Skip to main content

ပလတ်စတစ်သုံးစွဲမှုနှင့် ကျန်းမာရေးပြဿနာ

မေယု-မျိုးအောင် (MANA)

ပလတ်စတစ်သည် မျက်မှောက်ကာလတွင် ဈေးပေါပြီး အရေအတွက်များစွာရရှိနိုင်သည့် ထုပ်ပိုးပစ္စည်းအရင်းအမြစ်ဖြစ်သည်။ လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အသုံးပြုနေရသောပစ္စည်းဖြစ်နေသော်လည်း ပလတ်စတစ်ညစ်ညမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်တို့သာမက ဂေဟစနစ်တစ်ခုလုံးကို ဘေးဥပဒ်ပေးနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။ ကမ္ဘာကြီးတွင် ပထမဆုံးပလတ်စတစ်ကို ၁၉ဝ၇ ခုနှစ်၌ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် စီးပွားဖြစ်ပလတ်စတစ်ထုတ်လုပ်မှုကို အစပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ထုတ်လုပ်မှု မဖွံ့ဖြိုးသေးသော်လည်း ယင်းနောက်ပိုင်းတွင် တစ်ဟုန်ထိုးတိုးတက်ခဲ့သည်။ နှစ်ပေါင်း ၇ဝ အတွင်း နှစ်စဉ်ပလတ်စတစ် ထုတ်လုပ်မှုသည် အဆ ၂၃ဝ နီးပါးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တန်ချိန်သန်း ၄၆ဝ အထိ ထုတ်လုပ်ခဲ့ရာမှ နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၃၈၀ ကျော် ထုတ်လုပ်လျက်ရှိသည်။

ဆွဲဆောင်မှုရှိသော ပလတ်စတစ်ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်လာနိုင်သည်နှင့်အမျှ လူအများစု၏ နေ့စဉ်ဘဝတွင် ပလတ်စတစ်စွဲလမ်းမှုပြဿနာများကိုပင် ကြုံတွေ့နေကြရသည်။ ဈေးများတွင် ပစ္စည်းတစ်မျိုးဝယ်လျှင် ပလတ်စတစ်အိတ်တစ်လုံး ရခွင့်ရှိသည်ဟူသော ယူဆမှုမျိုးပင်ရှိနေသည်ကို တွေ့ရသည်။ လက်လီရောင်းချသူများ ထံမှယူလာသော အိတ်များကို မယုံနိုင်လောက် အောင်ပင် အချိန်တိုအတွင်း စွန့်ပစ်နေကြသည်။ ပလတ်စတစ်အိတ်များသည် ရုပ်ကြွင်းလောင်စာများ အဖြစ်စတင်ကာ အမှိုက်ပုံများနှင့် သမုဒ္ဒရာများတွင် စွန့်ပစ်အမှိုက်များအဖြစ် အဆုံးသတ်သည်။ ငှက်များသည် ကြေမွနေသောပလတ်စတစ်အိတ်များကို အစာအဖြစ် မကြာခဏမှားယွင်းစားသောက်မိကြသည်။ ထို့အတူ ဆာလောင်မွတ်သိပ်နေသော ပင်လယ်လိပ်များသည် ရေခူနှင့် ရေပေါ်ပလတ်စတစ် ဈေးဝယ်အိတ်များကို ခွဲခြားနိုင်စွမ်းမရှိသလောက် ဖြစ်လာသည်။

ကမ္ဘာကြီးသည် နှစ်စဉ်ပလတ်စတစ်အိတ်အလုံးရေ ငါးထရီလီယံ ထုတ်လုပ်လျက်ရှိရာ တစ်ခုနှင့်တစ်ခု ကပ်ထားပါက ကမ္ဘာ့ဂြိုလ်တစ်ခုလုံးကို ခုနစ်ကြိမ်ခန့် ပတ်ထားနိုင်မည်ဖြစ်သည်။ ကမ္ဘာကြီးသည် ထုတ်လုပ်ခဲ့သော ပလတ်စတစ်အိတ်များ၏ ကိုးရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုကြကြောင်း အစီရင်ခံစာအချို့က ဖော်ပြကြသည်။ ယနေ့ကာလတွင် တစ်ချိန်က သာယာလှပသည့် ပင်လယ်ကမ်းခြေရှိ သဲသောင်ပြင်များနေရာတွင် ပလတ်စတစ်ထုတ်ကုန်အမျိုးမျိုး နေရာယူလာသည်။ လမ်းမများပေါ်တွင် တစ်ခါသုံး ပလတ်စတစ်အိတ်များ ပလူပျံနေသည်။ ကုလသမဂ္ဂသဘာဝပတ်ဝန်း ကျင်အစီအစဉ်(UNEP)က ယခုအခါ သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ်ပမာဏသည် တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းအထိရှိမည်ဟု မကြာသေးမီက ခန့်မှန်းခဲ့သည်။

