Skip to main content

စကားဆိုသည့်အရာ

ရွှေနန်းမေ

‘စကား’သည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှုမှသည် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ပေါင်းစည်းပေးသည့် ကြားခံ “ဆက်သွယ်ရေး”ဟုပင် ဆိုနိုင်ပါသည်။ စကားကိုလူတိုင်း ပြောတတ်သော်လည်း ပြောဆိုပုံနည်းစနစ်၊ စကားလုံးရွေးချယ်မှုနှင့် လေယူလေသိမ်းကွာခြားသည်နှင့် ထွက်ပေါ်လာသည့် စကားသံမှာလည်း နားထောင်ရသူအပေါ်ကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့်လည်း “ချစ်စေလို ခံတွင်းလက်လေး သစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်”ဟူသော စကားပုံများ ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။ စကားတစ်ခွန်း၊ စာတစ်ကြောင်းသည်ပြောကြားသူ၊ ရေးသားသူက သြဇာကြီးမားလေလေ နာကြားရသူ၊ ဖတ်ရှုရသူအတွက် သက်ရောက်မှုကြီးလေလေဖြစ်ပါသည်။ ပြောကြားခဲ့သောစကားတစ်ခွန်း၊ ရေးသားသောစာတစ်ကြောင်းသည် နားထောင်သူ၊ ဖတ်ရှုရသူ၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားရသည့် သာဓကများစွာလည်းရှိပါသည်။

အချို့မှာ အမုန်းပွားစေမည့် အမုန်းစကားများကို ပြောကြားသည်။ မျက်ဝါးထင်ထင်ပကတိ မျက်မြင်အခြေအနေကို မျက်ကွယ်ပြုသွေဖည်ကာ ပြောကြားသည်။ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်း ဆင်ကာ သတင်းအမှား အတင်းစကားတို့ကို ပြောကြားသည်။ အကြောင်းအကျိုးမဆက်စပ်ဘဲ ကိုယ်လိုရာ၊ ကိုယ်အားသန်ရာကို ပြောကြားသည်။ အချင်းချင်းရင်းနှီးချစ်ခင် လေးစားတန်ဖိုးထားမှုများ ပျက်ပြားစေမည့် သွေးခွဲစကား၊ ခြေထိုးစကား၊ ကုန်းချောကုန်းတိုက်စကားများကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောကြားသည်။ ထိုကဲ့သို့သောစကားများကြောင့် ပြဿနာများ၊ ရန်ပွဲများ၊ ပဋိပက္ခများစွာ ဖြစ်ပေါ်ရလေ့ရှိပါသည်။ ချစ်ခင်သူများမှသည် ရန်သူများအသွင် ဆောင်သွားရသည်များလည်း ဖြစ်လာနိုင်ပါသည်။ သို့ဖြစ်ရာ မိမိနှင့်မိမိပတ်ဝန်းကျင်မှသည် မိမိနေထိုင်ရာ နိုင်ငံတွင်း ချစ်ခြင်းမေတ္တာ တရားဖြင့် အေးချမ်းစွာနေနိုင်စေရန်အတွက် အဆိုပါဝစီဒုစရိုက်ပြောဆိုခြင်းများကို ရှောင်ရှားရမည်ဖြစ်ပါသည်။

ထို့ကြောင့် စကားပြောရာတွင် မိမိပြောကြားလိုသည့် စကားကို “စကားအရာအင်္ဂါလေးတန်”နှင့်ညီအောင် ပြောရပါမည်။ စကားအရာအင်္ဂါ လေးတန်နှင့်ညီသော ပြောစကားသည် မင်္ဂလာရှိပေသည်။ ပြောကြားသူရော ကြားနာရသူအတွက်ပါ မင်္ဂလာဖြစ်စေသည်။ မင်္ဂလာရှိသော မင်္ဂလာစကားသည် တန်ဖိုးရှိပြီး ကောင်းသောအကျိုးကိုသာ ဖြစ်စေမည်ဖြစ်ပါသည်။ စကားအရာ၌ သုဘာသိတ၊ ပိယဝါစာ၊ သစ္စာ၊ ဓမ္မဟူ၍ အင်္ဂါလေးပါးရှိပါသည်။ အဓိပ္ပာယ်ဆိုလိုရင်းမှာ -

