Skip to main content

သိပြီး ကျင့်၊ သိ၍ ရှိလျှင် ပြင်နိုင်ပါလိမ့်မည်

ဒေါက်တာမြတ်မိုး

လောကဓံဆိုတာကို အားလုံးကြုံရ၊ ဆုံရဓမ္မတာပါ။ အကောင်းလောကဓံ၊ အဆိုးလောကဓံဆိုပြီး မလွတ်ကင်း တွေ့ရမှာသာ။ ဘယ်မှာကင်းကြလို့ပါလဲ။ အာရုံတွေများလွန်းလှတဲ့ ယခုခေတ်ကြီး ပိုဆိုးလှတယ်။ မြန်မာကော ကမ္ဘာမှာပါ ဣဋ္ဌာရုံထက်အနိဋ္ဌာရုံက ပိုများနေတယ်၊ တင့်တယ်တာထက် မတင့်တယ်တာ၊ စိတ်ချမ်းသာစရာထက် ဆင်းရဲစရာက ပိုများနေတယ်၊ ဝမ်းသာကြည်နူးစရာထက် သောကစိုးရိမ်ပူဆွေးမှုတွေ၊ ပရိဒေဝငိုကြွေးမြည်တမ်းမှုတွေ၊ ဒုက္ခဆင်းရဲ၊ ဒေါမနဿ မသာယာမှုတွေ၊ ဥပါယာသ ပြင်းစွာသောပင်ပန်းမှုတွေ မီးတွေအလားထိုအပူတွေက ပိုမိုထူပြောလျက်ရှိနေပါတယ်...။

ကံ ၊ ကံရဲ့ အကျိုးသာလျှင်

အားလုံးပဲကြုံရမှာပဲ၊ ဘယ်သူမှမလွတ်ပါဘူး။ အကြောင်းက ကျွန်တော်တို့က ကံ ၊ ကံရဲ့အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့်ပါ။ ကံကိုချည်းအပြစ်ပုံချတာမဟုတ်ပေမယ့် ကံ၊ ဉာဏ်၊ ဝီရိယဆိုတာရှိတာပဲ။ ရေဘေး၊ လေဘေး၊ မီးဘေး၊ အငတ်ဘေး၊ လက်နက်ဘေးကြောင့်ဆိုပေမယ့် ဒါတွေက လူကြောင့်ပဲဖြစ်တာ၊ ခံရတာလည်း ကိုယ်ကိုယ်တိုင် ကိုယ့်ကြောင့်လည်းပါတာပဲ။ စိတ်ဆိုတာ မကောင်းမှုမှာ ပိုပြီးမွေ့လျော်တတ်တဲ့သဘောရှိလေတော့ ကိုယ်လုပ်ခဲ့လို့ ကိုယ်ပြန်ရနေကြတာပဲ၊ ကိုယ်ပြုခဲ့တဲ့စေတနာက ဘာလုပ်လုပ်ကံဖြစ်သွားတာပဲ ဆိုပြီး နှလုံးသွင်းကြည့်ပါ။ ကံဝဋ်ကြွေးတွေမကုန် ကြသေးလို့သာလျှင်ဖြစ်ပါတယ်။ ဖြစ်သူအဟောင်း ပြုသူအသစ်ပါတဲ့။ သတိပြုမိဖို့ဖြစ်ပါတယ်။ သေဘေးနဲ့ကြုံနေရလည်း သေချင်မှသေတာ၊ သေဘေးနဲ့အဝေးကြီးပေမယ့် သေချင်လည်းသေနိုင်တာ၊ အားလုံးကတော့ ကိုယ့်ကိုယ်ကိုယ် မြဲတယ် ထင်နေကြတာ၊ သူများသေလည်း ကိုယ်မသေနိုင်ဘူးထင်ပြီး မရဏသဘောကိုမသိ မေ့လျော့နေတာ၊ တွေဝေမိုက်မှား မောဟကြောင့်လည်းဖြစ်ရတယ်။ အချိန်မရွေး၊ ကာလဒေသမရွေး ငါလည်းကြုံနိုင်တယ်ဆိုတာ အမှတ်ရနေရင်ကို ဘယ်အာရုံနဲ့ကြုံကြုံ ကြိုက်တဲ့အာရုံဖြစ်လည်း အလွန်အမင်း လောဘမတက်၊ စက်ဆုပ်ဖွယ်အာရုံတွေ့လည်း ဒေါသမဖြစ်တော့၊ ဒီလိုနှလုံးသွင်းမှန်နေအောင် ကြိုးစားကြည့် ကြရအောင်ပါ။

