မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ် မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း (ဒုတိယပိုင်း)
ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချော လူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာ ဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။
ထို့အတူပဲ ကျွန်တော့်ရဲ့မိတ်ဆွေပေါ့လေ၊ သူငယ်ချင်းလောလောဆယ်ဒါရိုက်တာလုပ်နေတဲ့ မြင့်စိုး (ဝ/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။ မြင့်စိုးဆိုတဲ့နာမည်တွေက ပေါများတဲ့ အတွက် ကျွန်တော်နဲ့ အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီးမြင့်စိုးကို မင်းသားကြီးလို့ပဲ ကျွန်တော်က ခေါ်ဝေါ်လေ့ရှိပါတယ်။ အခုကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာဖြစ်ပါတယ်။
(၁၈-၉-၂၀၂၀ ရက်နေ့မှ အဆက်)
မင်းသားကြီးမြင့်စိုး။ ။ ဦးမြင့်စိုးတဲ့ မင်းသားကြီးတဲ့ အဲဒီ “မင်းကတော်”ဇာတ်က တစ်နေ့တာ ဇာတ်လမ်းဆိုတဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး။ ။ ဇာတ်လမ်းက တစ်နေ့တာဇာတ်လမ်း ကျွန်တော်ကဟိုတုန်းက ဆရာတို့ မီလာမသိဘူး၊ Roman Holiday
ကြည်စိုးထွန်း။ ။ Roman Holiday ကောင်းတယ်။
မင်းသားကြီးမြင့်စိုး။ ။ Gregory Peck နဲ့ Audrey Hupbern ဟုတ်တယ် အဲဒီကားကို ကျွန်တော် သိပ်သဘောကျတယ်။
ကြည်စိုးထွန်း။ ။ သိပ်ကောင်းတာပဲ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီကားကို သဘောကျပြီးတော့မှ ဂျပန်ကနေပြီး တော့ princess and photographer ဆိုတာ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် seven nights in Japan တို့ ဘာတို့ ဒီသဘောပါပဲ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီသဘောလိုက်တာ ကျွန်တော်က အဲဒီ Roman Holiday ကို သဘောကျတာ။
ကြည်စိုးထွန်း။ ။ သိပ်ကောင်းတာပဲ။
မင်းသားကြီးမြင့်စိုး။ ။ သဘောကျတော့ ကျွန်တော်ကျောင်းသားဘဝပဲ ရှိသေးတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ နောက်တစ်ခုက အိန္ဒိယကနေပြီးတော့ ဇာတ်ကားတစ်ကား ရက်ရှ်ကပူးရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဂျက်ဆီလာဟိုးတဲ့။
ကြည်စိုးထွန်း။ ။ ဪ ဂျက်ဆီလာဟိုး။
မင်းသားကြီးမြင့်စိုး။ ။ တစ်ညတည်း အဖြစ်အပျက်။
ကြည်စိုးထွန်း။ ။ ဪ။
