ရာသီဥတုပြောင်းလဲမှုဒဏ်ကို အန်တုနိုင်ဖို့ မြေရဲ့အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြစို့
ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ (World Environment Day)ဟာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေ ကျင်းပပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေမှုတွေ မြှင့်တင်နိုင်ဖို့၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှုပြဿနာတွေထဲက အခြေအနေ၊ အချိန်အခါအပေါ်မူတည်ပြီး ဖြစ်ပွားပေါ်ပေါက်နေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကိုသိရှိကာ ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်ကြစေဖို့ စတဲ့ရည်ရွယ်ချက် ကောင်းများစွာနဲ့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)က ၁၉၇၄ ခုနှစ်မှစပြီး နှစ်စဉ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည် ကျင်းပခဲ့ပါတယ်။ ယခု ၂၀၂၄ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး (Land Restoration, Desertification and Drought Resilience )” ဖြစ်ပါတယ်။
ဆောင်ပုဒ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယနေ့အချိန်အခါမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ သဲကန္တာရဖြစ်ထွန်းမှု အလားအလာတွေနဲ့ မိုးခေါင်ရေရှားမှုဖြစ်စဉ်တွေ ပိုမိုကြုံတွေ့လာနေတဲ့အတွက် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးခန့်အပေါ် စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ သက်ရောက်နေရပါတယ်။ ဒါကြောင့်ကမ္ဘာ့လူသားရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာတွေ ပြည့်ဝဖူလုံစေဖို့အတွက် အဓိကအရေး အကြီးဆုံး အခြေခံကဏ္ဍတစ်ရပ်ဖြစ်တဲ့မြေယာ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်နိုင်ကြစေဖို့အတွက် အချိန်အခါကိုက် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်ပါတယ်။
သဲကန္တာရဖြစ်ထွန်းခြင်း (Desertification)
သဲကန္တာရဆိုတာ ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံးဒေသတွေဖြစ်ပြီး တစ်နှစ်ပတ်လုံး ရေငွေ့အလိုပြနေတဲ့ နေရာတွေဖြစ်ပါတယ်။ အပင်တွေ လုံးဝနီးပါးမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုလို့လည်း တချို့ကဆိုကြပါတယ်။ သဲကန္တာရတွေမှာ တစ်နှစ်အတွင်း မိုးရွာ ခြင်းနဲ့မိုးသီး၊ နှင်းပွင့် စသည်တို့ကျဆင်းရာကရရှိတဲ့ ရေပမာဏဟာ ၁၀ လက်မ (၂၅၀မီလီလီတာ)ထက် နည်းကြပါတယ်။ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ မြေသယံဇာတ စီမံခန့်ခွဲမှုဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၄ ခုနှစ်က တရားဝင်သဘောတူ ဖွဲ့စည်းချုပ်ဆိုထားတဲ့ ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ (United Nations Convention to Combat Desertification- UNCCD)က သဲကန္တာရဖြစ်ထွန်းလာမှုရဲ့ ဝိသေသလက္ခဏာတွေကို ဖော်ထုတ်သတ်မှတ်ထားရှိခဲ့ပါတယ်။
