ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ အမိတက္ကသိုလ် အီကိုမြေ
ကြယ်စင်ဖေသင်
ညက ညဉ့်နက်မှ အိပ်ရာဝင်ခဲ့သဖြင့် နံနက်အိပ်ရာထချိန်တွင် ၇ နာရီကျော် နေပြီ ။ မျက်နှာသစ်၊ မနက်စာထမင်းစားပြီးချိန်တွင် နာရီကိုကြည့်လိုက်တော့ ၇ နာရီ ၄၅ မိနစ်။ အိမ်ပြတင်းပေါက်နားတွင် ရပ်လျက် ကောင်းကင်ကို ကြည့်လိုက်တော့ မိုးတိမ်ညိုညိုမည်းမည်းတွေက အုံ့ဆိုင်းလျက်၊ မိုးစက်မှုန်မှုန်မွှားမွှားလေးတွေ ကျဆင်းလျက်ရှိနေသည်။
မိုးရာသီဥတု မိုးများ ဆက်တိုက် ရွာနေသည့်ရက်များတွင် အိမ်အပြင်မထွက်ဘဲ အိမ်တွင်းအောင်းကာ စာရေးတတ်သည့်ကိုယ်သည် ယနေ့တော့ မဖြစ်မနေ အိမ်ပြင်ထွက်ရမည့်အခြေအနေရှိနေသည်။ သူငယ်ချင်းပါမောက္ခများက တာဝန်ပေးဖိတ်ကြားထားသည့်အတွက် ဘောဂဗေဒဌာန နှစ် (၁၀၀) ပြည့် အမှတ်တရဟောပြောပွဲတွင် စီးပွားရေးပညာ၊ ဘောဂဗေဒဗဟုသုတများ ဟောပြောပေးရန် အလုပ်ပေးခြင်းကြောင့်ဖြစ်သည်။ သွားရမည့်နေရာက တက္ကသိုလ်ဆရာ နည်းပြဘဝ၊ လက်ထောက်ကထိကဘဝတို့ဖြင့် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကျင်လည်ခွင့်ရခဲ့သော ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)။
မြန်မာ့မြေပေါ်တွင် အနောက်တိုင်းစီးပွားရေးပညာ ရောက်ရှိခဲ့သည်မှာ နှစ် (၁၀၀) ပြည့်ခဲ့
အချိန်ကာလယန္တရားသည် တရွေ့ရွေ့လည်ပတ်ရင်း လူတို့၏သက်တမ်းကို ပုံမှန်တိုက်စားလျက်ရှိ၏။ အရာရာသည် တဖြည်းဖြည်း သက်တမ်းကြီးမြင့်လျက်၊ အိုမင်းဟောင်းနွမ်း ဆွေးမြည့်ပျက်စီးမှုဆီသို့ ဦးတည်လျက်ရှိနေသည်။ ပညာရည်နို့သောက်စို့ခဲ့ရသော ဘောဂဗေဒ ဌာနတည်ရှိမှုသည်လည်း ယခု ၂၀၂၄ ခုနှစ်တွင် နှစ်ရာပြည့်ချိန် ရောက်ရှိခဲ့လေပြီ။ မြန်မာ့မြေပေါ်တွင် အနောက်တိုင်း စီးပွားရေးပညာရောက်ရှိခဲ့သည်မှာ နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီ မဟုတ်ပါလား။ နှစ် (၁၀၀) ပြည့်ကာလရောက်သည့် ယခုအချိန်အခါတွင် ရန်ကုန်တက္ကသိုလ်မှ အစပြုတည်ရှိခဲ့သည့် ဘောဂဗေဒဌာန ခေါ် စီးပွားရေးပညာဌာနသည် နိုင်ငံအနှံ့ စီးပွားရေးတက္ကသိုလ်များတွင်လည်းကောင်း၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင်လည်းကောင်း၊ ဘာသာရပ်ဆက်နွှယ်သည့် တက္ကသိုလ်၊ ကောလိပ်များတွင်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ထူထောင်တည်ရှိနေခဲ့ပြီဖြစ်သည်။ ယခုသွားရောက်ရမည့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) သည်လည်း စီးပွားရေးပညာရပ်များကို ပိုမိုစိတ်ဝင်စားမှုရှိလာသော မျိုးဆက်သစ်စာသင်သား လူငယ်မောင်မယ်များအတွက် တိုးချဲ့ထူထောင်ထားသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ နယ်မြေ ခွဲတစ်ခုဖြစ်၏။
အိမ်တံခါးဝတွင်ရပ်လျက် အတွေးများနေခိုက် ကားဆရာလေးက “ဆရာသွားမယ်လေ” ဟု ပြောလိုက်တော့မှ သတိပြန်ဝင်လာသည်။ မည်းမှောင်ညိုနေသော အနီးအနား ကောင်းကင်တစ်ဝိုက် တွင် ဟိုဟိုဒီဒီပျံဝဲနေသည့် အတွေးများက ကိုယ့်ဆီပြန်ရောက်လာသည်။ အိမ်မှအထွက်မှာပင် မိုးက သဲကြီးမဲကြီးရွာချ၏။ နံနက်စောစော ကားရှုပ်၊ လူရှုပ်လမ်းမကြီးပေါ်တွင် ဖြည်းဖြည်းလေးလေးရွေ့နေရသော ကားထဲမှနေ၍ အပြင်က သဲသဲမဲမဲရွာချနေသော မိုးစက်များကိုကြည့်ရင်း အတွေးများက အတိတ်သို့ ခရီးနှင်သွားပြန်သည်။ အသက် ၂၀ ဝန်းကျင်အရွယ် ဒုတိယနှစ်ကျောင်းသားဘဝက စီးပွားရေးတက္ကသိုလ်ကြီး မည်သို့မည်ပုံဖြစ်ပေါ်လာသည်ကို သိလိုစိတ်ဖြင့် စာအုပ်စာတမ်းများ သဲကြီးမဲကြီး ရှာဖွေခဲ့ပုံ၊ မိုးရာသီ ဇူလိုင်လ ကျောင်းပိတ်ရက်တစ်ရက်၌ ရန်ကုန်မြို့ထဲရှိ စာအုပ်အဟောင်းတန်းလမ်းထဲရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် အမှတ်တရဖြစ်ခဲ့ရပုံကို ပြန်လည်မြင်ယောင်လာသည်။
မိုးရာသီ ဇူလိုင်လ၏ နောက်ဆုံးပတ် ရုံးပိတ်ရက်တစ်ရက်။ ရန်ကုန်မြို့ ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းတစ်လျှောက် မိုးတွေ သဲသဲမဲမဲရွာနေချိန် ကိုယ်တစ်ယောက် မိုးရေများစိုရွှဲလျက် နီးစပ်ရာ စာအုပ်အဟောင်းဆိုင်ထဲတွင် မိုးဝင်ခိုမိခဲ့သည်။ တိုက်ဆိုင်လွန်းသော ဖြစ်ရပ်တစ်ခုလေလော။ အမိစီးပွားရေးတက္ကသိုလ်ကြီး သမိုင်းကြောင်းကို စိတ်ဝင်တစားရှိလှ၍ မှတ်တမ်းများ၊ သမိုင်းကြောင်းများ တွေ့လိုတွေ့ငြား အပတ်တိုင်း ရန်ကုန်မြို့ထဲရှိ စာအုပ်ဆိုင်များ၊ စာအုပ်အဟောင်းတန်းများသို့ ကျောင်းပိတ်ရက်တိုင်း လာရောက်ရှာဖွေနေသည်မှာ နှစ်ပတ်၊ သုံးပတ်ခန့်ရှိခဲ့ပြီ။ အစအနပင်မတွေ့ခဲ့။ ယခုတော့ တကယ့်ကို မှတ်မှတ်ရရဖြစ်စေမည့် ဖြစ်ရပ်တစ်ခုနှယ်။ မိုးဝင်ခိုမိသည့်ဆိုင်ထဲတွင် စာပေသမားတို့၏ သဘာဝအတိုင်း ဖြန့်ပြထားသော စာအုပ်တချို့ကို လှန်လှောကြည့်မိချိန်၊ မိုးရေတို့ကြောင့် အေးစက်နေသည့် ကိုယ့်၏လက်ဖဝါးများ ရုတ်ခြည်းနွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကိုယ်၏ မျက်လုံးကိုပင် ကိုယ်မယုံနိုင်သလို မျက်လုံးများကိုပင် ပြန်လည်ပွတ်မိသည်။
အခြားသူများအတွက်တော့ မည်သို့မျှ တအံ့တဩဖြစ်စရာအကြောင်းမရှိနိုင်။ အဖြူရောင်စာရွက်တို့ ဝါဖန့်ဖန့်အရောင်အဖြစ် ပြောင်းလဲလောက်ရအောင် နှစ်အတော်ကြာကြာက ထုတ်ဝေထားသော စာအုပ်လေးတစ်အုပ်ထဲက စာသားများကို ရုတ်တရက်ဖတ်ရှုလိုက်ရချိန်တွင် တမ်းတမ်းတတ ရှာဖွေနေသောသူ တစ်ယောက်ကို မထင်မှတ်ထားသည့်အခြေအနေဖြင့် ရုတ်တရက်တွေ့လိုက်ရ သကဲ့သို့ အံ့ဩဝမ်းသာဖြစ်ခဲ့ရသည်။ ကိုယ်သိရန် အားထုတ်နေသော၊ ကိုယ်ရှာဖွေနေသော၊ ကိုယ်လိုချင်နေသော စာအုပ်လေးတစ်အုပ်သာ။ စာအုပ်ထဲတွင် ကိုယ်တို့စီးပွားရေးပညာရပ်စာသင်သူ၊ စာသင်သား ပညာရင်ငွေ့လှုံ၊ ခိုနားရာ အမိတက္ကသိုလ်၊ တစ်နည်းဆိုရလျှင် ကိုယ်တို့မသိသေးသော မေမေ့အကြောင်းများကို တွေ့ရ၏။ ထိုစာအုပ်ကို စာအုပ်ရောင်းသူပြောသောဈေးနှုန်းကို မဆစ် တော့ဘဲ ဝမ်းသာအားရစိတ်ဖြင့် ဝယ်ယူခဲ့ သည်။
မေမေ၏ရင်ခွင်တွင် ပညာနို့ရည် သောက်စို့နေသော်လည်း မေမေ့အကြောင်း တစ်စွန်းတစ်စမျှ မသိလေ ရော့သလားဟု အခြားသူများက အပြစ်ဆိုလာလျှင်လည်း ကိုယ်ခံဝံ့ပါသည်။ ကိုယ်သည် မေမေ၏ အထွေးဆုံးသား။ လိုချင်သောအရာမရလျှင်ဖြစ်စေ၊ စိတ်အလိုမကျလျှင်ဖြစ်စေ ဂျီကျပြီး အော်ငိုရ မည်ကိုသာသိသော လူမမည်အရွယ် သားငယ်တစ်ယောက်ကဲ့သို့သာ။ သို့သော် မေမေ့အကြောင်း စိတ်ဝင်တစားရှိခဲ့ပါ၏။ ဝယ်ယူခဲ့သော ထိုစာအုပ်လေးကို အိမ်သို့ ရောက်လျှင်ရောက်ချင်း ဖတ်ဖြစ်ခဲ့သည်။ မေမေ မပြောပြဖြစ်သော၊ မပြောပြခဲ့သော၊ မပြောပြသေး သော မေမေ့၏ အတိတ်ဘဝ နောက်ကြောင်းများကား လွမ်းမောစရာ၊ တမ်းတစရာကောင်း၏။ ငယ်ရွယ်သူ ကိုယ်တို့အတွက်မှာမူ လွမ်းမောစရာများ ထက်ပို၍ပင် စိတ်ကူးယဉ်ကောင်းနေတော့သည်။ မေမေ၏ ဘဝနိဒါန်း အစကာလများ၊ မေမေ့ကို ငယ်စဉ်အခါက ထိန်းကျောင်းပေးခဲ့ သူများအကြောင်း၊ မေမေ့ကို ဘဝထူထောင်ခဲ့မှုများနှင့် မေမေ၏ အိမ်နီးချင်းအကြောင်းများကို သိခွင့်ရခဲ့သည်။