မင်းသားကြီးမြင့်စိုး။ ။ ဟာမြန်မာပြည်မှာ တစ်ညတည်းအဖြစ်အပျက်၊ တစ်နေ့တည်း အဖြစ် အပျက် ဘယ်သူမှ မရိုက်သေးဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က ဘာသွားသတိရလဲဆိုတော့ ဆရာဦးသာဓုက ‘ကကြီးရေက’ မှာ တစ်နေရာတည်းမှာ ခြံထဲမှာ အဖြစ်အပျက်ကလေး ပြတယ်။ ကျွန်တော်ကလည်း ပန်းခြံထဲမှာ တစ်နေ့တည်း အဖြစ်အပျက်ပြလိုက်တယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က စွန့်စားချင်တယ်ပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ တစ်နေ့တည်းအဖြစ်အပျက်ကို။
ကြည်စိုးထွန်း။ ။ စိတ်ဝင်စားအောင်။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ကအဲဒီမှာ ‘မင်းကတော်’ ရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဇာတ်ညွှန်းက ဟိုတုန်းကနာမည်ကြီး တက္ကသိုလ်မောင်လှသူ။
ကြည်စိုးထွန်း။ ။ ဪ ကိုလှသူ။
မင်းသားကြီးမြင့်စိုး။ ။ ကိုလှသူ။
ကြည်စိုးထွန်း။ ။ သိတယ်။
မင်းသားကြီးမြင့်စိုး။ ။ နောက်ပြီးတော့ စာရေးဆရာမြတ်ထွဋ်။
ကြည်စိုးထွန်း။ ။ ဪ မြတ်ထွဋ် ဆုံးသွားပြီ။
မင်းသားကြီးမြင့်စိုး။ ။ သူတို့နှစ်ယောက်ရေးတဲ့ ဇာတ်ညွှန်း။
ကြည်စိုးထွန်း။ ။ နှစ်ယောက်စလုံး ဆုံးသွားပြီ။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်ဆရာ။ အဲဒီမှာ ဆရာ့ကို ပြောပြဦးမယ် ကြုံလို့။ ကျွန်တော်က ဇာတ်ကားပရီရှိုးပေါ့ ပရက်ရှိုးမှာပြတော့ စာနယ်ဇင်းဌာနကို ကျွန်တော်ကဝေဖန်ခိုင်းတယ်။ ဝေဖန်ကြပါ ဆိုတော့ ကျွန်တော့်ရိုက်ကွက်နဲ့ ပတ်သက်လို့ ဘယ်သူမှ မဝေဖန်ဘူး။ ဇာတ်လမ်းနဲ့ပတ်သက်လို့ အင်္ဂလိပ်ကား အတုခိုးထားတယ် ဘာတယ်ပြောတာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒါပေမဲ့ ဟိုတုန်းက အဒက်ပ် လုပ်ရတာပေါ့ဆရာရယ်။ ဒါအနုပညာ ဆက်နွှယ်ဆိုတော့ ကျွန်တော်က ဘာဖြစ်လဲဆိုတော့ တစ်ရက်တည်း အဖြစ်အပျက်ဇာတ်လမ်း ရိုက်တဲ့အတွက် နယ်မှာပြတော့ ကြည့်တဲ့ပုဂ္ဂိုလ်တွေက ဒီဇာတ်ကားက လွယ်လွယ်ကူကူ တစ်ရက်တည်း ရိုက်ထားပါလား ထင်တယ်။
ကြည်စိုးထွန်း။ ။ ဟားဟား။
မင်းသားကြီးမြင့်စိုး။ ။ ဆရာရယ် one scene တောင်မှ တစ်နေ့ပြတ်ဖို့ကလွယ်တာမှမဟုတ်ဘဲ။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဆရာဒါရိုက်တာပဲ သိတာပေါ့။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ တစ်ရက်တည်း ရိုက်လို့ ဘယ်ပြီးပါ့မလဲ။ အဲဒါနဲ့ ပြောပြဦးမယ် ခင်ယုမေက ပြောတယ် ခင်ယုမေက အသက်ထင်ရှားရှိပါသေးတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အစ်ကိုတဲ့ အစ်ကို့ဇာတ်ထုပ်က တစ်ရက်တည်းဖြစ်တယ်။ ခုထက်ထိ ဆယ်ရက်၊ ဆယ့်ငါးရက် မပြီးသေးဘူးလားတဲ့။ ကျွန်တော်ကပြောရတယ် မေရေလို့ ပေတစ်သောင်း ငါးထောင်လောက်ရိုက် ဟိုတုန်းက။
