Skip to main content

အမြင့်ပျံငှက်များ ကွန်းခိုရာ

ဘဝတစ်ခု၏ အုတ်မြစ်လှေကားဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထုတ်ပြန်ပြီးသွားလေ ပြီ။ အောင်သူပျော်၍ ရှုံးသူ မမော်နိုင်သည့် နတ်ဘုရား ကြီးက နှစ်တွေဘယ်လောက်ကြာကြာ ရင်ထဲကို ဖမ်းစား နိုင်ဆဲရှိသေး၏။

မခင်မွှေးတို့ခေတ်တုန်းက ဆယ်တန်းအောင်ချက် ရာခိုင်နှုန်းသည် ၁၀ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းမျှသာ ရှိလေရာ ယခုခေတ်အောင် ချက် ၃၀ ရာခိုင်နှုန်းဝန်းကျင် ခန့်သည် ကောင်းသည်ဟု ဆိုရပေမည်။ မိဘများ ကလည်း မိမိတို့ သားသမီး ဆယ်တန်းအောင် ရန်အရေး ရင်မောကြရသည်။ မအောင်ပါကလည်း စီးပွားရေး အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကြိတ်မှိတ်ထားကြရသည်သာ။

အောင်လာပြန်တော့လည်း သားသမီးများ၏ ရှေ့ဆက်ရမည့် အနာဂတ်ခရီးအတွက် စဉ်းစားရလေပြီ။ ဘယ်ခရီးနှင့် ဘယ်ထီးတော်ပါ့။ ဘယ်လမ်းနှင့် ဘယ်ပန်း ဆင်ပါ့၊ တွေးရပြန်၏။ ရရှိလာသော အောင်မှတ်ပေါ် မူတည်ပြီး စုံစမ်းရ၊ မေးမြန်းရနှင့် မိဘများ ခေါင်းစား ကြရသည်။ ရမှတ်က ကိုယ်လိုချင်သောတက္ကသိုလ်ကို ဝင်ခွင့်ရလျှင် အကြောင်းမဟုတ်၊ ရမှတ်ကလည်း နည်း တက်ရောက်သင်ကြားလိုသည့် တက္ကသိုလ်ကို တက်ရောက်ခွင့်မရလျှင် စိတ်မှာ ဗျာများရသည်မှာ သားသမီးများထက် မိဘများက ပိုလိမ့်မည်ထင်၏။ ရမှတ်မီသော်လည်း သားသမီးများ၏ ဆန္ဒထက် မိမိတို့၏ ဘဝတွင် ပိုင်ဆိုင်ခွင့်မရခဲ့သော စိတ်ကူးယဉ် အိပ်မက်ကို ပုံဖော်ရန် ကြိုးစားသူများကိုလည်း အများအပြား တွေ့ရ ပေသည်။ ဤသည်ကို မိဘတော်တော်များများက သတိ မထားတတ်ကြချေ။ မူကြိုကလေးဘဝက မိဘတို့၏ လက်ကိုဆွဲကာ ခေါ်ရာလိုက်ပါ တတ်ကြသော်လည်း စဉ်းစားချင့်ချိန်အရွယ် ရောက်လာသည့်အခါ သားသမီး နှင့် မိဘဆန္ဒတစ်ထပ်တည်း မကျနိုင်တော့ပါ။ သားသမီး များကလည်း ကိုယ်ဝါသနာပါရာ၊ အားသာရာတို့ကို ရွေးချယ်တတ်လာသည်။

ဝါသနာနှင့် ပညာရပ်ထပ်တူကျဖို့

မိဘများ ရွေးချယ်ပေးလိုက်သော တက္ကသိုလ်ကို တက်ရ၍ မိမိစိတ်သဘောထားနှင့် ထပ်တူမကျလျှင် လမ်းခုလတ်တွင် ပညာတစ်ပိုင်းတစ်စနှင့် ရပ်တန့်လိုက် ရသော ကလေးတော်တော်များများကိုလည်း မခင်မွှေး မြင်ခဲ့ တွေ့ခဲ့ဖူးပါသည်။

