ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်
ကြည်စိုးထွန်း
ကျွန်ုပ်တို့မြန်မာများ ရုပ်ရှင်စက်၊ ဖလင်စ၊ မှန်ဘီလူး မလုပ်တတ်သည့်တိုင် သူများနိုင်ငံက ပစ္စည်းများနှင့် ၁၉၂၀ ပြည့်နှစ်တွင် ရုပ်ရှင်ကိုစ၍ လုပ်တတ်ခဲ့ပြီ ဖြစ်ပါသည်။
သူများနိုင်ငံက ပစ္စည်းများဆိုသည်က အလကားရသည်မဟုတ်။ မည်သူကမျှ သူတို့အကျိုးအမြတ်မရှိလျှင် အရင်းအနှီး ထူထောင်ပေးမည်မဟုတ်ကြ။ ဒီတော့မြန်မာရုပ်ရှင်ဆိုသည်မှာ မြန်မာဒါရိုက်တာ၊ မြန်မာစာရေးဆရာ၊ မြန်မာသရုပ်ဆောင်များနှင့် မြန်မာစက်အဖွဲ့သားများက မြန်မာ့မြေပေါ်မှာ (ကင်မရာ၊ ဖလင်၊ မှန်ဘီလူး၊ မီးလုံးအစရှိသည်များနှင့်) မြန်မာဇာတ်လမ်းကို ရိုက်ကူးတတ်လာ ခြင်းပင်ဖြစ်ပါသည်။ မှန်ဘီလူးပါမလာသော ဖလင်ပေ ၅၀ ဆန့် ဘေဘီအင်ဇိုင်း (Baby Ensign) ကင်မရာ အစုတ်ကလေးမှသည် မှန်ဘီလူး၊ ဖလင်အရှာဖွေတတ်လာပြီး ရန်ကုန်ရောက် ကမ္ဘာလှည့်ရုပ်ရှင် အဖွဲ့မှ တစ်ပတ်ရစ်နယူးမင်းဆင်ကလဲရာ (Newmansinclair)နှင့် မွိုင်(Moy) ရုပ်ရှင်ကင်မရာနှစ်လုံး ဝယ်ရခဲ့သည်အထိ ကြိုးစားအားထုတ်ခဲ့ကြသည်။
မြန်မာ့မြင်ကွင်းအမျိုးမျိုး
သူတို့အကျိုးအမြတ်အတွက် နိုင်ငံခြားသားများက မြန်မာ့ရေမြေသဘာဝ၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုများကို ရိုက်ကူးပေးရန် ကမ်းလှမ်းလာခြင်းကြောင့် ၁၉၂၀ ပြည့်နှစ်တစ်ဝိုက်တွင် ဦးအုန်းမောင် နှင့် ဦးမောင်မောင်တို့က မြန်မာ့မြင်ကွင်း အမျိုးမျိုးကို ဖလင်ပေါ်တင်ပြီး ဒေါ်လာငွေ ရှာခဲ့ကြကြောင်း မှတ်တမ်းများက ပြဆိုခဲ့သည်။
လန်ဒန်အတ် ဦးအုန်းမောင်ရော ဓာတ်ပုံဆရာဦးမောင်မောင်ပါ ရုပ်ရှင်ဖြင့် ရှာဖွေရရှိလာသော ဒေါ်လာငွေများကို သူတို့အိတ်ကပ်ထဲထည့်သိမ်းထားကြ သူများမဟုတ်ကြ၊ မီးကျိုးမောင်းပျက် ကင်မရာကို အဆင့်မြှင့်ခဲ့ကြသကဲ့သို့ သစ်သားဇလားခွက်ကြီးများ၊ ရစ်ဘီးလုံး ကြီးများနှင့် ဖလင်ကူးဆေးရသော အခြေအနေမှ ဖလင်ကူးစက်များဝယ်ယူနိုင် သည်အထိ မြန်မာ့ရုပ်ရှင်ကို လှေကား အဆင့်ဆင့်မြင့်တက်အောင် စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်ကြလေသည်။