ပီတိလွှမ်းသော ပျော်စရာနေ့ရက်များ
မေမေသည် ၁၉၂၄ ခုနှစ်ကတည်းက ရန်ကုန်တက္ကသိုလ်ကြီး၏ ပြုစုထိန်းကျောင်းပေးမှုကို ခံခဲ့ရသည်။ ထိုအချိန်က မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီနယ်မြေဖန်တီး၍ ကျွန်ပြုမှုကိုခံနေရသည့်အချိန်။ ထိုကာလများအတွင်း မေမေသည် သားငယ် သမီးငယ် မျိုးချစ်ကျောင်းသားများ၏ လက်ရုံးရည်၊ နှလုံးရည်တို့ဖြင့် ဆင်နွှဲခဲ့သော လွတ်လပ်ရေးတိုက်ပွဲများကို မျက်မြင်ဒိဋ္ဌကြုံခဲ့၏။ ဗြိတိသျှများ ထွက်ခွာသွားပြီးနောက် ဂျပန်တို့၏ ရက်စက်သော ဆက်ဆံမှုများကိုလည်း ထိတ်လန့်စွာ တွေ့မြင်ခဲ့ရဖူး၏။ ဇန်နဝါရီလ ၄ ရက်နေ့ကဲ့သို့ ပီတိလွှမ်းသော ပျော်စရာနေ့ရက်များကိုလည်း ဖြတ်သန်းကျော်လွှားခဲ့ဖူးသည်။ ထိုသို့ သတ္တဝါမှန်သမျှ ရှောင်လွှဲ၍မရနိုင်သော လောကဓံတရားများကို အပြုံးမပျက် ကြံ့ကြံ့ခံနေနိုင်သော မေမေ၏စိတ်ဓာတ် သည်ကား သားသမီးကြီးငယ်များအားလုံးအတွက် အတုယူဖွယ်ဖြစ်၏။ တကယ်ကိုပင် ကိုယ်တို့အတွက် နမူနာအတုယူဖွယ်ရာ စံပြမယ်တစ်ဦးပင် ဖြစ်နေတော့သည်ဟုဆိုလျှင် လွန်မည်မထင်။
ထိုစာအုပ်ထဲတွင် မေမေ့အကြောင်း ဤသို့ ဆက်လက်ရေးသားထားသည်ကို ဖတ်ရှုရပြန်သည်။ ထိုအချိန်အခါက တာဝန်ရှိသူတို့သည် မေမေ့ကို ရန်ကုန်မြို့၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ ကေဘကြီး ရော်ဘာခြံဝင်းအတွင်းတွင် မေမေ၏ မွေးချင်းများနှင့်အတူ ထားရှိရန် အစီအစဉ်ရှိခဲ့သည်ဟု သိရသည်။ ဖတ်ရှုနေရင်းမှာပင် မေမေ့အတွက် အလွန်ဂုဏ်ယူနေမိသည်။ မေမေတို့အတွက် ငွေကျပ် ၉၅ သိန်း အကုန်အကျခံမည်။ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတကာတိုးတက်မှုအေဂျင်စီ AID ၏ အကူအညီနှင့် အီတလီနိုင်ငံမှ ဗိသုကာပညာရှင်များက ဒီဇိုင်းပုံစံကို တာဝန်ယူပုံဖော်ပေးမည်ဟု သိရှိရသောအခါတွင်လည်း တင့်တင့်တယ်တယ်နေထိုင်ရမည့် မေမေ၏ သဏ္ဌာန်ကိုစိတ်ကူးယဉ် ပုံဖော် ကြည့်မိသေးသည်။
