Skip to main content

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့

ဒေါက်တာချိုချိုဝင်း(အခြေခံပညာ)

အခြေခံပညာဦးစီးဌာန

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တစ်နှစ်တာကို ဖြတ်ကျော်ခဲ့ပြီးနောက် မကြာမီ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်ကာလကို ရောက်ရှိတော့မည်ဖြစ်ပါသည်။ ပညာရေးသည် ရပ်တန့်၍ရသောအရာ မဟုတ်သည့် လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ရသည့် ဖြစ်စဉ်ဖြစ်သည်ကို ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ၂၁ ရာစု ခေတ်သည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ ဘဝခရီးဖြတ်သန်းရာတွင် ပညာသည် အဆုံးအဖြတ် တစ်ခုဖြစ်သည့် ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ပါစီးမျောရန်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ပညာတတ်ဖြစ်ရေးပင်ဖြစ်သည်။ လူငယ်များမိမိတို့၏ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကိုအပတ်တကုတ် ဆည်းပူးလေ့လာရန် လိုအပ်သကဲ့သို့ ပညာဆည်းပူးလေ့လာသင်ယူရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့် တော်ဆုံး ပညာသင်ယူရာဌာနဖြစ်၍ ပညာပေးရာ စာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေး အားလုံးရောက်ရှိရန်မှာ အလွန်အရေးကြီးပေသည်။

ကျောင်းဟူသည် ကျောင်းသားလူငယ်များကို အမှားလုပ်ခြင်းမှ လျော့နည်းစေရန် ထိန်းကျောင်းသည့်နေရာဖြစ်၍ လူကောင်းလူတော်ဖြစ်အောင် ပုံသွင်းသည့်နေရာလည်းဖြစ်သည့် အလျောက် ကျောင်းတက်ရောက်ခြင်းဖြင့် မိမိစာသင်ခန်း၊ မိမိကျောင်းကို မိမိ၏ကိုယ်ပိုင် ပတ်ဝန်းကျင်အဖြစ် သိမြင်လာကြစေရန်နှင့် စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း လူအများနှင့် မည်သို့ပူးပေါင်း ဆောင်ရွက်နိုင်သည်ကို သိမြင်ဆောင်ရွက်တတ်ရန် ဖြစ်သည်။ ထိုသို့ဖြစ်လာစေရန် ကျောင်းကအစပျိုး လေ့ကျင့်ပေးခြင်းဖြင့် အသင်းအဖွဲ့များ၊ ရပ်ရွာအဖွဲ့ အစည်းများနှင့် စုပေါင်းဆောင်ရွက်နေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။ ထို့အပြင်ကျောင်းကို မိမိပတ်ဝန်းကျင်အဖြစ် လက်ခံလာစေခြင်းဖြင့် ပြဿနာများ ပေါ်ပေါက်လာပါက ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းအဖုံဖုံတို့ကို ကျောင်းသားအချင်းချင်း၊ ဆရာနှင့်ကျောင်းသား ပူးပေါင်းဆွေးနွေးကာ အဖြေရှာလာနိုင်မည်ဖြစ်၍ ကျောင်းသည် ပြဿနာများ ဖြေရှင်းရန်အတွက် နည်းလမ်းကောင်းများ ဖော်ထုတ်ပေးနိုင်သည့် အရင်းအမြစ်တစ်ခုပင်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် အမျိုးသားပညာရေး၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် “တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေး” ကို ဦးတည်လေ့ကျင့်ပေးရန်ဟူသော ရည်မှန်းချက်နှင့်အညီ ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာသင်ယူတတ် မြောက်ရန်အတွက် ကျောင်းသည် အဓိကပညာပေး ရာနေရာတစ်ခုဖြစ်သကဲ့သို့ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန်အတွက် အခြေခံကျကျ ပြုစုပျိုးထောင်ပေးသည့် အဖွဲ့အစည်း(Institution)တစ်ခုလည်း ဖြစ်ပေသည်။ ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများ ဖြစ်မြောက်လာစေရန် အခြေခံပညာ မူလတန်း ဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်တို့တွင် အဆင့်အလိုက် သင်ယူသူတို့၏ “ဗီဇ”၊ “အထုံ”၊ “ဝါသနာ”၊ “စိတ်ဝင်စားမှု”၊ “စိတ်အားထက်သန်မှု”တို့ အလျောက် သင်ယူသူတစ်ဦးချင်းစီအလိုက် သင်ယူမှု စွမ်းရည်အရ ကြိုးကုတ်အားထုတ် သင်ယူနိုင်မည့် အခွင့်အလမ်းကောင်းများကိုလည်း ကျောင်းဟူသည့် အဖွဲ့အစည်းမှ စနစ်တကျပြုစုပျိုးထောင်ပေးလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြစ်သည့် ပညာတတ်များပေါများရေးကို အလေးအနက် ထားလျက် ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ သင်ကြားသင်ယူမှုအဆင့် မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးမူဝါဒကိုအခြေခံ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းနေအရွယ်ကလေး အားလုံးအနည်းဆုံးအလယ်တန်းဆင့် (KG+9) ပြီးမြောက်ပါက သက်မွေးပညာသင်ယူရန် အခြေခံရရှိသွားမည်ဖြစ်သည့်အတွက် အသက်မွေးဝမ်း ကျောင်းပညာသင်ကျောင်းများဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါက တက်ရောက်နိုင်ရန်လည်း အခွင့်အလမ်းကောင်းများ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါသည်။