ထိုစဉ်အခါ မြန်မာတို့က ကျွန်ဘဝ၊ သခင်များဖြစ်ကြသည့် ဗြိတိသျှအစိုးရ လန်ဒန်ဗြိတိသျှအင်ပါယာ ပြပွဲအတွက် မြန်မာ့ဆန်၊ မြန်မာ့ကျွန်းသစ်၊ မြန်မာ့ရေနံ၊ သတ္တု၊ ပဲ၊ ပြောင်း၊ ဝါထွက်ကုန်များ နှင့် ယွန်းထည်၊ ထီး၊ ကြိမ်ပစ္စည်းစသည့် အိမ်တွင်းလက်မှုလုပ်ငန်းများကို မှတ်တမ်း တင်ရိုက်ကူးပေးရန် အကူအညီတောင်းခဲ့သည်။ သူတို့အင်ပါယာထဲက ကျွန်ဗမာများ၏ ကြွယ်ဝမှုနှင့် အရည်အသွေးကို ကမ္ဘာသို့ ပြသရန်ပင်။
ရုပ်ရှင်သမား လန်ဒန်အတ် ဦးအုန်း မောင်နှင့်ဓာတ်ပုံဆရာ ဦးမောင်မောင်တို့ မြန်မာပြည်အနှံ့ခြေဆန့်ကာ ကင်မရာနှင့် မှတ်တမ်းတင်ခဲ့ကြသည့်အတွက် နောက်ထပ် ဖလင်ပေလေးရာဆန့်ဝီလျီဆန် (Williamsons) ကင်မရာတစ်လုံးနှင့် ရုပ်ရှင်ကားကူးစက် (Film Printing Machine) တစ်လုံး ဝယ်ယူနိုင်ခဲ့ကြသည်။ ရှေ့တွင်တင်ပြခဲ့သလို ရသမျှပိုက်ဆံအိတ်ကပ်ထဲချည်းမထည့်ခဲ့ကြသော ဆရာ့ ဆရာကြီးများ၏ကျေးဇူးကား ကြီးမားလှပါဘိ။ သူတို့သာ တစ်နပ်စားကြံစည် ခဲ့ပါမူ မြန်မာ့ရုပ်ရှင် ယခုလောက်အထိ အသက်ရှည်စရာ အကြောင်းမရှိ။ ပရိသတ်အတွက် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့ပိုက်ဆံရလျှင် ပြီးရော သဘောထားနေကြသည့် ရုပ်ရှင် ထုတ်လုပ်ရေးသမားများ ရှေးရုပ်ရှင် ဆရာကြီးများကို အလွန်အားနာစရာ ကောင်းလှပါသည်။
ထို့အပြင် “မေတ္တာနှင့်သူရာ” ရုပ်ရှင် ကားသည် အမျိုးသားအကျိုးစီးပွားအတွက်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစား ရှောင်ကြဉ်ရေးအတွက် ကောင်းလှသော ရည်ရွယ်ချက်ရှိပါသည်ဟု မှတ်ချက်ပေးကာ တာဝန်သိသူ လန်ဒန်အတ်ဦးအုန်းမောင်ကို တာဝန်ရှိသူ ဆာဂျေအေမောင်ကြီးက ရွှေတံဆိပ်ချီးမြှင့်ခဲ့ခြင်း မျိုးကိုလည်း သိရှိခဲ့ရဖူးပါသည်။ ယနေ့ ရုပ်ရှင်ထုတ်လုပ်သူများ၏ ရုပ်ရှင်ဇာတ်ကားရည်ရွယ်ချက်များကို ပြန်လည် ဆန်းစစ်သင့်ကြလှပေပြီ။
ရှေးက ရုပ်ရှင်ပညာသည်များခမျာ ယခုခေတ်အခါလို ပစ္စည်းပစ္စယပြည့်စုံ ကြရှာသည်မဟုတ်။ သူတစ်ပါးသုံးပြီးသားပစ္စည်းလေးများကို ပြင်ဆင်ပြီး “မြန်မာ့ရုပ်ရှင်”ဆိုတာကြီး ပေါ်ပေါက် လာအောင် ကြိုးစားခဲ့ကြရခြင်းဖြစ်ရုံ သာမကကြိုးစား၍ရသမျှ ပိုက်ဆံလေး ကိုလည်း ရုပ်ရှင်လုပ်ငန်းအတွက်သာ သုံးစွဲ ခဲ့ကြသည်။ လန်ဒန်အတ်ဦးအုန်းမောင်ဆိုလျှင် ရတနာပုံရုပ်ရှင်ကား