ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို ကလောင်စွမ်းအားဖြင့် မြှင့်တင်
သိင်္ဃသူ
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်။
ထိုနေ့ညဉ့်ဦးယံမှစကာ မန္တလေးရတနာပုံ မင်းနေပြည်၏ အထက်မိုးတိမ်ကင်းသော ကောင်းကင်ယံ၌ ဥက္ကာပျံများ ထူးထူးခြားခြား တဖွဲဖွဲ ကြွေနေသည်။ တစ်မိနစ်လျှင် ဥက္ကာပျံပေါင်း ၆၀၀ ထက်မနည်း ကောင်းကင်ကို ဖြတ်သန်းကြွေကျခဲ့သည့် ထိုဖြစ်စဉ်သည် ကမ္ဘာ့မှတ်တမ်းဝင်သည့် ကြယ်မုန်တိုင်းဖြစ်စဉ်တစ်ခု (apectacular meteor storm) ဖြစ်သော်လည်း ၁၉ ရာစုကာလ မြန်မာလူမျိုးတို့အဖို့မူ စိုးရိမ်ထိတ်လန့်ဖွယ် အတိတ်နိမိတ် တစ်ခုဖြစ်နေသည်။
နက္ခတ္တဗေဒပညာရှင်တို့က ဤဖြစ်စဉ်ကို နိုင်ငံ နှင့် ဗုဒ္ဓသာသနာတော်အတွက် ခက်ခဲကြမ်းတမ်းမှု များကျရောက်လာမည့် အတိတ်နိမိတ်အဖြစ် ဟောကိန်းထုတ်ကြသည်။ တစ်ချိန်တည်းမှာပင် မန္တလေး၏အောက်ဘက် ဧရာဝတီမြစ်ကြောင်းထဲ တွင်မူထိုခေတ် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်သည့် ဗြိတိသျှတို့၏ စစ်ရေယာဉ်အုပ်စုတစ်စု က လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ၎င်းတို့ တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းပိုက်ခဲ့သည့် မြန်မာ ဘုရင်၏ပိုင်နက် နောက်ဆုံးလက်ကျန် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် ချဉ်းကပ်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်။ မြန်မာပြက္ခဒိန်တွင် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ မွန်းလွဲပိုင်း၌ ဗိုလ်ချုပ် ပရင်ဒါဂတ်စ် ဦးဆောင်သည့် ဗြိတိသျှတပ်ဖွဲ့များ မန္တလေးမြေသို့ အခြေချကာ မြန်မာတို့၏ နောက်ဆုံးဘုရင်နှင့် မိဖုရားတို့ကို နာရီပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် အရှင်သခင်ကင်းမဲ့သွားပြီဖြစ်သော နန်းတော်ကြီးအတွင်း ရုတ်ရုတ်သဲသဲဖြစ်၍ ကျန်ရစ်ခဲ့သည်။ ထိုနေ့က ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ ပုဂံဝန်ထောက် မင်းဦးတင် ( ၁၂၂၃-၁၂၉၅) က “မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း” ပဉ္စမပိုင်း၌ မှတ်တမ်းတင်ခဲ့ရာ တွင် -
“၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ မှာ နန်းတော်အတွင်းသို့ အင်္ဂလိပ်စစ်သည်တော် များ ဝင်ရောက်လာကြသည်။ မြန်မာတို့၏ ထုံးစံ အတိုင်း ပုရပိုက်များကို ကျွန်းသေတ္တာကြီးအတွင်း ထည့်သွင်းကာ အလုပ်လုပ်ရာဌာနရှိသမျှနှင့် စာရင်းတိုက်မှာ ထားကြသည်။ ပုရပိုက် အမှတ်အသားထားသော သေတ္တာများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ ထိုသေတ္တာအတွင်း ပုရပိုက်များနှင့်အတူ ဗောင်း၊ နားထောင်း၊ ဝတ်လုံ စသော မင်းခမ်းမင်းနားနှင့် ဆိုင်သည့် အဝတ်အစားများ၊ ငွေများ၊ အဖိုးတန်သော အသုံးအဆောင်များကို ထားကြသည်။ အင်္ဂလိပ် စစ်ဗိုလ်၊ စစ်သား စသူများနှင့် ၎င်းတို့၏နောက်လိုက် များပါ သေတ္တာရှိသမျှကို ဖွင့်လှစ်ယူငင်ကြရာ အချို့ မှာ ပစ္စည်းအဖိုးတန်များကိုရကြသည်။ အချို့မှာ ပစ္စည်းကိုမရသော်လည်း ပစ္စည်းရှိမည်အထင်နှင့် သေတ္တာများကို ဖွင့်လှစ်ရှာဖွေသည့်အတွက် ပုရပိုက် များမှာ အခေါက်ပျက်ကုန်ကာ ပစ်ထားလိုက်ကြ သည်။
“နန်းတော်အတွင်း၌ အနှံ့အပြားဖြစ်နေသော ပုရပိုက်များကို အမှိုက်လှည်းသူများက စုဆောင်းကာ မြေပေါ်တွင်ပုံ၍ မီးရှို့ပစ်ကြသည်။ ထိုကဲ့သို့ မီးရှို့ ကြဆဲတွင် တွေ့မြင်သူကူလီများသည် မီးရှို့ရာက အသာအယာယူကြရာ တစ်စုံတစ်ရာ တားဆီး ကန့်ကွက်ခြင်း မရှိ၊ အလိုရှိရာ ယူခွင့်ရကြသည်။
“ထိုကဲ့သို့ မီးရှို့ကြခြင်း၊ ယူငင်ခြင်းမှာ စိတ်အထင် မှန်းခြေအားဖြင့် ခုနစ်ရက်တစ်ပတ် လောက်ကြာဟန်တူသည်။ ထိုအခါမှာ ကင်းဝန် မင်းကြီးလည်း မရှိသေး။ ရှင်ဘုရင်၊ မိဖုရား၊ သမီး တော်များနှင့်အတူ ရန်ကုန်သို့ပါသွားလျက်ရှိသည်။” ဟူ၍ မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်ကိုရေးသားခဲ့သည်။
နန်းတော်တွင်း အဆောင်ဆောင် အခန်းခန်း များထဲမှ ရနိုင်သမျှသောပစ္စည်းများကို ရှာဖွေ မွှေနှောက်ယူငင်ခြင်း၊ ရှေးမင်းအဆက်ဆက်ကပင် သိမ်းဆည်းလာခဲ့သော မြန်မာ့ယဉ်ကျေးမှု ပေစာ ထုပ်၊ ပုရပိုက်ထုပ်များ၊ မှတ်တမ်းမှတ်ရာများကို မြေကြီးပေါ်တွင်ပုံ၍ မီးရှို့ဖျက်ဆီးခြင်းတို့ကို အင်္ဂလိပ်စစ်ဗိုလ်၊ စစ်သားများက တံခါးမရှိ၊ ဓားမရှိ ပြုလုပ်နေကြခြင်းတို့မှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီးနောက် လွှတ်တော်အတွင်းမှ မြန်မာ အရာရှိကြီးတစ်ဦးက ကာနယ်စလေဒင်ထံ လူလွှတ် ၍ တားဆီးခိုင်းမှသာ အမိန့်ထုတ် တားဆီးခဲ့သည်။ လွှတ်တော်နန်းတော်များမှာ ကျန်ရစ်နေသည့် ရရှိသမျှသော ပုရပိုက်များမှာ လှည်းအစီးရေ ၄၀ ကျော်ခန့်ဖြစ်ပြီး ရန်ကုန်သို့ပို့ဆောင်ခဲ့သည်။ မီးရှို့ ဖျက်ဆီးခံလိုက်ရသည့် ပေ၊ ပုရပိုက်များမှာမူ ယင်းထက် သုံး၊ လေးဆခန့် များပြားခဲ့ရာ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် စာပေနှင့် မှတ်တမ်းမှတ်ရာများ၏ ပမာဏ မည်မျှ ကြီးမားမည်ကို မည်သူမျှ မသိနိုင်တော့။
* * *
“စာပေ ဝတ္ထု၊ ရတု ကဗျာ၊ ပျို့လင်္ကာနှင့်၊
သာသည့်သီချင်း၊ အဲစောင်းငြင်းကို၊
မကင်းမပြတ်၊
ဖတ်ရှုလေ့ကျက်၊ တီးမှုတ်လျက်သာ၊
နေကောင်းစွာ၏”
(ဝန်ကြီးပဒေသရာဇာ၊ ညောင်ရမ်းခေတ်)
