Skip to main content

ပညာသည်သာ ရတနာ

မောင်ငြိမ်းသူ (ကြို့ပင်ကောက်)

“ယခုငယ်က၊ ကြိုးလုံ့လ၍၊ သုတပညာ၊ နေ့တိုင်းရှာလော့၊ ပညာမကြိုက်၊ ပျင်းရိမိုက်မူ၊ နောက်လိုက်ဝန်ထမ်း၊ အလုပ်ကြမ်းတွင်၊ တွေ့ လေကျင်သည်”

 (လောကနီတိပျို့)

ကျောင်းတွေဖွင့်လေပြီ။

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလေပြီ။ နိုင်ငံ၏မျိုးဆက်သစ် ဖူးငုံပန်းကလေးများ၊ မိုးဆမ်းပန်းကလေးများ အလားပျော်ပါးရွှင်မြူးနေကြသည်။ လန်းဆန်းတက်ကြွနေကြသည်။

ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်ကျောင်း အပ်နှံရေးသီတင်းပတ် ၂၃-၅-၂၀၂၄ ရက် နေ့မှ၂-၆-၂၀၂၄ ရက်နေ့အထိ သတ်မှတ်လှုံ့ဆော်ခဲ့ကာ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ခဲ့ကြပါသည်။

ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာချက်များအဖြစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များနှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ထုတ်ပြန်ကာ အလေးထားဆောင်ရွက်ခဲ့ကြပါသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်-

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး။

အနိမ့်ဆုံးအဆင့် KG+9 ပြီးမြောက် အောင်မြင်စေဖို့ တက်ညီလက်ညီ ဆောင်ရွက်စို့။

အခြေခံပညာတတ်မြောက်ရေး အခမဲ့ပညာရေးဖြင့် မြှင့်တင်ပေး။ ဟူသော ဆောင်ပုဒ်များဖြင့်လည်း အားတက်ဖွယ်စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

ထို့ကြောင့်လည်း ကျောင်းအပ်နှံရေး သီတင်းပတ်၏ နောက်ဆုံးနေ့ဖြစ်သော ဇွန်လ ၂ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၆၃၉၄၅၂၈ ဦး ကျောင်းအပ်နှံခဲ့ကြပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်အပ်နှံလျက်ရှိကြောင်း၊ ကျောင်းအပ်နှံကြသည့် ကလေးများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လက်တွေ့တွင်လည်း ကျောင်းအပ်နှံ ခဲ့ကြသည့် သီတင်းပတ်အတွင်းတွင် ကျောင်းသား ကျောင်းသူလေးများသည် ကျောင်းဝတ်စုံအဖြူအစိမ်းကိုယ်စီဖြင့် ပြဋ္ဌာန်းစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို ပွေ့ပိုက်လျက်တက်ကြွလန်းဆန်း ပျော်မြူးနေကြလေရာကြည်နူးစရာ အလွန်ကောင်းသော မင်္ဂလာမြင်ကွင်း များဖြစ်နေကြပါသည်။ သူတို့လေးတွေကိုကြည့်ပြီး သူတို့တစ်ဦးချင်းစီ၏အရေး၊ မိသားစုအရေးနှင့် နိုင်ငံတော် အရေးအတွက် အားတက်ကြရပါသည်။ အကြောင်းမှာမူ ပညာခေတ်မှာ ကမ္ဘာကို ရင်ပေါင်တန်းနိုင်ရေးနှင့် တစ်ဦးချင်းစီ၏ လူနေမှုဘဝမြင့်မားတိုးတက်စေရေး အတွက်ဖြစ်ပါသည်။

ပညာနှင့်ပတ်သက်၍ စာရေးဆရာကြီး အောင်သင်းက ခံစားချက်ပြင်းပြစွာ ဖြင့် ကရုဏာဒေါသော ဟောပြောရေးသားခဲ့သည်ကို အမှတ်ရနေပါသည်။ ဆရာကြီး အောင်သင်းက “ကျွန်တော်တို့ဗမာလူမျိုးတွေကို အင်္ဂလိပ်ကျွန်ပြုခံရတာဟာ တိုင်းပြည်စည်းလုံးမှုမရှိလို့၊ သူတစ်လူငါတစ်မင်းပုန်ကန်လို့၊ နန်းတွင်းရေးရှုပ်ထွေးလို့စသဖြင့် ပြောကြတယ်။ တကယ်စဉ်းစားကြည့်တော့ အဲဒါတွေ တစ်ခုမှမဟုတ်ဘူး။ အဓိကအကြောင်းက ပညာမတတ်လို့”ဟု ဟောပြောရေးသားခဲ့ရာ အလေးအနက်ထားပြီး တွေးတောဆင်ခြင်ကြည့်ကြစေချင်ပါသည်။ ဤနေရာတွင် “ပညာ”၏အဓိပ္ပာယ်ဖွင့်ဆိုချက်အတိမ်အနက်ကို ဖော်ပြလိုပါသည်။ “မြန်မာအဘိဓာန်”တွင် “ပညာ” ကို “ခွဲခြားသိမြင်နိုင်သော အသိဉာဏ်”၊ “အတတ်” ပါဠိလို “ပညာ”ဟု ဖွင့်ဆိုထားပါသည်။