အကြောင်းနဲ့အကျိုး

 ရာဂရဲ့အစက သုခနဲ့ သောမနဿ၊ ဒေါသရဲ့ အကြောင်းက ဒုက္ခနဲ့ ဒေါမနဿဖြစ်တယ်လို့ မြတ်စွာဘုရားက စိတ်ထားတွေမဖြူစင်၊ မစင်ကြယ်ကြခြင်းရဲ့အကြောင်းတရား​တွေကို ဟောကြားတော်မူပါတယ်။ သုခနဲ့သောမနဿဆိုတာ ကိုယ်ချမ်းသာနဲ့ စိတ်ချမ်းသာ၊ ဒုက္ခနဲ့ ဒေါမနဿ ဆိုတာ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲခြင်းဆိုပြီး အဘိဓမ္မာတရားတော်ကြီးမှာ နာယူမှတ်သား

သိနားလည်ခဲ့ရဖူးပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်လိုချင်တာမရ၊ ကိုယ်ဖြစ်ချင်တာမဖြစ်တော့ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ဖြစ် ဒေါသဖြစ်ရတယ်။ မလိုချင်တာရ၊ မဖြစ်ချင်တာဖြစ်လည်း ဒေါသ၊ ကိုယ်လိုချင်တာရ ကိုယ်ဖြစ်ချင်တာ ဖြစ်နေတော့ စိတ်ချမ်းသာပြီး ထပ်ကာထပ်ကာလိုချင်၊ လောဘဖြစ်ချင်ကြပြန်တယ်။ ရာဂတို့၊ ဒေါသတို့ဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေပါပဲ။ လောဘကို လောဘဖြစ်နေမှန်းမသိ၊ ဒေါသကို ဒေါသဖြစ်နေမှန်းမသိတော့ မောဟ၊ လောဘကြောင့် လောဘရဲ့နောက်လိုက် အယူမှားဒိဋ္ဌိနဲ့မာနတရားဆိုး ဖြစ်မိပြန်တယ်၊၊ ဒေါသကြောင့် ဒေါသနောက် လိုက်တွေဖြစ်တဲ့ မနာလိုဝန်တိုမှု ဣဿာနဲ့မစ္ဆရိယတို့ပါ တွဲပါကုန်တယ်၊၊ မောဟကြောင့် မောဟနောက် လိုက်တွေဖြစ်ကြတဲ့ အရှက်အကြောက်ကင်းမဲ့ခြင်း နဲ့ တွေဝေထိုင်းမှိုင်းပျင်းရိခြင်းစတဲ့ မကောင်းတဲ့ နောက်လိုက်တရားတွေ တွဲမိကြပြန်တယ်။

မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းဆိုတာ

အခုလို ထူးခြားမှုအပြည့်နဲ့ လလေးတစ်ခုကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အလေးအနက် ထားရှိသင့်တယ်လို့ ဆိုရပါမယ်။ မြတ်စွာဘုရားသာသနာတည်ရာ အဆုံးအမတို့အမွန်အမြတ်ပြုရာ အနှစ်သာရအပြည့်ရှိတဲ့ ဝါဆိုလပြည့်နေ့ထူးကစလို့ ဝါတွင်းအခါသမယဖြစ်လာမယ့်အတွက်ကြောင့်ပါ။ ဤနေ့ဤရက်မှာ တရားဦးအဖြစ် မေတ္တာကွန်ရက်ဖြန့်ကြက်ကာ မြွက်ကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဓမ္မစကြာဒေသနာတော်ကြောင့် ကျွန်​တော်တို့ဟာ အို၊ နာ၊ သေ ဝဲသြဂသံသရာမှ လွတ်ရာလွတ်ကြောင်း တရားတော်ကြီးကို အလွယ် တကူနားလည်ခဲ့ကြရပါပြီ၊၊ ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဤသစ္စာလေးပါးကို ထိုးထွင်းသိမြင်ခဲ့တဲ့ မြတ်စွာဘုရားက အသိကို အကျင့်နဲ့တွဲရန်ပါ ဆုံးမတော်မူခဲ့ပါတယ်။

သံသရာမှလွတ်ရာလမ်းကိုလျှောက်ရင် မဇ္ဈိမပဋိပဒါလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့ ဟောကြားခဲ့ခြင်းကိုလည်း ဓမ္မလမ်းကြောင်းအရကော လောကလမ်းကြောင်းအရပါ သိခွင့်ရခဲ့ခြင်းဟာ အလွန်ကို ကျေးဇူးကြီးမားခဲ့ရပါတယ်။ မဇ္ဈိမပဋိပဒါလမ်းက ဓမ္မအလိုအရတော့ မဂ္ဂင်ရှစ်ပါးပါပဲ။ မှန်စွာသိ၊ မှန်စွာကြံ၊ မှန်စွာပြော၊ မှန်စွာပြု၊ မှန်စွာအသက်မွေး၊ မှန်စွာအားထုတ် ၊ မှန်စွာသတိ၊ မှန်စွာတည်ကြည်သမာဓိတို့က ကိလေသာတို့ ကင်းရာ လမ်းကြောင်းအမှန် မဂ္ဂင်ရှစ်ပါးပင်ဖြစ်ပါတယ်၊၊ ဒါကဓမ္မအလိုအရ ပွားရမယ့်တရားပါ။ လောကအလိုအရတော့ အစွန်းနှစ်ပါးကို ရှောင်ရှား၊ အလယ်အလတ်မှာမှန်မှန်ရှိကြဖို့ ကျင့်ရမယ့်တရားအဖြစ် သတိထားဆင်ခြင်မိပြန်တယ်။ တရားရဖို့ ကုသိုလ်ရဖို့ကလွဲလို့ ဆင်းရဲပင်ပန်းခြင်းသို့လည်း အလွန်အမင်းမလိုက်နဲ့၊ လိုချင်တပ်မက်လွန်းလည်းမဖြစ်ပါနဲ့လို့ဆိုခြင်းက ကျွန်တော်တို့သွားသင့်တဲ့ အလယ်အလတ်ကျင့်စဉ်လမ်းပါပဲ။

သိလည်းသိ ပယ်လည်းပယ် ဆိုက်အောင်လည်းပွား

ထိုအကျင့်မှန်လမ်းမှန်နဲ့ သစ္စာလေးပါးကို ကျင့်ရာမှာ ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားပါ။ ဘဝအသစ်ဖြစ်လာတာ၊ ခန္ဓာရလာတာကိုက ဒုက္ခပါပဲတဲ့၊ မှန်ပါတယ်။ ခန္ဓာရလာမှတော့ အို၊ နာ၊ သေ ဘယ်လွတ်တော့ပါ့မလဲ၊ အချိန်တိုင်းပြုပြင်နေရလည်း ခဏတာ၊ ထပ်ကာထပ်ကာပြင်လို့ ကောင်းသွားလည်းခဏပါပဲ၊ ပျော်လည်းခဏ၊ ပြန်ပြီးစိတ်ဆင်းရဲစရာ ကြုံရတာပဲ။ ချမ်းသာတစ်လှည့်ဆင်းရဲ တစ်လှည့်၊ မြင့်လိုက်နိမ့်လိုက် တက်လိုက်ကျလိုက်၊ ဒီဘဝပြီးနောက်ဘဝ၊ ဘဝအသစ်အသစ်တွေ လူဘဝရမယ်ချည်းလည်းမထင်ပါနဲ့။ ၃၁ ဘုံမှာ လူဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ကျွန်တော်တို့အားလုံး ယခုဘဝမှာ လူလာဖြစ်တာက ယခင်ဘဝက ကောင်းကံတွေ ထူထောင်ခဲ့လို့။ ဒါကလည်း မပြောင်းလဲတဲ့ အမှန်တရား စသဖြင့် မြင်နေရပါမယ်။

