Skip to main content

နတ်တော်လခါမီ စာဆိုတော်လရာသီအခါ ရောက်ပြီမို့ ….

စာဖတ်ပရိသတ်တစ်ဦး

နတ်တော်လရာသီသည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင် နတ်ပွဲများဖြင့် နတ်တို့ကို ပူဇော်ပသရသော နတ်ပျော်လအဖြစ် ရှေးအခါက သတ်မှတ်ဖော်ပြခဲ့သော်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် ရတု၊ ရကန်၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိစသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေ အမွေပေးဝေခဲ့ကြသော ရဟန်းစာဆို၊ လူပညာရှိစာဆိုရှင်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ကြရာမှ စာဆိုတော်လရာသီအဖြစ်ပို၍ ပေါ်လွင်ထင်ရှားလာခဲ့ပေသည်။

စာဖတ်ပရိသတ်တစ်ဦး

နတ်တော်လရာသီသည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင် နတ်ပွဲများဖြင့် နတ်တို့ကို ပူဇော်ပသရသော နတ်ပျော်လအဖြစ်ရှေးအခါက သတ်မှတ်ဖော်ပြခဲ့သော်လည်း ရှေးမြန်မာမင်းများလက်ထက်ကပင် ရတု၊ ရကန်၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိစသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေ အမွေပေးဝေခဲ့ကြသော ရဟန်းစာဆို၊ လူပညာရှိစာဆိုရှင်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ကြရာမှ စာဆိုတော်လရာသီအဖြစ်ပို၍ ပေါ်လွင်ထင်ရှားလာခဲ့ပေသည်။

သို့ရာတွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီခေတ်အဆက်ဆက် အနန္တသူရိယအမတ်ကြီး၊ စတုရင်္ဂဗလအမတ်ကြီး၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာ ဆရာတော်၊ ဆရာတော်ဦးဗုဓ်၊ သင်္ဂဇာဆရာတော်၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော်စသည်ဖြင့် ရဟန်းပညာရှိ၊ လူပညာရှိစာဆိုရှင်ကြီးများ ထင်ရှားကျော်စောခဲ့ကြငြားသော်လည်း ဗြိတိသျှနယ်ချဲ့ ကိုလိုနီလက်အောက်တွင် မြန်မာစာပေအခန်းကဏ္ဍသည် မြန်မာစာပေအသင်းအဖွဲ့ရယ်ဟူ၍ပင် သတ်သတ်မှတ်မှတ်မရှိခဲ့ပေ။

ကျမ်းပေါင်း ၅၀၀ ကျော်

၁၉၃၉ ခုနှစ်ကာလတွင် ရာဇဝင်စာအုပ်၊ လူမှုရေးကျမ်း၊ သိပ္ပံဝတ္ထု၊ ခေတ်သရုပ်ဖော်စာပေ စသဖြင့် ကျမ်းပေါင်း ၅၀၀ ကျော် ရေးသားပြုစုခဲ့သော ကမ္ဘာကျော်အင်္ဂလိပ်စာရေးဆရာကြီး အိတ်ဂျီဝဲ (H.G. Wells) မြန်မာပြည်သို့ အလည်လာရောက်စဉ်အတွင်း မြန်မာစာရေးဆရာများ ဆုံစည်းမိကြရာမှ စာရေးဆရာများအသင်းဖွဲ့စည်းရန် စိတ်ကူးရလာခဲ့ကြသည်။