ကြည်စိုးထွန်း။ ။ ဟုတ်ပါ့။
မင်းသားကြီးမြင့်စိုး။ ။ ပေတစ်သောင်း ငါးထောင်ထဲမှာ ဆယ်နှစ်ဇာတ်ထုပ် လည်းပဲ။
ကြည်စိုးထွန်း။ ။ ဒါပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဒီလိုပဲ အကြာကြီးရိုက်ရတာပဲ။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ တစ်ရက်တည်းဇာတ်ထုပ်လည်း ပေတစ်သောင်း ငါးထောင်ပြည့်အောင် ရိုက်ရမှာပဲ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဆိုတော့ အဲဒါပြောပြတယ်ပေါ့။
ကြည်စိုးထွန်း။ ။ ဟိုတုန်းက အမေရိကန်ကားတစ်ကားရှိတယ်လေ Hight Noon ဆိုတာလေ။ Hight Noon က တစ်နာရီအတွင်း အဖြစ်အပျက်။
မင်းသားကြီးမြင့်စိုး။ ။ ကိုင်းဘယ်လောက်အထိပြည့်စုံလဲ။
ကြည်စိုးထွန်း။ ။ တစ်နာရီအတွင်း အဖြစ်အပျက်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အဲဒါမျိုးတွေလည်း ရိုက်ခဲ့တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ Roman Holiday ဆိုရင်လည်း တစ်ရက်တော့မဟုတ် ဘူးဗျ။ တစ်ညတော့ အိပ်သေးတယ်ထင်တယ် တစ်ည တစ်နေ့ပေါ့လေ။
မင်းသားကြီးမြင့်စိုး။ ။ Roman Holiday က တစ်ညဆရာ။
ကြည်စိုးထွန်း။ ။ မဟုတ်ဘူးဗျ။ ရောက်တဲ့ည သူကမင်းသမီးက တစ်ညအိပ်သေးတယ်၊ နောက်တစ်နေ့ည ပြန်ပို့ ရတာကိုး တစ်ရက်ပေါ့လေ တစ်ရက်ပေါ့နော်။
မင်းသားကြီးမြင့်စိုး။ ။ တစ်ရက်တစ်ရက်။
ကြည်စိုးထွန်း။ ။ အင်မတန်ကောင်းတဲ့ကား။ ကျွန်တော် သိပ်သဘော ကျတယ်။ Roman Holiday Gregory Peck က လည်းကောင်းတယ်။ နောက်တစ်ခါ Audrey Hepburn ကလည်း ကောင်းတယ်။
မင်းသားကြီးမြင့်စိုး။ ။ နောက်ဆုံး ဇာတ်သိမ်းမှာ Gregory Peck က Hall ထဲမှာ လျှောက်သွား တာ ဘယ်လောက်ကောင်းလဲ။
ကြည်စိုးထွန်း။ ။ အကျယ်ကြီး ဒီဇာတ်လမ်း ဦးတည်ချက်ကို ကျွန်တော် သဘောကျလို့ နည်းနည်းလေးပြောပါရစေ။ ဘာလို့လဲဆိုတော့ မင်းသားကြီးကြိုက်တာနဲ့ ကျွန်တော်ကြိုက်တာ နဲ့လည်းတူတယ်။ နောက်ပြီးတော့ ဒီဟာကို ပရိသတ်ကိုလည်း ဒါလေးကိုပေါ့လေ၊ ကျွန်တော် ဘာကြောင့်ကြိုက်တယ်ဆိုတာ လက်ဆောင်လေးပေါ့။ ကျွန်တော်တို့ရဲ့ ဘာကြောင့်ကြိုက်တာ လဲဆိုတဲ့ လက်ဆောင်လေးပေါ့။ ကျွန်တော်က ဒီနေရာမှာ တင်ပြချင်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ ဘာလို့လဲဆိုတော့ Roman Holiday မှာ ဘာကို သူက ဆိုလိုလဲဆိုတော့ ကိုယ့်အတွက်မဟုတ်ဘူး အချစ်ဆိုတာ။
မင်းသားကြီးမြင့်စိုး။ ။ ဪ။
