ကျေးလက်လမ်းများ ရာသီမရွေးကောင်းမွန်ရေးမှသည် စီးပွားရေးဖွံ့ဖြိုးရေးဆီသို့
ခန့်ဇော်(ကျေးလက်)
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၇ ခုနှစ်တွင် ကျေးလက်လမ်းမဟာဗျူဟာနှင့်အတူ မွေးဖွားလာပြီး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဦးစီးဌာနဖြစ်ပါသည်။ ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာ ၂၀၁၇-၂၀၃၀ ကို ၂၀၁၇ ခုနှစ်တွင် Asia Development Bank (ADB)၏ အကူအညီဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းရေးဆွဲခဲ့သည်။
မဟာဗျူဟာ၏ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် မှတ်ပုံတင်ထားသော ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ရာသီမရွေးသွားလာ အသုံးပြုနိုင်သောလမ်းများဆောင်ရွက်ရန် ဖြစ်ပါသည်။ လူဦးရေ ၁၀၀၀ အထက်ရှိသော ကျေးရွာအားလုံး ၂၀၂၀ ပြည့်နှစ်တွင် ၎င်းလူဦး ရေ ၅၀၀ နှင့်အထက် မှတ်ပုံတင်ထားသော ကျေးရွာများ၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သောလမ်းများဖြစ်ရန် လျာထားဆောင်ရွက်ခဲ့သည်။
၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီမံခန့်ခွဲ လျက်ရှိသော မှတ်ပုံတင်ပြီးဖြစ်သည့် ကျေးလက်လမ်းမိုင်ပေါင်း ၆၀၀၀၀ ရှိပါသည်။ ကျေးရွာချင်းဆက်လမ်း၏ ခြောက်ရာခိုင်နှုန်းသာ ရေပိတ်လွှာမျက်နှာပြင်ဖြစ်သည့် ကွန်ကရစ် သို့မဟုတ် ကတ္တရာ မျက်နှာပြင်များဖြစ်ပြီး ၂၈ ရာခိုင်နှုန်းသော လမ်းများသည် အမာခံလမ်း (ကျောက်အရောမျက်နှာပြင် သို့မဟုတ် ကျောက်စရစ်မျက်နှာပြင် သို့မဟုတ် မြေနီ) မျက်နှာပြင်များ ဖြစ်ပါသည်။ ယင်းသည် ကျေးလက် လမ်းများ၏ သုံးပုံတစ်ပုံခန့်သည် လတ်တလောအဆင့်မြှင့်ထားသော မျက်နှာပြင်များရှိနေပြီး အများစုမှာ တစ်နှစ်ပတ်လုံးသွားလာနိုင်မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ကျန်ရှိသော ကျေးလက်လမ်းများ၏ သုံးပုံနှစ်ပုံသည် မြေသားလမ်းများပါဝင်ပြီး ယင်းလမ်းများကို ခြောက်သွေ့ရာသီများတွင်သာ အသုံးပြုသွားလာနိုင်ပါသည်။ မိုင် ၆၀၀၀၀ အရှည်ရှိသော မှတ်ပုံတင်ပြီးသည့် ကျေးလက်လမ်းများအပြင် မိုင် ၆၀၀၀ ခန့်အရှည်ရှိသော ဂျစ်ကားနှင့် ဆိုင်ကယ်များအတွက်လမ်းများ၊ လှည်းလမ်းများနှင့် လူသွားလမ်းများလည်း ရှိပါသေးသည်။ ၎င်းလမ်းအများစုသည် ချင်းပြည်နယ်တွင်ရှိပါသည်။ မဟာဗျူဟာ ရေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ်ကာလ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လမ်းမျက်နှာပြင် အမျိုးအစားအလိုက် ကျေးလက်လမ်း (မိုင်) အခြေပြုပုံကို ဖော်ပြထားပါသည်-
ဖော်ပြပါပုံအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ကွန်ကရစ်/ ကတ္တရာ၊ ကျောက်/ ဂဝံနှင့် မြေသားလမ်း မိုင်အနေဖြင့် ၄၇၁၅၃ မိုင်နှင့် ရာခိုင်နှုန်းအနေဖြင့် ၈၀ ရာခိုင်နှုန်းရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် သော ကွန်ကရစ်/ ကတ္တရာ၊ ကျောက်/ဂဝံနှင့် မြေသားလမ်းမိုင်အနေဖြင့် ၁၂၃၀၈ မိုင်နှင့် ရာခိုင်နှုန်းအနေဖြင့် ၂၀ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း လမ်းမိုင် ၅၉၄၆၁ မိုင်နှင့် ၁၀၀ ရာခိုင်နှုန်းအသီးသီး ဖြစ်ပါသည်။