ဆရာကြီးအိတ်ဂျီဝဲသည် နိုင်ငံတကာစာရေးဆရာများပါဝင်သည့် PEN CLUB ခေါ် ကမ္ဘာ့ ကလောင်အသင်းကြီးကို ဥက္ကဋ္ဌဖြစ်သူအင်္ဂလိပ် အမျိုးသမီးကြီး အေမီစကော့ (Amy Scott)၊ အင်္ဂလိပ် စာရေးဆရာကြီး ဂျွန်ဂါးဝါသီ(John Galsworthy)တို့နှင့်အတူ စတင်မြေတောင်မြှောက်ပေးခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးအိတ်ဂျီဝဲ မြန်မာပြည်လာရောက်ချိန်တွင် မြန်မာစာရေးဆရာများက ရန်ကုန်တက္ကသိုလ် လှေလှော်အသင်းတွင် လက်ဖက်ရည်ပွဲနှင့် ဧည့်ခံဂုဏ်ပြုခဲ့ကြသည်။ အဆိုပါ ဧည့်ခံပွဲတွင်မှ မြန်မာစာရေးဆရာများကို အစုလိုက်၊ အပြုံလိုက် စုံစုံညီညီစတင်မြင်တွေ့ခဲ့ကြရခြင်းဖြစ်သည်။ သတင်းစာဆရာကြီး အိုးဝေညိုမြက “ဆရာကြီးဝဲအတွက် သင့်လျော်တဲ့ ဧည့်ခံပွဲတစ်ခုလုပ်ဖို့ ကျွန်တော်လည်း တက္ကသိုလ်ကလောင်ပေါက်စများဖြစ်တဲ့ တက်တိုး၊ စိုးလှ၊ အာယု၊ ထင်ကြီး၊ ခင်လေးမောင်တို့နှင့် စိုင်းပြင်းပြီးမြန်မာစာရေးဆရာများကို ဖိတ်ခေါ်ရပါတယ်။ အဲဒီတုန်းက ဆန်းကဖီးမှ လက်ဖက်ရည်ပွဲမှာယူရတာ လွယ်ကူပါတယ်။ ခက်တာက မြန်မာစာရေးဆရာများကို ရန်ကုန်မြို့ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားမှာ ပိုက်စိပ်တိုက်ရှာဖွေရခြင်းဖြစ်ပါတယ်။ တချို့ကလည်း ခြေသလုံးအိမ်တိုင်စာရေးဆရာများပေမို့ ကျွန်တော်တို့အဖွဲ့မှာ လူဆိုးဖမ်းရတာထက် ပင်ပန်းခဲ့ရပါတယ်။ နောက်ဆုံးမှာ အတော်စုံစုံလင်လင်လေး ဖြစ်သွားလို့ ကျေနပ်မိပါတယ်။ မြန်မာ့သမိုင်းမှာ စာရေးဆရာအများဆုံး စတင်ဆုံတွေ့ကြတဲ့ပွဲပေပဲ”ဟူ၍ ပြန်ပြောင်းမှတ်တမ်းတင် ရေးသား ခဲ့ပါသည်။

ဆရာကြီးညိုမြရေးသားသည့် ဆိုခဲ့ပါ “ကလောင်သမိုင်း”ဟူသည့် ဆောင်းပါးမှာ မှတ်သားဖွယ်ရာ သမိုင်းမှတ်တမ်းအချို့လည်း ပါဝင်ပါသည်။ ဆရာကြီးအိတ်ဂျီဝဲ ဧည့်ခံပွဲသို့ တက်ရောက်ရန် မြန်မာစာရေးဆရာကြီးပီမိုးနင်းကို ဆရာကြီးရန်အောင်က သွားရောက်ဖိတ်ခေါ်ရာ ဆရာကြီးပီမိုးနင်းက “ကမ္ဘာကျော်သည့်၊ ကလောင်မော် အိတ်ဂျီဝဲ၊ ထိုသည့်ပွဲတွင်၊ မျက်နှာ မွဲစရာ၊ မတက်ရောက်လိုပါ”ဟု ပြောကြားခဲ့သည် ဟုဆိုသည်။