သုဘာသိတ- ကောင်းသော စကားကို ပြေပြစ်စွာ ပြောဆိုခြင်း၊

ပိယဝါစာ- ချစ်နှစ်သက်ဖွယ်သောစကားကိုပြောဆိုခြင်း၊

သစ္စာ- ဟုတ်တိုင်းမှန်ရာ ပြောဆိုခြင်း၊

ဓမ္မ- တရားသဖြင့်ပြောဆိုခြင်းဟူ၍ ဖြစ်ပါသည်။

ထို့ပြင် စကားပြောဆိုရာတွင် လောက၌ မှတ်သားလိုက်နာသင့်သည့် စကားခြောက်မျိုးရှိပါသည်။ (၁) ဟုတ်မှန်အကျိုးရှိ၊ သူနာလိုသောစကား၊ (၂)ဟုတ်မှန်အကျိုးရှိ၊ သူမနာလိုသောစကား၊ (၃) ဟုတ်မှန်အကျိုးမရှိ၊ သူနာလိုသောစကား၊ (၄) ဟုတ်မှန်အကျိုးမရှိ၊ သူမနာလိုသောစကား၊ (၅) မဟုတ်မမှန်အကျိုးမရှိ၊ သူနာလိုသောစကား၊ (၆) မဟုတ်မမှန်အကျိုးမရှိ၊ သူမနာလိုသောစကား တို့ပင်ဖြစ်ပါသည်။ “ဟုတ်မှန်အကျိုးရှိ၊ သူနာလိုသောစကား”နှင့် “ဟုတ်မှန်အကျိုးရှိ၊ သူမနာလိုသောစကား” နှစ်မျိုးကိုသာ ပြောဆိုသင့်ကြောင်းကို “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်”ဟူသော မြန်မာ့ဆိုရိုးစကားတွင်ပင် ဖော်ပြထားသည်ကို သတိမူအပ်ပါသည်။

ထို့ပြင် စကားအရာ၌ ကျွမ်းကျင်လိမ္မာပါးနပ်စွာဖြင့် နယ်ပယ်အသီးသီးတွင် ပြောဆိုတတ်စေရန်အတွက် စကားကြီးဆယ်မျိုးဟူ၍ မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားပါသည်။ ထိုဆယ်မျိုးမှာ -

‘ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီး ဖောင်ဆန်၊ အိုးတန်ဆန်ခတ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ရေသွားသည့်သွင်၊ ခက်တင်မောင်း နင်း၊ ဆိုခြင်းစကားဤ ၁ဝ ပါး’ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။ ယင်းတို့၏ အဓိပ္ပာယ်ကိုအောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်-

ရေကူးညာတင်စကား

မြစ်တစ်ဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်မြစ်ညာကတင်၍ကူးမှ လိုရာသို့ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ရောက်အောင် အထက်ကတင်ကူး၍ ပြောခြင်းအတတ်။

ကောက်ပင်ရိတ်လှီးစကား

စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာတံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တစ်ဖက်လူ၏စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်အောင်ပြောဆိုခြင်း အတတ်။

ရေစီးဖောင်ဆန်စကား

ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကိုတင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းအတတ်။

အိုးတန်ဆန်ခတ်စကား

အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ် စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းအတတ်။

ဆီပွတ်ကျည်ပွေ့စကား

ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိအလိုရှိသောစကားကို အထပ်ထပ်ပြောခြင်းသည် ဆီပွတ်ကျည်ပွေ့စကားပြောဆိုခြင်းအတတ်။

ဆင်ဝှေ့ရန်ရှောင်စကား

ဆင်ဝှေ့မည်ဟုဆိုလိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်ပါက ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းအတတ်။

တောင်သူယာခုတ်စကား

 တောင်သူလယ်သမားတို့သည် ယာခုတ်လျှင် ချုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်း ခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင် ဦးစွာစကားငယ်ကိုပြောပြီးမှ စကားကြီးဖြင့်ပိတ်၍ ပြောဆိုခြင်းအတတ်။

ကြက်ဆုတ်ခွပ်ပစ်စကား

ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင် သူ့အလိုကို လိုက်တန်သရွေ့လိုက်ပြီးလျှင် အသာစီးရသောအခါမှ ပြီးပြတ်အောင်ပြောဆိုခြင်းအတတ်။

ရေစစ်ပမာစကား

ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကိုလက်နှင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူစကားပြောဆိုခွင့် မရအောင်ပိတ်ဆို့၍ပြောဆိုခြင်းအတတ်။

ခက်တင်မောင်းနင်းစကား

မောင်းနင်းသောသူသည် တစ်ဖက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်းအတတ်တို့ပင် ဖြစ်ပါသည်။

