Skip to main content

ရေချင်းဆက် မြေချင်းဆက် ဆက်နေသော ဥယျာဉ်နှစ်ခု

တက္ကသိုလ်မြတ်သူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် နောက်နှစ်တွင်ကျင်းပမည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းလက်ခံခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံခရီးစဉ်သည် (၁) နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမိုတိုးတက်လာခဲ့ခြင်း၊ (၂) နှစ်နိုင်ငံအကြား အပြန် အလှန်တိုးတက်မှု ပိုမိုကြီးထွားလာစေခဲ့ခြင်း၊ (၃) နှစ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် အလားအလာကောင်းများရရှိခဲ့ခြင်း၊ (၄) နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထောက်အကူများစွာရရှိခြင်း စသည့်ရလဒ်ကောင်းများ ပြန်လည်သယ်ဆောင်လာနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် အပြန်ခရီးတွင် တိုင်းရင်းသားပြည်သူများဝမ်းပန်းတသာ ကြိုဆိုကြသည်ကို တွေ့မြင်ရပြီး အဖွဲ့အစည်းများ အထူးသဖြင့် ဘာသာရေးအဖွဲ့အစည်းများက ဝမ်းပန်းတသာ ဂုဏ်ယူချီးကျူးသော ကြေညာချက်များ ထုတ်ပြန်ကြသည်ကိုလည်း တွေ့ရပါသည်။

မြန်မာ-တရုတ် ခင်မင်ရင်းနှီးသောဆက်ဆံရေး (ဝါ) နှစ်နိုင်ငံ ချစ်ကြည်ရေးသက်တမ်းသည် အလွန်တရာရှည်ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံတွင် ပျူမြို့ပြနိုင်ငံများအပြိုင်အဆိုင်ထွန်းကားခဲ့စဉ်က ပျူတို့တွင် စာပေ၊ တေးဂီတ အဆိုအက ယဉ်ကျေးမှုထွန်းကားခဲ့သည်။ ပျူတို့သည် သတ္တု၊ ပေ၊ သစ်၊ ကြေး၊ ကနုကမာ၊ ဘူးသီး(ခြောက်)၊ တိရစ္ဆာန်ဦးချို တို့ကို အသုံးပြုပြီး ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ်တူရိယာပစ္စည်း အခြေခံများဖြင့် ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာ၊ စည်းဝါးတူရိယာ ၂၂ မျိုး တီထွင်ထုတ်လုပ် အသုံးပြုတီးမှုတ်နေခဲ့ပါပြီ။ တရုတ်ဧကရာဇ် က သတင်းကြားသဖြင့် တေးဂီတ အဆို၊ အကတွင်ထူးချွန်လှသော ပျူယဉ်ကျေးမှုအဖွဲ့ကို ဖိတ်ခေါ်ရန် အိမ်ရှေ့မင်းသားအား စေလွှတ်ခဲ့သည်။ အဆို၊ အတီး၊ အကပညာရှင် ၃၅ ဦးလိုက်ပါခဲ့သည်။ တေးသံများ၏ ငြိမ့်ညောင်းမှု၊ အကပညာရှင်များ၏ နွဲ့နှောင်းသွဲ့ပျောင်းသော သာယာညင်းပျောင်းသော တူရိယာသံများ၌ တရုတ်ဧကရာဇ်နစ်မျော နေခဲ့ဖူးကြောင်း တရုတ်သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။ ရှေးပျူခေတ်ကတည်းက မြန်မာ-တရုတ် ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့ပြီးဖြစ်ပါသည်။

အင်းဝခေတ်တွင် မြန်မာသံတမန်တစ်ဖွဲ့ တရုတ်ပြည်သို့ သွားရောက်ခဲ့ကြောင်း ကျောင်းတွင်သင်ခဲ့ရပြီး တရုတ်သံရောက် မော်ကွန်းစာအုပ်၌ အခိုင်အမာတွေ့ရပါသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသနိုင်ငံတစ်ခုဖြစ်ပြီး အကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင်ရှိသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်နိမိတ်မှာ မိုင်ပေါင်း ၃၈၀၃ မိုင်ရှိသည်။ မြန်မာ-တရုတ် နယ်နိမိတ်ထိစပ်မှုက ၁၃၅၇ မိုင်ရှိသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ၁၅၂ မိုင်၊ အိန္ဒိယနှင့် ၈၅၇ မိုင်၊ ထိုင်းနိုင်ငံနှင့် ၁၃၁၄ မိုင်၊ လာအိုနိုင်ငံနှင့် ၁၂၈ မိုင် ထိစပ်လျက်ရှိသည်။

အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဧရိယာစတုရန်း ကီလိုမီတာပေါင်း ၉၆၀၀၀၀ ကျယ်ဝန်းသည်။ နိုင်ငံအရှေ့ဖျားမှ အနောက်ဖျားအထိ ကီလိုမီတာ ၅၀၀၀ ရှည်လျားသည်။ နာရီဇုန် လေးဇုန်ရှိသည်။ တောင်နှင့်မြောက်အရှည်မှာ ကီလိုမီတာ ၅၅၀၀ ရှိသည်။ ပြည်နယ် ၂၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု၊ ဗဟိုက တိုက်ရိုက်အုပ်ချုပ်ကာ မြူနီစီပယ်အုပ်ချုပ်ရေးဒေသ သုံးခုရှိသည်။ မြို့တော်မှာ ပေကျင်းဖြစ်သည်။ ယနေ့ လူဦးရေသန်းပေါင်း ၁၃၆၀ ကျော်ရှိသည်။

၁၉၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်တည်ထောင်သော တရုတ်ကွန်မြူနစ်ပါတီ၏ တပ်နီတော်က မော်စီတုန်းဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ မြေရှင်ပဒေသရာဇ်များ၊ အရင်းရှင်ခေါင်းပုံဖြတ်များ၊ အနောက်နိုင်ငံများကို ကျောထောက်နောက်ခံပြုထားနေသော ချန်ကေရှိတ်၏ KMT တရုတ်(ဖြူ)များ၊ ကျူးကျော်လာသော ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကာ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါ် တရုတ်ပြည်သစ်ကို တည်ထောင်နိုင်ခဲ့သည်။ (ထိုတရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်း ဦးဆောင်သော တရုတ်ပြည်သစ်အစိုးရကို ဦးစွာအသိအမှတ်ပြုခဲ့သော နိုင်ငံမှာမြန်မာနိုင်ငံဖြစ်ပါသည်။)

တရုတ်တော်လှန်ရေးစစ်ပွဲတွင်ရှုံးနိမ့်ပြီး အမေရိကန်စစ်သင်္ဘောများဖြင့် ထွက်ပြေးရသော ချန်ကေရှိတ်နှင့် နောက်လိုက်တစ်သန်းကျော်အား အမေရိကန်စစ်သင်္ဘောများက ယနေ့ ထိုင်ဝမ်ကျွန်းသို့ သယ်ဆောင်ပို့ပေးခဲ့သည့်အပြင် အဘက်ဘက်မှ ကူညီပံ့ပိုးကာ (ဒုတိယ) တရုတ်နိုင်ငံအဖြစ် တည်ထောင်ခြားနားစေခဲ့သည်။၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နေရာတွင် တရုတ်တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသော မော်စီတုန်းဦးဆောင်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုဝင်ရောက်ခွင့်မပေးဘဲပြည်ပြေး စစ်ရှုံးချန်ကေရှိတ်၏ ထိုင်ဝမ် (တရုတ်ဖြူ) ကိုသာ ထိုနေရာ၌ ဆက်လက်ပါဝင်ခွင့်ပြုထားခဲ့သည်။ မြန်မာနိုင်ငံက တရုတ်ပြည်သစ်အစိုးရအား ကုလသမဂ္ဂဝင်ခွင့်ပြုရေးကို ဦးဆောင်ကြိုးပမ်းခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ တွင်မှ (အမေရိကန်သမ္မတ နစ်ဆင်လက်ထက်) တရုတ်ပြည်သစ်အစိုးရ ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါဝင်ခွင့်ရရှိစေခဲ့သည်။

ချန်ကေရှိတ်၏ တရုတ်စစ်ရှုံးပြည်ပြေး KMT (တရုတ်ဖြူ) တပ်များကို အမေရိကန် စီအိုင်အေက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျူးဝင်နေရာချထားပေးမှုကို မြန်မာအစိုးရက ကုလသမဂ္ဂသို့တိုင်တန်းပြီး ဖယ်ထုတ်ခဲ့ရသည်။ ထိုတရုတ်ဖြူလက်ကျန် ဘိန်းလုပ်ငန်း၊ ဘိန်းဖြူလုပ်ငန်းများဖြင့် စီးပွားရှာလာသော တရုတ်ဖြူများကို မြန်မာ့တပ်မတော်က တိုက်ထုတ်ခဲ့ရသည်။ ယနေ့ထိုင်ဝမ်မှ တရုတ်ဖြူအစိုးရဆိုသည်ကို မြန်မာက အသိအမှတ်မပြု (သံတမန်မဆက်သွယ်ပါ။)

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံများနှင့် နယ်နိမိတ်တိုင်းတာ စာချုပ်ခြင်းကို လုပ်ဆောင်ခဲ့ရာ ပြည်တွင်းဝင်နှောင့်နေသည့် အမေရိကန် cia ထောက်လှမ်းရေးအေးဂျင့်များက မြန်မာ-တရုတ် နယ်နိမိတ်စာချုပ် မချုပ်ဖြစ်အောင် နည်းမျိုးစုံဖြင့်နှောင့်ယှက်နေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မြန်မာ-တရုတ်နယ်နိမိတ်စာချုပ် နှစ်နိုင်ငံချစ်ကြည်ရေး စာချုပ်များ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါသည်။

