Skip to main content

လေးမျက်နှာ၊ သီတာကုန်းပြင်နှင့် မဒေါ့ပင်

မြင့်စိုး(နတလ)

ကျေးဇူးတင်ပါသည် မြစ်ချောင်းဖြိုး

သည်တစ်ကြိမ် မွေးရပ်မြေဧရာဝတီတိုင်းဒေသကြီး ခရီးသွားရသည့် ရည်ရွယ်ချက်က များပြားသလို ဖြစ်ချင်သည့် ရင်တွင်းဆန္ဒတွေ အတောမသတ်နိုင်တာကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ သည်နှစ် နိုင်ငံတစ်ဝန်းပြည်နယ်နှင့် တိုင်းဒေသကြီး အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သည်။ မိမိတို့ မွေးရပ်မြေဧရာဝတီတိုင်းဒေသကြီးလည်း ပါဝင်နေသလို ငဝန်မြစ်ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအချို့မှာ လူနေအိမ်များအပြင် စပါးစိုက်ခင်းများပါ နစ်မြုပ်ခဲ့သည်။ မြစ်ရေမြင့်တက်မှု ရက်ရှည်ကြာလာသည်နှင့်အမျှ တောင်သူများ၏ စပါးစိုက်ခင်းများအတွက် စိတ်ပူပန်လာမိသည်။ ထိုထက်မက ပူပန်ရသည့် အကြောင်းခြင်းရာ တစ်ခုလည်း ရှိနေပါသေးသည်။ လေးမျက်နှာမြို့မှာ သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်းများ အဆင်ပြေမှ ပြေပါ့မလား၊ ခတ္တူကျေးရွာက မြတ်စိုးအောင်တို့ ပရဟိတ လူငယ်အဖွဲ့ နေ့စဉ်တင်နေသော ငဝန်မြစ်ရေအခြေအနေနှင့် ဘုရားပရိဝုဏ်အတွင်း ရေဝင်ရောက်နေမှုများကို ကြည့်ရင်းမမျှော်လင့်သောနေရာမှ ကမ်းပြိုမှုတွေ ထပ်ဖြစ်လာလေမလား စသည့်အတွေးများဖြင့် စိတ်မအေးနိုင်ခဲ့ပါ။