ဒါဆိုရင် ဒုက္ခဆိုတဲ့အကျိုးတရားက ဘာကြောင့် ဖြစ်ရသလဲ။ သူ့ရဲ့အကြောင်းတရားက ဘာပါလဲ။ သမုဒယဆိုတဲ့ အမှန်သစ္စာတရားကြောင့်ပါပဲ။ လိုချင်မှုတွေများလို့ တပ်မက်မှုတဏှာရာဂတွေ များလို့ဆိုတဲ့ အဖြေထွက်ပါတယ်။ တဏှာဆိုတဲ့ ဆာလောင်မှုက ချမ်းသာမှုကြောင့်လည်းဖြစ်၊ ဆင်းရဲမှုကြောင့်လည်းဖြစ်ရတယ်။ ချမ်းသာနေ တော့လည်း ဆက်ပြီးလိုချင်တဲ့လောဘ၊ ဆင်းရဲ တော့လည်း ဆင်းရဲမှုကလွတ်အောင် ရှာမှီးရှာဖွေရတဲ့ ပြုပြင်နေရတဲ့အကြောင်းတရားတွေ၊ တကယ်တော့လည်း အကြောင်းတရားတွေညီညွတ် ပေါင်းစုံလို့ဖြစ်ရတဲ့အကျိုးတရားများပါလားလို့ ဆင်ခြင်မိရပြန်တယ်။ ဒါကြောင့်လည်း ဒုက္ခကို ဖြစ်စေတဲ့ သမုဒယကိုပယ်ဖို့ လိုအပ်လာပြန်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားခြင်းဖြစ်ပါတယ်။

ဆင်းရဲခြင်းကလွတ်အောင်၊ ဘဝတွေဆက်မဖြစ်အောင်ကိလေသာလည်းကင်း၊ ဝဋ်သုံးပါးမှလည်း ကျွတ်အောင် ဆင်းရဲခြင်းချုပ်ငြိမ်းရာ တကယ့်အမှန် နိရောဓသစ္စာကို မြတ်စွာဘုရားက ဟောကြားထား တော်မူပြန်တယ်။ ထိုသစ္စာက နိဗ္ဗာန်အထိဆိုက်တဲ့ အရိယာတို့ရဲ့ သစ္စာတရားပါ။ ကျွန်တော်တို့ ပုထုဇဉ်တွေအဖို့မှာတော့ ဤသစ္စာလေးပါးတရားကို နာကြားခွင့်ရ၊ သင်ကြားခွင့်ရတဲ့ ရေးရေးလေးမျှ သောဉာဏ်လေးရနေတဲ့ သစ္စဉာဏ်လေးနဲ့တင် ဝမ်းသာပီတိ ကျေနပ်နေရပါပြီ။ မြတ်စွာဘုရားကတော့ သစ္စာလေးပါးတရားအားလုံးကို တစ်ပါးစီ၊ တစ်ပါးစီမှာ အကြောင်းနဲ့အကျိုးဖြစ်ရာအမှန်၊ ကျင့်ရာအမှန်၊ ချုပ်ရာအမှန်ကို တိတိကျကျသိပြီး ဖြစ်တဲ့အတွက် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးပါးလုံးပြည့်စုံပြီးပါပြီလို့ နာယူခွင့်ရခဲ့၍ ဤအချက်ကား တန်ဖိုးရှိလွန်းလှပါတယ်။