မဟာဗျူဟာအကောင်အထည်ဖော်မှု
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် ခုနစ်နှစ်တာကာလအတွင်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ အထိ) ၁၉၄၂၈ မိုင်ကျော် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။
လမ်းအမျိုးအစား မိုင် / ဖာလုံ တံတားအမျိုးအစား အရေအတွက် ပေ
ကွန်ကရစ်လမ်း - ၂၅၂၅ / ၄.၂၇ ကွန်ကရစ် - ၃၄၅၁ စင်း ၂၂၆၁၈၇ ပေ
ကတ္တရာလမ်း - ၁၇၇၇ / ၀.၁ သစ်သား - ၈၄ စင်း ၃၆၀၀ ပေ
ကျောက်ချောလမ်း - ၃၁၇၃ / ၁.၆ ကြိုး/ ဘေလီ - ၂၅၁ စင်း ၃၉၈၃၂ ပေ
ဂဝံ/ ဂျင်းကျောက် - ၆၀၉၁ / ၂.၁၃ ရေကျော် - ၆၄၇ စင်း ၄၈၆၈၁ ပေ
မြေသားလမ်း - ၅၈၆၁ / ၁.၈၅ Box/ Pipe Culvert - ၉၆၀၄ စင်း ၄၃၆၁၀ ပေ
စုစုပေါင်း - ၁၉၄၂၈မိုင်/၁.၉၅ဖာလုံ စုစုပေါင်း - ၁၄၀၃၇ စင်း ၃၆၁၉၁၀ ပေ
ကျေးလက်လမ်း/ တံတားများ အကောင်အထည်ဖော်ဆောင်ရွက် ရန် ရန်ပုံငွေ(ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်) ရရှိမှုအနေဖြင့် အနည်းဆုံးခုနှစ်မှာ ၂၀၁၇ ဘဏ္ဍာနှစ်ဖြစ်ပြီး ဘီလီယံ ၁၄၀ ရရှိခဲ့၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အများဆုံး ၅၆၅ ဘီလီယံ ရရှိခဲ့သည်ကို တွေ့ရပါသည်။
မြေသားလမ်းများသည် ခြောက်သွေ့ရာသီတွင်သာ သွားလာနိုင်ပြီး ဂဝံနှင့် ဂျင်းကျောက်များသည် မိုးနည်းဒေသများတွင် ရာသီမရွေး သွားလာအသုံးပြုနိုင်ပါသည်။ ရာသီမရွေးသွားလာနိုင်သော လမ်းများ ဆောင်ရွက်နိုင်ခဲ့မှုသည် ၁၃၅၆၇ မိုင်/သုည ဒသမ ၁ ဖာလုံနှင့် မြေသားလမ်း ၅၈၆၁ မိုင်/ ၁ ဒသမ ၈၅ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းဖွဲ့စည်းခဲ့ပြီး သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး ဌာနအလိုက် ဆောင်ရွက်သင့်သည့် လမ်းများကို အမျိုးအစားအလိုက် ခွဲဝေသတ်မှတ်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိရန်လိုအပ်သည့်အတိုင်း ပုံမှန်ဆက်သွယ်ညှိနှိုင်းမှုအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပသည့် အစည်းအဝေးများတွင်လည်း ညှိနှိုင်းဆောင်ရွက်သည့် စနစ် ချမှတ်ဆောင်ရွက်နေပါသည်။ ညှိနှိုင်းဆောင်ရွက်သည့်နေရာတွင် ကုန်ထုတ်လမ်းများနှင့် ကျေးလက်လမ်းကွန်ရက်များ ချိတ်ဆက်မှု၊ ရွာတွင်းလမ်းများနှင့် ကျေးလက်လမ်းကွန်ရက်များ ချိတ်ဆက်မှု၊ ကျေးလက်လမ်းများနှင့် မြို့ချင်းဆက်လမ်းများ ချိတ်ဆက်မှုများ စနစ်တကျရှိရေး၊ စီမံကိန်းများမထပ်စေရေးနှင့် ဦးစားပေးရွေးချယ်မှုများ ထိရောက်စေရေးတို့ကို မြို့နယ်အဆင့်မှသည် ပြည်ထောင်စုအဆင့်အထိ ညှိနှိုင်းတိုင်ပင် ပေါင်းစပ်ဆောင်ရွက်လျက် ရှိသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသော မှတ်ပုံတင်ထားသည့်လမ်းစာရင်းနှင့် မှတ်ပုံမတင်ရသေးသော်လည်း ဆောင်ရွက်ပေးထားမှု စာရင်းများအရ ၂၀၂၃-၂၀၂၄ နှစ်ကုန်တွင် လမ်းမိုင်ပေါင်း ၄၃၉၇၇ မိုင် ၄ ဖာလုံ ရှိပါသည်။
(က) ကွန်ကရစ်လမ်း ၂၆၂၃ မိုင် ၂.၈၃ ဖာလုံ
(ခ) ကတ္တရာလမ်း ၂၁၅၉ မိုင် ၂.၄၆ ဖာလုံ