သည်စေတီတော်မြတ်ကြီးကို သမိုင်းဝင်ဟု ကျွန်တော်ဝိဂြိုဟ်ပြုရခြင်းမှာ သက္ကရာဇ် ၄၂၀ ပြည့် နှစ်တွင် ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး စတင်တည်ထားကိုးကွယ်ခဲ့သောကြောင့်ပါတည်း။ မြို့အတွက်တစ်ခုတည်းသာ ကျန်ရစ်တော့သော၊ ဘာနှင့်မျှမလဲနိုင်သော၊ ဘာသာသာသနာ ထွန်းလင်းတောက်ပခဲ့မှု၏ ပြယုဂ်သမိုင်းအမွေအနှစ်လည်း ဖြစ်နေပါသည်။ ကျွန်တော် မကြာခဏရေးပြခဲ့ဖူးသလို မူလလေးမျက်နှာမြို့ဟောင်းသည် စတုမုခထူပါရုံ စေတီတော်မြတ်ကြီးတည်ရှိရာ ငဝန်မြစ်အနောက်ဘက်ကမ်းတွင် တောင်မြောက်အလျား လိုက်တန်း၍ ခုံကြီးရပ်ကွက်၊ မြို့မရပ်ကွက်၊ ခတ္တူရပ်ကွက်တို့ဖြင့် ဖွဲ့စည်းထားပြီး အစိုးရရုံးများ၊ ဆေးရုံ၊ ကျောင်း၊ တိုက်ဈေးကြီး၊ မြို့နယ်အားကစားကွင်း၊ ပန်းခြံ၊ ဗိုလ်အောင်ဖေ ရုပ်ရှင်ရုံတို့ဖြင့် သူ့နေရာနှင့်သူ နှစ်ပေါင်းများစွာ ဟန်ကျပန်ကျ တွေ့မြင်လာခဲ့ကြရသည်။  မြို့ကသေးသေးလေး  ဆိုသော်ငြားလည်း အနှီလေးမျက်နှာမြို့နယ်အတွင်းမှနေ၍ တိုင်းသိ ပြည်သိ ထင်ရှားကျော်ကြားခဲ့ကြသော သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်အကျော်အမော်များ များစွာ ပေါ်ထွန်းခဲ့ဖူးသည်။ ဘကြီးတော်မင်းနှင့် မိဖုရားခေါင်ကြီးတို့ ကိုးကွယ်တော်မူခဲ့သည့် ပထမထွဋ်ခေါင် ဆရာတော်ကြီး၊ ရွှေဟင်္သာဆရာတော်ကြီး၊ သခင်ပညာလောကအမည်ဖြင့် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ခဲ့သည့် ဆရာတော် ဦးပညာလောက၊ ဦးဇောတိပါလနှင့် အောင်ဆန်းဆရာတော်ကြီးတို့သည်လည်းကောင်း၊ ဝိဓူရသခင်ချစ်မောင်၊ စာပေဘက်တွင် ကျောက်စာဝန် ဦးမြနှင့် ကဗျာဆရာကြီး စောရန်နောင်တို့သည်လည်းကောင်း၊ အနုပညာလောကတွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ မင်းသမီးကြီး အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေးနှင့်တွဲ၍ အောက်ချင်းဖို၊ အောက်ချင်းမကဇာတ်ဖြင့် နာမည်ကျော်ကြားခဲ့သော မင်းသားကြီး အောင်ဝိဇ္ဇာ ဦးခင်မောင်၊ ရုပ်ရှင်ဘက်မှာ သရုပ်ဆောင် အကယ်ဒမီ မော့စ်၊ ဂီတဘက်မှာလည်း ဂီတစာဆိုအလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ စန္ဒရားလူမော်တို့သည်လည်းကောင်း၊ ရှားရှားပါးပါး ဆပ်ကပ်အနုပညာရှင်အဖြစ် ဆိုဗီယက်ပြန် အာဇာနည်စန်းစန်း၊ ဘောလုံးအားကစားလောက၌ အာရှနှင့် ကျွန်းဆွယ်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်ခဲ့သော ဦးလှဌေး၊ သည်ဘက်ခေတ် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတွင် ဂိုးသမားဖြစ်ခဲ့သူ မေခင်ယမင်းတို့သည်လည်းကောင်း လေးမျက်နှာဇာတိဖွားများ ဖြစ်ကြသည်။ အခြားသော ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ ကျန်ကောင်းကျန်နိုင်ပါသေးသည်၊ စာရေးသူမှတ်မိသမျှကိုသာ အခွင့်ကြုံ၍ တင်ပြလိုက်ချင်းရယ်သာ။

မြစ်ချောင်းဖြိုးဟု အတိုကောက်ခေါ်နေသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ဘုရားပရိဝုဏ်အတွင်းတွင် နေထိုင်လျက် မပြတ်စောင့်ကြည့်၍ လိုအပ်သောကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးနေသောကြောင့် ကျေးဇူးအထူးတင်ရှိခဲ့ရသည်။ အဆိုပါဌာနမှ တာဝန်ရှိသူများသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ ညွှန်ကြားမှုကို ခံယူလျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြစ်ကြမ်းပြင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် ကျောက်စီရေကာတာများ ဆောင်ရွက်ခြင်း၊ စေတီတော်ရင်ပြင်ချဲ့ခြင်း၊ Bored Pile အခြေပြု သံကူကွန်ကရစ်နံရံ ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော်တို့က အဝေးမှ စိတ်ပူရုံမျှသာ၊ တကယ့်မြေပြင်မှာ ဖြစ်ပေါ်နေသော အခြေအနေများ ထူးလျှင်ထူးသလို အရင်ဆုံးရောက်သွားတတ်သူမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတို့၏ ခရီးစဉ်များအတွင်း လိုအပ်သည်များ စီမံဖြည့်ဆည်း ဆောင်ရွက်ပေးမှုများအတွက်လည်း မြို့နယ်သူ မြို့နယ်သားများကိုယ်စား ကျေးဇူးစကားဆိုပါရစေ။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းကြိုးပမ်းပေး

ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်ထဲက လေးမျက်နှာမြို့နယ်သို့ သွားရောက်ရသည့် အခြားရည်ရွယ်ချက်တစ်ခုမှာ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဖြစ်သည်။ မိမိတို့ မြို့နယ်သည် အနောက်ရိုးမနှင့် အနီးဆုံးနေရာမှာ ရှိနေသည်။ ရခိုင်ပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုပျက်ပြားနေသည့် ဂယက်က မိမိတို့ ဒေသကိုပါ လာရောက်ရိုက်ခတ်နိုင်သည်။ ကျေးရွာတိုင်းမှာ တာဝန်ရှိနေသလို တာဝန်သိရန်လည်း လိုပါသည်။ ကျွန်တော်တို့ သုံးတန်း၊ လေးတန်းအရွယ်ကပင် အနောက်ရိုးမနှင့် ဧရာဝတီတိုင်းဒေသကြီးမှာ ဖြတ်(၄)ဖြတ် စစ်ဆင်ရေးဖြင့် ဗကပကို တိုက်ထုတ်ခဲ့တာ မြင်ဖူးကြုံဖူးခဲ့သည်။ ၁၉၇၂/ ၇၃ မှာ ဗကပ အမြစ်ပြတ်ပြီး ဧရာဝတီတိုင်းတစ်ခုလုံး အဖြူရောင်နယ်မြေ ဖြစ်ခဲ့သည်။ သည်ကာလတုန်းက ဒေသတွင်း ဘယ်နေရာတွေမှာ တိုက်ပွဲတွေ အဖြစ်များသည်၊ ချင်းလယ်ကြောနှင့် လဲခုံကြီး၊ လဲခုံလေးရွာတွေ၏ အနောက်ဘက်က ဘယ်နေရာတွေမှာ ခိုအောင်းနိုင်သည်၊ ချုံတောင်လို နေရာမျိုးတွေမှာ ဂရုပြုရမည် စတာတွေကို ငယ်စဉ်ကပင် နားရည်ဝခဲ့သည်။ ယနေ့အချိန်မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ရှိနေသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရမည်။ လေးမျက်နှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တစ်နယ်လုံးက အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံစိုက်ပျိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးမှာကြားခဲ့သည်။ ရင်းရင်းနှီးနှီးဟု ပြောရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများထဲမှာ တစ်ဝက်ကျော်ကျော်လောက်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်ခဲ့သူများ၊ သိကျွမ်းခဲ့သူများ၊ မျက်မှန်းတန်းခဲ့သူများ ပါဝင်နေ၍ပါတည်း။

ပန်းတောကြီးက သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်း

ကျွန်တော့်မိတ်ဆွေ ဦးကျော်ဝင်းနိုင်၊ အမှန်က သူ့အစ်မဖြစ်သူ ရီရီသန်းနှင့်မှ ကျွန်တော်က အတန်းတူမို့ ညီတော်မောင် ကိုကျော်ဝင်းနိုင်ဟု ခေါ်လျှင်ပို၍မှန်ပါလိမ့်မည်။ ၂၀၂၂ ခုနှစ် ကုန်ခါနီးမှာ သူနေပြည်တော်သို့ ရောက်ရှိလာစဉ် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းဆောင်ရွက်ရန် တိုက်တွန်း၍ လေ့လာသင့်သည့် နေရာများကို ပို့ဆောင်ပေးခဲ့သည်။ ယခုတစ်ခေါက် ဧရာဝတီခရီးစဉ်မှာ သူကသိန်းငှက်အမှတ်တံဆိပ်ဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်ဖြန့်ချိနေပြီဖြစ်သည်။ ထုတ်လုပ်ခွင့်မှတ်ပုံတင်လည်း ရထားပြီးပြီ။ ပါဝင်ပစ္စည်းများကလည်း နွားချေး၊ ကြက်ချေး၊ စက်ဖွဲပြာ၊ ပဲဖတ်၊ မြေနီမှုန့်၊ ဖွဲနု၊ ဆန်နုတ်၊ ငါးအမိုင် နို၊ ဒိုက်ချေး(ထူချေး)၊ EM ဖျော်ရည် စသည်ဖြင့် အမယ်စုံလှသည်။ အဆိုပါ ကုန်ကြမ်းပစ္စည်းများ အတွက်လည်း အခက်အခဲမရှိ အနီးပတ်ဝန်းကျင်မှာ ပဲဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုချိန်မှာ အိတ်ရေ ၂၀၀၀၀ ခန့် ထုပ်ပိုးရန် အသင့်ရှိနေကြောင်း တွေ့ခဲ့ရ၏။ စမ်းသပ်အသုံးပြုနေကြသည့် ဒေသခံတောင်သူများကလည်း ကြိုက်နှစ်သက်ကြကြောင်း၊ ကောင်းမွန်ကြောင်း ထောက်ခံချက်တွေပေးကြသည်။ ကျွန်တော် ကိုယ်တိုင်ကလည်း နွားချေးနံ့တသင်းသင်းကြားမှာ ကြီးပြင်းလာသူမို့ သဘာဝမြေဩဇာဆိုသည့် အသံကို ကြားသည်နှင့် မည်သည့်ဒေသ၊ မည်သည့်နေရာ သို့မဆို အရောက်သွား၍ ဂုဏ်ပြုစကားဆိုခဲ့သည်သာ။ ရှမ်းပြည်နယ်(တောင်ပိုင်း)က ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တွေမှာ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမှာ၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှာ၊ မန္တလေးတိုင်းဒေသကြီးထဲက ပျော်ဘွယ်မြို့နယ်မှာ သဘာဝမြေဩဇာထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