ဝင်ငွေကောင်းသမျှ မြန်မာ့ရုပ်ရှင်သမားများ နေရောင်ကိုအားကိုးပြီး ရုပ်ရှင်ရိုက်ကြရသည့် အခြေအနေမှတစ်ဆင့် အတွင်းခန်းများတွင် နေ့မီး၊ ညမီးနှင့် ရုပ်ရှင်ရိုက်၍ရအောင် အနောက်နိုင်ငံများမှ ဓာတ်အား ပေးစက် (Generator)နှင့် ရုပ်ရှင်ရိုက်မီးလုံးကြီးများ ဝယ်ယူသုံးစွဲခဲ့သည်ကိုလည်း မေ့စရာမကောင်း၊ မြန်မာ့ရုပ်ရှင် လောကတွင် လျှပ်စစ်ဓာတ်အားနှင့်မီးလုံးများကို အသုံးပြုရိုက်ကူးခဲ့သော လန်ဒန်အတ်ဦးအုန်းမောင် ထုတ်လုပ်သည့် “မေဓာဝီ”ရုပ်ရှင်ကားက သက်သေ ပြလျက်ရှိခဲ့သည်။ ဒီမျှမကသေး . . .။
မြန်မာ့ရုပ်ရှင် တိုးတက်မြင့်မားရေးအတွက် သက်မဲ့စက်ပစ္စည်းများသာမဟုတ် နိုင်ငံခြားမှ ထွားကျိုင်းသော မြင်းကြီးများကိုပါ တင်သွင်း၍ ရုပ်ရှင်ထဲတွင် ထည့်သွင်းရိုက်ကူးခဲ့သည်ကိုလည်း “ဗိုလ်ဝ”ရုပ်ရှင်ဇာတ်ကားမှ မင်းသား မောင်ဘတင့် စီးထားသော မြင်းကြီး ကသက်သေခံလျက်ရှိသည်ကို တွေ့နိုင်ပေသည်။ ထို့အတူ မြန်မာအဆွေ အေဝမ်းဖလင်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြသသော ဆပ်ကပ်အဖွဲ့ကြီးမှ မြင်းကြီးများကို အားကျမခံဝယ်ယူ၍ ရုပ်ရှင်ထဲတွင်ထွားကျိုင်းသော မြင်းကြီး များဖြင့် ခံ့ခံ့ညားညားရိုက်ကူးခဲ့ကြ ကြောင်း မှတ်သားဖူးရပြန်သည်။
လန်ဒန်အတ်ဦးအုန်းမောင်၊ ဓာတ်ပုံ ဆရာဦးမောင်မောင်နှင့် ပထမဆုံး မြန်မာရုပ်ရှင်မင်းသား ဦးညီပုတို့ အစပြုခဲ့သော မြန်မာ့ရုပ်ရှင်သည် တစ်စတစ်စကြီးထွားလာသည်နှင့်အမျှ ထိုစဉ်က ဗြိတိသျှဘားမားဦးညွန့်၊ ပဲရော့ရုပ်ရှင် ဦးဆန်နီ ကဲ့သို့သော ထုတ်လုပ်သူများ သည် အမျိုးသားရေး၊ လွတ်လပ်ရေး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးတမ်း စဉ်လာတို့ကို ဖော်ကျူးသည့် ရုပ်ရှင်ကား များကိုသာ အများဆုံးရိုက်ကူးခဲ့ကြ ကြောင်း တွေ့ရှိရသည်။ လူမျိုးခြားတို့၏ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုများကို လည်း ခွန်အားရှိသလောက် တွန်းလှန်ခဲ့ ကြပုံကိုလည်း လူမျိုးခြားရုပ်ရှင်ရုံပိုင်များ၏ လောဘရမ္မက်ကိုဆန့်ကျင်ပြီး ရုပ်ရှင်ကားများပြသခဲ့ပုံ၊ ဗြိတိသျှဘားမား ကုမ္ပဏီက ကိုယ်ပိုင်သွင်ရုပ်ရှင်ရုံကို တည်ထောင်ပုံများဖြင့် သိနိုင်ပေသည်။