မေမေ့ရင်ခွင်တွင် လာရောက်ပညာရည်နို့သောက်စို့ကြသည့် သားငယ်သမီးငယ်များအတွက် အုပ်ချုပ်ရေးရုံး၊ စာသင်ဆောင်များ၊ ပဒေသာခန်းမဆောင်၊ အပန်းဖြေရိပ်သာ၊ စားသောက်ရိပ်သာ၊ ပြတိုက်၊ ပိဋကတ်တိုက်တို့ကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဟုလည်း သိရပြန်သည်။ ထိုအဆောက်အအုံကြီး၏ အမြင့်ဆုံးအပိုင်းမှာ ခုနစ်ထပ်ဖြစ်၍ မျှော်စင်သဖွယ် ငွားငွားစွင့်စွင့် တည်ရှိမည်ဟု စာသားဖြင့် ပုံဖော် ထားသောဒီဇိုင်းကို စိတ်ကူးယဉ်ကြည့် မိသည်။
သို့သော် မေမေ့၏ခံ့ညားသော ထိုပုံသဏ္ဌာန်ကို မှန်းဆရုံမျှသာ။ ပုံမပေါ်လာခဲ့။ ယခုလက်ရှိတွင် မေမေသည် ငယ်ရွယ်စဉ်ကတည်းက နေခွင့်ရခဲ့သော ရန်ကုန် တက္ကသိုလ်ကြီး၏ ရင်ခွင်နားမှာပင် ငယ်ပေါင်းအင်းလျားနှင့်အတူ တည်ရှိ နေဆဲဖြစ်သည်။
ဂျပ်ဆင်ထံမှ စကားများ
ကိုယ်သည် အဓိပတိနှင့် ကြုံကြိုက်တိုင်း မေမေ့အကြောင်းကို မကြာခဏ တီးခေါက်ကြည့်မိဖူးသည်။ ဂျပ်ဆင်ထံမှ စကားများကိုလည်း နားစွင့်ခဲ့ဖူး၏။ သူတို့ထံမှ မေမေ၏ ၁၉၆၄ ခုနှစ် မတိုင်မီက အကြောင်းအချို့ကို သိရှိခဲ့ရသည်။ သည်ဘက်နောက်ပိုင်းနှစ်များ တွင်မူ မေမေနှင့်ပတ်သက်သည့် အကြောင်းများကို မေမေ၏ သားကြီး သမီးကြီးများဖြစ်ကြသည့် ကိုယ်တို့၏ အစ်ကို အစ်မများထံမှ အားတက်ဖွယ်ရာ သတင်းစကားများကို ကြားရသည်။ မေမေ့၏ အနီးကပ်အိမ်နီးချင်းဖြစ်သည့် ဘွဲ့နှင်းသဘင်အဆောက်အအုံကြီးကမူ ယခုထက်တိုင် မေမေနှင့် ရင်းနှီးသော ဆက်ဆံမှုများရှိနေဆဲဖြစ်သည်။ တစ်ခါက ကိုယ်သည် ဘွဲ့နှင်းသဘင်အဆောက် အအုံကြီး၏ရှေ့ရှိ ခြင်္သေ့ရုပ်ကြီးနှင့်တွဲ၍ ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ ဘွဲ့နှင်းသဘင်က ကိုယ့်ကို မေမေ့၏သား တစ်ယောက်မှန်း သိနေလိမ့်မည်ထင်သည်။ သူက မေမေ့၏ဂုဏ်ကိုမြှင့်တင်ခဲ့သောရှေ့က မေမေ့သားကြီး သမီးကြီး၊ ကိုယ်တို့၏အစ်ကိုကြီး၊ အစ်မကြီးများ၏ တိုးတက်အောင်မြင်မှုများကို ပြန်လည်ဖောက်သည်ချနေသလို၊ ကိုယ့်ကိုလည်း ဂုဏ်ယူသောအပြုံးဖြင့် ဆက်ဆံနေသလို ခံစားရ၏။