သီတာချောင်းအနောက်က ဆင်ဖိုးထွန်း၏ အမျိုးတွေ

ငယ်စဉ်က မြန်မာစကားပြေစာအုပ်ထဲမှာ သင်ကြားခဲ့ရဖူးသော ဆင်ဖိုးထွန်း၊ ထိုစဉ်ကတော့ ဆင်ဖိုးထွန်းဆိုသည်မှာ မုဆိုးကျော်တစ်ဦးအဖြစ်လည်းကောင်း၊ ဆင်များ၏ အလေ့အထကို ကျွမ်းကျင်သူ၊ ရဲစွမ်းသတ္တိရှိသူ တစ်ဦးဟူ၍လည်းကောင်း နားလည်ခဲ့သည်။ သင်ယူလေ့လာခဲ့ရသည်။ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၁၉၈၃ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သူ ဦးဌေးလွင်ဦး ရေးသားပြုစုထားသော သံသရာငြိမ်းအေးစတုမုခ ဇေယျသိန္ဓိစေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းစာအုပ်ထဲမှာ ဆင်ဖိုးထွန်းအကြောင်း တစ်ပိုင်းတစ်စပါလာသည်ကတော့ ဆင်ဖိုးထွန်းသည် ဝံသာနုမျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း၊ မော်ကွန်းဝင် (ပထမအဆင့်) ချီးမြှင့်ခြင်းခံရ ကြောင်း၊ သူ၏ဇာတိဖြစ်သော ဖက်စလက်ရွာသည် ယခင်လေးမျက်နှာမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းထားရာမှ ၁၉၇၀ ပြည့်နှစ် ဖွဲ့စည်းပုံအရ ရေကြည်မြို့နယ်ထဲသို့ ပါဝင်သွားကြောင်း လေ့လာသိရှိရသည်။

ပန်းတောကြီးမှ ပုသိမ်သို့အသွားခရီးလမ်းမှာ မဖြစ်မနေဝင်ရမည့် ကျေးရွာတစ်ရွာရှိနေပါသည်။ ရေကြည်မြို့နယ်ထဲက ပန်းပုကွင်းကျေးရွာ ဖြစ်၏။ ဆရာတော် ဦးဝိလာသ၊ ဦးဇနိန္ဒနှင့် ရွာသူ ရွာသားများက ရွာအနီးက သီတာချောင်းကူးတံတား တည်ဆောက်ပေးပါရန် ၂၀၂၃ ခုနှစ်ကတည်းက မေတ္တာရပ်ခံထား တာရှိနေသည်။ ချောင်းအနောက်ဘက်ရှိ ကျေးရွာအုပ်စုလေးခုအတွင်းမှာလည်း ကျေးရွာပေါင်း ၇၀ ကျော်ရှိနေကြောင်း သိရှိရသည်။ ထိုရွာတွေထဲမှာ ဆင်ဖိုးထွန်း၏ဇာတိ ဖက်စလက်ရွာလည်း ပါဝင်နေပါသည်။ သည်နေရာ၌ တံတားတစ်စင်းပေါ်ပေါက်လာဖို့ သူတို့မျှော်လင့်ထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဆိုကြ၏။ အကယ်၍သာတံတားတစ်စင်း ပေါ်ပေါက်လာပါက သူတို့အတွက် အိပ်မက်တံတား ဖြစ်နေပေလိမ့်မည်။ မြေနေရာရွေးချယ်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းတွေ လုပ်ကတည်းက ဒေသတစ်ခုလုံး ဝမ်းသာပျော်ရွှင်နေကြသည်ဟု ဆရာတော်က အမိန့်ရှိလာသည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုသည့်နေ့ကလည်း ချောင်းအနောက်ဘက်ကမ်းမှာ ရွာသူ ရွာသားများကို လှမ်းမြင်နေရသည်။ ဖက်စလက်ရွာသားများလည်း ပါဝင်နေကြပေမပေါ့။ သမ/ကျေးလက် ပြည်သူ့အတွက်မို့ ဆေးစက်ကျရာတိုင်းမှာ အရုပ်ထင်စေဖို့ အလိုလိုတာဝန် ရှိနေချေပြီတမုံ့။