လူထုဆက်သွယ်ရေး ပညာရှင်တို့၏ အဆိုအရ သာမန်လူတစ်ဦးသည် အိပ်ပျော်နေချိန်မှအပ ကျန်အချိန်၏ ၇ဝ ရာခိုင်နှုန်းကို ဆက်သွယ်မှုပြုနေရသည်ဟု ဆိုပါသည်။ မိမိ၏ဆက်သွယ်ခြင်း အချိန်စုစုပေါင်း၏ ကိုးရာခိုင်နှုန်းကို စာရေးခြင်း၊ ၁၆ ရာခိုင်နှုန်းကိုစာဖတ်ခြင်း၊ ၃၀ ရာခိုင်နှုန်းကို စကားပြောခြင်းနှင့် ၄၅ ရာခိုင်နှုန်းကို နားထောင်ခြင်းအသီးသီးပြုသည်ဟု ဆိုထားပါသည်။ ထို့ကြောင့်လူတစ်ဦး၏ ဆက်သွယ်မှုအချိန်စုစုပေါင်း၏ သုံးပုံတစ်ပုံသည် စကားပြောခြင်းနှင့် ထက်ဝက်နီးပါးသည် နားထောင်ခြင်းဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုသို့ဆက်သွယ်ရာတွင်လည်း ပြောဆိုသူပြောလိုသည့် စကား၏အဓိပ္ပာယ်ဆိုလိုရင်း အတွေးအမြင်နှင့် ခံစားချက်များကို နားထောင်သူက သဘောပေါက် နားလည်မှသာလျှင် ဆက်သွယ်ခြင်းလုပ်ငန်းအထမြောက်သည်ဟု ဆိုနိုင်ပါသည်။

ယနေ့ခေတ်တွင် PR ဆိုသည့် ပြည်သူ့ဆက်ဆံ ရေးကောင်းမွန်မှသာလုပ်ငန်းများ ပိုမိုအောင်မြင် ကြောင်းသိရှိပြီး ကုမ္ပဏီများ၊ ဌာနများ၊ အဖွဲ့အစည်းများတွင် ဝန်ထမ်းများကို PR ကောင်းမွန်သည့်သူများဖြစ်အောင် လေ့ကျင့်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ ပြည်သူ့ဆက်ဆံရေး (PR)နှင့် ဆက်စပ်နေသည့် (Interpersonal Communication)ဆိုသည့် ပုဂ္ဂိုလ်ရေး ချဉ်းကပ်စည်းရုံးသောလုပ်ငန်းကို ဆောင်ရွက်ရာတွင် အသုံးပြုသော ဆက်သွယ်ရေးကိရိယာမှာလည်း စကားပင်ဖြစ်ပါသည်။ ထို့ကြောင့် စကားအရာတွင် ကျွမ်းကျင်လိမ္မာမှုရှိမှသာ လူအများနှင့် ဆက်သွယ်ရာတွင် ထိရောက်စွာ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ပြည်သူ့ဆက်ဆံရေးဝန်ထမ်းတစ်ဦးအနေဖြင့် စကားပြောဆိုရာတွင် ယဉ်ကျေးသည့်အမူအရာများရှိရမည်ဖြစ်ရာ ရဲတင်းလွန်းသော အမူအရာ၊ ရှိုးတိုးရှန့်တန့်အမူအရာနှင့် စိတ်မပါသကဲ့သို့သော အမူအရာတို့ဖြင့် ပြောဆိုခြင်းကို ရှောင်ကြဉ်သင့်သကဲ့သို့ သူတစ်ပါးစကားကို ကြားဖြတ်ပြောခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။ ပြုံးရွှင်သောမျက်နှာထားဖြင့် နားထောင်သူကို ကြည့်၍ တစ်ဖက်လူ၏ပြောစကားကို အာရုံစူးစိုက် နားထောင်ရမည်ဖြစ်ပါသည်။ စကားပရိယာယ် ကြွယ်ဝအောင် ပြောဆိုနိုင်စေရန်အတွက် -

(၁) အလွယ်တကူပြောလေ့ရှိသည့် အာလာပသလ္လာပစကားများသည်ပင်လျှင် ပြောလိုသောစကား အောင်မြင်မှုအတွက် နိဒါန်း(ခြေဆင်း)ဖြစ်သဖြင့် ပြီးလွယ်စီးလွယ် မပြောအပ်ပေ၊

(၂) လူတို့၏ စိတ်ဆန္ဒသည် စကားတွင် ပေါ်လာတတ်သည်ဖြစ်သဖြင့် စကားကိုနားထောင်၍ တစ်ဖက်လူ၏ စိတ်ကို အကဲခတ်ပါ၊

(၃) ဟန်လုပ်၍ စကားကောင်းပြောသူဖြစ်စေကာမူ များများပြောလာပါက ရင်ထဲက သဘောထား ပေါ်လာတတ်ပါသည်၊

