ပြည်သူအကျိုးပြု မြို့နယ်သမဝါယမအသင်းစု
K ဇင်သစ်(မန်းတက္ကသိုလ်)
ဦးစွာ မြန်မာနိုင်ငံရှိ သမဝါယမအသင်းဖွဲ့စည်းမှုကို တင်ပြပါရစေ။ အသက်(၁၈) နှစ်ပြည့်ပြီး အသင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အနည်းဆုံးလူပုဂ္ဂိုလ်ငါးဦးဖြင့် အခြေခံသမဝါယမအသင်းဖွဲ့စည်းနိုင်ပြီး အခြေခံအသင်းသုံးသင်းဖြင့် သမဝါယမအသင်းစုကို ဖွဲ့စည်းနိုင်ပါသည်။
သမဝါယမအသင်းစုချုပ်ကို အသင်းဝင်အသင်းစုများဖြင့် ဖွဲ့စည်းပြီး အသင်းစုနှင့် အသင်းစုချုပ်တို့ပါဝင်သော ဗဟိုသမဝါယမအသင်းကို ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။ ၃၁-၅-၂၀၂၄ ရက်နေ့အထိ အသင်းဝင် ၄၆၁ သင်းပါဝင်သော ဗဟိုသမဝါယမအသင်းတစ်သင်း၊ အသင်းဝင် ၅၁၅ သင်း ပါဝင်သောသမဝါယမအသင်းစုချုပ် ၂၂ သင်း၊ အသင်းဝင် ၂၀၂၂၄ သင်း ပါဝင်သောအသင်းစု ၄၄၉ သင်းနှင့် အသင်းသားဦးရေ ၄ ဒသမ ၁၉ သန်းတို့ဖြင့် အခြေခံသမဝါယမအသင်း ၃၈၁၈၇ သင်း ဖွဲ့စည်းမှတ်ပုံတင်ထားသည့်အတွက် သမဝါယမအသင်းပေါင်း ၃၈၆၅၉ သင်းတို့က အသင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍတို့မှ ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်
ဒေသခံပြည်သူများအတွက် အကျိုးပြုလျက်ရှိနေသော ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်နေမှုများကို စာရေးသူလေ့လာ မိသလောက်မျှဝေပေးလိုပါသည်။ ကမ္ဘာ့နိုင်ငံများတွင် သမဝါယမလုပ်ငန်းများ အောင်မြင်လျက်ရှိနေပြီး မိမိတို့နိုင်ငံတွင် မည်သည့်အောင်မြင်နေသည့် သမဝါယမအသင်းအရေအတွက် နည်းနေ သေးသလဲဆိုသည့် မေးခွန်းက ရှေ့ဆုံးရောက်နေ သည်ကိုမငြင်းဝံ့ပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနေသည့် မြန်မာ့သမဝါယမအသင်းများအနေဖြင့် အချို့သောကြယ်ပွင့် တစ်နည်းအောင်မြင်နေသော သမဝါယမအသင်းများအနေဖြင့် ယင်းတို့၏ အသင်းဝင်/ အသင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေသည်ဆိုသည့် ပကတိအရှိတရားကလည်း လက်တွေ့မှာ အမှန်ရှိနေပြန်ပါသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၇၅ အုပ်စု ကျေးရွာပေါင်း ၂၂၀ တို့ရှိ ပြည်သူ ၃၀၃၂၅ ဦးတို့မှ အများဖြင့် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ရှိသူ၊ သမဝါယမစနစ်အား ယုံကြည်လက်ခံကြသူများဖြင့် ရပ်ကွက်/ကျေးရွာကို အခြေခံဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်း ၂၅၀ ရှိပြီး အဆိုပါအသင်းများသည် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုတွင် အသင်းဝင်များအဖြစ် ပါဝင်လျက်ရှိပါသည်။
မြို့နယ်သမဝါယမအသင်းစုကို အမှုဆောင် ဒါရိုက်တာကိုးဦး၊ အသင်းဝန်ထမ်း ၃၂ ဦးတို့ဖြင့် လုပ်ငန်းခွဲ ၁၁ ခုကို လုပ်ကိုင်ဆောင်ရွက်လျကရှိကြောင်း သိရှိရပါသည်။ မြို့နယ်သမဝါယမအသင်းစုအနေဖြင့် အသင်းဝင် အခြေခံသမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ကောင်းမွန်မှုနှင့် ကြိုးစားလုပ်ကိုင်လိုသော ဆန္ဒရှိသည့်အသင်းများအား လယ်ယာမြေအဆင့်မြှင့်တင်ခြင်း၊ အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းလုပ်ကိုင်ခြင်း၊ အရောင်းဆိုင်(သွင်းအားစုအထူး)လုပ်ငန်းနှင့် မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် အခြေခံသမဝါယမအသင်း ၁၇၃ သင်း၊ စိုက်ဧက ၃၄၁၉ ဧကတို့အတွက် ကျပ် ၁၀၁၉၉ သိန်းနှင့်ညီမျှသော မျိုးကောင်းမျိုးသန့်၊ သွင်းအားစုမြေဩဇာများ သီးနှံစိုက်ပျိုးမှုအပေါ်အခြေခံပြီး ထောက်ပံ့ပေးထားသောကြောင့် ကျေးလက်နေအသင်းသား တောင်သူဦးကြီးများအနေဖြင့် သီးနှံများအထွက်တိုး၍ ကိုယ်စီဝင်ငွေတိုးနေသည်ကလည်း အောင်မြင်လျက်ရှိပြီး ပြည်သူအားထားရာ သမဝါယမအသင်းတစ်သင်း၏ ဆောင်ကြဉ်းပေးနိုင်မှုဟု ဆိုချင်ပါသည်။