သီတာကုန်းပြင်ဆိုသည်မှာ

သီတာကုန်းပြင်ဆိုသည့် အမည်ကတော့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ချောင်းသာ၊ ငွေဆောင်တို့ကဲ့သို့ပင် လူသိများထင်ရှားကျော်ကြားခဲ့သည်။ ရခိုင်ဘုရင်မင်းဗာကြီးလက်ထက် အေဒီ ၁၅၃၁-၁၅၃၃ ကာလများတွင် မြောက်ဦးဒေသသို့ ပေါ်တူဂီများ ရောက်ရှိနေပြီး မြောက်ဦးမြို့ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်ဆို၏။ မြောက်ဦးမင်းဆက် မင်းရာဇာကြီး အေဒီ ၁၅၉၃-၁၆၁၂ လက်ထက်၌ စစ်ဘက်အရာရှိအဖြစ် ပေါ်တူဂီလူမျိုး ငဇင်ကာသည် နေရာရရှိလာသည်။ ၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် ပေါ်တူဂီတို့ နယ်ချဲ့အားကောင်းလာချိန်မှာ ရခိုင်ဘုရင်များ၊ မြန်မာဘုရင်များ အုပ်စိုးရာနေရာများ၌ စည်းလုံးညီညွတ်မှု ပျက်ပြားပြီး သူတစ်လူငါတစ်မင်းဖြစ်လာကြသည်။ ဘုရင့်နောင်မင်းတရားကြီး လွန်ပြီးနောက် သားတော် နန္ဒဘုရင်လက်ထက်တွင် အကွပ်အညှပ်အားနည်း၍ ဟံသာဝတီထီးနန်းယိမ်းယိုင်ခဲ့သည်။ ဟံသာဝတီတိုက်ခိုက်ခံရပြီးနောက် ငဇင်ကာသည် သန်လျင်မြို့ စောင့်နယ်စားခန့်ထားခြင်းခံရသည်။ ရခိုင်ဘက်တွင်လည်း သူတစ်လူငါတစ်မင်းဖြစ်လာပြီးနောက် ရခိုင်အမတ်မင်းစောထွတ်က ၎င်း၏သမီး စောသန္တာ (စောသဒ္ဓါ)ကို ငဇင်ကာနှင့် လက်ဆက်ထိမ်းမြားပေးခဲ့သည်။ ၎င်းတို့နှစ်ဦးမှ သားတော်နန္ဒာဘယနှင့် သမီးတော်သုပဘာဒေဝီတို့ ထွန်းကားလာခဲ့သည်။ ငဇင်ကာသည် နတ်ရှင်နောင်နှင့်ပူးပေါင်းပြီး အေဒီ ၁၆၁၂ ၌ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့သည်။ သည့်အတွက် အေဒီ ၁၆၁၃ ၌ အနောက်ဘက်လွန် မင်းတရားသည် သန်လျင်ကို ချီတက်တိုက်ခိုက်၍ ငဇင်ကာနှင့် နတ်ရှင်နောင်တို့အား ကွပ်မျက်ခဲ့ပါသည်။ စောသန္တာနှင့် သားငယ်သမီးငယ်တို့သည် ခြွေရံသင်းပင်းများနှင့်အတူ သန်လျင်မှ လှေဖြင့် ဆန်တက်၍ ဟင်္သာတမြို့ဘက်သို့ ရောက်လာသည်။ ယင်းမှတစ်ဖန် ငဝန်မြစ်အတွင်း ဝင်ရောက်ပြီး သီတာကုန်းပြင်ဖြစ်လာမည့် ဒေသဘက်သို့ ရောက်ရှိလာပါသည်။ စောသန္တာမင်းသမီး လမ်းတွင်ဖျားနာပြီး ကွယ်လွန်သွားသောအခါ ကျန်ရစ်သော ကလေးနှစ်ဦးကို ရခိုင်အမတ်သုဒိန်က ကောက်ယူမွေးစား၍ ကျိုက်ယသီ (ယခင်ကျိုက်ပွင့် ပဒေါ မြို့ဟောင်း နေရာ) မြို့ကို တည်ထောင်ပေးခဲ့သည်။ အနောက်ဘက်လွန်မင်းလာတိုက်သောအခါ မြန်အောင် မြို့ဘက်သို့ ခေတ္တတိမ်းရှောင်ကြရင်း ကွင်းကောက်ဒေသ၌ ဘုရားစေတီများ တည်ခဲ့ကြကြောင်း သိရသည်။ ထိုအချိန်ကတည်းက ယင်းတို့နှစ်ဦးကို သီတာမောင်နှမအဖြစ် ဒေသတစ်ခုလုံးက ချစ်ခင်စွာ ခေါ်ဝေါ်နေကြပြီဖြစ်သည်။ သီတာကုန်းပြင် ဒေသသို့ ပြန်လည်ရောက်ရှိကြပြီးနောက် ရွှေနန်းဦးစေတီ (မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦး စေတီ၊ ရွှေကူနီဘုရားတို့ကို တည်ခဲ့ကြသည်။