ပလတ်စတစ်ဘူးတစ်ဘူး နာနိုပလတ်စတစ် အပိုင်းအစပေါင်း ၂၄၀၀၀၀ ကျော် ပါဝင်

မြန်မာနိုင်ငံသည်လည်း ပလတ်စတစ်ထုတ်ကုန်များကို အလွန်အကျွံအသုံးပြုနေသည့် နိုင်ငံဖြစ်ရာ ပလတ်စတစ်ထုတ်ကုန်များ သုံးစွဲသည့်အလေ့အထကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ရန်လိုအပ်နေပြီဖြစ်သည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သည် ၂ဝဝ၂ ခုနှစ်တွင် ပလတ်စတစ်အိတ်များကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံအများ အပြားတွင်လည်း အလားတူတားမြစ်မှုများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ရေတစ်လီတာခန့် ပါဝင်သော ပလတ်စတစ်ဘူးတစ်ဘူးတွင် အလွန် သေးငယ်သည့် နာနိုပလတ်စတစ်အပိုင်းအစပေါင်း ၂၄၀၀၀၀ ကျော်ပါဝင်နေသည်ကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုတစ်ရပ်ကို ကိုးကား၍ နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။ ယင်းလေ့လာမှုတွင် ပလတ်စတစ် အမှုန်ပေါင်း ၁၁ဝဝဝဝ မှ ၃၇ဝဝဝဝ ခန့်ပါဝင်သည့် ရေတစ်လီတာတွင် ၉၀ ရာခိုင်နှုန်းခန့်သည် နာနိုပလတ်စတစ်များဖြစ်ကြောင်း၊ နာနိုပလတ်စတစ်များသည် အစာခြေစနစ်၊ အသက်ရှူစနစ်များသို့ ဝင်ရောက်နိုင်ကာ သွေးကြောထဲအထိ ရောက်ရှိနိုင်ကြောင်း၊ အရေးကြီးအင်္ဂါများသို့ပါ စုပြုံရောက်ရှိပြီး မမွေးရသေးသည့် သန္ဓေသားထံကိုပါ ကူးစက်လာနိုင်ကြောင်း သတိပေးထားသည်။

၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်များကြောင့်ဖြစ်

ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်မှ အနက်ရှိုင်းဆုံး သမုဒ္ဒရာများအထိ တွေ့ရှိနေကြရသည်။ ပလတ်စတစ်အမှုန်များသည် ပင်လယ်သမုဒ္ဒရာ အစိတ်အပိုင်းအားလုံးသို့ စိမ့်ဝင်နေပြီဖြစ်ကာ အသေးငယ်ဆုံးရေသတ္တဝါများမှသည် ဝေလငါးများအထိ ရေသတ္တဝါအားလုံးတွင် တွေ့ရှိနေကြရသည်။ စစ်တမ်းများအရ သမုဒ္ဒရာများထဲတွင် မိုက်ခရိုပလတ်စတစ်အပိုင်း အစ ၅ ဒသမ ၂၅ ထရီလီယံရှိပြီး သမုဒ္ဒရာ၏ စတုရန်းမိုင်တိုင်းတွင် တန်ချိန် ၂၆၉ဝဝဝ အထိရှိသော အပိုင်းအစ ၄၆ဝဝဝ ခန့်ရှိနေသည်။ ပလတ် စတစ်အပိုင်းအစ ရှစ်သန်းခန့်သည် သမုဒ္ဒရာများအတွင်းသို့ နေ့စဉ်ရောက်ရှိလာနေသည်။ ပင်လယ် သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲနှင့် ရေပြင်ရှိ ဂေဟစနစ်များတွင် ဖြစ်ပေါ်နေသော ပလတ်စတစ်ညစ်ညမ်းမှု၏ ၆၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်များကြောင့် ဖြစ်ကြောင်း သိရသည်။

