Skip to main content

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်လွှဲအပ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်မျှအရေးပါသနည်း

မင်းခန့်ကျော်(ဥပဒေ)

ယခုလ ၂၃ ရက်နေ့ထုတ်သတင်းစာများတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်း သတင်းတစ်ပုဒ်ကိုဖတ်ခဲ့ရသည်။ ဒီသတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီသမ္မတတာဝန်တွေလွှဲယူလိုက်ပြီ၊ ဒါဟာအခြေခံဥပဒေနဲ့မညီညွတ်ဘူး စသည်ဖြင့် သတင်းရဲ့ဆိုလိုရင်းကိုသိရှိအောင် သေချာစွာမဖတ်သည့်အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆက်စပ်မှုကို ဂဃနဏမသိဘဲ ဥပဒေကိုလိုရာဆွဲပြီး အမျိုးမျိုးဝေဖန်ကြတာကို တွေ့ရသည်။

ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့

သတင်းစာသားကို သေသေချာချာဖတ်ရှုကြည့်မည်ဆိုပါက ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန်လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့သည်ဆိုသည့်အချက်ကို တွေ့ရသည်။ ထိုကဲ့သို့အကြောင်းကြားစာ ပေးပို့ခဲ့ပြီးသည့်နောက်မှာတော့ ၂၂-၇-၂၀၂၄ ရက်နေ့တွင် တာဝန်လွှဲပြောင်းအပ်နှံမှုအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည်ဆိုသည့်အချက်ကိုလည်း တွေ့ရသည်။

အထက်ပါအချက်နှစ်ချက်ကို ကြည့်မည်ဆိုပါက ယာယီသမ္မတက သူ့ရဲ့ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို အလုံးစုံလွှဲပြောင်းခြင်းမဟုတ်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတအဖြစ် လွှဲပြောင်းခန့်အပ်ခြင်းမဟုတ်ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။

ပုဒ်မ ၄၂၆ မှ ၄၂၉ အထိ ပြဋ္ဌာန်းချက်များတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုသာ ရည်ညွှန်းပြဋ္ဌာန်း

ယင်းအချက်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲမပြောဘဲ ဆက်စပ်ပြဋ္ဌာန်းချက်များကို ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်ကြည့်ရန်လိုမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းတွင် “နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(ခ)တွင် “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန်ကြေညာနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄၂၅ တွင် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက်တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄၂၆ မှ ၄၂၉ အထိ ပြဋ္ဌာန်းချက်များတွင် နိုင်ငံတော်သမ္မတအား ရည်ညွှန်းပြဋ္ဌာန်းခြင်းမရှိတော့ဘဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုသာ ရည်ညွှန်းပြဋ္ဌာန်းသည်ကို တွေ့ရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်

အထက်ပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်မရှိသည့် ယခုကဲ့သို့ အရေးပေါ်ကာလအခြေအနေတွင် ယာယီသမ္မတ၏အခန်းကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပချိန်တစ်ခုတည်းတွင်သာ ဦးဆောင်ရန်ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို မလွဲမသွေကျင်းပရမည့် အချိန်များရှိသည်။ ထို့ကြောင့် ယာယီသမ္မတအနေဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ကျင်းပရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆက်လက်ဖော်ဆောင်နိုင်ရေး နိုင်ငံတော်အတွက် အမြော်အမြင်ကြီးစွာဖြင့် ၎င်းဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန်လစ်ဟင်းနေစဉ်ကာလတို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနိုင်ရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်သာ ၎င်း၏တာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးကို လွှဲအပ်ခြင်းဖြစ်သည်။

ယာယီသမ္မတအဖြစ် လွှဲပြောင်းခန့်အပ်ခြင်းမဟုတ်သည်ကို သတိပြုမိရန်လို

အခြားအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များရှိပါလျက် မည်သည့်အတွက်ကြောင့် ၎င်း၏တာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ရပါသနည်းဟု မေးခွန်းထုတ်ဖွယ်ရှိပါသည်။ ပထမအချက်ကိုပြောရမည်ဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ ဒုတိယအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသူဖြစ်ခြင်း၊ တတိယအချက်အနေဖြင့် ပုဒ်မ ၄၁၂ အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက ညှိနှိုင်းရမည့်အဖွဲ့ဝင်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ခြင်း စသည့်အချက်များကြောင့် ယာယီသမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ခြင်းဖြစ်သည်။ ယာယီသမ္မတအဖြစ် လွှဲပြောင်းခန့်အပ်ခြင်းမဟုတ်သည်ကို သတိပြုမိရန်လိုသည်။

အချုပ်အားဖြင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာထားမှု အခြေအနေမှသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆက်လက်ဖော်ဆောင်၍ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်ရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတက ၎င်း၏တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ခြင်းသည် မည်မျှအရေးကြီးကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များအား ပုဂ္ဂလဓိဋ္ဌာန်မပါဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်သုံးသပ်ကြမည်ဆိုလျှင် ပကတိအမှန်တရားကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။     ။