ကြည်စိုးထွန်း။ ။ အများအတွက်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ မင်းသမီးလေးအနေနဲ့ကလည်း သူတကယ်ချစ်ရင် ဒီလူ့ကို ယူလိုက်ရင်ပြီး တယ်။ ဒါပေမဲ့ သူဟာ သာမန်မိန်းကလေးတစ်ယောက် မဟုတ်ဘူး။ သူ့နောက်မှာ သူ့ကို လေးစားကြည်ညိုနေတဲ့၊ သူ့ကို ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ကြည့်နေတဲ့ သူ့ရဲ့ပြည်သူ ပြည်သား တွေရှိတယ်။
မင်းသားကြီးမြင့်စိုး။ ။ ဘုရင့်အမျိုး ဘုရင့်အနွယ်ဟာကို။
ကြည်စိုးထွန်း။ ။ မင်းသမီးကို သူက ဟိုလူကျတော့လည်း ဒီကောင်မလေးကို သူသိမ်းပိုက်လိုက် လို့ ရတယ်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ သူ့အိပ်ရာပေါ်ရောက်နေတဲ့ မိန်းကလေး။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဒါပေမဲ့ သူဒီလိုမလုပ်ဘူး။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ လူကြီးလူကောင်းလို သူ့ရဲ့ဘဝက ပိုက်ဆံလည်းမရှိဘူး။ နေရတဲ့အခန်းလေးက လည်း ဟိုကောင်မလေး မေးသလို မင်းသမီးလေးကမေးတယ်။ ဒါဘာလဲတဲ့ ဒါဓာတ်လှေကား ခန်းလားတဲ့။ ဓာတ်လှေကားလောက်လေးပဲ ရှိတဲ့အခန်းလေးထဲမှာနေရတဲ့ သတင်း ထောက်လေးရဲ့ လူဆန်တဲ့စိတ်ဓာတ်။
မင်းသားကြီးမြင့်စိုး။ ။ ကောင်းတယ်ဆရာ။
ကြည်စိုးထွန်း။ ။ နောက် စွန့်လွှတ်တတ်တဲ့ မေတ္တာတရား။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်ဆရာ။
ကြည်စိုးထွန်း။ ။ ကျွန်တော် အဲဒါတွေကိုလေ သဘောကျတာပါ။
မင်းသားကြီးမြင့်စိုး။ ။ ဟာသိပ်ကောင်းတယ်။
ကြည်စိုးထွန်း။ ။ သူ့ရဲ့ဦးတည်ချက်လေးလည်း သဘောကျတယ်။ အမူအရာတွေလည်း ကောင်းတဲ့အတွက် မင်းသားကြီးနဲ့ ကျွန်တော်နဲ့ကြုံကြိုက်လို့ Roman Holiday လေးရဲ့ ကောင်းတာလေးကို ကျွန်တော်တို့က မေတ္တာလက်ဆောင်၊ ကိုယ်ကစားကောင်းတဲ့ ဟာလေးတွေ့ရင် ပရိသတ်လည်း စားစေချင်တဲ့ သဘောမျိုးနဲ့။
မင်းသားကြီးမြင့်စိုး။ ။ မှန်တာပေါ့။
ကြည်စိုးထွန်း။ ။ ဒါလေးကို လက်ဆောင်ပါးတာပါ။
မင်းသားကြီးမြင့်စိုး။ ။ ကောင်းတယ်။
ကြည်စိုးထွန်း။ ။ Roman Holiday ပါ။
မင်းသားကြီးမြင့်စိုး။ ။ ကောင်းလိုက်တာမှ ဆရာရယ်။
ကြည်စိုးထွန်း။ ။ Gregory Peck နဲ့ Audrey Hepburn ဪ
မင်းသားကြီးက အဲဒါကိုသဘောကျပြီးတော့။
မင်းသားကြီးမြင့်စိုး။ ။ သဘောကျပြီးတော့ ‘မင်းကတော်’ ကိုရိုက်တယ်။
ကြည်စိုးထွန်း။ ။ ကျွန်တော်မှတ်မိတာ ‘မင်းကတော်’ထဲမှာ မင်းသားကြီးရဲ့သူဌေးက ဦးကြယ် နီထင်တယ်။ ဦးကြယ်နီက သူက ဗမာလိုဝတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ကားဒရိုင်ဘာကို သူကအနောက်တိုင်းလိုဝတ်စေတယ် ဟုတ်လား။ ဘာလို့ဆို ဟိုဘိုတွေကနေပြီးတော့ ဝတ်တယ်ဆိုရင် ကျွန်တော်တို့ ဟိုအင်္ဂလိပ်ခေတ်ကဆိုရင် ဗမာတွေက ကားမောင်းနေတယ်။ ဒရိုင်ဘာတွေက ကားမောင်းရင် ခေါင်းပေါင်းနဲ့ တိုက်ပုံနဲ့ မောင်းရတယ်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဒီ ဘိုတွေကို ငါလက်စားချေမယ်ဆိုပြီးတော့ တစ်ခါတည်း သူ့ရဲ့ဒရိုင်ဘာကို ဘိုလိုဆင်ထားတယ်။