ကျွန်တော်သည် စာရေးဆရာကိုယ်စားလှယ်နှင့် သတင်းစာ ဆရာကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံသို့ ငါးခေါက်ရောက်ခဲ့ဖူးသည်။ ၁၉၅၈ ခုနှစ် နိုဝင်ဘာလက ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်-ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တာရ်ကင်း၌ကျင်းပသည့် အာရှ-အာဖရိကစာရေးဆရာများ (ပထမအကြိမ်) ညီလာခံသို့ ဆရာဇေယျ ခေါင်းဆောင်သော မြန်မာစာရေးဆရာ ကိုယ်စားလှယ်အဖွဲ့တွင် ကျွန်တော်ပါဝင်ခဲ့သည်။

ညီလာခံအပြီး မော်စကို လီနင်ဂရက်(စိန့်ပီတာစဘတ်)မြို့တော်သို့ ၁၀ ရက်ခန့် လေ့လာပြီး ၂၄-၁၀-၁၉၅၈ ရက် ညက မော်စကို ကရင်မလင်နန်းတော် ဆိုဗီယက် ဆူပရင်းခန်းမ၌ ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်က ညစာတည်ခင်းသည့်ပွဲ တက်ခဲ့သည်။ တရုတ်ယဉ်ကျေးမှု ဝန်ကြီး ချင်ယန်ပင်း (စာရေးဆရာကလောင်အမည် မော်ကွန်း) က အာရှ-အာဖရိက စာရေးဆရာများကို တရုတ်ပြည်သို့ လိုက်ပါလည်ပတ် လေ့လာပါရန် ဖိတ်ကြားသည်။ စာရေးဆရာသမဂ္ဂဥက္ကဋ္ဌလည်းဖြစ်သော စာရေးဆရာကြီး မော်ကွန်း၏ ဖိတ်ကြားချက်ဖြင့် အာရှ-အာဖရိက စာရေးဆရာ ၃၀ ခန့်နှင့်အတူ မြန်မာစာရေးဆရာ ဦးကြည်မြ၊ ဦးသာညွန့်နှင့် ကျွန်တော်တို့ လိုက်ပါခဲ့သည်။ ပေကျင်း၊ ရှန်ဟိုင်း၊ ဝူဟန်၊ ဟန်ကျိုး၊ ချုံချင့်၊ ကူမင်းမြို့များသို့ ရက်သတ္တနှစ်ပတ်ကြာ လည်ပတ်လေ့လာခဲ့သည်။ ရောက်လေရာမြို့များမှ တရုတ်စာရေးဆရာ များက ဧည့်ခံကြသည်။ ဧည့်ခံပွဲများတွင် “တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ ဟူသော ဆုတောင်းသံများ မပြတ်ကြားခဲ့ရသည်။

၁၉၆၂ ခုနှစ် ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့တော်၌ကျင်းပသည့် (၅၆) ကြိမ်မြောက် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် မြန်မာလူငယ် ၃၀ ဦးစွာ ပေကျင်းသို့သွားရောက်ကာ တရုတ်-ရုရှားနယ်စပ်မှ ထွက်ခွာခဲ့ရာ ပွဲတော်အထူးရထားကို စောင့်ရင်း ၁၂ ရက်ကြာ ပေကျင်းတွင် လေ့လာခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟူ သောဆုတောင်းသံများ ဆက်တိုက်ကြားခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင်အမျိုးသားညီလာခံတက်နေသည့် အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်ကျွန်တော်နှင့် ဟင်္သာတမြင့်ငွေ၊ ရုပ်ရှင်မှ ဒါရိုက်တာမောင်ဝဏ္ဏ၊ ပညာရေးတက္ကသိုလ်မှ ဒေါက်တာမတင်ဝင်း၊ မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦမောင်လေး၊ စာပေဗိမာန်မှ စာရေးဆရာမ မနှင်းဖွေးတို့ ယူနန်စာရေးဆရာအဖွဲ့ ဖိတ်ကြားချက်အရ ရက်သတ္တနှစ်ပတ် သွားရောက်လေ့လာခဲ့သည်။ သူ့ဘက်ကိုယ့်ဘက် ချစ်ကြည်ရေးသံများ အဆက်မပြတ်ခဲ့ပေ။ ကျွန်တော်နှင့် ဟင်္သာတမြင့်ငွေတို့က ချစ်ကြည်ရေးကဗျာများ ရေးစပ်ရွတ်ဆိုခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ စေလွှတ်၍ မြန်မာမီဒီယာသမားငါးဦးအဖွဲ့ ရှန်ဟိုင်းသို့ သွားရောက်လေ့လာ ရပြန်သည်။ ထိုအဖွဲ့တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ အမှုဆောင် ဦးထွန်း၊ ကျွန်တော်၊ ပြည်ထောင်စုသတင်းစာမှ ဦးဝင်းတင် (သီဟအောင်)၊ ရန်ကုန်မီဒီယာဂရု(ပ်)မှ ဦးဇော်ဝင်းနိုင်၊ မန္တလေးမှသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဌေးအောင်၊ စာရေးဆရာ အောင်စွမ်းတို့ပါဝင်ကြသည်။ ရှန်ဟိုင်းမြို့သစ်ကို နှံ့နှံ့စပ်စပ် လေ့လာကြရသည်။