(ဂ) ကျောက်လမ်း ၅၁၈၂ မိုင် ၅.၄၃ ဖာလုံ
(ဃ) ဂဝံ/မြေနီ/ ၄၁၅၅ မိုင် ၄.၄၆ ဖာလုံ
ကျောက်စရစ် (ရာသီမရွေး)
(င) မြေသားလမ်း ၂၅၉၁၃ မိုင် ၁.၇၅ ဖာလုံ
(ခြောက်သွေ့ရာသီ)
(စ) ဆိုင်ကယ်လမ်း ၃၉၄၃ မိုင် ၃.၁၁ ဖာလုံ
စုစုပေါင်း ၄၃၉၇၇ မိုင် ၄.၀၄ ဖာလုံ
ရာသီမရွေးသွားလာနိုင်သောလမ်းမှာ ၃၂ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိပြီး ခြောက်သွေ့ရာသီမှ သွားလာနိုင်သော မြေသားလမ်းနှင့် အဆင့် မြှင့်ရန်လိုအပ်သည့် ဆိုင်ကယ်လမ်းများက ၆၇ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခြင်းကြောင့် ၂၀၃၀ ပြည့်နှစ်အထိ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ခြောက်နှစ်တာကာလအတွင်း မူလ ရည်မှန်းထားသည့် ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် အဆင့်မြှင့်တင်ရန်မှာစိန်ခေါ်မှု များစွာရှိနေသည်ကို သုံးသပ်တွေ့ရှိရပါသည်။
စိန်ခေါ်မှုများ
အဓိကစိန်ခေါ်မှုများမှာ ဒေသတည်ငြိမ်အေးချမ်းမှုမရှိ၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် လိုအပ်ချက်များပြီး ဒေသတွင်းအခြေအနေများအရ ဖွံ့ဖြိုးရေးလုပ်ငန်းများ မလုပ်နိုင်သည်ကိုတွေ့ရပါသည်။ ဒါ့အပြင်အခြေအနေအရ ၎င်းဒေသများတွင် ပုံမှန်ဈေးနှုန်းထက် နှစ်ဆ/သုံးဆ များနေသည့်အတွက် စီးပွားရေးတွက်ခြေ ကိုက်မှုမရှိသည်ကို တွေ့ရပါသည်။ ယင်းအခြေအနေများကြောင့် ဘဏ္ဍာငွေရရှိမှုသည်လည်း အကန့်အသတ်ရှိလာပါသည်။
ရာသီမရွေးသွားလာနိုင်မှု
ရာသီမရွေး သွားလာနိုင်သော ကျေးရွာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ၁၈၈၈၃ ရွာရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် ၂၀၇၀၄ ရွာအထိ ရှိလာမည်ဖြစ်ပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ရမည့် ကျေးရွာပေါင်းမှာ စာရင်းများအရ ၄၁၆၂၀ ရွာရှိပြီး ၂၀၂၃ ခုနှစ် GAD စာရင်းအရ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ၆၃၂၁၇ ရွာဖြစ်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံ ခန့်ခွဲသော ကျေးလက်လမ်းများကို အသုံးပြုမည့် ကျေးရွာများမှာ ၆၅ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မှတ်ပုံမတင်ရသေးသော ကျေးရွာများအတွက်ပါ ဆောင်ရွက်နေရခြင်းကြောင့် ကျေးရွာ ၇၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ကျန်ကျေးရွာများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာနက ဆောင်ရွက်နေသော အမြန်လမ်းများ၊ မြို့ချင်းဆက်လမ်းများ ပေါ်တွင် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိတည်ရှိပြီး မြို့ချင်း ဆက်လမ်းများပေါ်တွင်တည်ရှိ၍ ရာသီမရွေးသွားလာနိုင်သည့်အနေ အထားဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသော နယ်စပ်ဒေသလမ်းများပေါ်တွင် ၁၅ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ မျှော်မှန်းချက်ထားပြီး မဟာဗျူဟာကို ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက စီမံခန့်ခွဲသည့် ရာသီမရွေးသွားလာနိုင်သော ကျေးရွာပေါင်း ၃၅၇၅၀ ခန့်ဖြစ်အောင် လျာထားဆောင်ရွက်မည်ဖြစ်၍ ၈၅ ရာခိုင်နှုန်းခန့် ရာသီမရွေးသွားလာနိုင်ရန် မျှော်မှန်းထား ပါသည်။