သီတာမောင်နှမသည် ယင်းကဲ့သို့ နေလာရာက အေဒီ ၁၆၃၇ ခုနှစ်၌ မောင်တော်နန္ဒာဘယ မင်းသားသည် ဘေးထိုးရင်ကျပ်နာ ပြင်းစွာဖြစ်၍ ကွယ်လွန်ခဲ့သည်။ မောင်ဖြစ်သူ ကွယ်လွန်ပြီး မကြာမီမှာပင် နှမတော်သုပဘာဒေဝီမင်းသမီးသည်လည်း ရင်ကွဲနာကျ၍ ကွယ်လွန်ပြန်လေ၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် ရွှေနန်းဦးစေတီကို ပြုပြင်မွမ်းမံပြီး မြသိန်းတန်စေတီအဖြစ် ဘွဲ့အမည်ပြောင်းလဲ ခေါ်ဝေါ်ချိန်မှာပင် သီတာမောင်နှမ နတ်ကွန်းစင် ပေါ်ပေါက်လာခဲ့ပါသည်။ ဘုရားပြုပြင်ချိန် အေဒီ ၁၈၇၁ ခုနှစ်တွင် ရေးထိုးခဲ့သော မြသိန်းတန်စေတီကျောက်စာ၌ အထက်ပါအကြောင်းအရာအချို့ကို ဖော်ပြထားကြောင်း ဖတ်ရှုလေ့လာခဲ့ရပါသည်။ မြသိန်းတန်ဘုရားပွဲကို နှစ်စဉ်တပေါင်းလ၌ ကုန်းပွဲ၊ တော်သလင်းလ၌ ရေပွဲများ ကျင်းပကာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြသည်။ ရှေးယခင်က ကုန်းပွဲတွင် ဇာတ်သဘင်ပွဲများ၊ ရိုးရာခြင်းလုံးခတ်၊ ဘော်လီဘောပွဲများ ကျင်းပပြီး ရေပွဲ၌မူ သီတာချောင်းထဲတွင် လောင်းလှေများ ယှဉ်ပြိုင်လှော်ခတ်ကြသည်ဟု သိရှိရပါသည်။