ထိုစဉ်က သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း (ဗိုလ်ချုပ်)ခမျာမှာလည်း ဖိတ်စာမရခဲ့ဟု သိရ သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာကြီးညိုမြက “အဲဒီပွဲမှာ ကျွန်တော်က ကိုအောင်ဆန်း(ဗိုလ်ချုပ်)ကို ဖိတ်ဖို့မေ့လျော့ခဲ့ပါတယ်။ အမှန်ကတော့ သူကသမဂ္ဂဥက္ကဋ္ဌမို့ သူ့ကိုနိုင်ငံရေးသမားလို့ ကျွန်တော်က စာရင်းသွင်းထားမိတယ်။ ဒါပေမဲ့သူက ‘ကျွန်တော် အိုးဝေအယ်ဒီတာ လုပ်ခဲ့တာကို မေ့ပလား’ဆိုမှ ကျွန်တော် အထူးဝမ်းနည်းမိတယ်။ ‘အမယ်လေး ဟုတ်သားပဲ၊ ငါ့နှယ်သေပါတော့ဟာ၊ ဆောရီးပဲဗျာ’လို့ ပြောလိုက်ရပါတယ်။ သူက ဆရာကြီးဝဲ ဧည့်ခံပွဲကိုလာပြီး လက်ဖက်ရည်တွေ၊ ကိတ်မုန့်တွေ အများကြီးစားပါတယ်။ ဒါပေတဲ့ ဖိတ်စာမရလို့ ဓာတ်ပုံရိုက်ရာမှာ မပါချင်ဘူးဆိုပြီး ပြန်သွားပါတယ်”ဟု ပြန်ပြောင်း ရေးသားခဲ့ပါသည်။

ထိုစဉ်က သခင်မပေါက်စ ကလောင်ရှင် ဒေါ်ခင်မျိုးချစ်နှင့် စာရေးဆရာအချို့က ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျာ်(ဗိုလ်အောင်ကျာ်)ကို နယ်ချဲ့အလိုတော်ရိ ပုလိပ်များက ရိုက်၍သေဆုံးခဲ့ ရပုံ၊ ဗြိတိသျှနယ်ချဲ့အစိုးရ၏ ဖိနှိပ်ချုပ်ချယ်ဆိုးသွမ်းပုံတို့ကို ဆရာကြီးအိတ်ဂျီဝဲထံ မှတ်တမ်း မှတ်ရာများနှင့် တင်ပြခဲ့သည့်အတွက် ဆရာကြီးဝဲကလည်း အင်္ဂလန်ပြန်ရောက်ချိန်တွင် မမေ့မလျော့ဘဲ News Chronicle သတင်းစာတွင် ‘မြန်မာပြည်၏ ဒုက္ခ(Trouble in Burma)’ ခေါင်းစဉ်ဖြင့် ဆောင်းပါး ရေးသားပြီး မြန်မာများဘက်မှ တင်ပြပေးခဲ့ပါသည်။

ကမ္ဘာကျော်စာရေးဆရာကြီး အိတ်ဂျီဝဲ ပြန်သွားပြီးနောက် ၁၉၄၀ ပြည့်နှစ်တွင် သတင်းစာ ဆရာကြီး ဒီးဒုတ်ဦးဘချို (အာဇာနည်ခေါင်းဆောင်ကြီး) ဦးဆောင်၍ စာရေးဆရာများအသင်းကို ထူထောင်ခဲ့ကြသည်။ မူလက “မြန်မာနိုင်ငံ စာရေး ဆရာများအစည်းအရုံး”ဟု ခေါ်တွင်ရာမှ ဂျပန်ခေတ်တွင် စာရေးဆရာများအသင်းကို ပြန်လည်စုစည်းခဲ့ပြီးလျှင် “မြန်မာစာရေးဆရာများအသင်း” ဟူ၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

စာဆိုတော်နေ့

ထို့အတူ နတ်တော်လဆန်း ၁ ရက်နေ့ကိုလည်း စာဆိုတော်နေ့အဖြစ် ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် သူကြီးဂေဇက် ဦးခင်မောင်က ဦးဆောင်၍ ဦးအုန်းဖေ(ဆရာတက်တိုး)၊ ဦးတင်ဦး၊ အမြတ်ခွန် မင်းကြီး ဦးယုဆိုင်၊ ကက်သရင်းဒေါ်ခင်ခင်၊ ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန်စသော မြန်မာစာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာလူကြီးများက ညှိနှိုင်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