၂၀၁၈ ခုနှစ် (ကျွန်တော်အသက် ၈၇ နှစ်) တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးလိုလားသူအစုအဖွဲ့များကဖိတ်၍ ဦးထွန်း၊ ကျွန်တော်နှင့် ဆရာအောင်သန့်ဇင်တို့ သွားရောက်လေ့လာရပြန်သည်။ တရုတ်နိုင်ငံသို့ရောက်လာတိုင်း နှစ်နိုင်ငံချစ်ကြည်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးစကားသံများ မပြတ်ကြားခဲ့ရပါသည်။

တရုတ်ခရီးစဉ် ငါးခေါက်တွင် သတိပြုမိသည်မှာ တရုတ်ခေါင်းဆောင်များနှင့် တရုတ်ပြည်သူတို့သည် ကြားလေသွေးမခံ၊ ပြည်ပနယ်ချဲ့သတင်းရေဒီယို၊ ရုပ်မြင်သံကြားများ လုံးဝနားမထောင် နားမယောင်ကြဘဲ ဆင်းရဲကျပ်တည်းသော တရုတ်ပြည်သူများကို ယနေ့ကမ္ဘာ့စီးပွားအဖြစ်ထွန်းဆုံးနိုင်ငံအဆင့်ရောက်အောင် ပြိုင်တူတွန်း၍ ရွေ့ခဲ့ကြသည်ကို တွေ့ရပါသည်။ “တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသော စကားကို တိကျပြတ်သားသော ခေါင်းဆောင်မှု၊ ပြည်သူတို့၏ မတွေဝေမယိမ်းမယိုင် ကြားလေသွေးမခံ၊ သွေးခွဲမခံ ညီညွတ်စုပေါင်းပါဝင်ကြသဖြင့် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ တရုတ်စီးပွားပြုပြင်ပြောင်းလဲရေး၊ တရုတ်ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ် အောင်မြင်ပန်းဝင်ခဲ့သည်ကို နီးနီးကပ်ကပ် မြင်တွေ့ခဲ့ရသည်။                               

နိုင်ငံချင်းဆက်ဆံရေး၌ အပြန်အလှန်နားလည်မှုရှိရေး၊ အပြန်အလှန်ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဟူသော စကားအသုံး အနှုန်းများကို သုံးလေ့ရှိကြပါသည်။ မြန်မာနှင့် တရုတ်တို့ဆက်ဆံရေးတွင်မူ အခြားနိုင်ငံများအတွက်မသုံးဘဲ မြန်မာတို့အတွက်သာသုံးသော စကားလုံးတစ်လုံး သီးသန့်ရှိနေခဲ့သည်။ ယင်းစကားလုံးကား “ဆွေမျိုးပေါက်ဖော်ဟူသော စကားလုံးဖြစ်ပေသည်။

တရုတ်တို့သည်အနုပညာဘက်တွင် ထူးချွန်ကြ၏။ တီထွင်ကြံဆမှု၌ အားသန်ကြသည်။ ဇွဲဝီရိယကောင်းကြ၏။

ကမ္ဘာပေါ်တွင် စက္ကူကို ပထမဆုံး တီထွင်ထုတ်လုပ် အသုံးပြုသူမှာ တရုတ်နိုင်ငံဖြစ်သည်။ (ရှေးအကျဆုံး တီချောင်သတင်းစာ တရုတ်တို့ ထုတ်ဝေခဲ့သည်။) ပုံနှိပ်ခြင်းအတတ်ကိုလည်း တရုတ်တို့က စတင်ခဲ့ သည်။ ခရီးသွားရာ၌ အရပ်မျက်နှာ မျက်စိမလည်စေရန် အသုံးပြုသည့် မြောက်အရပ်ကို အမြဲညွှန်ပြသော သံလိုက်အိမ်မြှောင် (Compass)၊ လက်နက်များပြုလုပ်ကာကွယ်ရာ၌ အဓိကကျသော ယမ်းကိုလည်း တရုတ်တို့ တီထွင်ခဲ့သည်။ သိုးမွေးမြူပြီး ပိုးထည်ထုတ်လုပ်ခြင်း အတတ်ကိုလည်းတရုတ်တို့ စတင်တီထွင်ခဲ့သည်။ ကြွေထည်၊ ကြွေပန်းကန် စသည်တို့ကိုလည်း တရုတ်တို့ တီထွင်သဖြင့် ကြွေထည် ပစ္စည်းကို အင်္ဂလိပ်ဘာသာစကား၌ China ware (တရုတ်လုပ် ကြွေထည်)ဟု သုံးနှုန်းကြသည်။