နှမြောဖွယ်ကောင်းလေစွ။ မိဘများမှာ ငွေကုန် လူပန်းဖြစ်ကာ မချိတင်ကဲဖြစ်ရတော့သည်။ သည်လို အချိန် မျိုးရောက်ကာမှ တုတ်နှင့်မိုး၍လည်းမရ၊ လက်နှင့် ရိုက်၍လည်း မဖြစ်နိုင်တော့ပြီ။ ကာယကံရှင်ကလေးများ အတွက်လည်း ထင်ရာစိုင်းကာ ပရမ်းပတာဖြစ် ကြရတော့ သည်။

ဖြစ်သင့်သည်က မိဘများအနေဖြင့် မိမိတို့၏ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ဆောင် ခြင်းထက် သားသမီးများ၏ လက်တွေ့ ကျကျဆန္ဒသဘောထားများကို ဦးစားပေးသင့်ပေသည်။ သို့မှသာ စိတ်ချမ်း မြေ့စွာ ပညာရေးပန်းတိုင်ရောက် ပေလိမ့်မည်။ မိဘနှင့် သားသမီး တိုင်ပင်ညှိနှိုင်းသင့်သည်ဟု ထင်မြင်မိပါသည်။

လွန်ခဲ့သော ငါးနှစ်ခန့်က နေပြည်တော်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် စျေးပွဲတော်တွင် မောင်ကျောင်းသား လေးနှင့် ခင်မင်ခွင့် ရခဲ့၏။ ထိုစဉ်က မခင်မွှေးက ဧရာဝတီတိုင်းဒေသကြီးတွင် တာဝန်ကျနေသော သမဝါယမဦးစီးဌာန ဝန်ထမ်း တစ်ဦး ဖြစ်သည်။

မခင်မွှေးက ဧရာဝတီတိုင်းဒေသကြီးထွက် ဝါးထည်၊ ကြိမ်ထည် ပစ္စည်းအမျိုးမျိုး၊ သင်ဖြူးဖျာ၊ ပုသိမ်ထီး၊ ပုသိမ်ဟာလဝါ၊ ပင်လယ်ထွက် ပစ္စည်းအမျိုးမျိုး၊ ဝါးခ မောက်၊ ဝါးဦးထုပ် အမျိုးမျိုးစသည်တို့ကို လာရောက် ရောင်းချသည့် သမဝါယမအသင်း များ၏ ကြီးကြပ်သူ အဖြစ် ရောက်ရှိလာသလို မောင်ကျောင်းသားလေးက မင်္ဂလာဒုံမြို့နယ်အသင်းစုနှင့် ချိတ်ဆက်ကာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် မိမိတို့ မိသားစုပိုင်ပန်းပုရုပ်တု များဖြင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စား ရောက်ရှိ လာသည့် သမဝါယမအသင်းသား ဖြစ်သည်။ ဆိုင်ချင်း က ကပ်လျက်မို့ မောင်ကျောင်းသားလေးနှင့် အချိန်များ စွာ စကားပြောခွင့် ရခဲ့သည်။

မောင်ကျောင်းသားလေးက အားလပ်သော အချိန် များတွင် ပန်းပုရုပ်တုလေးများကို ထုဆစ်နေတတ်သည်။ မခင်မွှေးကလည်း သစ်သားပန်းပု ထည်လေးများကို မြတ်နိုး ခုံမင်တတ်သူမို့ မောင်ကျောင်းသားလေး ပန်းပုထုဆစ် နေလျှင် မခင်မွှေးကသွား ရောက်မေးမြန်း စပ်စုတတ်သည်။

လာရောက်ရောင်းချသော မြန်မာ့သုခုမအနုပညာ ပန်းပုရုပ်တုတော်တော်များများသည် မောင်ကျောင်းသား လေးကိုယ်တိုင် ထုဆစ်ထားတာ ပါဟုဆိုတော့ မခင်မွှေးက အံ့သြရသည်။ တကယ့်ကို ပါရမီရှိသည့်ကလေးပါပဲ ဟု စိတ်ကချီးကျူးမိ၏။ မိဘလက်ငုတ် လက်ရင်း ဖြစ်သည့် ပန်းပုထုဆစ်ခြင်းကို ငယ်ငယ်လေးကတည်းက ဝင်ရောက် လုပ်ကိုင်ခဲ့သည်ဟု ဆိုပါသည်။