ရုပ်ရှင်ပညာကို တစ်စတစ်စနားလည် ကျွမ်းကျင်လာသော မြန်မာရုပ်ရှင်ပညာ သည်ကြီးများသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ တိုးဝှေ့အားစမ်းရန် ကြံစည်လာကြသည်။ တစ်နည်းအားဖြင့် မြန်မာ့ရုပ်ရှင်ကို ကမ္ဘာကြည့်ကြည့်မြင်လာသည်ဟု ဆိုနိုင်ပေသည်။ မြန်မာ့ရုပ်ရှင်ဖြင့် ကမ္ဘာ့ရုပ်ရှင်ကို ယှဉ်ပြိုင်အံ့။
ယှဉ်ပြိုင်နိုင်သည်၊ မယှဉ်ပြိုင်နိုင် သည်အပထား တကယ်ကြိုးစားခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ မြန်မာနှင့် ကမ္ဘာ့ရုပ်ရှင်ကူးလူးဆက်ဆံခဲ့ပုံ၊ မြန်မာရုပ်ရှင်ကားများ ထိုးဖောက်ရန် ကြိုးစားပုံ၊ ကမ္ဘာ့နိုင်ငံများသို့သွားရောက်ပြီး အကဲခတ်ခဲ့ကြပုံ၊ ရိုက်ကူးခဲ့ကြပုံများကို တွေ့ရသည်။
ပထမဆုံး နိုင်ငံခြားသို့ပို့ဖြစ်သော ရုပ်ရှင်ကားမှာ ဦးညီပုတို့မိသားစုပိုင် မြန်မာအဆွေကုမ္ပဏီမှ “ဆုထူးပန်” ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ကမ္ဘာကျော် Camille ဝတ္ထုကြီးကို ဦးညီပုက မြန်မာမှု ပြုကာ မင်းသမီးခင်ခင်နုနှင့်တွဲဖက်၍ သရုပ်ဆောင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ ခြင်းဖြစ်ပါသည်။
ကမ္ဘာ့ရုပ်ရှင်တံခါးကို စတင်ခေါက်ခဲ့သည့် ပထမဆုံးရုပ်ရှင်ကား
၁၉၂၉ ခုနှစ်တွင် လန်ဒန်မြို့ရှိ ရုပ်ရှင် ကိုယ်စားလှယ် ဂျောဖရီမာလင်(Geoffrey Marlin) ထံပေးပို့ပြီး ဝင်ငွေကော်မရှင်နှုန်း ဖြင့် အင်္ဂလိပ်စာတန်းထိုး ပြသခဲ့ခြင်းဖြစ်သည်။ စပိန်နိုင်ငံမှ ရုပ်ရှင်ပညာရှင် အက်ဒဝင်ဘရူနူရယ် (Edwin Brunuel)က ပြန်လည်တည်းဖြတ်ကာ “နှောင်ကြိုး ကို တိုး၍ကြင်သူ” (Lady Prefer Bond) ဟူသောအမည်ဖြင့်ပြောင်းလဲပြသခဲ့သည်။ ဤရုပ်ရှင်ဇာတ်ကားသည် မြန်မာလူမျိုးတို့က ကမ္ဘာ့ရုပ်ရှင်တံခါးကို စတင်ခေါက်ခဲ့သည့် ပထမဆုံးရုပ်ရှင်ကားအဖြစ် မှတ်တမ်းတင်ဂုဏ်ယူ သမိုင်းတင်ရမည် ဖြစ်လေသည်။
မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ ပထမဆုံးသွားရောက်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကုမ္ပဏီမှာ ဗြိတိသျှဘားမားဖြစ်ပြီး ရုပ်ရှင်ကားအမည်မှာ “မြတ်စွယ်တော်” ဖြစ်သည်။ မောင်မောင်အေးနှင့် ခင်ခင် ကြည်တို့ ပါဝင်သရုပ်ဆောင်သော်လည်း ယခုသီရိလင်္ကာနိုင်ငံဟု ခေါ်ဆိုသော သီဟိုဠ်ကျွန်းသို့ လိုက်ပါသွားရောက် သရုပ်ဆောင်ခြင်းမျိုးမဟုတ်ခဲ့။ ဒါရိုက်တာ ဦးမောင်ကြီးနှင့် ဓာတ်ပုံဆရာ အဝိန်တို့ နှစ်ဦးတည်းသွားရောက်ပြီး မြတ်စွာ ဘုရား၏ စွယ်တော်အစစ်တည်ရာကန္နီ မြို့စွယ်တော်တိုက် ဖွင့်လှစ်ပြသချိန်တွင် မြတ်စွယ်တော်ကို အနီးကပ်ရိုက်ကူးခဲ့ ကြခြင်းဖြစ်သည်။ ထို့ပြင် စွယ်တော်လှည့်ပွဲ အခမ်းအနားနှင့် စေတီပုထိုးများကို ရိုက်ကူးခဲ့ပြီး မြတ်စွယ်တော်ဇာတ်ကား၌ သင့်လျော်သလို ထည့်သွင်းပြသခဲ့ခြင်းဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ပထမဆုံးနိုင်ငံခြားသို့ထွက်၍ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားအနေဖြင့် မြတ်စွယ်တော် ရုပ်ရှင်ကားကို မှတ်တမ်းတင်ရမည် ဖြစ်လေတော့သည်။
ထို့နောက် မြန်မာ့ရုပ်ရှင်သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ နည်းမျိုးစုံဖြင့် ထိုးဖောက်ရန် ကြိုးစားလာခဲ့သည်ကို တွေ့ရသည်။ ခေတ်ပြိုင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သော မြန်မာအဆွေ၊ အေဝမ်းနှင့် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီတို့က နိုင်ငံတကာနှင့်ဆက်သွယ်ကာ မြန်မာ ရုပ်ရှင်ကားများကို ပေးပို့ပြသခဲ့ကြပြီး အချို့ရုပ်ရှင်ကားများကို အပြီးအပိုင် ရောင်းချသည်ကိုလည်း တွေ့ရသည်။
၁၉၃၄ ခုနှစ်က အေဝမ်းရုပ်ရှင်ကုမ္ပဏီက ထိုင်းနိုင်ငံသို့ ဝင်ငွေအပေါ်ရာခိုင်နှုန်း ဖြင့် ခွဲဝေယူသောစနစ်ဖြင့် ပေးပို့ပြသခဲ့ သည့် ရုပ်ရှင်ကားများမှာ “ဖူး” နှင့် “မြဂနိုင်”တို့ဖြစ်ကြသည်။
၁၉၃၇ ခုနှစ်တွင်ထပ်မံ၍ “ဝေဘာဂီ” ရုပ်ရှင်ကားနှင့် “ဂျပန့်ရင်သွေး” ရုပ်ရှင် ဇာတ်ကားတို့ကိုလည်း ပေးပို့ပြသခဲ့လေ သည်။
ထိုရုပ်ရှင်ကားများထဲတွင် စာရင်းမပါသော “မြဒါလီ” ဆိုသည့် မြန်မာ့ ထီးဟန်နန်းဟန် ရုပ်ရှင်ကားကို ထိုင်းဘုရင်က အလွန်ကြိုက်နှစ်သက်၍ ဝယ်ယူသည်ဟူ၍လည်း မှတ်တမ်းတစ်ခုတွင် တွေ့ရှိရပြန်သည်။
နောက်တစ်နှစ် ၁၉၃၈ ခုနှစ်တွင် အေဝမ်းမှ “မြိုင်ယံဘွား”၊ ဗြိတိသျှဘားမားမှ “သူရိယကုမ္မာ” နှင့် “မဟေသီ” ရုပ်ရှင်အားလုံးရုပ်ရှင်သုံးကား ထိုင်းနိုင်ငံသို့ တင်ပို့ပြသရုံသာမက “မြိုင်ယံဘွား”ကို အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ တင်ပို့ပြသခဲ့သည်ကို တွေ့ရသည်။