ကျွန်တော်၏ တရုတ်ပြည်ခရီးစဉ်များ၌ တွေ့ရသော အံ့ဩလောက်ဖွယ် တရုတ်တို့၏ စွမ်းဆောင်မှုများကို တင်ပြပါရစေ။ ၁၉၅၈ ခုနှစ် ပထမဆုံးအခေါက်က ပေကျင်းမြို့တော်မှ ကားဖြင့်သွားရသောနေရာတွင် ဂရိတ်ဝေါခေါ် တရုတ်ပြည်တံတိုင်းကြီးကို တွေ့ရသည်။ တရုတ်ဧကရာဇ် ရှီဟွမ်တီလက်ထက် ပင်ပန်းခံ၊ အကုန်ကျခံ၍ တည်ဆောက်ခဲ့သော မြို့ရိုးတံတိုင်းကို ကျော်လွန်သောတိုင်းပြည် စည်းရိုးတံတိုင်းကြီးဖြစ်သည်။ တံတိုင်းကြီးကား ကျောက်အုတ်တို့ဖြင့် တည်ဆောက်ထားကာ အမြင့်ပေ ၃၀ ခန့် တံတိုင်းပေါ်မှ စင်္ကြံလမ်းသည် ၁၀ ပေသာကျယ်၏။ ဘေးတစ်ဖက်တစ်ချက်၌ သူရဲခိုကဲ့သို့ ကာရံထားကာ မိုင်ပေါင်း ၂၅၀၀ ကျော်ရှည်ပြီး တောင်တန်းများပေါ်သို့ ဖြတ်ကျော်တည်ဆောက်သည့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်၏။

ဟန်ချောင်(ဟန်ကျိုး)မြို့တွင်မူ ပိုးချည်ဖြင့်ရက်လုပ်သော ပန်းချီကားလုပ်ငန်းရှိသည်။ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဗိုလ်ချုပ်ကြီးနေဝင်းပုံ၊ သမ္မတကြီး မန်းဝင်းမောင်ပုံတို့ကို ၂ ပေ x ၃ပေ အရွယ် ပိုးဖြင့် ရက်လုပ်ထားသည်။ တောတောင်မြို့ရွာ ရှုခင်းပန်းချီ များကိုလည်း အမြင့် တစ်ပေခွဲ၊ အလျားရှစ်ပေခန့်ရှိအောင် ရက်လုပ်ထားသည်။ လက်ဝါးအရွယ်ခန့်ရှိ ကားလ်မက်စ်၊ ဖရက်ဒရစ်အိန်ဂျယ်၊ စတာလင်၊ လီနင်၊ မော်စီတုန်းတို့၏ ပုံတူပိုးပန်းချီများကို တစ်ခုလျှင် ၁၀ ဆင့်၊ တစ်ယွမ်စသည်ဖြင့် ဝယ်ယူခဲ့ဖူးပါသည်။

ပေကျင်းမှ ကားဖြင့် မိုင် ၃၀ ခန့် သွားရသော တောတောင်အရပ်၌ ရှေးခေတ်မင် မင်းဆက်ဘုရင် ၁၃ ပါး၏ သင်္ချိုင်းဂူများရှိရာ ဒေသတွင်ကြီးမားသော ရေလှောင်ကန်ကြီးကို ၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့သည်။ အရှည်ပေ ၂၀၀၀၊ အကျယ်ပေ ၂၅၀ ကျော်၊ အမြင့်ပေ ၉၀ ရှိ ရေလှောင်ကန်ကို အင်္ဂလန်အင်ဂျင်နီယာများက ငါးနှစ်ကြာအောင် တည်ဆောက်ရမည့် စီမံချက်ရေးဆွဲထားမှုကို တရုတ်အင်ဂျင်နီယာ တို့က သုံးနှစ်ခွဲအတွင်း ပြီးအောင်ပြန်ဆွဲကြသည်။ လက်တွေ့၌ မော်စီတုန်းနှင့် တရုတ်ခေါင်းဆောင်ကြီးများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလာရောက်လုပ်အားပေးကြသဖြင့် ထိုရေလှောင်ကန်ကို ရက်ပေါင်း ၁၆၀ တွင် ပြီးစီးခဲ့ရာ ကုန်ကျစရိတ်ယွမ်ငွေ နှစ်ကုဋေ လျာထားသော် လည်း လူထုလုပ်အားကြောင့် ယွမ်လေးသန်းသာ ကုန်ကျခဲ့သည်။ ထိုရေလှောင်ကန်ဝန်းကျင်၌ လူအများ လာရောက်အပန်းဖြေရန် လိုအပ်သည့်ဟိုတယ်များအပါအဝင် လိုအပ်သမျှတည်ဆောက်ထားရှိသည်။ ငါးမွေးမြူရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးများ ၂-၇-၁၉၅၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးအခေါက်တွင် ယိကျန်းမြို့နယ်အတွင်းရှိ ယန်စီမြစ်၏ မြစ်ကျဉ်းသုံးခုဒေသတွင် မြစ်ရေကို တားဆီးသိုလှောင်မည့် ဆည်တမံကြီးကို လေ့လာခွင့်ရခဲ့ပါသည်။ ယန်စီမြစ်သည် တရုတ်နိုင်ငံ အနောက်ဖျားမှစတင်ကာ အရှေ့ဖျား အရှေ့တရုတ်ပင်လယ်တွင် စီးဝင်သည်။ ရှေးဟောင်းယဉ်ကျေးမှုထွန်းကားရာ မြစ်ဝှမ်းဖြစ်သည်။ နှစ်စဉ်ရေကြီးရေလျှံဖြစ်သည်။ ၁၀ နှစ် တစ်ကြိမ် အပျက်အစီးများပြားလှသော ရေကြီးမှုဖြစ်တတ်သည်။ ထိုနေရာတွင်ဆည်ဆောက်ပြီး မြစ်ရေကိုထိန်းချုပ်ရန် ဆည်ဆောက်မည်၊ ရေရှားပါးသောဒေသများသို့ ရေပို့လွှတ်မည်၊ လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်မည်ဟု ရည်ရွယ်ကာ တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဆွန်ယက်ဆင်က စိတ်ကူးယဉ်ခဲ့ဖူးသည်။ ငွေကြေးအကုန်အကျများ၍ မဆောက်ဖြစ်ခဲ့။ ဥက္ကဋ္ဌ မော်စီတုန်းက မြစ်ကျဉ်းသုံးဆိုင်နေရာတွင် ဧရာမရေအိုင်ကြီးဖြစ်လိုကြောင်း ချင်ခြင်းတပ်ခဲ့သည်။ ချူအင်လိုင်းတို့ကဖြစ်အောင် ကြိုးစားသည်။

အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်စသည့် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက ထိုစီမံကိန်းကြီးမှာ ကြီးလွန်းသည်။ ငွေကုန်ကြေးကျများမည်။ အောင်မြင်ဖြစ်ထွန်းရန် အလားအလာမရှိ၍ မဆောက်ရန် ဝိုင်းလှော်ကြသည်။ တရုတ်တို့က မြစ်တစ်ဖက်ကမ်းတွင် တောင်များကို လိုဏ်ခေါင်းတူးလမ်းဖောက်လာသည်။ ဆည်ဆောက်ရန် လိုအပ်သော ပစ္စည်းများသယ်ပို့ပေးခဲ့သည်။ ယန်စီမြစ်၏ မြစ်ရေစီးကြောင်းကို ပိတ်မည်၊ ရေကြောင်းလွှဲမည်၊ မြစ်ရေကို ထုထည်ကြီးမားစွာ သိုလှောင် ဖြန့်ဖြူးနိုင်သော ဆည်ကြီးဖြစ်ရန် မြစ်အောက်ခြေတွင် ကျောက်တုံးကြီးများ တန်ချိန်သန်းချီ၍ ချရမည်။ ဆည်နှင့်မလွတ်သော လူတစ်သန်းကျော်၏ အိမ်ရာများကို မြစ်တစ်ဖက်ကမ်းတောင်ကြောပေါ် ရွှေ့ဆောက်ပေးသည်။ မြစ်ရေကိုပိတ်ပြီး ဆည်ကြီးဆောက်ပြီးသော အခါယန်စီမြစ်သည် ဆည်ကြီး၏ အောက်ခြေတွင် မီတာ ၁၀၀ (အချို့ နေရာများတွင် မီတာ ၃၀၀) မြင့်တက်လာရာ ဆည်အောက်မှမြစ်ကြောင်းနှင့် ဆည်ရေမျက်နှာပြင်တို့ မီတာ ၁၀၀ ကျော်မြင့်နေသည်။

ကျွန်တော်တို့သည်ယိကျန်းမှ လူ ၃၀၀ ပါ သုံးထပ်သင်္ဘောဖြင့် ဆန်တက်ခဲ့ရာ ဆည်အခြေအရောက် မြစ်ကြောင်းသည် လမ်းဆုံးသွားတော့သည်။ သင်္ဘောကို သံမဏိအကာများ လေးဘက်လေးတန် ကာထားသည့်အခန်းတွင်းသို့ မောင်းဝင်ကာ တံခါးများပိတ်လိုက်သည်။ ထို့နောက် ရေများသွင်း၍ အောက်မှတွန်းတင်လိုက်သောအခါအပေါ်သို့ မီတာ ၃၀၀ လောက်မြင့်တက်လာပြီး ဆည်ရေမျက်နှာပြင်နှင့် ညီသောနေရာတွင် ရှေ့မှတံခါးကြီးနှစ်ချပ်ဖွင့်ကာ သင်္ဘောကဆည်ရေပြင်ပေါ် မောင်းတက်ခဲ့သည်။ အပြန်တွင်လည်း အလားတူ သင်္ဘောရောလူပါဆင်းကြရပြီး ယန်စီမြစ်အတိုင်း အစုန်အဆန် သွားလာခုတ်မောင်းသော သင်္ဘောဟူသမျှ အဖိုးအခမယူဘဲဆည်ပေါ်တင်ပေးခြင်း၊ ဆည်အောက်ပြန်ချပေးခြင်းများ လုပ်ပေးသည်။ ကျွန်တော်တို့သည် နောက်တစ်နေ့ ဆည်သို့ထပ်သွားကာ ဆည်တည်ဆောက်ရေးရုံးခန်းများ၊ ပြခန်းများလေ့လာရသည်။ နိုင်ငံကြီးများက မဖြစ်နိုင်ဘူး၊ မလုပ်နဲ့ဟု ဝိုင်းတားသည့်ကြားက တရုတ်တို့၏ တကယ်လုပ်အဟုတ်ဖြစ်ရမည်ဟူသော ကြံရည်ဖန်ရည် လုပ်ရည်ကိုင်ရည်နှင့် ဇွဲ၊ လုံ့လ၊ ဝီရိယက လက်ဖျားခါလောက်ပါပေသည်။