(၁) မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေ နည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း (၂) လေထုနှင့်မြေထုအပူချိန် မြင့်မားမှုဒဏ်ကြာရှည်စွာ ခံစားရခြင်း (၃) အပူချိန်အတက်အကျလွန်ကဲခြင်း (၄) မြေဆီလွှာရေငွေ့ပြန် နှုန်းမြင့်မားခြင်း (၅) စိုထိုင်းဆနိမ့်ခြင်း (၆) မြေဆီလွှာခန်းခြောက်ခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း (၇) ရေနှင့်လေတိုက်စားမှုကြောင့် အပေါ်ယံ မြေဆီလွှာတိုက်စားမှုများခြင်း စတဲ့အချက်တွေဟာ UNCCD က သတ်မှတ်ထားတဲ့ သဲကန္တာရဖြစ်ထွန်းလာမှုရဲ့ ဝိသေသလက္ခဏာတွေပဲ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၀၀၀ ကျော်အထိ အဆမတန်တိုးတက်လာမှုနဲ့အတူ သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ အလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေတွေ ချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ စားကျက်ချခြင်း၊ မြို့ရွာတွေတိုးချဲ့တည်ထောင်ခြင်း၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေ ကမ္ဘာမြေကြီးပေါ်သို့ မဆင်မခြင်စွန့်ထုတ်ခြင်း စတဲ့လူတွေရဲ့အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကြောင့် မြေဆီလွှာပျက်စီးခြင်းတွေ ဖြစ်ပေါ်လာပြီး အပူပိုင်းဂေဟစနစ်တွေ ပျက်စီးလာကာ သဲကန္တာရဖြစ်ထွန်းလာရခြင်း ဖြစ်ပါတယ်။
မြေဆီလွှာတွေပျက်စီးပြီး မိုးခေါင်ရေရှားခြင်းနဲ့ ပူပြင်းခြောက်သွေ့မှုဒဏ်တွေကြောင့် စားနပ်ရိက္ခာထုတ်လုပ်နိုင်မှု ကျဆင်းလာတဲ့အခါ အဲဒီဒေသနေပြည်သူတွေရဲ့ လူမှုစီးပွားဆိုင်ရာပြဿနာတွေ ဆက်တိုက်ရင်ဆိုင် ကြုံတွေ့လာကြရပါတယ်။ UNCCD ရဲ့ ထုတ်ပြန်ချက်တွေအရ ယနေ့အချိန်မှာ သဲကန္တာရဖြစ်ထွန်းလာမှုရဲ့ ဝိသေသလက္ခဏာတွေ ကြောင့် ကမ္ဘာတစ်ဝန်း စိုက်ပျိုးနိုင်တဲ့မြေဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ အရည်အသွေးကျဆင်းခဲ့ကြောင်းနဲ့ သဲကန္တာရဖြစ်ထွန်းမှုကြောင့် လူသားသန်းပေါင်း ၂၅၀ ရဲ့ အသက်အိုးအိမ်များကို ထိခိုက်စေလျက်ရှိကြောင်း ခန့်မှန်းထားတာကို လေ့လာသိရှိရပါတယ်။ သဲကန္တာရဖြစ်ထွန်းလာခြင်း ဟာ လူသူအများ သတိပြုမိမှုနည်းပါးပြီး ၎င်းရဲ့ ဆင့်ကဲဖြစ်စဉ်တွေအရ တစ်စတစ်စတိုးမြှင့်လာတတ်ကာ သဲကန္တာရဖြစ်ပေါ်ခဲ့ရင် ပြန်လည်ကုစားရခက်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတတ်ပါတယ်။
မိုးခေါင်ရေရှားခြင်း (Drought)
ပတ်ဝန်းကျင်တစ်ခုမှာ မိုးခေါင်ရေရှားမှုဖြစ်ပေါ်ရင် သာမန်အခြေအနေထက် ပိုပြီးခြောက်သွေ့တဲ့ကာလကို ရင်ဆိုင်ကြုံတွေ့ကြရတာ အများသိရှိထားကြပြီး ဖြစ်ပါတယ်။ မိုးခေါင်ခြင်းကြောင့် ဂေဟစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ် ဆိုးကျိုးများစွာကြုံတွေ့ကြရပါတယ်။ အပူပိုင်းဒေသတွေမှာဆိုရင် နှစ်စဉ်ခြောက်သွေ့တဲ့ ရာသီရောက်လာတဲ့အခါ မိုးခေါင်ခြင်းကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုမိုဖြစ်ပေါ် စေတတ်ပါတယ်။ မိုးခေါင်မှုကြောင့် ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး သုံးခုစလုံးကို ထိခိုက်စေရပါတယ်။ သောက်သုံးရေတွေ ခန်းခြောက်လာခြင်း၊ ရေဝပ်ဧရိယာတွေ ခန်းခြောက်လာခြင်း၊ စိုက်ပျိုးရေတွေ ဆုံးရှုံးလာခြင်း၊ နောက်ဆက်တွဲအနေနဲ့ အစားအစာ ထုတ်လုပ်နိုင်မှုတွေ ပိုမိုခက်ခဲလာစေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးပျောက်ကွယ်ခြင်း၊ ဆည်ရေပေးဝေရေး လုပ်ငန်းတွေနဲ့ ရေအားလျှပ်စစ်အတွက် လိုအပ်တဲ့ ရေတွေခန်းခြောက်လာစေခြင်း၊ အပူလှိုင်းဖြတ်မှုနဲ့ အပူဒဏ်ကြောင့် လူသားတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခြင်း၊ ကြာရှည်တဲ့ မိုးခေါင်ရေရှားမှုဖြစ်ခဲ့ရင် ကမ္ဘာ့လူသားတွေဟာ ကြီးမားတဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့အတူ လူမှုရေးပြဿနာများစွာ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း စတဲ့ဖြစ်စဉ်တွေနဲ့ မတူတာကတော့ မိုးခေါင်ရေရှားမှုဟာ ဒေသတစ်ခုမှာ တဖြည်းဖြည်း တိတ်တဆိတ်ဖြစ် ပေါ်လာနေတတ်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မိုးခေါင်ရေရှားမှုဒဏ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်း အခြားသဘာဝဘေးတွေထက်လူတွေကို ပိုမိုဆိုးရွားစွာ ထိခိုက်ခံစားရကြောင်း မှတ်သားသိရှိရပါတယ်။
မြေသယံဇာတများ အဆင့်အတန်းယုတ်လျော့ပျက်စီးလာခြင်း
မြေသယံဇာတတွေ ပျက်စီးယိုယွင်းခြင်းဆိုတာ သဘာဝဖြစ်စဉ်နဲ့ လူသားတွေရဲ့ လုပ်ဆောင်မှု အမျိုးမျိုးကြောင့် မြေကြီးရဲ့ ဇီဝဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဆိုင်ရာ တန်ဖိုးတွေ ယုတ်လျော့ ကျဆင်းလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ သဘာဝဖြစ်စဉ်တွေဖြစ်တဲ့ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ကျွမ်းခြင်း စတာတွေကြောင့်ဖြစ်ရ သလို လူသားတွေရဲ့ အမျိုးမျိုးသောလုပ်ဆောင်မှုတွေကြောင့် ကမ္ဘာ့မြေထုကို ပိုပြီးပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေရပါတယ်။ မြေတွေအပြောင်ရှင်းခြင်းနဲ့ သစ်တောပြုန်းတီးခြင်းဟာ မြေအဆင့်အတန်းကျဆင်းလာရမှုရဲ့ အဓိကအကြောင်းရင်း များစွာထဲက တစ်ချက်ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ ပိုမိုမြင့်တက်လာတဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ အပေါ် ဖိအားတွေဖြစ်စေကာ သစ်တောမြေဟက်တာ သန်းပေါင်းများစွာဟာ စိုက်ပျိုးမြေလိုအပ်ချက် အတွက် ဖျက်ဆီးခြင်းကို ခံနေရပါတယ်။ အဲဒီလို သစ်တောတွေပြုန်းတီးမှုနဲ့ ရေရှည်မဖြစ်တဲ့ စိုက်ပျိုး ရေးလုပ်ငန်းတွေ လုပ်ကိုင်မှုတွေအပါအဝင်မြို့ပြတွေ ပိုမိုကျယ်ပြန့်လာပြီး ဓာတ်သတ္တုတူးဖော်မှုနဲ့ ဘေးအန္တရာယ်ရှိ အမှိုက်တွေအပါအဝင် စွန့်ပစ်ပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်မှု စတာတွေကြောင့် ကမ္ဘာ့မြေမျက်နှာပြင်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ ထိခိုက်ပျက်စီးဆုံးရှုံးနေရပါတယ်။ မြေသယံဇာတတွေ အဆင့်အတန်းနိမ့်ကျပြီး ပျက်စီးယိုယွင်းလာတဲ့အခါ အကျိုးရလဒ်အနေနဲ့ လူသားတွေ အသက်ရှင်သန်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ထောက်ပံ့ပေးနေတဲ့ ဂေဟစနစ်ဝန်ဆောင်မှုတွေ ဆုံးရှုံးလာရပါတော့တယ်။
မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း (Land Restoration)
မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဆိုတာ တဖြည်းဖြည်းချင်း အဆင့်အတန်း ယုတ်လျော့ ပျက်စီးလာနေတဲ့ မြေသယံဇာတတွေကို သစ်တော၊ သစ်ပင်တွေ ပြန်လည်ထူထောင်စိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေသယံဇာတတွေ စနစ်တကျစီမံခန့်ခွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း စတဲ့လုပ်ငန်းတွေ လုပ်ဆောင်ပေးရင်းမြေထုကို