ပြက္ခဒိန်များ တစ်ရွက်ချင်းလှန်၊ တစ်ခုချင်းဖြုတ်ကာ အချိန်ကာလခရီး ရှည်ကြီးက သူ့သဘောနှင့်သူ ပုံမှန် ဖြတ်သန်းလျက်ရှိနေဆဲ။ ၂၀၂၄ ခုနှစ်သို့ ရောက်ခဲ့ပြီ။ မေမေသည်လည်း အသက်ရာပြည့်ရှိခဲ့လေပြီ။ ပိုမိုတိုးပွားလာသော ဆွေမျိုးသားချင်းဖြင့် သိုက်သိုက်ဝန်းဝန်း ရှိနေခဲ့ပြီ။ ရုပ်ပိုင်းဆိုင်ရာသည် သွေးသား သစ်လောင်းထားသကဲ့သို့ အမြဲနုပျို လန်းဆန်းနေသကဲ့သို့ပင် စိတ်ပိုင်း ဆိုင်ရာသည်လည်း ကာလကြာရှည်စွာ ရယူခဲ့ရသော အတွေ့အကြုံ၊ သင်ခန်းစာများနှင့်အတူ တည်ငြိမ်ရင့်ကျက်စွာဖြင့် လေးနက်သော အတွေးအခေါ်များကို ပိုမိုတွေးခေါ်နိုင်ခဲ့ပြီဖြစ်သည်။
မေမေဟူသော အခက်အလက်၊ အရွက်စိမ်းစိမ်းစိုစို၊ ကျေးငှက်သာရကာပေါင်းစုံဖြင့် စည်ပင်ဝပြောနေသည့် စီးပွားရေးပညာသစ်ပင်ကြီးကို အစပျိုး ဖြစ်တည်စေခဲ့သော ဘောဂဗေဒဌာနသည်လည်း အချိန်ကာလကြာမြင့်မှုနှင့်အတူ ပိုမိုရင့်ကျက်မှုများ ရရှိလာခဲ့ပြီ။ ဤသို့ဖြင့် စီးပွားရေးပညာနယ်ပယ် သည် မြန်မာမြေပေါ်တွင် ပိုမိုကျယ်ပြန့်စွာထွန်းကား၍ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသော အတွေးအခေါ်အယူအဆသစ်များ၊ အကြံဉာဏ်သစ်များ ပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိနေ ပါသည်။
ရွာသာကြီးရှိ စီးပွားရေးတက္ကသိုလ် အဝင်အဝမုခ်ဦးကို မြင်ရတော့မှ အတွေးများက လွင့်ပျံထွက်သွားသည်။ ဂိတ်ဝတွင် ခွင့်တောင်း၍ကားက ဆက်လက်မောင်းဝင်သွားသည်။ ပင်မဆောင်ကြီးကို သွားရာလမ်းတစ်လျှောက် နုပျို လန်းဆန်းတက်ကြွနေသော အီကို ကျောင်းသူ ကျောင်းသားလေးများကို တွေ့နေရ၏။ ရွက်ဟောင်းများကြွေပြီးနောက် ရွက်သစ်များ ဆက်လက်ဝေမြဲ မဟုတ်ပါလား။
ရန်ကုန်တက္ကသိုလ် ရင်ခွင်ထဲတွင် ဘဝစ၍ ဘွဲ့နှင်းသဘင်အဆောက်အအုံကြီးနှင့် အင်းလျားကန်တိုနှင့် အနီးအနား၊ မလှမ်းမကမ်းတွင် ဘဝဖြစ်တည်ခဲ့သော အမိတက္ကသိုလ် အီကိုမြေသည် အဆက်မပြတ် ဝင်ရောက်ခိုလှုံကာ ပညာရည်နို့သောက်စို့ကြမည့် မျိုးဆက်သစ် သားငယ် သမီးငယ်တို့နှင့်အတူ အမြဲလန်းဆန်းလျက် တက်ကြွနေပေလိမ့်မည်။
အမိတက္ကသိုလ် အီကိုမြေ ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ပါစေလေ..။ ။