ကျွန်တော်၏ ပထမဆုံးအခေါက် တရုတ်ပြည်ခရီးသည် ၁၉၅၈ ခုနှစ်ကဖြစ်ရာ ယခု ၂၀၂၄ ခုနှစ်တွင် နှစ်ပေါင်း ၆၆ နှစ်ပင်ကြာခဲ့ပြီဖြစ်ပါသည်။ နောက်ဆုံး ပဉ္စမအခေါက်က ၂၀၁၈ ခုနှစ်ဖြစ်၍ ခြောက်နှစ်သာရှိပါသေးသည်။ ပထမအခေါက် အတွေ့အကြုံများကို တရုတ်မိတ်ဆွေများအား ပြန်ပြောပြသောအခါ သူတို့က အဲဒီအချိန် ကျွန်တော်တို့ကို မွေးတောင်မမွေးသေးဘူးဟု ပြောကြသည်။

မြန်မာနိုင်ငံရှိ ပျူခေတ်၏ အံ့ဖွယ်ယဉ်ကျေးမှု အနုပညာများ၊ စေတီပုထိုးများ၊ သရေခေတ္တရာခေတ်က စေတီတော်၊ ရုပ်ပွားတော်များ၊ ပုဂံခေတ်မှ ယနေ့တိုင် ကမ္ဘာက ရင်သပ်ရှုမော လာရောက်ဖူးတွေ့ လေ့လာနေရသော ပန်း ၁၀ မျိုးအနုပညာ၊ ဘိလပ်မြေမပေါ်ပေါက်ခင်က အံ့မခန်းဗိသုကာလက်ရာများ၊ ကဗျာတေးဂန္ထဝင် စာပေဂီတ အနုပညာများကို ကမ္ဘာက သိမှတ်ထားကြသည်။ ရွှေတိဂုံစေတီတော်ကြီး၏ အံ့ဖွယ်များ၊ အနုပညာဗိသုကာလက်ရာများကလည်း ကမ္ဘာကို အံ့ဩရင်သပ် ရှုမောဖြစ်စေပါသည်။

ကျောက်ခေတ်မြန်မာလူသား၊ လွန်ခဲ့သောနှစ်ပေါင်းသန်း ၄၀ က မြန်မာလူတူ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများအရ ကမ္ဘာ့လူသားအစပုံတောင်ပုံညာကဟု ဂုဏ်ယူဝင့်ကြွားနိုင်ကြပါသည်။ မြန်မာများအသိရှိရှိ၊ သတိမြဲမြဲဖြင့် ဇွဲလုံ့လအရင်းခံ ညီညွတ်စည်းလုံးမှုအားများဖြင့် ကြိုးစားလိုက်ကြလျှင် တကယ်လုပ်အဟုတ်ဖြစ်နိုင်သော သဘာဝသယံဇာတ၊ ရေမြေအရင်းအမြစ်များဖြင့် အဘယ်ကြောင့် ရွှေနိုင်ငံ မဖြစ်နိုင်ရမှာလဲဟု ပြောပါရစေ။ တကယ်လုပ် အဟုတ်ဖြစ်လာမည်။ ပြိုင်တူတွန်းလျှင် ရွေ့လာပါလိမ့်မည်။

မြန်မာတို့၏ ဆွေမျိုးပေါက်ဖော် တရုတ်ပြည်ကြီး၏ ညီညွတ်မှု၊ ဇွဲရှိမှုကိုလည်းကောင်း၊ တရုတ်-မြန်မာ ထာဝရချစ်ကြည်ရင်းနှီးမှု ကိုလည်းကောင်း နှလုံးသွင်းပြီး ကြိုးစားလိုက်ကြပါစို့ဟု နှိုးဆော်ရင်း မြန်မာနှင့်တရုတ်နှစ်နိုင်ငံသည် ရေချင်းဆက်၊ မြေချင်းဆက်၊ တောင်ချင်းဆက်၊ လယ်မြေချင်းဆက်သကဲ့သို့ လူမျိုးချင်းလည်း ဆက်မိနေသဖြင့် ၁၉၉၃ ခုနှစ်က ကူမင်းမြို့တော်သို့ ရောက်ခဲ့စဉ် ကျွန်တော်ရေးဖွဲ့ရွတ်ဆိုခဲ့သော ဆက်နေသော ဥယျာဉ်ကြီးနှစ်ခု ကဗျာဖြင့် ဤချစ်ကြည်ရေးဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