“သုတရတနာဆုံးမစာ” တွင် “မီးရောင်၊ လရောင်၊ နေအရောင်၊ ဂုဏ် ရောင် လွှမ်း၍မိုး”၊ “ပညာ- သမာ-အာဘာ နတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းထိုထို”၊“ပညာနှင့်တူသော အလင်းရောင်သည် မရှိ”ဟု ညွှန်းဆိုထားပါသည်။

“ဥစ္စာဟူသည် မျက်လှည့်မျိုး ၊ ပညာဟူသည် မြတ်ရွှေအိုး”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာ အရောင် ထွန်းလင်းပြောင်”၊ “ပညာမရှိ သူ၏ဝန်ထမ်း”၊ “ပညာစုံမှ သက်လုံ ကောင်းမည်”၊ “ပညာမရ လျှပ်ပေါ်လှ သူများနောက်လိုက်သာ”၊ “ပညာသည်သာ ရတနာ၊ ဆရာသည်သာအခရာ” ဟူ၍ပညာနှင့်ပတ်သက်သော စကားပုံများလည်း များစွာရှိကြပါသည်။

“လူတော်များတိုးပွားထွန်းကားလာအောင် ပညာရေးဖြင့် ပျိုးထောင်ပေးရ မည်”၊“လူကောင်းများ တိုးပွားထွန်းကားလာအောင် ဘာသာရေးဖြင့် ပျိုးထောင် ပေးရမည်”ဟုလည်း ဆိုဆုံးမကြပါသည်။

“မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ” တွင် “ပညာဆိုသည်မှာ (၁) လက်ရုံးရည်၊ (၂) ပညာရည်၊ (၃) နှလုံးရည် စသည့် သုံးပါးနှင့်ပြည့်စုံခြင်းကို ဆိုလိုသည်” ဟု ဖွင့်ဆိုထားပါသည်။

“ဆရာကြီးဦးဗဂျီငို” ကလည်း “လောက၌ လူတို့တွင် ပညာသည်တန်ခိုးအင်အားနှင့် ပြည့်စုံသော၊ ဩဇာအာဏာ အကြီးမားဆုံးသော၊ ဆွေမျိုးဉာတိ အစစ်ဆုံးသော၊ မိတ်ဆွေသင်္ဂဟအစစ်ဆုံးသော၊ အားကိုးမှီဝဲရာ အစစ်ဆုံးသော၊ ပုန်းအောင်းမှီခိုရာ အစစ်ဖြစ်ထသော၊ လိုအင်ဆန္ဒတို့ကို တစ်လုံးတစ်ဝတည်း ပြည့်စုံစေတတ်သော ရတနာအစစ်ဖြစ်ကြီးမက ဖြစ်လှပေတော့သည်”၊ “ကြီးစွာတိုးတက်လိုသူသည် မည်သည့်လူမျိုးမဆို မည်သည့်နာရီစက္ကန့်မဆို၊ အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးတွင် တစ်မျိုးမျိုးရရမည်။ မရလျှင် အချိန်ကို အလွဲသုံးစားပြုသည်မည်တော့ ၏”ဟု ရေးသားခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် “ပညာရေး သည် အနာဂတ်နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်” (Education is investment for future) ဟူသော ဆောင်ပုဒ်ကိုယ်စီဖြင့် ပညာရေးကဏ္ဍကို အလေးအနက် ထားနေကြပါသည်။ “ပညာမြင့်မှ နိုင်ငံတင့်မည်”ဟုလည်း ခံယူထားကြပါသည်။

ပညာ၏အနှစ်သာရမှာ နက်ရှိုင်း ကျယ်ပြောလှပါသည်။ ယနေ့ ကမ္ဘာပေါ် တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲများဆင်နွှဲပြီး နယ်ချဲ့နေကြခြင်းမဟုတ်ဘဲ စီးပွားရေးနှင့် နယ်ချဲ့နေကြပါသည်။ ထိုသို့နယ်ချဲ့နေကြရာတွင် နည်းလမ်းပေါင်းစုံ၊ နည်းပညာ အတတ်ပညာမျိုးစုံဖြင့် တီထွင်ပြီးနယ်ချဲ့နေကြပါသည်။ အဓိကနယ်ချဲ့လက်နက်မှာ “ပညာ” လက်နက်ပင်ဖြစ်သည်။ ခေတ်မီသော နည်းပညာများ မကျွမ်းကျင်မတတ်မြောက်ကြပါက ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေကြရပေမည်။