စာဆိုတော်နေ့ကို စာရေးဆရာများအသင်း ဖွဲ့စည်းပြီးနောက်လေးနှစ်အကြာ (၁၉၄၄ ခုနှစ်)တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မူလက “ဦးပုည နေ့”အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တစ်နေ့တွင် ဆရာတက်တိုးက အင်္ဂလိပ်လူမျိုးများသည် စာပေယဉ်ကျေးမှုကို အမြတ်တနိုးထားပုံနှင့် ထင်ရှားသောစာရေးဆရာကြီး ရှိတ်စပီးယားကို ဂုဏ်ပြုသောအားဖြင့် ရှိတ်စပီးယား၏ မွေးနေ့ ဖြစ်သော ဧပြီလ ၂၃ ရက်နေ့ကို ရှိတ်စပီးယားပွဲတော်နေ့အဖြစ် နှစ်စဉ် ကျင်းပခဲ့ပုံများနှင့်စပ်လျဉ်း၍ ပြောဆိုရာမှ မိတ်ဆွေဖြစ်သူ ဦးယုဆိုင်က “သူတို့က ရှိတ်စပီးယားပွဲတော် လုပ်ကြသလို ကျွန်တော်တို့က လည်း ဦးပုညနေ့လုပ်ကြတာပေါ့ဗျာ” ဟူ၍ စတင်အကြံပြုရာမှ ဦးအုန်းဖေ(ဆရာတက်တိုး)နှင့် အမြတ်ခွန်မင်းကြီး ဦးယုဆိုင်တို့၏ ဆက်လက်ကြိုးပမ်းမှုဖြင့် ဦးပုညပွဲတော်ကျင်းပရန် အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဦးပုညနေ့ပွဲတော်

ထို့နောက် ဆရာကြီးစလေဦးပုည၏ မွေးနေ့ဖြစ်သော ကဆုန်လဆန်း ၁၃ ရက်နေ့ကို ဦးပုညနေ့ အဖြစ်သတ်မှတ်၍ ၁၃၀၆ ခုနှစ် ကဆုန်လဆန်း ၁၃ ရက် (၁၉၄၄ ခုနှစ် မေလ ၄ ရက်)နေ့တွင် ပထမဆုံး ဦးပုညနေ့ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုမှတစ်ဖန် ရန်ကုန်မြို့ရှိ ပညာတံခွန်အသင်းကြီးက စာဆိုတော်တစ်ဦးအတွက်နေ့တစ်နေ့ သတ်မှတ်ကျင်းပခြင်းထက် စာဆိုတော်အများနှင့် သက်ဆိုင်သည့် နေ့တစ်နေ့အဖြစ် ကျယ်ကျယ် ပြန့်ပြန့် သတ်မှတ်ကျင်းပရန် အကြံပြုမှုအရ ပညာတံခွန်အသင်းကြီးမှ ပုဂ္ဂိုလ်ကြီးများ၊ စာပေပညာရှင်ကြီးများနှင့် မြန်မာစာရေးဆရာများအသင်းမှ ပုဂ္ဂိုလ်များက ၁၉၄၄ ခုနှစ် မေလ ၈ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူ၍ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော် နေ့အဖြစ် ကျင်းပရန် သတ်မှတ်ဆုံးဖြတ်ခဲ့သဖြင့် စာဆိုတော်နေ့ စတင်ပေါ်ပေါက်လာခဲ့ပေသည်။

ဤသို့ဖြင့် မြန်မာစာရေးဆရာအသင်းကြီးက မျိုးစေ့ချပေးခဲ့သော စာဆိုတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် နောက်ပိုင်းကာလများတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆို ပွဲများ၊ စာပေဆုနှင်းသဘင်ပွဲများ၊ သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲများစသည်ဖြင့် စာပေလောကနှင့်ဆက်စပ်သည့် အခမ်းအနားများ ကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာခဲ့ကြသည်။