(၄) စိတ်မရှင်းသူသည် စကားပြောရာတွင်လည်း မရှင်းမလင်းပြောတတ်သည်။ အကြောင်းအရာတစ်ခုကို ပြတ်ပြတ်သားသား မဆုံး ဖြတ်နိုင်၊ ဆိုလိုရင်းကို ရောက်အောင် ကိုယ်တိုင်မပြောနိုင်ပေ။

(၅) လူတို့ပြောသည့်စကားများမှ ပြောသူ၏အသိ ကိုပြသည်၊ စိတ်ကိုပြသည်၊ မြင်အောင်ကြည့် တတ်ရန်လိုပါသည်။

(၆) စိတ်မြန်သူသည် နှုတ်မြန်တတ်သည်၊ နှုတ်မြန်ခြင်းသည် မကောင်း၊ အမှားပါတတ်ပါသည်၊

(၇) လေနှင့်ပြောခြင်းဖြစ်သော်လည်း အသိနှင့် ခံစားရသည့်နားအတွက် ထိခိုက်နစ်နာတတ်ပါသည်၊

(၈) လူတိုင်းတွင် ယုံလွယ်သောစိတ်ရှိသကဲ့သို့ မယုံကြည်လိုသောစိတ်၊ သံသယစိတ်များလည်း ရှိတတ်သည်ကို သတိပြုပါ၊

(၉) လိမ်ညာပြောဆိုခြင်းများကို ယုံကြည်အောင် ပြောတတ်သူများတွင် အရည်အချင်းရှိသည်။ ယုံကြည်အောင်လည်း ပြောတတ်ကြပါသည်။ ပြောပါများလျှင် အမှားများကို အမှန်ထင်လာကြသည်။ တချို့မှာ မှားမှန်းသိလျက်နှင့် ယုံကြည်လိုကြသည်။ မသိနားမလည်သူများသည် လိမ်ညာမှုဒဏ်ကိုခံစားရမှန်းမသိ ခံစားကြရသည်။ တမင်လိမ်ညာပြောဆိုခြင်းသည် စကားပရိယာယ်မဟုတ်ပါ၊ ဝစီဒုစရိုက်သာဖြစ်ပါသည်၊

(၁၀) စကားကြီး စကားကျယ်များကို သုံးစွဲတိုင်း အထင်ကြီးစရာ ဖြစ်မလာတတ်သည်ကို သတိပြုရပါမည်။ ကိုယ်တိုင်က ပညာအခံဗဟုသုတအခံရှိရန် လိုအပ်ပါသည်၊

(၁၁) အတောမသတ် ပြောတတ်ခြင်းသည် လိုရင်းမရောက်ဘဲ အကြည်ညိုပျက်စေတတ်၊ အထင်သေးခံရတတ်ပါသည်၊

(၁၂) စကားအရာအင်္ဂါလေးတန်ရှိသည်။ ကောင်းစွာပြောဆိုရခြင်း၊ နှစ်သက်ဖွယ်ချစ်ဖွယ်ရှိသော စကားကို ပြောဆိုခြင်း၊ ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုခြင်းနှင့် သဘာဝကျပြီး လိုက်နာဖွယ်ရှိသော စကားတို့ကို ပြောဆိုခြင်းတို့ ဖြစ်ပါသည်၊

(၁၃) စကားသည် ပြောသူ၏ ခံယူချက်၊ ခံစားချက်တို့ပေါ်တွင် မူတည်သည်။ ခံယူအားသန်ရာကို အခြေခံ၍ ပြောတတ်သည်၊ လိုရာဆွဲပြီး ပြောတတ်သည့် လူ့သဘာဝကို နားလည်ထားရပါမည်၊

(၁၄) စကားပြောရာတွင် မိမိခံယူချက်နှင့် မတူသည့်တိုင်အောင် သည်းခံနားထောင်၍ အခါအခွင့်ကိုစောင့်ပြီး ပြောတတ်သည့် အကျင့်ကိုကျင့်ရပါမည်၊

(၁၅) အချို့လုပ်ငန်းများ၏ အဖြေများသည် နားထောင်သူ၏ နှုတ်ကမထွက်သော်လည်း မျက်နှာအမူအရာက အဖြေရနိုင်သဖြင့် သိအောင်လုပ်ရပါမည်၊

(၁၆) စကားကို ပြတ်တောင်း ပြတ်တောင်းပြောခြင်းသည် ပရိသတ်ကို ရာနှုန်းပြည့်ဆွဲဆောင် နိုင်မှုမရနိုင်ပါ၊