အသိ သတိနဲ့ ကြိုးစားကြည့်ကြစို့

ဒီလိုနဲ့ ကုသိုလ် ၊ အကုသိုလ်နဲ့ ကံ ကံရဲ့အကျိုးကို သိလာတဲ့အခါ မိမိပြုလုပ်တိုင်း၊ ပြုလုပ်မိတိုင်းမှာ ကောင်းတာလုပ်မိအောင်ပဲ သတိထားရပါတော့ မယ်။ ကိုယ်လုပ်တာကိုယ်ပြန်ရတာပဲလို့ သိလိုက်တဲ့အခါ မကောင်းတာကို မလုပ်ဖြစ်အောင် သတိထားလာရပါပြီ။ မကောင်းတာလုပ်တဲ့သူနဲ့ စိတ်ချင်းတူ နေရင်တောင်၊ မကောင်းတာလုပ်ဖို့ တိုက်တွန်းမိခဲ့ရင်တောင် ကံမြောက်ပါတယ်၊ အကုသိုလ်ကံပါပဲ။ အကုသိုလ်အမှုပြုဖြစ်ရင် ကံမြောက်တယ်ဆိုတာ မသိလို့က များပါတယ်။ မသိတာက အဝိဇ္ဇာ၊ ဘာကို မသိတာလဲဆိုတော့ သစ္စာလေးပါး၊ ခန္ဓာငါးပါး၊ ရုပ်နမ်နှစ်ပါး၊ ကံ၊ ကံရဲ့အကျိုး စတဲ့တရားတွေကို မသိခြင်းကြောင့် ယခုဘဝနောင်ဘဝတစ်ခုခုမှာ ပြုခဲ့မိတဲ့အကုသိုလ်ကံကို မလွဲမသွေပြန်ခံရမှာ သေချာပါတယ်။ ဒါကြောင့် တရားကိုသိဖို့နဲ့သတိရှိဖို့ အထူးလိုအပ်ပြန်ပါတယ်။

အထူးသဖြင့် လူ့ဘဝရခိုက်ခဏလေး ဘုရား၊ တရား၊ သံဃာနဲ့ကြုံခိုက် အခွင့်အရေးကိုလက်လွတ် မခံဘဲ မကောင်းမှုဆို ရှောင်နိုင်အောင်၊ ကောင်းမှုဆို ဆောင်နိုင်အောင်၊ ကုသိုလ်မဖြစ်သေးရင်လည်း ဖြစ်လာအောင်၊ ဖြစ်ပြီးရင်လည်း တိုးပွားအောင်၊ မဖြစ်သေးတဲ့အကုသိုလ်ကို မဖြစ်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ်ကို လျော့ပါးအောင် ကြိုးစားကြည့်ကြပါစို့လား.. ဓမ္မမှာ ကြိုးစားမှုဆိုတာ ဝီရိယနဲ့ အားထုတ်ရ တာပါ၊ နေ့စဉ်လုပ်ငန်းဆောင်တာ ဘာပဲလုပ်လုပ် မိမိဆီကထွက်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတိုင်းမှာ အကုသိုလ်မဖြစ်မိအောင် သတိထားနေခြင်းကပင် ကျင့်နေခြင်းမည်ပါတယ်။ အထူးသဖြင့် သတိကြောင့်သာ ကုသိုလ်ဖြစ်နေတာ။ ပုထုဇဉ်တွေမို့ အကုသိုလ်ကံလေးတွေးမိ၊ ပြောမိ၊ လုပ်မိရင်တောင် အကုသိုလ်ကိုအကုသိုလ်ဖြစ်မှန်း ချက်ချင်းသိတဲ့အခါမှာ ကုသိုလ်ဖြစ်သွားတာသည်လည်း သတိဆိုတဲ့တရားကြောင့်ပါ။