ဖခင် လက်ဦးဆရာဆီက ရရှိသော ပညာအမွေကို မောင်ကျောင်းသားလေးက ဆက်ခံသည်ဟု ပြောရပေလိမ့်မည်။

သို့သော်လည်း မောင်ကျောင်းသားလေးက သည်မျှနှင့် မတင်းတိမ်နိုင်၊ သည်လုပ်ငန်းဖြင့် အောင်မြင်ချင်သည်။ လုပ်ငန်းတိုးချဲ့ချင်သည်။ စီးပွားရေး စျေးကွက် ချဲ့ထွင်ချင်သည်။ ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်သည်အထိ စိတ်ကူးရှိခဲ့သည်။ သို့အတွက် ပညာများစွာ လိုသေးသည်။ မောင်ကျောင်းသားလေးသည် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ပြီးသူ ဖြစ်သည်။ စီးပွားရေးတက္ကသိုလ်တက် ရန်လည်း ရမှတ်ကမမီ၊ သူလျှောက်လှမ်းလိုသော ပညာရေး ပန်းတိုင်သည် လမ်းပျောက်နေ၏။ မိဘများကလည်း လမ်းမညွှန်တတ်ပြီ။

သည်အချိန်မှာ မခင်မွှေးနှင့်တွေ့သည်။ မခင်မွှေး ကလည်း သမဝါယမဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းဆိုတော့ အတော်အတန် တီးမိခေါက်မိသည်။ ထို့ကြောင့်လည်း လူမှု စီးပွားရေးပညာရပ်များကို အဓိက ထားသင်ကြားပေးသော သမဝါယမတက္ကသိုလ် (သန်လျင်)ကို လမ်းညွှန်ပြီး အလင်းပြပေးခဲ့သည်။

သမဝါယမတက္ကသိုလ်(သန်လျင်)

သမဝါယမတက္ကသိုလ် (သန်လျင်) သည် ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရား လမ်းမကြီး၏ အရှေ့ဘက် ညောင်သုံးပင် ကျေးရွာတွင် တည်ရှိပြီး ၂၀၈ ဒသမ ၂၀၉ ဧက ကျယ်ဝန်းသည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေး နိုင်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု တက္ကသိုလ်ဖြစ်လာစေရန်ဟူသော ရည်မှန်းချက်နှင့်အညီဆောင်ရွက်နေသည့် တက္ကသိုလ်ဖြစ်ကြောင်း မောင်ကျောင်း သားလေးကို ရှင်းပြရသည်။ သမဝါယမတက္ကသိုလ် ဖွင့်လှစ် ထားရှိရခြင်း၏ရည်ရွယ်ချက်မှာ-

() လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် ပြုစုပျိုးထောင်ပေးရန်နှင့်

() တွေးတောကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိ ဉာဏ်ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေး ကို ဦးတည်လေ့ကျင့်ပေးရန် ဖြစ်ပါသည်။

အဆိုပါ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရပြီဆိုသည်နှင့် အထူးပြုဘာသာရပ်()ခုဖြစ်သည့် -

() လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ

(Social Enterprises Management)

() ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ

(Regional Development)

() စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ

(Accounting & Finance)

() ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ

(Marketing Management)

() အသုံးချစာရင်းအင်းပညာ (Applied Statistics)

များနှင့် အထောက်အကူပြုဘာသာရပ်()ခုကို သင်ကြားခွင့်ရရှိမှာဖြစ်သည်။

သည်လိုနှင့် လူမှုစီးပွာရေးပညာရပ်များကို စိတ်ပါဝင် စားစွာသင်ယူလိုသည့် မောင်ကျောင်းသားသည် သမဝါယမ တက္ကသိုလ်(သန်လျင်)တွင် ပညာသင်ယူခွင့်ရရှိခဲ့ပါသည်။ ယခုဆိုလျှင် မောင်ကျောင်းသားလေးသည် မဟာတန်းကိုပင် တက်ရောက်နေလေပြီ။