မြန်မာစာပေ၏အစကို ပုဂံခေတ်က ဟူ၍ အခိုင်အမာတွေ့ရှိရသည့် ကျောက်စာအထောက် အထားအရ ညွှန်းဆိုကြသည်။ နောက်ထပ် သက်သေအထောက်အထားများ ထပ်မံထွက်ပေါ် လာပါက မြန်မာစာပေ၏ မူလအစသည် လက်ရှိယူဆထားကြသည်ထက်လည်း စောလျှင်စောနေ လိမ့်ဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာစာပေ ယဉ်ကျေးမှုသည် ပုဂံခေတ်မှစတင်ကာ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက်တို့တွင် တိုးတက်ဖွံ့ဖြိုးစည်ပင်ခဲ့သည်။ စာသည် ဘာသာစကား၏ သင်္ကေတဖြစ်ပြီး အသံကို ပေးသကဲ့သို့ အနက်အဓိပ္ပာယ်ကိုလည်းပေး သည်။ စာကို အနုပညာ ရသမြောက်စွာ၊ အနှစ်သာရပြည့်ဝစွာ ရေးသားဖွဲ့သီသောအခါ စာပေဖြစ်ပေါ်လာသည်။
ခေတ်ဟောင်း မြန်မာစာပေသမိုင်းကြောင်း တွင် စာပေကို ရေးသားဖွဲ့ဆိုကြသူများမှာ ရဟန်းတော်များ၊ ထီးရိပ်နန်းရိပ်မှ မင်းမှူးမတ်၊ မင်းညီ မင်းသား၊ မင်းသမီးများနှင့် မင်းမှုထမ်းများ၊ ရပ်ရွာထဲ တွင် နေထိုင်ကြသူများဖြစ်ကြပြီး ပျို့၊ မော်ကွန်း၊ ရတု၊ ဧချင်း၊ လူးတား၊ ရကန်၊ သာချင်း၊ တေးထပ်၊ လေးဆစ်၊ နှစ်ဆစ်၊ မှာတမ်း၊ နန်းတွင်းဇာတ်၊ ပြဇာတ်၊ ရာဇဝင်၊ အရေးတော်ပုံ၊ ဗုံကြီးသံ၊ ဗုံထောက်သံ၊ သီချင်း၊ အိုင်ချင်း၊ တျာချင်း၊ နတ်ချင်း၊ ဒုံးချင်း၊ လွမ်းချင်း၊ သံချို၊ မေတ္တာစာ၊ ဟောစာစသော စာပေအမျိုးအစားများကို ဖွဲ့ဆိုခဲ့ကြသည်။
စာအများစုမှာ စကားပြေထက် သာယာ နာပျော်ဖွယ် အသံ၊ ကာရန်များဖြင့် ရေးသားဖွဲ့ဆိုကြ ခြင်းဖြစ်သည့်အတွက် စာသည် သာမန်အားဖြင့် ဖတ်ရန်မဟုတ်ဘဲ ရွတ်ဆိုရန်ဖြစ်သည်။ စာပေ အမျိုးအစားအလိုက် အသံနေ၊ အသံထားဖြင့်ရွတ်ဆိုမှသာ အနက်အဓိပ္ပာယ်ကိုသာမက ရသကိုပါ ခံစား နိုင်သည်ဖြစ်ရာ စာပေကို ရေးသားဖွဲ့ဆိုသူတို့မှာ စာဆိုတော်များဖြစ်လာသည်။ မြန်မာ့သမိုင်း တစ်လျှောက် ခေတ်အလိုက် စာဆိုတော်များ ရေးသားခဲ့သည့် စာပေမြောက်မြားစွာတို့မှာ မမြဲ သည့် တရားသဘောအရ ပျက်စီးခဲ့ကြရသလို လူတို့ဖျက်ဆီးမှုများကြောင့်လည်း ပျက်စီးခဲ့ကြ ရသည်။ ထို့အပြင် အလေးအနက်မရှိ၊ တန်ဖိုးမထား၊ မေ့လျော့ပေါ့တန်မှုများကြောင့်လည်း ပျက်စီးကြ ရသည်။
* * *
“မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊
မြန်မာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊
တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ။”
(တို့ဗမာအစည်းအရုံး)
မြန်မာနိုင်ငံ ကိုလိုနီဘဝကျရောက်သွားသည့်အခါ မြန်မာလူမျိုးတို့မှာ အုပ်ချုပ်မှုပုံစံအပြောင်းအလဲ၊ လူမှုပတ်ဝန်းကျင် အပြောင်းအလဲများနှင့် ကြုံတွေ့ကြရပြီး မလွှဲသာမရှောင်သာဆိုသလိုပင် အစဉ်အလာ ထုံးဓလေ့များ၊ တန်ဖိုးထားမှုစံနှုန်းများလည်း ပြောင်းလဲလာခဲ့ကြသည်။ အစဉ်အလာပညာရေးဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးသည် အစိုးရအလုပ်အကိုင် ရာထူးရာခံများကို မျှော်မှန်းနိုင်သည့် အစိုးရကျောင်းများ၏နောက်သို့ ရောက်သွားကာ မှေးမှိန်သွားရပြီး ကျေးလက်ဒေသများတွင်သာ ဆက်လက်ရှင်သန်နိုင်ခဲ့ကြသည်။
အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတတ်သူတို့သာလျှင် မင်းပေါက်စိုးပေါက် အရာရောက်ကြသည့်အခါ မြန်မာစာ၊ မြန်မာစကားက အောက်ကျနောက်ကျ ဖြစ်လာသည်။ အင်္ဂလိပ်အစိုးရမင်းတို့ကိုသာ ဘုရားထူးမော်ဖူးနေကြရခြင်း ဖြစ်သည့်အလျောက် တိုင်းတစ်ပါးသားတို့ကို အရှင်သခင်အဖြစ် မြင်လာ ပြီး မိမိလူမျိုး၊ မိမိကိုယ်ကို နိမ့်ကျသူအဖြစ် မြန်မာတို့ ရှုမြင်လာသည်။ တစ်နည်းအားဖြင့် ကျွန်စိတ်ပေါက် လာခြင်းပင်ဖြစ်ရာ ခေတ်ပညာတတ် မျိုးချစ်လူငယ် တစ်စုတို့ ၁၉၃၀ ပြည့်နှစ်တွင် စတင်တည်ထောင် လိုက်ကြသည့် တို့ဗမာအစည်းအရုံးက မြန်မာ ပြည်သူလူထုကို ဇာတိသွေး၊ ဇာတိမာန်တို့ တက်ကြွ နိုးကြားလာကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း တပ်လှန့်သတိပေးခဲ့သည်။
မိမိတို့သည် ကျွန်လူမျိုးများ မဟုတ်ကြောင်း အသိပေးသည့်အနေဖြင့် သခင်ဘွဲ့ကို ခံယူခဲ့ကြသလို မိမိနိုင်ငံကို ချစ်ရန်၊ မိမိတို့စာကို ချီးမြှင့်ရန်၊ မိမိ တို့၏စကားကို လေးစားရန်လည်း ကြွေးကြော် အသိပေးခဲ့ ကြသည်။ ၁၉၃၀ ပြည့်လွန်ဆယ်စုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်နယ်မြေမှ ပေါ်ထွက်လာသည့် ခေတ်စမ်းစာပေနှင့် တိုးတက်သော မြန်မာလူငယ်တို့၏ နဂါးနီစာအုပ်အသင်းတို့က မြန်မာစာပေကို သွေးသစ်လောင်း အားဖြည့်ပေးနိုင် ခဲ့ကြသည်။
၁၉၄၀ ပြည့်နှစ်တွင် ဒီးဒုတ်ဦးဘချို၊ ဂျာနယ် ကျော် ဦးချစ်မောင်တို့၏ ဦးဆောင်ဦးရွက် ကမကထပြုမှုဖြင့် မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဖွဲ့စည်းပေါ်ပေါက်လာပြီးနောက် လေးနှစ်အကြာ တွင် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ပထမအကြိမ် စာဆိုတော်နေ့ အခမ်းအနားကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်) တွင် စတင် ကျင်းပခဲ့သည်။ စာဆိုတော်နေ့ကျင်းပရခြင်းသည် မြန်မာစာပေကို သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်တွင် ဖွံ့ဖြိုးတိုးတက်ထွန်းကားလာစေရန် နှလုံးရည်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုများ၏ ကျေးဇူး ကို ချီးကျူးဂုဏ်ပြုခြင်းပင်ဖြစ်သည်။
မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာပေပညာရှင်ကြီးများက စာပေများ ပြုစုရေးသားစွမ်းဆောင်ကြသကဲ့သို့ပင် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင် လူပုဂ္ဂိုလ်များ၏ အားပေးချီးမြှောက်မှုများကလည်း မြန်မာစာပေလောကကိုပိုမို၍ တိုးတက်ထွန်းကား စည်ပင်စေသည်။ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိက စာပေဆုများဖြင့် စာပေပညာရှင်ကြီးများကို ချီးကျူး ဂုဏ်ပြုခြင်း၊ စာပေမျိုးဆက်သစ်များ ပေါ်ပေါက်လာ စေရန် မြေတောင်မြှောက်ပေးခြင်း၊ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲများ ကျင်းပ ခြင်းဖြင့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများကို ဆောင်ရွက် ပေးသကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာပေလောကသားတို့၏ ဆုံမှတ် အဖြစ် စာဆိုဗိမာန်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စာပေဆုများတွင် အမြင့်ဆုံးသော အမျိုးသားစာပေဆုသည် နိုင်ငံတော်အဆင့် ချီးမြှင့်သည့် ဆုဖြစ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ကာ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု”၊ “ စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်အမျိုးမျိုးပြောင်းလဲခဲ့သလို ဆုချီးမြှင့်သည့် ဘာသာရပ်များလည်းတိုးတက် ချီးမြှင့်ပေးခဲ့သည်။ ထို့အပြင် မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီးသုတ၊ ရသစာပေများရေးသားပြုစုသည့် လုပ်ငန်းကို ဘဝတစ်လျှောက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများအား အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် “အမျိုး သားစာပေ တစ်သက်တာဆု”ကို ၂၀၀၁ ခုနှစ်မှစတင်ချီးမြှင့်ခဲ့သည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန် အခက်အခဲရှိသည့် ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ် ထုတ်ဝေပေးရန် နှင့် ဆုချီးမြှင့်ပေးနိုင်ရန်အတွက် “စာပေဗိမာန် စာမူဆု” ကို ပြိုင်ပွဲဝင်စနစ်ဖြင့် ရွေးချယ်ချီးမြှင့်ပေး လျက်ရှိသည်။
၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို လည်းကောင်း၊ စာပေဗိမာန်စာမူဆုများကို လည်းကောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင်ကြီး ခြောက်ဦးတို့အား ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ တစ်နှစ်တာအတွက် အများဆုံးရွေးချယ်မှုပင်ဖြစ်ပြီး ဆရာကြီးဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ ဆရာကြီး ဒေါက်တာတိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ- ထားဝယ်)၊ ဆရာကြီးဒေါက်တာ ကျော်ဝင်း (သမိုင်း)နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) တို့ကို ရွေးချယ် ခဲ့သည်။
၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုကို ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုဆု၊ ကဗျာ (ဂန္ထဝင်)ဆု၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆု၊ ကလေးစာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန် (သုတ) ဆု၊ သုတပဒေသာ (ဝိဇ္ဇာဆု)၊ သုတပဒေသာ(ရိုးရိုးသိပ္ပံ)ဆု၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆု၊ နိုင်ငံရေးစာပေဆု၊ အင်္ဂလိပ်ဘာသာ(သုတ)ဆု၊ ရသစာတမ်း (အက်ဆေး) ဆု၊ ရည်ညွှန်းစာပေဆုဟူ၍ စုစုပေါင်းဘာသာရပ် ၁၅ ခုတို့အတွက် ရွေးချယ်ခဲ့သည့် စာအုပ်များနှင့် စာရေးဆရာများကို ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည် ဖြစ်ကြောင်းနှင့် အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ်သိန်း ၃၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြိုင်ပွဲတွင်ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ)၊ စာပဒေသာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေးစာပေ၊ ပြဇာတ်စာပေ၊ ဘာသာပြန်စာပေနှင့် အင်္ဂလိပ်စာမူဟူ၍ စုစုပေါင်းဘာသာရပ် ၁၃ ခုတို့အတွက် ပြိုင်ပွဲဝင်စာမူများမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ၊ စာပေ ဗိမာန်ဆုများကို လာမည့် ၁၃၈၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့) (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေနေ့)) တွင် ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။
လောကတွင် (၁) အကောင်းတရားသာဓုဓမ္မ (The Good)၊ (၂) အမှန်တရားသစ္စဓမ္မ (The Truth)၊ (၃) အလှတရားကလျာဏဓမ္မ (The Beautiful) ဟူ၍ ပရမတ်အမြတ်တရားကြီး သုံးပါးရှိသည်နှင့် အညီ လောကလူမှုရေးရာများနှင့် ထိုရေးရာများတွင် ကြီးမှူးဆောင်ရွက်သူများ၊ စာပေနှင့် စာရေးဆရာ များကိုလည်း သုံးမျိုးသုံးစားခွဲခြားနိုင်သည်ဟု ၁၉၂၀ ကောလိပ်သပိတ်ခေါင်းဆောင်၊ ရှေးဟောင်း သုတေသီ၊ မြန်မာစကားပညာရှင် ဆရာကြီးဦးဖိုးလတ်က စာပေနှင့်စာရေးဆရာ အမည်ရှိ ဆောင်းပါးတွင် ရေးသားခဲ့သည်။
လောကလူမှုရေးရာတွင် အကောင်းတရား သာဓုဓမ္မ - လူတို့၏ ကောင်းစားရေး၊ ကြီးပွား တိုးတက်ရေး၊ ချမ်းသာကြွယ်ဝရေး စသည်တို့တွင် ကြီးမှူးဆောင်ရွက်နေသူများမှာ မင်းများ၊ အမှူး အမတ်များ၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ စသည်တို့ဖြစ်သည်။ အမှန်တရား သစ္စဓမ္မ - လူတို့၏ အသိဉာဏ်တိုးတက်ရေး၊ နိယာမ တရားများကို နားလည်ရေး၊ ယုံကြည်ကိုးကွယ်ရေး၊ ပညာရေး၊ လေ့ကျင့်နေထိုင်ရေးတို့တွင် ဦးတည် ဆောင်ရွက်နေသူများမှာ ရသေ့ရဟန်းများ၊ လောကဓာတ်ဆရာကြီးများ၊ သိပ္ပံပညာသည်ကြီးများ၊ စာပေသင်ကြားပို့ချပေးနေကြသော ဆရာဆရာမများစသည်တို့ဖြစ်သည်။ နောက်ဆုံးအလှတရား - ကလျာဏဓမ္မ- လူတို့၏တင့်တယ်ရေး၊ မြင့်မြတ်ရေး၊ စိတ်သာယာကြည်နူးရေး၊ စိတ်သဘောဖြူစင်ဖြောင့်မတ်သိမ်မွေ့ရေး၊ လူတို့၏ယဉ်ကျေးမှုအတွက် လုံးပန်းဆောင်ရွက်နေသူများမှာ ဗိသုကာဆရာကြီးများ၊ ပန်းပုဆရာများ၊ ပန်းချီဆရာများ၊ ကဗျာလင်္ကာဆရာများ၊ ပန်တျာသည်များ၊ ကပြသူသဘင်သည်များစသော အနုပညာသည်များ ဖြစ်ကြသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဖွင့်ဆိုထားပြီး အဆိုပါ အမြတ်တရားကြီး သုံးပါးလုံးတွင် စာပေနှင့် စာရေးဆရာများ ပါဝင်နေသည်ဟု ဆိုခဲ့သည်။
ဆိုလိုသည်မှာ စာရေးဆရာသည် သူ၏ စာပေ ဖြင့် လောက၏ အမြတ်တရားကြီးသုံးပါးဖြစ်သော အကောင်းတရား၊ အမှန်တရား၊ အလှတရားတို့ကို ဖွဲ့ဆိုပြီး လူသားတို့ ကြီးပွားတိုးတက်ရေး၊ အသိ ဉာဏ်ဖွံ့ဖြိုးရေး၊ စိတ်နှလုံးဖြူစင်ဖြောင့်မတ် သိမ်မွေ့ရေးတို့ကို စွမ်းဆောင်ပေးနေကြခြင်းပင်ဟူ၍ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် မြန်မာ့သမိုင်း တစ်လျှောက်တွင် မြန်မာစာဆိုတော်ကြီးများ၏ မြန်မာစာပေအားဖြင့် နိုင်ငံ့အကျိုးစီးပွား နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့မှုများကို ချီးကျူးဂုဏ်ပြုပူဇော်သောအားဖြင့် စာဆိုတော်နေ့ကျင်းပခြင်းနှင့် စာပေဆုများချီးမြှင့်ပေးသည့် ဓလေ့ကိုအနာဂတ်ကာလများသို့ ဆက်လက်ကမ်းယူ သယ်ဆောင်သွားကြရမည် ဖြစ်သည်။
ထို့အပြင် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ နိုင်ငံနှင့်လူမျိုး၏အကျိုးကို ဆောင်ကြဉ်းနိုင်သည့် စာကောင်းပေမွန်များ အနာဂတ်တွင် ရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက်လည်း မျိုးဆက်သစ်၊ ကလောင်သစ် စာပေပညာရှင်များ ဆက်လက်ပေါ်ထွန်းနေရန် လိုအပ်သည်။
“စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင် ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ပင်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ “ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေးဆိုရိုးစကား အတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှုမပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နှစ်ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနား အမှာစကားတွင်ပြောကြားခဲ့ရာ နိုင်ငံနှင့်လူမျိုးတို့၏ ယဉ်ကျေးမှု မြင့်မားရေး၊ အမျိုးသားရေးစိတ်ဓာတ် မြင့်မားရေးတို့ အတွက် စာပေပညာကလောင်စွမ်းအားဖြင့် ဆက်လက်မြှင့်တင်ပေးနိုင်ကြပါရန် နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုး သားစာပေဆု၊ စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် ကြီးအားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားလိုက်ရပါကြောင်း။ ။