နဂိုမူလအခြေအနေပြန်ရအောင် ပြန်လည်ပြုပြင်မွမ်းမံပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ကောင်းမွန်ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာဟာ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို သိသိသာသာသိုလှောင်စုပ်ယူ ပေးထားနိုင်စွမ်းရှိပါတယ်။ ကုန်းမြေဂေဟစနစ်မှာ သိုမှီးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၈၀ ရာခိုင်နှုန်းနီးပါးကို မြေကြီးထဲမှာ တွေ့ရှိရတာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်အတန်းယုတ်လျော့ ပျက်စီးနေတဲ့ မြေယာတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဟာ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင်မှန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုကို လျှော့ချပေးနိုင်တဲ့အတွက် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကို များစွာလျှော့ချပေးနိုင်မှာ ဧကန်မုချဖြစ်ပါတယ်။
မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းရဲ့ အကျိုးကျေးဇူးအနေနဲ့ ဂေဟစနစ်တွေ ပြန်လည်ကောင်းမွန်ပြီး ဇီဝမျိုးစုံမျိုးကွဲတွေ ပိုမိုကြွယ်ဝလာကာ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှုဖြစ်စဉ်တွေကို တားဆီးကာကွယ်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂရဲ့ကမ္ဘာလုံးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ချက်အနက်က အချက်ပေါင်းများစွာကို ထိထိမိမိအောင်မြင်ဖို့အတွက် အလွန်အထောက်အကူပြု အရေးပါလှတဲ့လုပ်ငန်း ဖြစ်ပါတယ်။
ကုလသမဂ္ဂဂေဟစနစ်ပြန်လည်ထူထောင်ရေးဆယ်စုနှစ်
ကမ္ဘာတစ်ဝန်းလုံးရှိ ဂေဟစနစ်တွေကိုကာကွယ်ဖို့နဲ့ ပြန်လည်ရှင်သန်ကောင်းမွန်ဖို့ ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN Decade on Ecosystem Restoration) အဖြစ်သတ်မှတ်ထားရှိပြီး နိုင်ငံတကာမှာ ဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြပါတယ်။ မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဟာ ဂေဟစနစ်ထိန်းသိမ်းရေးမှာ အဓိကကျတဲ့ မဏ္ဍိုင်တစ်ရပ်ဖြစ်လို့နေပါတယ်။ ကောင်းမွန်ကျန်းမာသန်စွမ်းတဲ့ မြေထုကသာ ကျန်းမာသန်စွမ်းတဲ့ ဂေဟစနစ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
မြေယာပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေလုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးမြေဆီလွှာတွေ ပိုမိုကောင်းမွန်လာခြင်း၊ မြေပေါ်/မြေအောက်ရေ ထိန်းသိမ်းမှုကို မြှင့်တင်နိုင်ခြင်း၊ သယံဇာတတွေ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ခြင်း စတာတွေအပြင် အပင်နဲ့သတ္တဝါတွေအတွက် ကျက်စား နယ်မြေတွေ ပေါ်ထွန်းလာစေကာ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းရေးမှာ များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ မြေယာပြန်လည်ပြုပြင်ရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCCD) အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ် ဇန်နဝါရီလမှာ ဝင်ရောက်ခဲ့ပြီး နိုင်ငံအဆင့် သဲကန္တာရ တိုက်ဖျက်ရေးစီမံချက်တွေရေးဆွဲကာ နိုင်ငံတကာနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ သန့်ရှင်းသော ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ဂေဟစနစ်တွေ ရရှိစေဖို့၊ ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ဖို့၊ စီးပွား ရေးနဲ့လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့်ပင်မလုပ်ငန်း အစီအစဉ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်း အမိန့်၊ မြန်မာနိုင်ငံအမျိုးသား အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပင်မလုပ်ငန်းအစီအစဉ်၊ အမျိုးသား မြေပေါ်ရေ အရည်အသွေး စံချိန်စံညွှန်းစတာတို့ကို ထုတ်ပြန် ပြဋ္ဌာန်းကာ နိုင်ငံရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍကို အစွမ်းကုန်အဘက်ဘက်က မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့သင့်လျော်မယ့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDCs) အစီရင်ခံစာကိုရေးဆွဲ အတည်ပြုထားရှိပြီးဖြစ်ကာ စွမ်းအင်ကဏ္ဍ၊ သစ်တောနဲ့ အခြားမြေအသုံးချမှုကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး ရည်မှန်းချက်တွေ ချမှတ်ပြီး အစီရင်ခံစာပါ ကတိကဝတ်တွေနဲ့အညီ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းတွေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ လမ်းညွှန်ချက်တွေ နဲ့အညီ လေထု၊ ရေထု၊ မြေထုအရည်အသွေး စဉ်ဆက်မပြတ် တိုင်းတာစောင့်ကြပ်စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခြင်းအပါအဝင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကိစ္စအဝဝကို ဘက်စုံထောင့်စုံမှ အကောင်အထည်ဖော်ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။
မြန်မာ့ရေကဏ္ဍနှင့် မြေကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များ
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ မိုးခေါင်မှုဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံအချို့မှာ ရေချိုရှားပါးမှုတွေ ကြုံတွေ့လာရပြီး ကမ္ဘာပေါ်မှာ လူသန်း ပေါင်း ၇၀၀ မှ ၁၀၀၀ ကျော်အထိ ရေချိုရှားပါးမှုကို ခံစားနေကြရကြောင်း၊ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ အန္တရာယ်ကင်းတဲ့ သောက်သုံးရေ မရရှိ ကြသေးကြောင်း WHO ရဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ပြီး မိုးခေါင်ရေရှားဒဏ်ခံနိုင်ကာ ရေရှည်တည်တံ့တဲ့ ရေအရင်းအမြစ်တွေကို ထိထိရောက်ရောက်အကျိုးရှိရှိ အသုံးချနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ အဆိုပါကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ရေနဲ့ဆက်နွှယ်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ မြို့တော်ဝန်တွေ အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မိုးခေါင်ရေရှားမှုဒဏ် ခံနိုင်ဖို့အတွက် မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုန်တွေမှာ နွေရာသီကာလအတွင်း စိုက်ပျိုးရေနဲ့ သောက်သုံးရေ ဖူလုံစွာရရှိဖို့အတွက် ဆိုလာစနစ်တွေနဲ့ တစ်ပိုင်တစ်နိုင် မြေအောက်ရေတွင်းတွေ တူးဖော်ပေးနေတာ၊ သဲချောင်းတွေမှာ တမံတွေတည်ဆောက်ပေးနေတာတွေကို မျက်မြင်ဒိဋ္ဌတွေ့ရှိနေကြရပြီ ဖြစ်ပါတယ်။ မြေကဏ္ဍနဲ့ ရေကဏ္ဍတွေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တာဟာ မိုးခေါင်ရေရှား ဒဏ်ခံနိုင်ဖို့အပြင် အခြားကဏ္ဍတွေကိုလည်း ကျွဲကူးရေပါဆိုသလို