သူ့မှာ ကိုယ်ပိုင်လုပ်ငန်းလည်းရှိပြီ။ အသိပညာအတတ် ပညာတို့လည်း ထိုက်သင့်သလောက်ရခဲ့ပြီ။ ရည်မှန်းချက် လည်းရှိပြီး သူ့ဘဝ၏ စိတ်ကူးယဉ်အိပ်မက်ကို အကောင် အထည်ဖော်ဆောင်နိုင်ရန် အမိတက္ကသိုလ်ကြီးက ဝမ်းစာ ဖြည့်စွမ်းပေးနေပြီး မလျှော့သော လုံ့လ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်လျှင် သူမျှော်မှန်းသည့် ဈေးကွက် စီးပွားရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ဆိုပါသည်။ မောင်ကျောင်းသားလေး၏ စိတ်ကူးယဉ်အိပ်မက်ကို ပုံဖော် နိုင်အောင် လမ်းညွှန်မှုပြုနိုင်ခဲ့၍လည်း မခင်မွှေး ဝမ်းသာ ကြည်နူးရပါ၏။

သည်ထက်ကြည်နူးမိသည်ကား မောင်ကျောင်းသား လေးက ပန်းပုရုပ်တုလေးတစ်ခုကို လက်ဆောင်ပေးခဲ့ခြင်း ပင်တည်း။ သစ်ရွက်သစ်ခက်များ စိမ်းစိုနေသော သစ်ပင် ကြီးတစ်ခု၊ သစ်ရွက်များ အဆုပ်လိုက်၊ အခိုင်လိုက်ဝေဝေ ဆာဆာ ထုဆစ်ထားသည်မှာ ပကတိသစ်ရွက်တွေအလား သက်ဝင်လွန်းလှသည်။ မောင်ကျောင်းသားလေးသည် သည်ပညာဖြင့် စျေးကွက်စီးပွားရေးကို ဖောက်ထွက်နိုင် စေခြင်းငှာ လူမှုစီးပွားရေး ပညာရပ်များ သင်ကြားပေးနေသော သမဝါယမတက္ကသိုလ်၏ ကျေးဇူးတရားကိုလည်း ဖော်ကျူးခဲ့ပြန်သေး၏။ သည်လိုကြားသိရပြန်တော့ အမိ သမဝါယမ တက္ကသိုလ်ကြီးကို ကျေးဇူးလည်းတင်၊ ဂုဏ်လည်းယူမိပါ၏။

မြန်မာနိုင်ငံတွင် အထက်မြန်မာပြည်နှင့် အောက် မြန်မာပြည်ဟု နှစ်ပိုင်းသတ်မှတ်ထားလေရာ အောက် မြန်မာပြည်တွင် သမဝါယမတက္ကသိုလ်ကို သန်လျင်မြို့တွင် လည်းကောင်း၊ သမဝါယမကောလိပ်ကို လှည်းကူးမြို့နယ် ဖောင်ကြီးတွင်လည်း ကောင်း၊ အထက်မြန်မာပြည်တွင် သမဝါယမ တက္ကသိုလ်ကို စစ်ကိုင်းမြို့တွင်လည်ကောင်း၊ သမဝါယမကောလိပ်ကို မန္တလေးမြို့တွင် လည်းကောင်း ဖွင့်လှစ်ထားရှိပေသည်။

လူမှုစီးပွားရေးပညာရပ်များအဓိကထားသင်ကြား

သမဝါယမဟူသည် လူမှုစီးပွားရေးကိုအခြေခံပေရာ သမဝါယမတက္ကသိုလ်၊ သမဝါယမကောလိပ်များသည် လူမှုစီးပွားရေးပညာရပ် များကို အဓိကထားသင်ကြားပေး သည့်အပြင် စာရင်းရေးစာရင်းကိုင်ပညာရပ်ကို ကွန်ပျူတာ အသုံးပြု၍ သင်ကြားခြင်းဖြင့် လည်းကောင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ကို ပထမနှစ်မှမဟာတန်းပြီးဆုံးသည်အထိ Business English နှင့် Communication English သင်ကြားစေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရာ တွင် အထောက်အပံ့ဖြစ်စေခြင်းငှာ သင်ကြားပေးပါသည်။