ဆက်နေသောဥယျာဉ်ကြီးနှစ်ခု

ဇာတိချက်ကြွေ၊ မြန်မာ့မြေ၌ ညိုရွှေ ဖြူ ဝါ၊ စိမ်း နီ ပြာလွင် ရောင်မျိုးဆင်လျက်၊ နွယ်ပင်ပန်းချုံ ပွင့်မျိုးစုံ၍၊ သင်းထုံဝေလွင် ပန်းဥယျာဉ်နှယ်၊ ငါ့ရင်ခံစား သွေးချင်းများတို့၊ ကယား ကချင် ကရင်နှင့် ရှမ်း၊ ရောပြွမ်းနေကြ ဝ နှင့် ပလောင်၊ ပဒေါင် အာခါ ချင်း ဗမာလည်း၊ ဂျိမ်းဖောတွဲလျက် ယင်းနက် လားဟူ၊ ဘယ်သူခွဲမရ နာဂ ရခိုင်၊ အချစ်ပြိုင်တူ လီဆူ ခမီး၊ မရမာကြီးတဲ့ တစ်နည်းပအိုဝ်း၊ မွန်တို့ပါဝင် ရေတွက်လျှင်သော်၊ တစ်ရာကျော်သွား သုံးဆယ့်ငါးမျိုး၊ တို့အမျိုးတွေ စုစည်းနေတဲ့၊ တို့မြေပြည်ထောင်စု ထည်ဝါမှုကို၊ ဘယ်ဥယျာဉ်မှ ယှဉ်မရအောင်၊ လှပဖူးပွင့် သင်းထုံလျက်။

ယူနန်ပြည်နယ်၊ အလည်တစ်ခေါက် ကြုံလာရောက်ရ၊ ဘယ်လောက်လှတဲ့ဥယျာဉ်လဲ ဒီမှာလည်းရှမ်း၊ မြန်မာရှမ်းနဲ့ ခွဲခြမ်းမရ၊ အာခါ ဝ လည်း တွေ့တာပဲနော်၊ ဂျိမ်းဖောကချင် သွေးစပ်လျှင်မူ၊ လီဆူဟာလည်း အမျိုးပဲမဟုတ်လား။ ယူနန်ဥယျာဉ်၊ ပန်းစုံလင်လှ ပြာလွင်ခရမ်း၊ မရမ်းနီတျာ ညိုဝါစိမ်းလဲ့၊ ပွင့်လှတဲ့ပန်းငုံ ထုံလှတဲ့ရနံ့၊ ခံ့လှတဲ့အဆင်း တိုင်းရင်းသားချင်း၊ ပြိုင်ဆိုင် ပိုင်-တဲ့၊ ယိ-တဲ့။ ချစ်ကြည်ခင်မင်၊ သည်ဥယျာဉ်လည်းပြိုင်လျှင်ပြိုင်သူ ရှုံးပေလိမ့်တကား။

ယူနန်နဲ့မြန်မာ၊ အညာနဲ့အကြေ မြစ်တွေအစင်းစင်း၊ လယ်ကွင်းတွေ အဆောင်ဆောင် တောင်တွေအတန်းတန်း၊ ပန်းတွေအရုံရုံ ရေစုံ မြေစုံ၊ အကုန်တစ်ဆက်တည်း လူမျိုးလည်းနှစ်မြေခွ၊ နေလာကြတာ ကြာပါပကော။

လူမျိုးချင်းဆက်၊ မြေချင်းဆက်၍ ရေဆက်တောင်ဆက်၊ မြစ်တွေဆက်ခဲ့ ဟိုဘက်ဥယျာဉ်၊ သည်ဘက်တွင်လည်း၊ ပန်းတွေပဲပေါ့ မခွဲမခြား၊ တစ်ဆက်တည်းလျှင်၊ ဥယျာဉ်တစ်ခု ပမာပြုလောက်၊ ဂုဏ်မြောက်လှတဲ့ တူညီမှု အစဉ်အလာ၊ နှစ်ရာထောင်ချီ ချစ်ကြည်ခဲ့တဲ့ တို့နှစ်ပြည်ဘယ်သူခွဲခွဲ၊ တို့မကွဲဘဲ လက်တွဲပူးပေါင်း၊ နှစ်သောင်းသိန်းချီ ချစ်ကြမည်ဟု နှစ်ပြည် ဓိဋ္ဌာန်ပြုလျက်တကား။