ဗြိတိသျှဘားမားသည် ထိုင်းနိုင်ငံ သို့သာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ရုရှားနိုင်ငံသို့ပါ စီးပွားရေး နယ်ချဲ့ပြီး မြန်မာရုပ်ရှင်ကားများကို ရောင်းချခြင်း၊ ပွဲတော်များတွင် ပြသခြင်းများ ပြုလုပ်ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် “သူချစ်” နှင့် “ငဘ” ရုပ်ရှင်ဇာတ်ကားများကို တရုတ်ပြည်သို့ ပေါင်စတာလင် ၂၅၀၀/၂၀၀၀ စသည်ဖြင့် ရောင်းချခဲ့ပြီး “ချစ်ပန်းသဇင်” ရုပ်ရှင် ဇာတ်ကားကို ဆိုဗီယက်ရုရှားသို့ ပေါင်စတာလင် ၂၀၀၀ ဖြင့် ရောင်းချခဲ့ရ ကြောင်း သိရှိရလေသည်။
၁၉၅၇ ခုနှစ်တွင် “သူချစ်” ရုပ်ရှင် ဇာတ်ကားကို တရုတ်စကားပြောအသံ သွင်းကာ တရုတ်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြန်လေသည်။
မန္တလေးရုပ်ရှင်၏ပွဲဦးထွက် “ဘဝ သံသရာ” ရုပ်ရှင်ကားကိုလည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပေါင်စတာလင် ၃၀၀၀ ဖြင့် ရောင်းချခဲ့ရသည့် မှတ်တမ်း များတွေ့ရှိရသလို “အကျော်အမော်” (အေဝမ်း)၊ “သည်ဆောင်းဟေမာန်” (ဗြိတိသျှဘားမား)ရုပ်ရှင်ကားများကို ရုရှားနိုင်ငံ တပ်ရှ်ကင်ရုပ်ရှင်ပွဲတော်များတွင် မြန်မာ့ရုပ်ရှင်အဖွဲ့များ သွားရောက်ပြသခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ထိုပွဲတော် သို့ ဦးညီပု၊ ဦးအောင်ဖော်ဇံ၊ သိန်းဇော်၊ မေလွင်တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာ့ရုပ်ရှင်အသံထွက်ရေးအတွက် အိန္ဒိယနိုင်ငံအထိ ခြေဆန့်ခဲ့ကြသော ဒါရိုက်တာဦးတုတ်ကြီး၊ မင်းသား မောင်အေးကို၊ ခင်မောင်ညွန့်၊ မင်းသမီး ခင်မေကြီး၊ ခင်မေလေး၊ ချစ်တင်ကြီး၊ ရွှေပြည်အေး၊ ဆရာချစ်၊ တယောကိုဘရီ အစရှိသူတို့၏ ကြိုးပမ်းမှုကလည်း ထိုခေတ်က မြန်မာရုပ်ရှင်ပညာသည် တို့၏ ထူးခြားမှုတစ်ရပ်ဖြစ်ပါလေ၏။ “ငွေပေးလို့မရ” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့သူများဖြစ်ကြပါသည်။