မြန်မာစာရေးဆရာ အသင်းကြီးကလည်း စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ကြီး စာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့ရာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် (၃၇)ကြိမ်မြောက်သက်ကြီး စာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရန်စီစဉ်လျက်ရှိသည်။ ယခုနှစ်တွင် ပူဇော်ကန်တော့ခံ အသက် ၈၀ နှင့် ၈၀ အထက် သက်ကြီးစာပေပညာရှင် ၂၇၆ ဦးရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်ကလည်း စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စာဆိုတော် နေ့တွင် စာပေဆုနှင်းသဘင်ပွဲများ ဆင်ယင်ကျင်းပကာ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှစတင်၍ စာပေဗိမာန်ကာလပေါ် ဝတ္ထုဆုအဖြစ် စတင်ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ စာပေ ဗိမာန်ဆု၊ ၁၉၆၂ ခုနှစ်တွင် အနုပညာဆိုင်ရာစာပေ ဆု၊ ထိုမှတစ်ဆင့် အမျိုးသားစာပေဆုအမည်ဖြင့် စာပေဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြန်ပါသည်။ ထိုမှတစ်ဖန် ယခုကာလတိုင် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများအဖြစ်သို့ တိုးတက်ချီးမြှင့်ပေးအပ် ခဲ့ပါသည်။ အမျိုးသားစာပေတစ်သက်တာဆုကို မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေ ရေးသားပြုစုခဲ့ကြသော စာပေပညာရှင်ကြီးများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှောက်သောအားဖြင့် ၂၀၀၁ ခုနှစ်မှစတင်၍ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယခုနှစ်သည် (၇၅)ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်အပ်နှင်း မည့်နှစ်ဖြစ်သည့်အတွက် ကြုံတောင့်ကြုံခိုက် အခါသမယဖြစ်သည်ဟု တင်စားချင်ပါသည်။

စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်တွင်လည်း နိုင်ငံတော်အစိုးရက စာပေသည် လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်၊ စာအုပ်မျိုးစုံသည် လူသားများ၏ခေတ်ကြေးမုံ၊ စာအုပ်စာပေများသည် လူ့မိတ်ဆွေ၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်၊ စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့် အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်များကို မြှင့်တင်ပေးသည်၊ နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုသုခုမပညာရပ်များသည် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာတွင် အဓိကအခြေခံဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများက အရေးပါသကဲ့သို့ ဉာဏပစ္စည်းဆိုင်ရာများကလည်း ထပ်တူအရေးကြီးသည် စသည်ဖြင့် အလေးအနက်ခံယူပြီး စာပေဝါသနာကြီးသူ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မြန်မာစာပေ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတိုးတက်ရေးသာမက စာပေပညာရှင်ကြီးများနှင့် မြန်မာစာပေ လောကသားများကိုလည်း ထိုက်ထိုက်တန်တန် အားပေးချီးမြှောက်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် မတ်လတွင် စာပေနှင့် အနုပညာနယ်ပယ်မှ ထူးချွန်သူ ၂၅ ဦး၊ ၂၀၂၂ ခုနှစ် ဧပြီလတွင် ရှစ်ဦးနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကျရောက်ခဲ့သော အမျိုးသားအောင်ပွဲနေ့တွင် ခုနစ်ဦးတို့ကို အလင်္ကာကျော်စွာဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အလင်္ကာ ကျော်စွာဘွဲ့ကို စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးချွန်ကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်မှစ၍ ယနေ့မျက်မှောက်ကာလအထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၆၄ ဦးတို့အနက် အဆိုပါပုဂ္ဂိုလ်များထဲတွင် စာပေပညာရှင်များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး ဆရာမကြီး ၁၉ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ် အရေအတွက်တိုး၍ ချီးမြှင့်ခဲ့ရာ ၂၀၂၂ ခုနှစ် ကကျင်းပသော ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုနှင်းသဘင် အခမ်းအနားတွင် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် စာပေပညာရှင်ဆရာကြီး ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ စာပေပညာရှင်ဆရာကြီး ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာမျိုးသန့်တင်နှင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာဒေါ်တင်တင်ဝင်း (ဒေါက်တာ မတင်ဝင်း-ပညာရေးတက္ကသိုလ်)တို့ လေးဦးကို ရွေးချယ်၍ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်က ကျင်းပသော ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူ ဆုနှင်းသဘင်အခမ်းအနားတွင်လည်း အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် စာပေပညာရှင် ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာ ထွန်းတင့်-မြန်မာစာ)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာချစ်စံ(ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)နှင့် စာပေပညာရှင်ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)တို့ လေးဦးကို‌ ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုရှင်များအဖြစ် စာပေပညာရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းန္ဒနာ)၊ စာပေ ပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ၊ စာပေပညာ ရှင် ဆရာကြီးဦးညွန့်ဆွေ (မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း (သမိုင်း)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ ပင်ကောက်)တို့ ခြောက်ဦးအား ရွေးချယ်ချီးမြှင့်မည် ဖြစ်ကြောင်း ၂၁-၁၁-၂၀၂၄ ရက်နေ့တွင် ကြေညာ ထားပြီးဖြစ်ပါသည်။ အဆိုပါ စာပေပညာရှင်ကြီး များအား ၁-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပမည့် (၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆု ချီးမြှင့်ပွဲတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

 ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ အမျိုးသားစာပေဆု အတွက် သတ်မှတ်ထားသည့်ဘာသာရပ် ၁၉ မျိုး အနက် ဘာသာရပ် ကိုးမျိုး၊ စာပေဗိမာန်စာမူတွင် ပြိုင်ပွဲဝင် စာမူ ၂၆၂ စောင်အနက်ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်သည့်စာမူပေါင်း ၂၈ ခုကို စိစစ်ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ ခုနှစ် အမျိုးသားစာပေဆုအတွက် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၇၅၄ အုပ်ထဲမှ အမျိုးသားစာပေဆု အတွက်သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုး အနက် ဘာသာရပ် ၁၁ မျိုး၊ စာပေဗိမာန်စာမူဆု အတွက် ပြိုင်ပွဲဝင်စာမူ ၂၇၇ ခုအနက် စာမူပေါင်း ၂၉ ခုကို စိစစ်ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့် ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက အနုပညာနယ်ပယ်အသီးသီးရှိ အနုပညာ ဖန်တီးမှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင် “အနုပညာဗဟိုဌာနအဆောက်အဦ (Art Centre)” နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်အတွက် “စာဆိုဗိမာန်” ကိုလည်း စီစဉ်တည်ဆောက်လျက်ရှိသည်။

စာဆိုဗိမာန်ကို နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ၌ ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်ရာ ရောက်စေမည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာ ပေါ်ပေါက်ဖြစ်ထွန်းလာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေဧက ၂ ဒသမ ၁၈ ဧကပေါ်တွင် တည်ဆောက်လျက်ရှိသည်။

စာဆိုဗိမာန်ကို သုံးထပ်အဆောက်အအုံအဖြစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်မှု သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ ပေပုရပိုက်များ၊ သမိုင်းဝင်ကဗျာများ၊ စာပေဆုရ စာအုပ်စာပေများ၊ မြန်မာနိုင်ငံ၌ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရ စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ပြခန်းများကို ကဏ္ဍအလိုက် ထည့်သွင်းထားရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာဆိုဗိမာန်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို နှစ်နှစ်ကာလ သတ်မှတ်ထားသည်။

အမျိုးသားယဉ်ကျေးမှု စာပေအမွေကို လက်ဆင့်ကမ်းပေးခဲ့ကြသော၊ တိုင်းချစ်ပြည်ချစ် စိတ်ရှိစေရန်၊ ဇာတိသွေး ဇာတိမာန် တက်ကြွလာစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးစေရန်၊ လောက ဓမ္မရေးရာများကို သုံးသပ်ဆင်ခြင်နိုင်စေရန် စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ပေးခဲ့ကြသော စာဆိုပညာရှင်ကြီးများကို နိုင်ငံတော်က ထိုကဲ့သို့ အားပေးချီးမြှောက် ဂုဏ်ပြုခဲ့သည့်နည်းတူ ကျွန်ုပ်တို့ စာဖတ်ပရိသတ် မြန်မာပြည်သူအပေါင်းကလည်း စာပေကျေးဇူးတင်ရှိဖူးသည့် ခေတ်အဆက်ဆက် စာဆိုတော်ကြီးများနှင့် နိုင်ငံအကျိုးပြုစာပေ ပညာရှင်ကြီးများကို နတ်တော်လခါမီ စာဆိုတော် လရာသီအခါသမယတွင် မမေ့မလျော့ဘဲ ဂါရဝတရားရှေ့ထား၍ လေးမြတ်ကော်ရော် ဦးခိုက်ပူဇော်ကြပါစို့။ ။