ကြိုးစားကြည့်ပါ ဘာဝနာ

ဒါကြောင့် ကျွန်တော်တို့တစ်တွေ အကုသိုလ်ကံတွေကို ကုသိုလ်ကံနဲ့ဖြတ်နိုင်အောင် ကြိုးစားကြစေလိုပါတယ်။ မကောင်းတဲ့ အာရုံကိုခွာပြီး ကောင်းတဲ့အာရုံနဲ့အစားထိုးနိုင်အောင် ကြိုးစားရင်ရပါတယ်၊ သမာဓိပေါ့၊ အာနာပါနသမာဓိ၊ ကာယဂတာ သတိ၊ မေတ္တာကမ္မဋ္ဌာန်း စသည်ဖြင့်ပါ၊ သမာဓိစွမ်းအားက ကိုယ်မှာဖြစ်တဲ့ဒုက္ခ၊ စိတ်မှာဖြစ်တဲ့ဒေါသအမှုကို လျော့အောင်ပါးအောင်၊ သုခဆိုတဲ့ ကိုယ်မှာဖြစ်တဲ့ သာယာမှု၊ သောမနဿဆိုတဲ့ စိတ်မှာဖြစ်တဲ့ ကျေနပ်ဝမ်းမြောက်မှုများ အလွန်အမင်းမဖြစ်အောင် ဆောင်ယူပေးပါတယ်။ ထိုသမာဓိစွမ်းအား အလွန်ကြီးသွားရင် တရားဆိုးတွေကို ပယ်နိုင်တဲ့အထိ အကျိုးပေးပါတယ်။ မိမိမှာရှိနေတဲ့ မကောင်းတဲ့ အတွေးတွေကို လျော့ပါးစေတဲ့သမာဓိစွမ်းအား ကြောင့် သတိဆိုတဲ့တရား အားကောင်းလာပါလိမ့်မယ်။

သမထဘာဝနာကရလာတဲ့ ထိုသတိတရားကြောင့် ကိုယ့်စိတ်ကိုယ်ကို တဖြည်းဖြည်းနိုင်လာ တဲ့အခါ အာရုံတွေအပေါ် ဘယ်အာရုံလာလာ ဥပေက္ခာ ပြုလာနိုင်ပါတယ်၊ လျစ်လျူရှုလာနိုင်ပါမယ်၊ ဥပေက္ခာဆိုတာ လောကဓံကို ခံနိုင်ရည်ရှိလာတာပါ။ အဆိုးအပေါ်မှာလည်း စိတ်မဆိုးဝမ်းနည်းခြင်းမဖြစ်၊ အကောင်းအပေါ်မှာလည်း မသာယာမတပ်မက်၊ ဟိုဘက်ဒီဘက်ဘယ်ဘက်မှမလိုက်၊ လောဘဒေါသကို အမောဟဆိုတဲ့ ဉာဏ်ကဦးစီးနေတဲ့အတွက် အလောဘ၊ အဒေါသဖြစ်လာတဲ့ သဘောပါပဲ။ လောဘ ဒေါသမောဟဦးစီးသော အညစ်အကြေးများ ကင်းရှင်းနေခြင်းက စင်ကြယ်သော စိတ်ဖြစ်နေပါတယ်။ စင်ကြယ်မှုက ဖြူစင်မှုကိုပေးပြီး မိမိပတ်ဝန်းကျင်မှာပါ ဖြူစင်တဲ့ စိတ်ထား​တွေ ပွားများလာခြင်းက ငြိမ်းချမ်းခြင်းကိုဖြစ်စေပါတယ်၊ အေးချမ်းမှုကိုရရှိစေပါတယ်။