ပလတ်စတစ်၏ အဓိကပြဿနာမှာ ၎င်းသည် စက္ကူ၊ သစ်ရွက်၊ အမှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ် ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်သွားခြင်း မရှိဘဲနှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ပလတ်စတစ်သည် မြေကြီးအတွင်း ဖြစ်စေ၊ ရေထုအတွင်းဖြစ်စေ အခြားသောဓာတ်များနှင့် ဓာတုတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ဒြပ်ပေါင်းများထွက်ရှိလာသဖြင့် ဂေဟစနစ်ကိုလည်း ပျက်စီးစေသည်။ မြို့ပြဒေသများမှ လူတို့နေ့စဉ်စွန့်ပစ်သော အမှိုက်သရိုက်များ အနက် ဥပမာအားဖြင့် စက္ကူ၊ ပလတ်စတစ်ပစ္စည်း၊ ဖန်၊ သတ္တု စသည့် ပစ္စည်းများကိုသာ အမှိုက်ကောက် သူတို့နှင့် စွန့်ပစ်အဟောင်း ပြန်လည်ဝယ်သူတို့က တစ်ဆင့် အမှိုက်အားလုံး၏ ၁ဝ ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးချမှုများရှိပြီး ကျန်အမှိုက် ၉၀ ရာခိုင်နှုန်းကို စည်ပင်သာယာအဖွဲ့များက နေ့စဉ်သိမ်းဆည်းပြီး မြို့ပြင်အမှိုက်ပုံကြီးများတွင် စုပုံထားရသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၄၃ဝ ကျော်ကို ထုတ်လုပ်နေပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် မကြာမီစွန့်ပစ်ပစ္စည်းဖြစ်လာနိုင် သည့် သက်တမ်းတိုထုတ်ကုန်များဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ပလတ်စတစ်ညစ်ညမ်းမှု၏ လူမှုရေးနှင့်စီးပွားရေးကုန်ကျစရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၆၀၀ ဘီလီယံကြားရှိသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း နေ့စဉ်ပလတ်စတစ်စွန့်ပစ်မှုပမာဏ အလွန်မြင့်မားနေပြီး ရေအရင်းအမြစ် မြစ်၊ ချောင်းများထဲသို့ နေ့စဉ် ပလတ်စတစ်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း၊ ဘုရား၊ စေတီအချို့၊ အင်းတော်ကြီးအိုင်၊ အင်းလေးကန်စသည့်ခရီးသွားဧည့်သည်များသည့် ဒေသများတွင်လည်း ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုများလာသည်။ မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ စွန့်ပစ်အမှိုက်ပြဿနာများကို မဖြေရှင်းနိုင်ခြင်း၊ အပင်သတ္တဝါများ ရှင်သန်ရန်ခက်ခဲလာခြင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးခြင်းပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း FREDA ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ Fauna and Flora International (FFI) နှင့် Thant Myanmar တို့ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကွင်းဆင်းလေ့လာကောက်ယူခဲ့သော စစ်တမ်း၌ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်သောဒေသခံများသည် ဧရာဝတီမြစ်ထဲကို နှစ်စဉ် ပလတ်စတစ်အမှိုက် ၁၁၉ တန်နီးပါး စွန့်ပစ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