ညောင်ဦးမြို့ မဏိစည်သူဈေးတွင် ကျောင်းသုံး၊ ရုံးသုံးပစ္စည်းများ၊ လယ်ယာသုံးစိုက်ပျိုးရေး ဆေးများ၊ အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆန်နှင့်အသင်းစုဆီစက်မှ ကြိတ်ခွဲသော စားသုံးဆီများကိုလည်း ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိစေနိုင်ရေး အထောက်အကူပြုလျက်ရှိကြောင်း သိရှိရပါသည်။
ပုဂံဘုရားဖူးပြည်သူများ ခရီးသွားအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးတို့အတွက် ညောင်ဦးမန်းမော်တော်ယာဉ်လုပ်ငန်းကို ၁၉၇၄ ခုနှစ်မှ စတင်လိုင်းဝင်ပြေးဆွဲခဲ့ပြီး မော်တော်ယာဉ်ခုနစ်စီးဖြင့် ပုဂံညောင်ဦး-မန္တလေး-နေပြည်တော်ခရီးစဉ်များကို နေ့စဉ်ပြေးဆွဲလျက်ရှိခြင်းကြောင့် အသင်းအနေဖြင့် တစ်နှစ်တာအတွင်း ဝင်ငွေကျပ် ၁၂၆၆ သိန်း ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ မိုးစပါး၊ ဝါ၊ နှမ်းနှင့် အခြားသီးနှံစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း ၁၀ သင်းသို့ ကျပ် ၁၃၄၆ သိန်းတန်ဖိုးရှိ အထွက်နှုန်းတိုးမျိုး နှင့် သွင်းအားစုတို့ကို စိုက်ဧက ၆၃၂ ဧကအတွက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်ပေးမှုအနေဖြင့် ယွန်းထည်ပစ္စည်းလုပ်ငန်း၊ မိုလ်လုပ်ငန်းနှင့် ဆေးရေးပန်းချီလုပ်ငန်း၊ မြေပဲဆုံဆီနှင့်ပဲကြော် လုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်း သုံးသင်းကိုလည်း မြို့နယ်သမဝါယမအသင်းစုပိုင် ငွေကျပ် ၉၂၄ သိန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိအောင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် ကြယ်တစ်ပွင့်ရဲ့ စွမ်းဆောင်နိုင်မှုများသည် ဒေသခံပြည်သူများအတွက် “သစ်တစ်ပင် ကောင်းငှက်တစ်သောင်းနား”ဆိုသည့်ပမာ ညောင်ဦး မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအတွက် အားကိုးရာ မြို့နယ်သမဝါယမအသင်းစုအဖြစ် တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပေသည်။
စားအုန်းဆီတင်သွင်းခြင်းကို အစားထိုးနိုင်
သူဌေးကန်မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းနှင့် အကျိုးတူဆိတ်မွေးမြူရေးလုပ်ငန်း ကိုဆောင်ရွက်လျက်ရှိရာ ဆိတ်ကောင်ရေ ၃၄၀ မွေးမြူထားရှိကြောင်း သိရှိရပါသည်။ မြို့နယ်သမဝါယမအသင်းစုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု၊ ခရီးသည် ယာဉ်လိုင်း၊ အရောင်းဆိုင်စသည့် လုပ်ငန်းနယ်ပယ်များမှာလည်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်သကဲ့သို့ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်ပြည်သူအများစု သုံးစွဲမှုပြုနေသည့် ညောင်ဦးပဲဆီသန့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှလည်း နိုင်ငံတော်၏ သွင်းကုန်အစားထိုးလုပ်ငန်း အထူးသဖြင့် စားအုန်းဆီတင်သွင်းခြင်းကို အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ညောင်ဦးပဲဆီသန့်ဟု ဈေးကွက်အတွင်း လူသိများသော စားသုံးဆီဘူးများကို မြို့နယ်သမဝါယမ အသင်းစုပိုင် အနော်ရထာဆီစက်မှ ကြိတ်ခွဲဖြန့်ဖြူး