ဤကဲ့သို့ အခြေခံပညာ၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာရပ်များကို သင်ယူနိုင်ရန်မှာ ပထမ ဦးစွာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ရောက်ရှိရန်ပင်ဖြစ်၏။ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းနေနိုင်ရန်အတွက် ကျောင်းအပ်နှံ ရေးသီတင်းပတ်အစီအစဉ်ကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ ပညာသင်နှစ်မစမီ ရက်သတ္တပတ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

ယခုပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက် အထိ သတ်မှတ်ထားပြီး ဇွန် ၃ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် အခြေခံပညာ သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှု၊ ပျက်ကွက်မှုမရှိစေရေးအတွက် အကောင်အထည်ဖော်ရာတွင် အသက်(၅)နှစ်အရွယ် ကလေးများအား KG(သူငယ်တန်း)သို့လည်းကောင်း၊ အသက်(၆)နှစ်အရွယ်ကလေးများအား ပထမတန်း သို့လည်းကောင်း စတင်ကျောင်းအပ်နှံ၍ ပညာ သင်ကြားရန် ပြည်သူလူထုသို့ အသိပေးကြေညာ လျက်ရှိသည်။

အလားတူပင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ် နှင့်အညီ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ကျောင်းအလိုက် Media (သတင်းစာ၊ ဂျာနယ်၊ အင်တာနက် စာမျက်နှာ၊ ရေဒီယိုအသံလွှင့် ဌာနများ၊ Myanmar Education Channel ၊ SMS) များမှတစ်ဆင့် စည်းရုံးလှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဤဥပဒေတွင် “ကလေးသူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေးအပါအဝင် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန်” ဟု ဖော်ပြထားရှိသည့်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများကို ပညာရေးတွင် ပါဝင်ပတ်သက်သူ(stakeholders) များအားလုံးက အလေးထား ဆောင်ရွက်ပေးရန်လိုပေသည်။

ပညာသင်ကြားရမည့် အရွယ်ကလေးများ စာသင်ခန်းတွင်မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိသွားပါက အတုမြင်အတတ်သင်ခြင်းဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲတတ်လာခြင်း၊ အရွယ်မတိုင်မီ ဖို/မဆိုင်ရာ လိင်ကိစ္စများအပေါ် စိတ်ရောက်ရှိလာခြင်း၊ ဖုန်း၊ အင်တာနက်အစရှိသည့် လူမှုကွန်ရက်များကို အကျိုး ရှိရှိသုံးစွဲခြင်းမရှိဘဲ အတုမယူသင့်သည့် အရာများကို အတုယူသည့်အတွက် အရွယ်မတိုင်မီ လမ်းမှားရောက်တတ်ခြင်း၊ ဂိမ်းများ အလွန်အကြူး ဆော့ကစားခြင်း၊ လမ်းပေါ်တွင် တောင်းရမ်း စားသောက်၍ လေလွင့်နေခြင်း၊ အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ ရောက်ရှိလာခြင်း အစရှိသည့် မမျှော်မှန်းနိုင်သည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့လာနိုင်ပေသည်။ ဤဖြစ်ရပ်များသည် ကလေးလူငယ်များအတွက် သာမကမိဘများ၊ ပတ်ဝန်းကျင်များ၊ ရပ်ရွာလူထုများနှင့် နိုင်ငံအတွက်ပါ လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။

သို့အတွက်ကြောင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့် ရရှိရေးအတွက် ဆရာ၊ မိဘ၊ ရပ်ရွာလူထုတို့က ပူးပေါင်း၍ ကလေးများကျောင်းနေလာအောင် စည်းရုံးဆောင်ရွက်မှု၊ လှုံ့ဆော်မှု၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းနိုင်မှုနှင့် ကူညီပံ့ပိုးမှု စသည့်လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့အပြင် ကျောင်းနေမြဲရေးနှင့် ကျောင်းပညာ ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးအတွက် အမြဲမပြတ် စည်းရုံးဆောင်ရွက်ခြင်း၊ ခေတ်နှင့်အညီ တိုးတက်မှုရှိရေး ဦးတည်ဆောင်ရွက်နေသည့် အခြေခံပညာရေးစနစ်၏ အကောင်အထည်ဖော်မှု အခြေအနေများကို မိဘများ သိရှိနားလည်ရန် အသိပညာပေးခြင်း၊ ကျောင်းပညာရေး အရည် အသွေးတိုးတက်မြင့်မားရေးအတွက် မိဘများ၏ ပံ့ပိုးမှုရရှိစေရန် စည်းရုံးဆောင်ရွက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရန် လိုအပ် သည်များကို ရပ်ရွာလူထု ပူးပေါင်းဆောင်ရွက်ခြင်း၊ အခက်အခဲရှိသော ကျောင်းသားစာရင်းကောက်ယူရေးနှင့် ကူညီပံ့ပိုးပေးနိုင်ရေးတို့ကို ဆရာ ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုး ဆောင်များ၊ ရပ်မိရပ်ဖများက ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခြင်း အစရှိသည်တို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေး ထားဆောင်ရွက်သင့်ပေသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းနေ အရွယ်ကလေးများ အခက်အခဲမရှိ ကျောင်းအပ်နှံ၍ အခြေခံပညာသင်ယူနိုင်ရန်အတွက် ပြည်သူလူထု တစ်ရပ်လုံးက ကျရာအခန်းကဏ္ဍမှ နိုးကြားတက်ကြွစွာပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။