အသုံးပြုပြီးသော ပလတ်စတစ်စွန့်ပစ်အမှိုက်များကို ကျင်းတူးမြှုပ်သည်မှာ ၇၇ ရာခိုင်နှုန်း၊ မီးရှို့သည်မှာ ၁၄ ရာခိုင်နှုန်းနှင့် ပြန်တီထွင်သုံးခြင်းမှာ ကိုးရာခိုင်နှုန်းပင်ရှိပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများက မြေထဲ၊ ရေထဲမှတစ်ဆင့် ငါးသယံဇာတများထဲ ရောက်ရှိကာတစ်ဖန် လူများ၏ အစားအစာသံသရာထဲသို့ ပြန်လည်ဝင်ရောက်သည်။ ပင်လယ်ဆားတွင်လည်း မိုက်ခရိုပလတ်စတစ်များ ရောက်ရှိသကဲ့သို့ အလှကုန်ပစ္စည်းများတွင်လည်း မိုက်ခရိုပလတ်စတစ် ၉၀ ရာခိုင်နှုန်းပါရှိနေသည်ဟု FREDA ၏ အကြံပေး ဦးစည်သူလွင်က ပြောသည်။

သမုဒ္ဒရာထဲသို့ နေ့စဉ် ပလတ်စတစ်တန်ချိန် ၃၀၀၀၀ ယိုစိမ့်မှု နေ့တိုင်းဝင်ရောက်နေပြီး ပလတ် စတစ်သည် ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းအဖြစ် အရေးပေါ်ဝိုင်းဝန်းတုံ့ပြန်ရန် လိုအပ်နေသည်ဟု UNEP အစီရင်ခံစာက ဖော်ပြခဲ့သည်။ ပလတ်စတစ်ထုတ်လုပ်မှု၊ အလွန်အကျွံသုံးစွဲမှုသည် မြစ်၊ ချောင်းများကို ညစ်ညမ်းစေပြီး မှီခိုနေကြသော ရေသတ္တဝါများကိုလည်း များစွာအန္တရာယ်ပေးနေသည်ဟု ယင်းအစီရင်ခံစာတွင် ပါဝင်သည်။ ပလတ်စတစ်သည် ရုပ်ကြွင်းလောင်စာများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပလတ်စတစ်ကို ပိုထုတ်လေလေ၊ ရုပ်ကြွင်းလောင်စာများ ပိုလောင်ကျွမ်းလေလေဖြစ်သည်။ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချသုံးစွဲခြင်းအားဖြင့် ရေသတ္တဝါများ သေကျေပျက်စီးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ပလတ်စတစ်လျှော့ချသုံးခြင်းကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရအသီးသီးက အသိပေးထားပြီး အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ကမ္ဘာ့နိုင်ငံအချို့တွင် တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ခြင်း သို့မဟုတ် အခွန်ကောက်ခြင်းတို့ ကျင့်သုံးလာကြသည်။

နိုင်ငံများနှင့်ကုမ္ပဏီများသည် နက်ရှိုင်းသောမူဝါဒနှင့် လက်ရှိနည်းပညာများကို အသုံးပြု၍ ဈေးကွက်အပြောင်းအလဲပြုလုပ်ပါက ပလတ်စတစ် ညစ်ညမ်းမှုကို ၂၀၄၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်သည်ဟု UNEP က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ပလတ်စတစ်ညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂ဝ၁၈-၂ဝ၃ဝ ကို ရေးဆွဲထားကြောင်း သိရသည်။ ပလတ်စတစ်ညစ်ညမ်းမှုကို တစ်ဦးချင်းက ကိုယ်ပိုင် အသိစိတ်ဖြင့် လျှော့ချရန်လိုအပ်နေပြီး ပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေသည့် စီးပွားရေးစနစ် ဖော်ဆောင်နိုင်ရန်အတွက် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်း၊ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှုကို ရှောင်ကြဉ်ပြီး အသုံးပြုနိုင်သေးသည့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်း(Recycle) စသည်တို့ ပါဝင်သည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုရန် လိုအပ်လာသည်။

ပလတ်စတစ်ထုတ်ကုန်များသည် ဈေးသက်သာပြီး ထုပ်ပိုးရန်လွယ်ကူသော်လည်း ကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း စသည့်ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည်လည်း ပလတ်စတစ်ထုတ်ကုန်များကို အလွန်အကျွံအသုံး ပြုနေသည့်နိုင်ငံဖြစ်ရာ ပလတ်စတစ်ထုတ်ကုန်များကို သုံးစွဲသည့်အလေ့အထနှင့်စပ်လျဉ်း၍ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်သည်။ ပြည်သူတို့အနေဖြင့်လည်း ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်ပါက ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။