ရောင်းချပေးနေခြင်းဖြစ်ပါသည်။ လတ်တလောတွင် မြင်းကောင်ရေ ၂၅ ကောင်သုံး စပါယ်ရှယ်ဝမ်း ဆီဆုံနှစ်လုံးဖြင့် နေ့ညမပြတ် ကြိတ်ခွဲလျက်ရှိပြီး ဇူလိုင်လတွင် နောက်ထပ် ဆီစက်တစ်လုံးဝယ်ယူ ၍ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဆီဆုံသုံးလုံးဖြင့် ကြိတ်ခွဲပါက တစ်ရက်လျှင် မြေပဲဆန် ပိဿာ၁၂၅၀ ကြိတ်ခွဲနိုင်မည်ဖြစ်ပြီး တစ်နှစ်ပတ်လုံးပိဿာ လေးသိန်းခန့်ကြိတ်ခွဲနိုင်မည်ဖြစ်၍ မြေပဲဆီ ပိဿာ ၁ ဒသမ ၆ သိန်းခန့်နှင့် မြေပဲဖတ်ပိဿာ ၂ ဒသမ ၃ သိန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ညောင်ဦးပဲဆီသန့် ၏ အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာမှုတို့ကြောင့် ဝယ်လိုအားများလာခြင်းဖြစ်၍ ဆီစက် အသစ်များ တိုးချဲ့တည်ထောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။ လက်လီတစ်မျိုး လက်ကား တစ်သွယ်ဆီဈေးကွက်အတွင်း သက်တန့်ရောင်ကြယ်တစ်ပွင့်၏ ရောင်းချဖြန့်ဖြူးပေးနေမှုမှာ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု မှတ်ယူနိုင်မည်ဖြစ်ပေသည်။
မြို့နယ်အတွင်း အသင်းသားတောင်သူများ စိုက်ပျိုးသည့်လယ်ယာဧက ၃၅၀၀ ကျော်မှထွက်ရှိ သောမြေပဲဆန်များကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ရောင်းချသည့် မြေပဲ ဆန် ပေါ်မူတည်ပြီး Refund ပေးခြင်းကို ဆောင်ရွက်သလို အခြားသောပွဲရုံများထက် မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၅၀ နှုန်းဈေးပိုပေး၍ ဝယ်ယူခြင်းတို့ကိုလည်း ဆောင်ရွက်နေခြင်းကြောင့် အရည်အသွေးကောင်းမွန်သော ကုန်ကြမ်းများ လုံလောက်စွာရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ထိုထိုသော လုပ်ငန်းအဖုံဖုံကို ဆောင်ရွက်နေသည့် ပြည်သူအကျိုးပြု မြို့နယ်သမဝါယမအသင်းစု၏ သုံးနှစ်အတွင်း ထိုက်သင့်သည့် ဝင်ငွေနှင့်အမြတ်များလည်း ရရှိလျက်ရှိနေပါသည်။
သမဝါယမအသင်းစုအနေဖြင့် ရရှိလာသော ဝင်ငွေများအနက်မှ အသင်းဝင် အခြေခံအသင်းများသို့ အစုပေါ်အမြတ်၊ ကျန်းမာရေး၊ လူမှုရေး၊ အသင်းသား တောင်သူ ထောက်ပံ့ပေးခြင်းတို့အပြင် လှူဒါန်းမှုများအား ပြုလုပ်ခဲ့ကြောင်းကိုလည်း ဇယားပါအတိုင်း ထောက်ပံ့ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အသင်းအတွက် ဝင်ငွေတိုးတက်ရရှိအောင်လည်း ကြိုးစားဆောင်ရွက်နိုင်ခြင်း၊ မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် ထွက်ရှိလာသည့် မြေပဲကဲ့သို့သော သီးနှံများအတွက် ဈေးကွက်ခိုင်မာမှုလည်းရရှိနေခြင်း၊ အသင်း/အသင်းသားများအကျိုး ထောက်ပံ့ငွေများပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် မြေပဲဆီသန့်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်ခြင်း၊ နိုင်ငံခြား ငွေသုံးစွဲမှုလျော့နည်းစေရေး တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေခြင်းစသည့် ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ကောင်းကျိုးအလီလီဖော်ဆောင်ပေးနေသော ပြည်သူအကျိုးပြု မြို့နယ်သမဝါယမ အသင်းစုဖြစ်သည့် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုကဲ့သို့ အောင်မြင်လျက်ရှိသည့် သမဝါယမအသင်းများ မြန်မာ့မြေဝယ် ရှင်သန်တည်ရှိလျက်ရှိနေပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။ ။
ကိုးကား
ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ စာရင်းအချက်အလက်များ