စင်စစ် ဗြိတိသျှဘားမားကုမ္ပဏီ ပိုင်ရှင် ဦးညွန့်သည်လည်း အလွန်ချီးကျူး ဖွယ်ကောင်းသော မြန်မာရုပ်ရှင်ဖန်တီး သူဖြစ်လေသည်။ မြန်မာရုပ်ရှင် ဇာတ်ကားများ အသံထွက်စေဖို့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့သို့ ဒါရိုက်တာဦးဘဒွန်း နှင့်အတူ သွားရောက်လေ့လာခဲ့ပြီး အသံထွက်စက်ပစ္စည်းများကို ဝယ်ယူခဲ့လေ သည်။ ဗြိတိသျှဘားမားမှ ထုတ်လုပ်သော ကားပိုင်းတို အသံထွက်ရုပ်ရှင်နှစ်ကားမှာ “ရွှေအိမ်သည်နှင့်ပဋိက္ခရား” (ပေ ၄၀၀၀ နီးပါး)နှင့် “ဗေဒါ” (ပေ ၂၀၀၀ နီးပါး)တို့ဖြစ်ပြီး “တေမိယ” အသံတိတ်ရုပ်ရှင် ကားတို့ကို ၁၉၃၂ ခုနှစ် ဧပြီလကုန်တွင် စတားရုံ(ဝင်းဝင်းရုံ)တွင် ပြသခဲ့သည်။
အိန္ဒိယသို့ သွားရောက်ရိုက်ကူးသော ကားပိုင်းရှည် “ငွေပေးလို့မရ” ဇာတ်ကား ကို မေလ ၁၈ ရက်နေ့တွင် ပလာဇာရုံ (ရာဇ်၊ ရဲရင့်၊ ဆကုရတာဝါ)တွင် ပြသခဲ့သည်။
ဗြိတိသျှဘားမား၏ ပထမဆုံးအသံထွက် ကားပိုင်းရှည်မှာ “လောကနိဗ္ဗာန်” ဖြစ်ပြီး ၁၉၃၃ ခုနှစ်တွင် ရုံတင်နိုင်ခဲ့သည်။ အေဝမ်း၏ ပထမဆုံးအသံထွက် ရုပ်ရှင် ကားပိုင်းရှည်မှာ “အောင်သပြေ” ဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် ပြသနိုင်ခဲ့သည်။
ထိုသို့ အသံထွက်ရုပ်ရှင်ကားများ ဖြစ်ပေါ်လာအောင် မြန်မာရုပ်ရှင် ပညာသည်ကြီးများသည် ဂျပန်၊ အိန္ဒိယနိုင်ငံ တို့နှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း၊ နိုင်ငံခြားပညာရှင်များကို ခေါ်ယူကာ ပူးပေါင်းဆောင်ရွက်ရခြင်း၊ အသံလုံ စတူဒီယိုများ ဆောက်လုပ်ကြရခြင်း၊ အသံ ထွက်ပစ္စည်းများမှာယူရခြင်း အစရှိသည့် အခက်အခဲများကို ကျော်လွှားခဲ့ကြရလေသည်။
မည်သို့ပင်ဖြစ်စေ မြန်မာ့ရုပ်ရှင်သက် ၁၀၄ နှစ်အတွင်း မြန်မာရုပ်ရှင်ပညာသည်ကြီးများ ကမ္ဘာ့နိုင်ငံအသီးသီးသို့ မြန်မာ့ရုပ်ရှင်မြင့်မားရေးအတွက် ကြိုးပမ်းခဲ့ပုံများကို အထောက်အထားတော်တော် များများက ယနေ့တိုင် ဖော်ပြလျက် ရှိသည်ကို တွေ့ရသည်။
ထိုအမွေကိုဆက်ခံ၍ ယနေ့ရုပ်ရှင် လောကတွင် လှုပ်ရှားနေသောလူငယ်၊ လူလတ်ပိုင်းတို့သည် ရှေးခေတ်ရုပ်ရှင်ဆရာကြီးများထက်ပို၍ ရုပ်ရှင်လောကကို မြှင့်တင်နိုင်ပါစေကြောင်း၊ ကမ္ဘာ့ရုပ်ရှင် လောကကို ထိုးဖောက်နိုင်ပါစေကြောင်း ၁၀၄ နှစ်မြောက်ရုပ်ရှင်နေ့တွင် ဆန္ဒပြု အပ်ပါသည်။ ။