ပြည်နယ်/ တိုင်းဒေသကြီးဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလိုအပ်ချက်နှင့် လုပ်ငန်းစီမံချက်လျာထားမှု
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက်လမ်းမိုင်ပေါင်း ၂၄၇၀၇ မိုင်/၃ ဒသမ ၂၅ ဖာလုံကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ချက်အနေဖြင့် စုစုပေါင်း ငွေကျပ်သန်း ၇၆၃၈ ဘီလီယံရှိပြီး ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် ပျမ်းမျှရန်ပုံငွေလိုအပ်မှုအနေဖြင့် ဘီလီယံ ၁၁၀၀ ခန့် လိုအပ် မည်ဖြစ်ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ် တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက်လမ်း လုပ်ငန်းများကို စီမံဆောင်ရွက်မည့် အခြေအနေမှာ-
ကွန်ကရစ်/ကတ္တရာ/ - ၅၇၇၀ မိုင်/၇.၇၄ဖာလုံ
ကတ္တရာထပ်ပိုးလွှာ
ကျောက်/ ဂဝံ/ မြေနီ - ၁၇၀၃၃ မိုင် / ၀.၆၈ ဖာလုံ
မြေသား - ၁၉၀၃ မိုင် / ၂.၈၃ ဖာလုံ
စုစုပေါင်း - ၂၄၇၀၇ မိုင်/ ၃.၂၅ ဖာလုံ
ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက် တံတားလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည့် အခြေအနေမှာ-
တံတားအမျိုးအစား အရေအတွက် ပေ
ကွန်ကရစ် ၈၄၈ စင်း ၅၈၃၉၁ ပေ
Submersible Bridge ၁ စင်း ၂၀၀ ပေ
ရေကျော် ၄၃ စင်း ၃၄၂၀ ပေ
Box Culvert ၄၃၃၂ စင်း ၁၉၄၂၃ ပေ
အခြား ၂၀၆ စင်း ၄၂၆၄၉ ပေ
စုစုပေါင်း ၅၄၃၀ စင်း ၁၂၄၀၈၃ ပေတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကျေးလက်လမ်းကွန်ရက်များနှင့် စီးပွားရေးဖွံ့ဖြိုးမှု
ကျေးလက်လမ်းများဆောင်ရွက်မှုသည် ကျေးလက်စီးပွားမြင့်မား ရေးအတွက် များစွာအထောက်အကူဖြစ်၍ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။
ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး။ ။ ကုန်ထုတ်လမ်းများ၊ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်များသို့ အလွယ်တကူ ချောချော မွေ့မွေ့ပို့ဆောင်နိုင်စေပြီး ထုတ်လုပ်မှုစွမ်းအားကို မြင့်တက်စေပါ သည်။ သစ်သီးဝလံများ၊ သားငါးများကို ဈေးကွက်သို့ အချိန်မီရောက်ရှိ စေခြင်းဖြင့် လတ်ဆတ်သော ထုတ်ကုန်များကို ဖြန့်ဖြူးနိုင်ပါသည်။
ကုန်ကျစရိတ်လျှော့ချနိုင်မှု။ ။ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းကြောင့် အချိန်ကိုသက်သာစေခြင်းနှင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချနိုင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်း များ ပိုမိုထိရောက် အကျိုးများစေပါသည်။
အလုပ်အကိုင်ဖန်တီးမှု။ ။ လမ်းများကောင်းမွန်လာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့်အခြေအနေများကြောင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့ဦးရေကို လျှော့ချနိုင်ခြင်းအပြင် မိသားစုဝင်ငွေကိုလည်း တိုးပွားလာစေနိုင်ပါသည်။