နိုင်ငံတော်၏ ပညာရေး

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးတည်ချက်(၉)ရပ် ချမှတ်ထားရာ လူမှုရေးဦးတည်ချက် သုံးရပ်အနက်-

“တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ချမှတ်ထားပြီး လူငယ်များ၏ ပညာရေးနှင့် ဘဝတိုးတက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရေးနှင့် KG+9 ပြီးမြောက်ရေး ဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်ရေး စရိတ်နှင့် ထောက်ပံ့ငွေများ ချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေး ခြင်း၊ စာတတ်မြောက်သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သော အလေ့အထတိုးပွားလာအောင်ဆောင်ရွက်ပေးခြင်း စသည်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် မြန်မာနိုင်ငံပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် “မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံများ”ကို ကျင်းပပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံတွင် “အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်ရေး” ဦးတည်ချက်ချမှတ် ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံတွင် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင် ပေး”ဦးတည်ချက်ဖြင့် ဇွန်လ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

၂ဝ၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် ဖော်ပြပါဦးတည်ချက်အရ ရည်ရွယ်ချက် (၆)ရပ် ချမှတ်ထားရာ (၁)တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ (၂)အရည်အသွေးပြည့်ဝသည့်ပညာတတ်များမွေးထုတ်ပေးရန်၊ (၃)ထုတ်လုပ်မှု ကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၄)ဆရာ ဆရာမများ၏အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ (၅)သုတေ သနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် (၆)အရည်အသွေး အာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်ဟူ၍ဖြစ်သည်။

နိုင်ငံတော်ကချမှတ်ထားသော လူမှုရေးဦးတည်ချက်ပါ လူငယ်နှင့်ပညာရေးရည်မှန်းချက် လျာထားချက်၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ချက်များသည် လူငယ်လူကြီးတစ်ဦးချင်းစီမှသည် နိုင်ငံတော်အတွက် အလွန်တန်ဖိုးရှိလှသည့် ဆောင်ရွက်ချက်များ ဖြစ်ကြပါသည်။

ရည်မှန်း လျာထားချက်များကို အောင်မြင်တိုးတက်မှုရှိစေရေးအတွက် လက်တွေ့ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရသာမက ပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များကပါ ပညာ၏တန်ဖိုး အကျိုးကျေးဇူးကို နားလည်ခံစားပြီး ဝိုင်းဝန်းကြိုးပမ်းကြပါ မှ အောင်မြင်တိုးတက်မှုများကို ရရှိခံစားကြရပေလိမ့်မည်။

အစကောင်းမှ အနှောင်းသေချာ

ပညာရေးကို အစပျိုးသူများမှာ မိဘများပင်ဖြစ်ကြသည်။ “လက်ဦးဆရာ မည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဖ”ဟူသော စကားပင်ရှိသည် မဟုတ်ပါလား။

မိဘများက မိမိတို့၏ရင်ခွင်ပိုက် သားငယ် သမီးငယ်များကို လိမ္မာယဉ်ကျေးအောင် အခြေခံလောက်သာ ပြောဆိုသွန်သင်နိုင်ကြပါသည်။ အခြေခံအတန်း ပညာများကိုကား စာသင်ကျောင်းများမှ ဆရာ ဆရာမများက ဘွဲ့များရသည်အထိ သင်ကြားပေးနေကြရပါသည်။ အခြေခံပညာအဆင့်က အတန်းပညာများကို သင်ကြားပေးရင်း ယဉ်ကျေးလိမ္မာကြစေရန် သွန်သင်ဆုံးမပေးနေကြပြီး ကလေးဘဝမှစ၍ ဘဝနေထိုင်နည်းများကို ပျိုးထောင်ပြုပြင်ပေးနေခြင်းဖြစ်သည်။ စာသင် ပေးရင်း၊ လူကိုပြင်ပေးနေကြခြင်း ဖြစ်သည်။

“ပညာချို့တဲ့၊ အတတ်မဲ့သော်၊ ကဲ့ရဲ့ အဝှန်း၊ လူ့ပေါက်ပန်းဟု၊ သွပ်မှန်းသိစေ၊ ဆိုကြလေအံ့”ဟူသော လောကနီတိပျို့ပါ ဆုံးမစာများဖြင့် ပြုစုပျိုးထောင်ပေး နေကြရပါသည်။ ထိုမျှမကသေး ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက “ဆားထုံဆရာတော်”၏ “ပညာမတတ်သော သူဌေးသားအကြောင်း”ကဗျာကို အလွတ်ရအောင် ကျက်မှတ်စေခဲ့ပါ သည်။

“မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကို ရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာ သေသည်၊ ကောင်သေလင်းတ ကျ၏တည်း”

အဆိုပါကဗျာထဲပါ ပညာမတတ်သော သူဌေးသားများ များစွာရှိသကဲ့သို့ ပညာအားနည်းသဖြင့် အလိမ်အညာ ခံရမှုများ၊ လူဖြစ်ရှုံး ဘဝဆုံးမှုများ များစွာရှိခဲ့ကြပါသည်။

အထက်တန်းပညာ အဆင့်တွင် အတတ်ပညာများသာမက၊ အသိပညာများကိုပါ သင်ကြားပေးနေကြပါသည်။ တွေးခေါ်ဆင်ခြင် မြော်မြင်အသိနှင့် ပေါင်းသင်းဆက်ဆံရေးများကိုပါ အရွယ်နှင့်အညီ လေ့ကျင့်ပျိုးထောင်နေကြရပါ သည်။ ထို့ကြောင့် ဆရာ ဆရာမများကို “ပန်းပျိုးသူဥယျာဉ်မှူး”များအဖြစ်လည်း တင်စားထားကြပြီး နှစ်စဉ်အောက်တို ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများ နေ့”အဖြစ် သတ်မှတ်ပြီး ဆရာ ဆရာမများကို ဂုဏ်ပြုပူဇော်နေကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကမူ “အာစရိယဂုဏောအနန္တော”ဟု နေ့စဉ်ဂုဏ်ပြုပူဇော်ကန်တော့နေကြပါသည်။ ထို့ကြောင့် “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”ဟုလည်းကောင်း၊ “တပည့်နှင့်ဆရာ၊ ရေနှင့်ကြာ”ဟုလည်းကောင်း ဂုဏ်ပြုညွှန်းဆိုနေကြခြင်းဖြစ်သည်။ အနန္တောအနန္တငါးပါးထဲတွင် မိဘနှင့် ဆရာများ ပါဝင်နေခြင်းကိုက မိဘဆရာများ၏ ဂုဏ်ရည်ကို စာပန်းချီ ခြယ်သ၍ မကုန်နိုင်ပေ။

ပညာရေးနိဒါန်းအစသည် အခြေခံပညာကျောင်းများဖြစ်ကြလေရာ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစကတည်း က မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီအောင် ကြိုးစားကြရန်လိုအပ်ပါ သည်။

ပညာရေးဝန်ကြီးဌာနက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိလိုက်နာကြရမည့်အချက် ၁၂ ချက်နှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် ၁၂ ချက်ကို မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီညီ ပေါင်းစည်းကြိုးစားသွားကြရန်လိုအပ်လှပါသည်။ သို့မှသာ နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်များလည်း ပြည့်မီထိရောက်မှုရှိပြီး ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီနှင့် ကျောင်းသား ကျောင်းသူများ၏ မိသားစုတိုင်းလည်း ရည်မှန်းချက်များပြည့်ဝ၊ စိတ်ချမ်းသာမှုများလည်း ရရှိခံစားကြရပေလိမ့်မည်။

ထို့ကြောင့် “လသာတုန်း ဗိုင်းငင်”၊ “မိုးရွာတုန်းရေခံ” ၊ “အချိန်ရှိခိုက် လုံ့လ စိုက်”ဆိုသလိုပင် ယခုလို ကျောင်းဖွင့်စကတည်းက ကျောင်းတက်မှန်ကြပြီး စာကြိုးစားကြပါမှ ပညာရေး၏အခြေခံ အတန်းပညာများ တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်ပြီး ဘဝခရီးဖြောင့်ဖြူး ကြပေလိမ့်မည်။

“စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှ ထွန်ချ” စာမေးပွဲကျမှ နောင်တရနေကြလျှင် မည်သူကမျှ သနားနေကြမည် မဟုတ်ပေ။

လောကကြီးတွင် အစားထိုးမရသည့် အရာမှာ အချိန်နှင့် မိဘဖြစ်ရာလက်ရှိအချိန်ကို အချည်းနှီးမဖြစ်အောင် အကျိုးရှိရှိ အသုံးပြုကြစေချင်ပါသည်။

အချုပ်ဆိုရပါမူ “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏”ဟု “မဃဒေဝ”လင်္ကာမှာ ဆိုဆုံးမထားသလို ပညာပြည့်ဝနှလုံးလှသော လူငယ်များ တိုးပွားလာကြပါစေဟု ဆန္ဒမွန်ပြုလိုက် ရပါသည်။ ။