တစ်ပြိုက်နက်တည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မြေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ မြေသယံဇာတတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက အမျိုးသားမြေအသုံးချမှုမူဝါဒကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ အမျိုးသားမြေ အသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်တွေနဲ့ အခြေခံမူတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ နောက်ဆုံးအကြိမ် ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါကော်မတီဟာ မြေအရင်းအမြစ်တွေ စီမံခန့်ခွဲရာမှာ စနစ်တကျ ဖြစ်စေဖို့နဲ့ မြန်မာ့မြေသယံဇာတ အရင်းအမြစ်တွေကို ရေရှည်တည်တံ့စေဖို့ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ သဲကန္တာရ ဖြစ်ထွန်းမှုမရှိသေးပေမယ့် ရာသီဥတုပြောင်းလဲ လာမှုဖြစ်စဉ်တွေ၊ မိုးခေါင်ရေရှားမှုနဲ့ စံချိန်သစ်တင်တဲ့ အပူချိန်မြင့်မားမှုတွေ ဆက်တိုက်ကြုံတွေ့လာရပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ သဲကန္တာရဆန်တဲ့ မြေဖွဲ့စည်းမှုတွေ တွေ့ရှိလာနေပါတယ်။ နောင်အနာဂတ်မှာ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပွားမလာစေဖို့ နည်းမျိုးစုံနဲ့ ကြိုတင်စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဆောင်ရွက်ရမည့် လုပ်ငန်းများ
မြေယာပြန်လည်ပြုပြင် ထိန်းသိမ်းမှုတွေ ဆောင်ရွက်ကြတဲ့အခါ ပထမဦးစွာ မြေဆီလွှာ ပြန်လည်ကောင်းမွန် ကျန်းမာစေဖို့အတွက် သစ်တောပြန်လည်တည်ထောင် စိုက်ပျိုးခြင်းနဲ့ သဘာဝတောထိန်းသိမ်းခြင်း လုပ်ငန်းတွေကို အလေးထားဆောင်ရွက်ကြဖို့လိုပါတယ်။ သဘာဝ မြေဆွေးနဲ့ သဘာဝမြေဩဇာကို ပိုမိုသုံးစွဲကြရမှာ ဖြစ်ပါတယ်။ ရေကိုချွေတာသုံးစွဲပြီး ရေကို အလေအလွင့် မဖြစ်ရလေအောင် ထိန်းသိမ်းကြဖို့လည်း အရေးကြီးပါတယ်။ စက်ရုံ/လုပ်ငန်းတွေ လည်ပတ်ရာက ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေကို ပြန်လည်သန့်စင်ပြီးမှသာ သတ်မှတ်လမ်းညွှန်ချက်တွေနဲ့အညီ စွန့်ပစ်ကြရမှာ ဖြစ်ပါတယ်။ မြေထုကို ညစ်ညမ်းစေတဲ့ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း တွေကိုလည်းစနစ်တကျ စီမံခန့်ခွဲကြရမှာဖြစ်ပါတယ်။ မြေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေကို တစ်ဦးကိုတစ်ဦးမျှဝေပေးရင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တိုက်တွန်းနှိုးဆော်ချက်
ယနေ့အချိန်အခါမှာ သဲကန္တာရတိုက်ဖျက်ရေးနဲ့ မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးက အချိန်မီအစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြဖို့ အရေးပေါ်လိုအပ်လာပြီဖြစ်ပါတယ်။ မြေယာပြန်လည်ပြုပြင်ရေး (Land Restoration) လုပ်ငန်းတွေနဲ့ သဘာဝဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး(Ecosystem Restoration) ဟာ အပြန်အလှန် ဆက်နွှယ်အကျိုးပြုနေပါတယ်။ ဒါကြောင့် ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် သတ်မှတ်ထားတဲ့ “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းက ရာသီဥတုပြောင်းလဲမှုဒဏ်ကို အန်တုနိုင်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့မြေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါတယ်။ ။