ဤသို့ဆိုလျှင်ကျောင်းပြီးမှ အင်္ဂလိပ်စာသင်တန်းတက်၊ စာရင်းရေးစာရင်းကိုင် တက်တာထက်စာလျှင် ငွေကုန်၊ အချိန်ကုန် မသက်သာပြီလော။ စာရင်းရေးစာရင်းကိုင် ပညာရပ်၊ လူမှုစီးပွားရေးနှင့် သက်ဆိုင်သောပညာရပ်များနှင့် လုပ်ငန်းခွင်ဝင်ရောက် လိုသော ကျောင်းသူ ကျောင်းသား များအဖို့ ဤသမဝါယမတက္ကသိုလ်/ ကောလိပ်များကို ရွေးချယ်သင့်သည်ဟု ထင်မြင်မိပါသည်။

ထို့အပြင် သမဝါယမတက္ကသိုလ်/ကောလိပ်များတွင် ထူးချွန်သည့် ဘွဲ့လွန်ဒီပလိုမာရရှိ ထားသူများ၊ မဟာဘွဲ့ ရရှိသူများသည် ဤတက္ကသိုလ်/ ကောလိပ်များတွင် ပညာ သင်ကြားပေးသော ဆရာ၊ ဆရာမများအဖြစ် လုပ်ငန်းခွင် ဝင်ရောက်နေသူများလည်းရှိသကဲ့သို့ သမဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် အခြားသော ဦးစီးဌာန၊ လုပ်ငန်းဌာနများ တွင် အရာထမ်း/ အမှုထမ်းများအဖြစ် နိုင်ငံတော်၏ကျရာ အခန်းကဏ္ဍမှ တာဝန် ထမ်းဆောင်နေကြသူများ ရှိကြပါ သည်။ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပများသို့ ကာလ တို၊ ကာလရှည်ပညာသင်စေလွှတ် ခြင်းများလည်း ရှိပါ သည်။

တက္ကသိုလ်အနေဖြင့် လူမှုစီးပွားရေးလုပ်ငန်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ဆောင်ရွက်မှု၊ စွန့်ဦးတီထွင် မှုနှင့် တက္ကသိုလ် ဘွဲ့ရများ၏ အလုပ်အကိုင်ရရှိမှုတို့ကိုကူညီထောက်ပံ့နိုင်ရန်အတွက် လူမှုစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုဆန်းသစ် တီထွင် လုပ်ငန်းများကို အစပျိုးခြင်းတို့ကိုအလေးထားဆောင် ရွက်သည့် အရှေ့တောင်အာရှနိုင်ငံများ၏ လူမှုဆန်းသစ် တီထွင်မှုကွန်ရက် (South East Asia Social Innovation Network, SEASIN) အစိတ်အပိုင်းတစ်ရပ်အနေဖြင့် သမဝါယမတက္ကသိုလ်(သန်လျင်)တွင် လူမှုဆန်းသစ် တီထွင်မှုအထောက်အကူပြု ယူနစ် (Social Innovation Support Unit - SISU)ကို ၂၀၁၇ ခုနှစ်မှ စတင်၍ ဖွင့်လှစ် ခဲ့ကြောင်း သိရှိရပါသည်။ SISU အဓိကရည်ရွယ်ချက်မှာ အရှေ့တောင်အာရှဒေသ အတွင်းရှိ မိတ်ဖက်အဖွဲ့အစည်း တစ်ခုစီ၏ SISU ကွန်ရက်အတွင်း ဆောင်ရွက်ချက်များကို ထိရောက်သော ကြီးကြပ်ကွပ်ကဲမှုများ၊ နည်းပညာ အကူအညီပေးမှုများမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ အဆင့်မြင့်ပညာ တက္ကသိုလ်များမှ လူမှုဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဖြင့် လူမှုအဖွဲ့ အစည်းအကျိုးကို ဆောင်ရွက်ပေးလျက်ရှိပြီး အာဆီယံနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ မြန်မာနိုင်ငံတို့နှင့် ဥရောပနိုင်ငံများ ဖြစ်ကြ သော ဗြိတိန်၊ စပိန်၊ ပေါ်တူဂီနိုင်ငံတို့မှ တက္ကသိုလ်အဖွဲ့ အစည်းပေါင်း ၁၅ ခုတွင် လူမှုဆန်းသစ်တီထွင်မှုများကို ဆောင်ရွက်ကြပြီး မိတ်ဖက်တက္ကသိုလ် များအချင်းချင်း အတွေ့အကြုံဖလှယ်သည့် လုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း သိရှိရပါသည်။