ယခင်ခရီးစဉ်များနှင့်အတူ သီတာကုန်းပြင်သို့ ကျွန်တော်နှစ်ကြိမ်နှစ်ခါ ရောက်ပြီးဖြစ်ပါသည်။ ဘုရားပွဲနှင့် မကြုံခဲ့၊ ယခုတစ်ခေါက်မှာတော့ မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေချိန်နှင့် တိုက်ဆိုင်စွာရောက်ခဲ့ရပါပြီ။ မြသိန်းတန်စေတီတော်မြတ်ကြီးကို ဖူးမြော်ကန်တော့ပြီးနောက် ဘုရားပွဲတော်အထိမ်းအမှတ် ကျင်းပနေသော ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ဘောလုံးပွဲများ ပြီးသွားလျှင် သီတာချောင်းထဲမှာ လှေပြိုင်ပွဲများ ဆက်လက်ကျင်းပကြဦးမည်ဖြစ်သည်။

အိမ်မဲ၊ ဝါးခယ်မနှင့် မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်

ဩဂုတ်လ ၃၀ ရက်နေ့နံနက်ပိုင်း ပုသိမ်မှ အိမ်မဲ မြို့နယ်သို့ သွားရောက်ကာ ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုမှ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာသို့ သွားရောက်ကာ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ဝါးခယ်မမြို့နယ်အတွင်းက နေကြာစိုက်တောင်သူများ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။ ရွှေကြာဖြူ-၂ စိုက်ပျိုးရေးသမဝါယမအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တောင်သူ ဦးဝင်းဗိုလ်က ယမန်နှစ် နေကြာ ၄ ဧက စိုက်ပျိုးခဲ့မှု အတွေ့အကြုံနှင့် ရုရှားရွက်ဖျန်းသဘာဝမြေဩဇာအသုံးပြုခဲ့မှု၊ ပျားပုံးထားရှိခဲ့မှု၊ ဓာတ်မြေဩဇာသုံးစွဲခဲ့မှု စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဦးဝင်းဗိုလ်၏ စိုက်ခင်းမှ မနှစ်က နေကြာတစ်ဧကလျှင် အစို ၇၂ တင်း၊ အခြောက် ၆၅ တင်း ထွက်ရှိခဲ့သည်။ ဝါးခယ်မသည် အဓိကနေကြာစိုက်ပျိုးရေးဇုန်ထဲတွင် မပါဝင်သော်လည်း သမဝါယမစနစ်ဖြင့် ဧက ၁၄၀ စိုက်ပျိုးကြရေးဖွဲ့စည်းဆောင်ရွက်ကာ ရုရှားရွက်ဖျန်းသဘာဝ မြေဩဇာများ ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အစအဆုံး အတူလိုက်ပါလာခဲ့သော ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်ကလည်း လိုအပ်သည်များ မှာကြားခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် မြောင်းမြမြို့နယ်သို့ ကူးခဲ့ကြသည်။

မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်ခေတ်မီစံပြ ကျေးရွာ (Smart Village) သို့ သွားရောက်ခဲ့ကြပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ ငါးနှစ်စီမံကိန်းဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ ကျေးလက်စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း ၃၀၀၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၇၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မဒေါ့ပင်ကျေးရွာသူ ကျေးရွာသားများကိုယ်စား အထက်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်ချိုမာအေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ရွာကပြန်အထွက်၌ အထက်တန်းကျောင်းခွဲရှေ့က ကားဖြတ်မောင်းရသည်။ အမှတ်မထင် လှမ်း၍တွေ့လိုက်ရသည်မှာ ကျောင်းအဝင် မြောင်းကူးတံတားလေးက မကောင်းတော့ပြီ။ ကျောင်းသား ကျောင်းသူလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်ကူးသွားလာနိုင်ရေးအတွက် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး ညှိနှိုင်းမှာကြားခဲ့ပါသည်။ မတောင်းဘဲရလိုက်သော သည်လုပ်ငန်းအတွက် မဒေါ့ပင်ကျေးရွာက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံး ဝမ်းမြောက်ဝမ်းသာ ရှိကြလိမ့်မည်ထင်ပါသည်။

