၂၀၀၃ ခုနှစ်တွင် စာပေလောကစာအုပ်တိုက်က ထုတ်ဝေခဲ့သော ဆရာအောင်ဝင်း၏ “၂၀၀၂ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားရိုနယ်ဒို စာအုပ်မှာလည်း အတ္ထုပ္ပတ္တိစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

ဆင်းရဲသော မိဘနှစ်ပါးမှ မွေးဖွားလာခဲ့သူ၊ မိခင်ဖြစ်သူ ဆိုနီယာက ပီဇာမုန့်အရောင်းဆိုင်တွင် သန့်ရှင်းရေးအလုပ် နှစ်ဆိုင်းဆင်း၍ ပင်ပန်းကြီးစွာ ဘဝကိုရုန်းကန်ခဲ့ရရုံမက ရိုနယ်ဒိုလေးကို မွေးဖွားချိန်တွင်လည်း ပိုက်ဆံမရှိသောကြောင့် မွေးစာရင်းလုပ်ရန် နောက်ကျခဲ့သဖြင့် ဒဏ်ကြေးမပေးနိုင်၍ တစ်နေ့ကမ္ဘာကျော်ဘောလုံးသမား သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာမည့် ရိုနယ်ဒို၏ မွေးနေ့ကို လေးရက်နောက်ဆုတ်ကာ စာရင်းပေးသွင်းခဲ့ရသည်အထိ ဘဝကကြမ်းတမ်းခဲ့သည်။

“ကလေးတုန်းက သိပ်ဆင်းရဲတာဗျ၊ ဒါတွေ ပြောဖို့ကျွန်တော်မရှက်ပါဘူး၊ ဒီပြင် ကောင်လေးတွေက သူတို့ဘောလုံးလေးတွေနဲ့ အိမ်ပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် ဆော့နေတာမြင်ရတော့ ကျွန်တော်သိပ်အားကျတာပေါ့၊ နောက်အဖေက ဘောလုံးတစ်လုံးပေးတယ်၊ မကြာဘူး၊ ကျွန်တော်လည်း ကစားစရာနေရာတွေ့တယ်၊ အဲဒီမှာကတည်းက ဘောလုံးကစားရတာကို ကျွန်တော်စွဲသွားတာဟု ရိုနယ်ဒိုက သူ၏ငယ်ဘဝကို ပြောပြဖူးသည်။

ကမ္ဘာ့ဖလားရရှိစေရန် ကြိုးပမ်းခဲ့မှုများကလည်း အတုယူဖွယ်ပင်

ဆရာအောင်ဝင်း၏ လက်ရာ ရိုနယ်ဒိုအတ္ထုပ္ပတ္တိက စာဖတ်ပရိသတ်များအတွက်သာမက မျိုးဆက်သစ် မြန်မာလူငယ်ဘောလုံးသမားများအတွက်လည်း စံပြအဖြစ် အားကျအတုယူဖွယ် ကောင်းလှသည်။ ၂၀၀၀ ပြည့်နှစ်တွင် အင်တာမီလန်အသင်းနှင့်အတူ အီတလီ ရှုံးထွက်ဖလား ဗိုလ်လုပွဲအဖြစ် လာဇီယိုအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဒူးဒဏ်ရာ ထပ်မံရရှိပြီး ဘောလုံးသမားဘဝနိဂုံးကမ္ပတ်ချုပ် ငြိမ်းလုနီးနီးအခြေအနေမှ ပြန်လည်ရုန်းကန်ကာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် မိခင်ဘရာဇီးလက်ရွေးစင်အသင်းကို ငါးကြိမ်မြောက် ကမ္ဘာ့ဖလားရရှိစေရန် ကြိုးပမ်းခဲ့မှုများကလည်း အတုယူဖွယ်ပင်။

စိတ်ကူးချိုချို အနုပညာစာပေတိုက်ကထုတ်‌ဝေပြီး ဆရာမြတ်သက် မြန်မာပြန်ဆိုပြုစုသည့် “ထာဝရအထွန်းပြောင်ဆုံး ဘောလုံးသမားပီလီစာအုပ်ကလည်း ပြီးပြည့်စုံသော အတ္ထုပ္ပတ္တိစာပေကောင်းတစ်အုပ်ဖြစ်သည်။ ဆရာမောင်ရဲဝင်း၏ “ဘောလုံးဘုရင် ပီလီ၏ မပြီးသေးသောဘဝခရီးကို အစလယ်ဆုံး အပြီးသတ်လေ့လာဖတ်ရှုရဘိသို့ နှယ် ဆိုရပေမည်။ ၂၀၁၈ ခုနှစ်ကမှ ထုတ်ဝေခဲ့ခြင်းဖြစ်၍ ပီလီ၏ အားကစားဝန်ကြီးဘဝကိုပါ လေ့လာဖတ်ရှုခွင့်ရရှိခဲ့ပါသည်။ မကြာသေးမီက ကမ္ဘာ့ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဆုံးပါးသွားချိန်တွင် မှတ်မှတ်ရရ ကျွန်တော်နောက်တစ်ကြိမ် ထပ်မံဖတ်ရှုခဲ့ပါသေးသည်။

မြန်မာ့စာနယ်ဇင်းလောကတွင် အားကစားနှင့်ပတ်သက်၍ နည်းစနစ်၊ ပညာပေး၊ အားကစားသုတရသ၊ အတ္ထုပ္ပတ္တိစာအုပ်စာတမ်းများကား ရှားပါးနေဆဲဖြစ်ပါသည်။ သို့သော် ထွက်ရှိပြီးသမျှ အားကစားစာပေစာအုပ်၊ မှတ်တမ်းမှတ်ရာများကား မြန်မာ့အားကစားလောက တိုးတက်မြင့်မားရေးအတွက် သာမကတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများ၊ မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက်လည်း အားကျအတုယူဖွယ်ရာအဖြစ် အကျိုးပြုလျက်ရှိပါသည်။

စင်စစ်အားဖြင့် မြန်မာ့အားကစားလောက တိုးတက်မြင့်မားရေးနှင့် အားကစားစာပေကဏ္ဍသည် အညမညသဘောအရ အပြန်အလှန်အကျိုးပြုလျက်ရှိသည်ဟု ဆိုရပါမည်။ ။