အရင်းအနှီးရယူမှု။ ။ ကျေးလက်ဒေသလမ်းကွန်ရက်များ ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှုကိုအခြေခံ၍ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု အခြေအနေများ တိုးပွားလာစေနိုင်ပါသည်။
ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ။ ။ ကျေးလက်ဒေသလမ်းကွန်ရက်များ ကောင်းမွန်လာမှုကြောင့် ကျေးလက်ဒေသတွင် နေထိုင်သူကျေးလက်ပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူစွာရရှိနိုင်ရန် အထောက်အကူဖြစ်စေပါသည်။
သုံးသပ်တွေ့ရှိချက်များ
ကျေးလက်လမ်းမဟာဗျူဟာ အကောင်အထည်ဖော်နိုင်မှုကို ပြန်လည်သုံးသပ်ချက်၊ တွေ့ရှိချက်များမှာ-
(က) မြေပြင်အခြေအနေအမှန် လမ်းစာရင်းများ၊ လမ်းအမျိုး အစားများ၊ အသုံးပြုမှုများနှင့် ဖွံ့ဖြိုးရေးအလားအလာ စာရင်းအချက်အလက်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် MIS စနစ်ထားရှိရန် လိုအပ်ပါသည်။
(ခ) စီမံကိန်းလျာထားရာတွင် မဟာဗျူဟာရည်မှန်းချက်ပါ ဦးစားပေးအစီအစဉ် ရွေးချယ်ရာတွင် ကျေးရွာတစ်ရွာ အတွက် Core Rural Road Network (CRRN) လမ်း ကွန်ရက်တစ်ခုရှိရေးကို ဦးစားပေးရန်။
(ဂ) လူမှုရေးနှင့် စီးပွားရေး အကျိုးပြုမှုအများဆုံးကို ဦးစား ပေးလျာထားရန်။
(ဃ) Paved Road ကွန်ကရစ်/ကတ္တရာလမ်းများ အချိုးနှင့်မြေသားလမ်းများမှ ရာသီမရွေးသွားလာနိုင်မည့် ကျောက်ချောလမ်း/ဂဝံ/ ရိစာလမ်းများ လျာထားမှုကို အချိုးအစားမျှတစွာ လျာထားရန်နှင့် စီမံချက်အတိုင်း လျာထားရန်။
(င) ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဘက်စုံဆောင်ရွက်ရန်။
(စ) အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရန်။
(ဆ) စီးပွားရေးတွက်ခြေကိုက်ပြီး အရည်အသွေးပြည့်မီသည့် လမ်းဒီဇိုင်းဖြစ်ရန်၊ ဒေသအလိုက်ထွက်ရှိသည့် ပစ္စည်းများကို စနစ်တကျဓာတ်ခွဲစမ်းသပ်ပြီး လမ်းဒီဇိုင်းပြုလုပ်ရန်နှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်။
(ဇ) ဌာနဆိုင်ရာများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။
(ဈ) နှစ်စဉ်လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေသည် ကန့်သတ်ချက်ရှိ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၊ ကျေးလက်ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ၊ နည်းလမ်းများလည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရ ပါသည်။
ကျေးလက်လမ်းများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် အလွန်အရေးကြီးပြီး လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက်လည်း အလွန်ပင်အရေးပါပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါ၍ ကျေးလက်လမ်းမဟာဗျူဟာ ရည်မှန်းချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသုံးပြုသူ ပြည်သူများကလည်း ဝိုင်းဝန်း ထိန်းသိမ်းကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကားချက်
အမျိုးသားအဆင့်ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးမဟာဗျူဟာ (၂၀၁၇)
ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာပြန်လည်သုံးသပ်ခြင်း (၂၀၂၄)