ဂုဏ်ပြုလိုက်ပါသည် သမီးမှုန်နံ့သာ

ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိအောင် ပထမနှစ်စကတည်းက ကြိုးစားသင်ယူကြရေး၊ ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးရေး တိုက်တွန်းမှာကြားကာ ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေဖို့လည်း ကြိုးစားအားထုတ်ကြရန် ပြောဖြစ်ခဲ့သည်။ အားကစားအကြောင်းပြောရင်း ဘောလုံး၊ ဘော်လီဘောကစားရန် ဝါသနာပါသော ကျောင်းသား ကျောင်းသူများ ရှိ၊ မရှိ မေးမြန်းရင်းဖြင့် ဒုတိယနှစ်ကျောင်းသူ မမှုန်နံ့သာသည် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သော အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရိုးရာခြင်း ခြောက်ယောက်တွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 4 ၌ ပထမရွှေတံဆိပ်ဆု၊ တစ်ဦးချင်းပြိုင်ပွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 3 ၌ ဒုတိယ ငွေတံဆိပ်ဆု၊ ခြောက်ယောက်တွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 2 ၌ ဒုတိယငွေ တံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၅ ဆီးဂိမ်း ပြိုင်ပွဲ (ထိုင်းနိုင်ငံ) တွင်လည်း မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ သင်တန်းကျောင်း အနေဖြင့်လည်းကောင်း များစွာဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။

စပါးပြီးစပါး စိုက်ပျိုးနေသော ကံကုန်းကျေးရွာ

ပုသိမ်ကအပြန်မှာ ကန်ကြီးထောင့်မြို့နယ် ကံကုန်းကျေးရွာသို့ ခဏဝင်၍ ထိုရွာရှိ လယ်ငါးဧကမှာ စပါးပြီးစပါး စိုက်ပျိုးနေသော ပညာရေးကောလိပ်မှ အငြိမ်းစားဆရာမကြီး ဒေါ်ခင်အုန်းမြင့်ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တို့တွင် ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာရှစ်ရွာတို့၌ စိုက်ဧကစုစုပေါင်း ဧက ၁၃၀ နွေစပါးအောင်ရေ ရရှိရေးအတွက် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့ဖြင့် တွင်းတိမ်တူး၍လည်းကောင်း၊ ချောင်းရေမှလည်းကောင်း ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခဲ့ပါသည်။

ကံကုန်းကျေးရွာမှ ဒေါ်ခင်အုန်းမြင့်၏ လယ် ငါးဧကအတွက် အနက်ပေ ၁၇၀ တွင်းတိမ်တူးပြီး သုံးလက်မ Pump၊ 2 Horse Power ဆိုလာရေတင်စနစ် ဖြင့် ဆောင်ရွက်ပေးခဲ့ရာ မိုးကြိုရာသီတွင် ဆင်းသုခ စပါးမျိုး စိုက်ပျိုး၍ တစ်ဧက တင်း ၆၀၊ မိုးရာသီတွင် ရက် ၉၀ စပါးမျိုး စိုက်ပျိုး၍ တစ်ဧက ၆၂ တင်း၊ နွေစပါးကို ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၁၀၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လယ် ငါးဧကတွင် တစ်နှစ်ပတ်လုံး စပါးပြီးစပါး စိုက်ပျိုးခဲ့ခြင်းအတွက် စုစုပေါင်းလယ် ၁၅ ဧကမှ ထွက်ရှိသော စပါးများရောင်းချပြီး အမြတ်ငွေမှာ သွင်းအားစုနှင့် စိုက်ပျိုးရိတ်သိမ်းစရိတ်များ နုတ်ပြီး အသားတင် ၁၁၅ သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

မိုးကြိုနှင့် မိုးစပါးအထွက်တိုးရန်အတွက် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးရန် တိုက်တွန်းမှာကြားခဲ့ပြီး ယခုမိုးရာသီ ရက် ၉၀ စပါးမျိုး စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှု၊ ပျိုးထောင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ရိုးသားကြိုးစား ဧရာဝတီသားတို့ရေ…

စပါးလည်း အထွက်တိုးစေဖို့၊ ဆီထွက်သီးနှံမှာ လည်း နောက်ကျမကျန်ရစ်ခဲ့စေဖို့၊ အားကစားကအစ အခြားသောလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရစေဖို့ ရိုးသားစွာကြိုးစားကြရင်း တိုင်းဧရာတည်ငြိမ်အေးချမ်းဖို့အတွက်လည်း နိုးကြားသော အသိဖြင့် ရှိနေကြစေရန် တိုက်တွန်းလိုက်ရပါကြောင်း … ။     ။