မင်းသားကြီးမြင့်စိုး။ ။ နက်ကတိုင် (Necktie) နဲ့။
ကြည်စိုးထွန်း။ ။ သိပ်ကောင်းတာပဲ အဲဒါ သဘောကျတယ်။ မှတ်မိတယ် ကျွန်တော် အဲဒီကားကြည့်ဖူးတယ် သိပ်ကောင်းတာပဲ အဲဒီကား။
မင်းသားကြီးမြင့်စိုး။ ။ ရည်ရွယ်ချက်ကောင်းတယ်။
ကြည်စိုးထွန်း။ ။ ကောင်းတယ်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ဧည့်သည်တော်တွေ အများကြီးပါတယ်။ မောင်မောင်တာတို့၊ ကောလိပ်ဂျင်နေဝင်း၊ ခင်မောင်ဇင်၊ မြင့်မြင့်ဌေး၊ ပြုံးပြုံးကြည်ဟာ တော်တော်များများပါတယ်။
ကြည်စိုးထွန်း။ ။ ပျော်စရာကောင်းတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော် စိတ်ကူးထားတာက အဲဒီဇာတ်ကား သာအောင်မြင်ရင်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သူတို့တွေကို ဂုဏ်ပြုဖို့ စိတ်ကူးထားတာ။
မင်းသားကြီးမြင့်စိုး။ ။ အခုဟာက မအောင်မြင်တဲ့အပြင် ကိုယ့်ရှိတာလေး အရင်းပြုတ်သွား တာပေါ့ ဆရာ။ ဒါပေမဲ့ ဆရာရယ်။ ကျွန်တော်တို့ အနုပညာသည် ဆရာလည်းသိပါတယ်။ တစ်ဦးတစ်ယောက်က ဂုဏ်ပြုလိုက်ရင်၊ ချီးကျူးလိုက်ရင်၊ ပီတိလေးတွေက၊ အရှုံးထဲက အမြတ်ပေါ့ဆရာရယ်။
ကြည်စိုးထွန်း။ ။ မှန်ပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒါလေးပြောပြမယ်။ မြန်မာပြည်မှာ နယ်မှာ မအောင်မြင်ပေမယ့် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ဟင်္သာတမြို့ကြီးတွေမှာ အတော်အောင်မြင်တယ်။ အဲဒီအောင်မြင်တဲ့အပြင်ကို ကျွန်တော်အရင်းမရပေမယ့် ကုန်သွားပေမယ့် ဗထူးမြို့မှာ ကျွန်တော့်ဇာတ်ကား ရောက်သွားတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ရောက်သွားတော့ တရုတ်ဧည့်သည်တော်တွေ ရောက်နေတယ် ဟိုတုန်းက တရုတ်ယဉ်ကျေးမှု တွေပေါ့။ တရုတ်ဧည့်သည်တော်တွေ တရုတ်ထိပ်တန်း ပုဂ္ဂိုလ်တွေပေါ့ ရောက်နေတယ်။ သူတို့ကို ပြစရာမရှိဘူး။ ကျွန်တော်က ဟိုတုန်းက တပ်မတော်အတွက် ဗထူးမြို့ကို ဒီဇာတ်ကားပြဖို့လို့ လှူထားတယ်ပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဘယ်နှရက် တစ်လပေါ့ဗျာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဗထူးမြို့ တပ်မတော်သားတွေ စစ်သင်တန်းတက်တဲ့ သူတွေ ပြဖို့ပေါ့။ ပြတော့ ဟိုက ဒီပြင်ဗမာဇာတ်ကား ပြစရာမရှိတော့ အဲဒီ ‘မင်းကတော်’ ကို တရုတ်ယဉ်ကျေးမှု တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ပြလိုက်တာ၊ ပြလိုက်တော့ တရုတ်တွေက ဘာပြောလဲဆိုတော့ ဟာဗမာဇာတ်ကား ဒီလောက်ကောင်းတာ ဗမာဇာတ်ကားကြည့်တယ်။ ဒီပြင် ကားတွေ ဒီလောက်မကောင်းဘူးတဲ့ ဒီဟာတော်တော် သဘာဝကျတယ်။ ကောင်း တယ်။ ကျွန်တော့်ကို ဗထူးတပ်ကနေပြီးတော့ တပ်မှူးက ပြန်ဖုန်းဆက်တယ်။