လုပ်ငန်းခွင်နှင့် ကိုက်ညီသောကျောင်းသားများ

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ပညာသင်နှစ် တစ်နှစ်အတွက် ကျောင်းသားဦးရေ ၅၀၀ ခန့်သတ်မှတ် လက်ခံပြီး သင့်တင့်သော အမှတ်များဖြင့် စိစစ်ရွေးချယ်ပါ သည်။ ၂၀၀၀-၂၀၀၁ ပညာ သင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်အထိ ဘွဲ့ရဦးရေ ၇၈၉၅ ဦးကို မွေးထုတ်ပေး နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ပေးအပ်ချီးမြှင့်သည့်ဘွဲ့များမှာ စစ်တမ်းကောက်ယူ ရရှိမှုအရ လက်တွေ့လူမှုစီးပွားရေး နယ်ပယ်အသီးသီးတွင် လုပ်ငန်းခွင်နှင့် ကိုက်ညီမှုရှိသည် ကိုလည်း လေ့လာတွေ့ ရှိရပါသည်။ ဘွဲ့ကြိုကျောင်းသား ကျောင်းသူများကိုလည်း နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်းအတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစေခြင်း၊ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရေးအတွက် Internship နှင့် On Job Trai- ning များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နှစ်စဉ်နှစ်တိုင်း Job Fair (အလုပ်အကိုင်အခွင့်အလမ်းပြပွဲ)များကိုလည်း ဆောင်ရွက်ပေးပါသည်။ သမဝါယမ တက္ကသိုလ်ကျောင်းဆင်းဆိုလျှင် မည်သည့်ကုမ္ပဏီများမှ မငြင်းပါ။ သည်လိုအရည်အချင်းများနှင့် ပြည့်စုံသော ဘွဲ့ရပညာတတ် များသည် သမဝါယမ၏ရင်သွေးငယ် များ ဟုဆိုလျှင်လည်း မမှားပါ။

မိမိရင်နှင့် လွယ်မွေးရသော သားသမီးများကို သူစိမ်း သူ ရင်ခွင်ထဲ မရောက်ရှိရလေအောင် မိခင်သမဝါယမ ဦးစီးဌာနများ တွင်လည်း တာဝန်ရှိပေ သည်။ တတ်နိုင်သမျှ မိခင်ရင်ထဲတွင် ကြီးပြင်းရခြင်းဖြင့် သမဝါယမ၏မျိုးဆက် သစ်များ ရှင်သန် မွေးဖွားပေးနိုင်ပေလိမ့်မည်။

မည်သို့ဆိုစေ မောင်ကျောင်းသားကိုယ်တိုင် ထုဆစ်ခဲ့သော သစ်ပင်ကြီးသည်သူ့ဘဝ၏ ပြရုပ်တစ်ခုကိုညွှန်းဆို နေသလားဟု မခင်မွှေး အတွေးဝင် ခဲ့ပါသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား သတဲ့။ ဤသို့ဆိုလျှင် မောင်ကျောင်းသားလေးသည် ငှက်ကလေး ပေါ့၊ ငှက်ဆိုလျှင် တောင်မှ အမြင့်ကိုပျံသန်းနေသော ငှက် ကလေး၊ အမြင့်ငှက်ကလေးများရဲ့ ကွန်းခိုရာ၊ သမဝါယမ ၏အမြုတေများ မွေးဖွားသန့်စင်ရာ၊ သမဝါယမ တက္ကသိုလ် (သန်လျင်)သည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပေ သည်။

ခိုင်လွမ်းဝေ(ကန္ဒရဝတီ)