(၁၇) နားထောင်ခြင်းသည် စကားပြောခြင်း၏ ပရိယာယ်တစ်မျိုးဖြစ်သည်။ သို့သော် တစ်ချိန်လုံး နားထောင်နေရန်မဟုတ်၊ အခွင့်အခါကောင်းကို စောင့်ခြင်း၊ တစ်ဖက်လူ၏ အားနည်းချက်၊ အားသာချက်ကို သိအောင်လုပ်ခြင်းသာ ဖြစ်သင့်ပါသည်၊

(၁၈) နားထောင်ခြင်းသည် သိလိုသောအချက်များကို မမေးဘဲရသည့် နည်းလမ်းဖြစ်သည်ကို သဘောပေါက်နားလည်ထားရမည်ဖြစ်ပါသည်၊

(၁၉) ခင်မင်ရာ၊ နှစ်သက်ရာ၊ အယူအဆတူရာ လက်ခံတတ်သည့် သဘောကို ယုံကြည်ပါ။ ခင်မင်မှုကိုရယူပါ။

(၂ဝ) တစ်ဖက်လူ စိတ်ဝင်စားသည့်အရာက စတင်ပြောဆိုပါ၊

(၂၁) ထပ်တလဲလဲ ပြောနေကျစကားများကို ရှောင်ပါ။ ငြီးငွေ့စေမည့် အသေးစိတ်အချက်အလက်များကို ရှောင်ပါ၊

(၂၂) ချီးမွမ်းပြောဆိုခြင်းသည် တစ်ခါတစ်ရံအထောက်အကူဖြစ်ပါသည်၊

(၂၃) သဘောချင်း မတိုက်ဆိုင်သူအဖြစ် ကြိုတင်သတ်မှတ်မထားဘဲ ကိုယ်သဘောတူစေလိုသည့် အကြောင်းအရာကို ရောက်အောင် ပြောဆိုပါ၊

(၂၄) သည်းခံစိတ်ရှည်စွာဖြင့် စကားပရိယာယ် ကြွယ်အောင်ကြိုးစားပါ၊

(၂၅) စကားပရိယာယ်ကြွယ်ဝသူများနှင့် ရင်ဆိုင်ရာတွင် ကိုယ်တိုင်ကလည်း ပြောသူ၏ပရိယာယ်ကို နားလည်ကျွမ်းကျင်ထားရန် လိုအပ်ပါသည်ဟု ဆိုထားပါသည်။

လူနှင့်လူချင်းဆက်ဆံရာတွင် ဦးစွာစကားဖြင့်သာစ၍ ဆက်ဆံရပါသည်။ ကုန်ကျစရိတ်သက်သာ မှုအရှိဆုံးနှင့် တန်ဖိုးအရှိဆုံး မီဒီယာဟုပင်တင်စားလေ့ရှိပါသည်။ အရည်အသွေးကောင်း မည်မျှပင်ရှိ သည်ဖြစ်စေ စကားကောင်းကောင်း မပြောတတ်လျှင်ပတ်ဝန်းကျင်တွင် ဝင်ဆံ့မှုမရှိနိုင်ပါ။ စကားပြော မကျွမ်းကျင်ပါက စေတနာနှင့်ပြောခြင်းဖြစ်သည့် တိုင်တလွဲထင်တတ်ပြီး ပေါင်းသင်းဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်စေနိုင်ပါသည်။ “နှုတ်ချို သျှိုတစ်ပါး” ၊ “နှုတ်ကောင်းလျှင် ပြည်စိုး” ဆိုသည့် စကားများအတိုင်း စကားကိုပြေပြစ်လိမ္မာစွာ ပြောဆိုနိုင်ခြင်းသည် အလိုရှိအပ်သော အမှုကိစ္စများ အောင်မြင်ပြီးမြောက်စေပါသည်။ သို့ဖြစ်ရာ ပြုံးရွှင် သော မျက်နှာဖြင့် ပြောအပ်သောချိုသာသည့် စကား သည် ကြည်သာစွာပေးအပ်သောလက်ဆောင်ထက် သာလွန်သည်ဟုဆိုသည့်အတိုင်း မိမိတို့အနေဖြင့် စကားပြောဆိုရာတွင် နှုတ်အမူအရာယဉ်ကျေးလိမ္မာ စေရန် တည်ဆောက်လေ့ကျင့်နေ ရမည်ဖြစ်ပါသည်။

ကိုးကား-မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

မြန်မာဆိုရိုးစကား။ မြန်မာစာအဖွဲ့ ဦးစီးဌာန၊ ၁၉၉၆ ခုနှစ်