ကြည်စိုးထွန်း။ ။ ဪ။
မင်းသားကြီးမြင့်စိုး။ ။ ကိုမြင့်စိုးတဲ့ ခင်ဗျားကားကို တရုတ်တွေ သဘောကျတယ်တဲ့ ကျွန်တော်ဝမ်းသာသွားတယ်။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပီတိပဲလေ။
မင်းသားကြီးမြင့်စိုး။ ။ နိုင်ငံခြားက ပုဂ္ဂိုလ်တွေက အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်တွေက ဆရာ့လိုပေါ့ ဆရာရယ်။ ပိုက်ဆံ ရှုံးပေမယ့် ပညာမရှုံးဘူးပေါ့။ အဲဒါလေး ဝမ်းသာ သွားတယ်ဆရာ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ရုပ်ရှင်ကတော့ ကျွန်တော်စုဆောင်းထားတာ ကျွန်တော်လေ့လာ ထားတာကတော့ မင်းသားကြီးကားတွေ ဒါပဲထင်တယ်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ နောက်ထပ်များရှိသေးလားမသိဘူး။
မင်းသားကြီးမြင့်စိုး။ ။ ရှိတယ်ဆရာရဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်လား ပြောပါဦး။
မင်းသားကြီးမြင့်စိုး။ ။ ‘မာယာကြာခြည်’ ကုမ္ပဏီ ပဒေသာဖလင်း။ ‘ရာဇဒဏ်’၊ နောက်ပြီးတော့ စိုးဘရားသား ‘တစ်ပွင့်မာလာ’။ သုခုမရုပ်ရှင်က ‘နှောင်ကြိုး ငင်ပါ့မယ်လေ’၊ ဆောင်းဖလင်းက ‘ချစ်ပန်းတစ်ပွင့်’။ နောက်ပြီးတော့ ဆွေဗမာဖလင်းက ‘ဘဝကြင်ဖော်’။ နောက်ပြီးတော့ ဗန္ဓုလချစ်မောင်က ‘ကြိုက်ပြီ’ ဆိုတဲ့ သန်းနွဲ့နဲ့ ရိုက်တာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ အခုက ကျွန်တော်ကြည့်တဲ့အထဲမှာ
‘ကြိုက်ပြီ’ နဲ့ ‘မိမိကြီး’နဲ့ ကျွန်တော်မတွေ့တာ ပေါ့နော်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။ နောက် ‘ဤရူပ’ နောက်စတားလိုက် ဖလင်းက ဒါရိုက်တာရွှေနှင်းမောင်က ‘ငွေပေစာ’။ ‘ငွေပေစာ’ ကျွန်တော်ရိုက်တယ်ဆရာ။ နောက်ပြီးတော့ စာဆို တော်ရုပ်ရှင်က ဒါရိုက်တာဆရာကြီး ဒဂုန်ဓာတ်ရှင်ရဲ့သား ဒါရိုက်တာကိုသန်းထွန်းဆိုတာ။ သူက ခုနက ‘ဖာတစ်လုံးခေါင်းကျား’ ခင်မောင်လည်း ပါတယ်။ ‘ချစ်ဝေစု’ ‘ချစ်ဝေစု’။ နောက်တော့ ဒါရိုက်တာဦးချင်းစိန်ရဲ့ ‘အိမ်ထောင်စု’။
‘အိမ်ထောင်စု’ က မင်းသား မင်းသမီး အကုန်ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းတို့၊ ထွန်းဝေတို့ရော။
တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း
(ဆက်လက်ဖော်ပြပါမည်)