တစ်ဦးချင်းစီမှာ အေးချမ်းမှုတွေ ပျံ့နှံ့နိုင်သမျှ ပျံ့နှံ့အောင်ဖြန့်ကြက်နိုင်ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ငြိမ်းချမ်းသာယာမှုကိုပါ ရရှိနိုင်သွားပါတယ်။ သမထချည်းပဲလားဆိုတော့လည်း.. ဝိပဿနာစွမ်းအားကိုပါ ကျင့်ကြံအားထုတ်နိုင်ရင်တော့ ပိုကောင်း ပါတယ်၊၊ သမာဓိက အာရုံတစ်ခုတည်းအပေါ်မှာ မှတ်နေပေမယ့်လည်း ဝိပဿနာကတော့ ကြုံလာတဲ့ အာရုံအားလုံးကို ရင်ဆိုင်ပစ်လိုက်တာပါ။ အာရုံတွေအပေါ်မှာ ဘာမှမမြဲအနိစ္စ၊ ဖြစ်ပြီးရင်လည်းပျက် အဖန်ဖန်ဖြစ်ပျက်နေတာချည်းဆိုတော့ ဒုက္ခ၊ ဘာမျှ ကိုယ့်သဘောအတိုင်းမဖြစ်တဲ့ အစိုးမရအတ္တမဖြစ်တဲ့ အနတ္တစတဲ့လက္ခဏာရေးသုံးပါးကို ထပ်တလဲလဲ ရှုမှတ်ဆင်ခြင်နိုင်ရင်တော့ အမှန်က ငါတို့ဟာ ဘာမှမဟုတ်ပါလား၊ မြဲတယ်ဆိုတာမရှိပါလား၊ ဘာမှလည်းအစိုးမရပါလားဆိုပြီး နောက်ဆုံးမှာ သံဝေဂယူနိုင်သွားပါလိမ့်မယ်။

အချုပ်အားဖြင့်တော့ ဤဝါဆိုလမြတ် အခါသမယ ကိုအခွင့်ယူကာ မိမိဘဝရှင်သန်နေသမျှကာလပတ်လုံး ထိုဒေသနာတော်ကြီးကို မပြတ်ရွတ်ဖတ်စေချင်ပါ တယ်။ သစ္စာလေးပါးကိုလည်း ဆင်ခြင်စေလိုပါတယ်။ ရတနာသုံးပါးနဲ့တကွ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင် မစောမိစေမယ့် ကံ၊ ကံရဲ့ အကျိုး​တွေကိုလည်း သံဝေဂ ယူစေချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အားလုံး ယခုလို စက်ဆုပ်ဖွယ်ကြုံရဆုံရကပ်ဘေး အထွေထွေကို ရင်ဆိုင်နိုင်ရေးတတ်နိုင်သမျှဖယ်ရှားနိုင်ရေးအတွက် ကိုယ့်ဘဝကို ကိုယ်ပြုပြင်နိုင်အောင် ဦးစွာ ကြိုးစားနေရခြင်းဖြစ်ပါတယ်။

ထို ထိုသောဘဝကသာ အဓိပ္ပာယ်ရှိတဲ့ဘဝလို့ ဆိုထိုက်တဲ့အတွက်ပါ။ အမှန်တရားရှိမှသာ အဓိပ္ပာယ် ပြည့်ဝတဲ့ဘဝရရှိလာမှာဖြစ်တဲ့အတွက် မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားတော်​တွေကို နာယူမှတ်သား သင်ယူနိုင်အောင် အားထုတ်ကြပါစို့လား။ သင်ရုံနဲ့ မပြီး၊ ကျင့်လည်းကျင့်ကြံရပါမယ်၊ ကျင့်မှသာ တရားကို အမှန်သိပါမယ်၊ အမှန်သိမှသာ တကယ်တရားရှိသူလို့ခေါ်နိုင်မှာ ဖြစ်ပါကြောင်း မေတ္တာနဲ့ မျှဝေပူဇော်လိုက်ရပါတယ်။ ။