မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်
(ယမန်နေ့မှအဆက်)
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးက တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်အနက် မည်သည့်စနစ်ကိုလိုလားကြောင်း ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပတော့ဘဲ ပါတီစုံစနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို သုံးလအတွင်း ကျင်းပပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့တွင် ဦးဘဘေ၊ အငြိမ်းစားဘဏ္ဍာ တော်မင်းကြီးအပါအဝင် အဖွဲ့ဝင်လေးဦးဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နောက်ဆုံးမှတ်ပုံတင်ခွင့် ပြုထားသောနေ့ရက်အဖြစ် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်းမှာ ၂၃၅ ဖွဲ့ဖြစ်ပါသည်။ ကော်မရှင်၏စိစစ်ချက်အရ တောတွင်းကွန်မြူနစ်များမှ ထူထောင်သည့်ပါတီများ NCGUB နှင့် ယှဉ်ပြိုင်အစိုးရအဖွဲ့များ၊ ပြည်ပြေးများ၊ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မိမိသဘောအလျောက် ပယ်ဖျက်ခဲ့ရသည့်ပါတီများ စုစုပေါင်း ၁၄၂ ပါတီ ဖျက်သိမ်းခဲ့ရသဖြင့် ၉၃ ပါတီသာ ကျန်ရှိခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်း ၉၃ ဖွဲ့မှ ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၂၉၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ၄၇၉ ဦးနှင့် တစ်သီးပုဂ္ဂလခြောက်ဦး စုစုပေါင်း ၄၈၅ ဦးတို့ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရပါသည်။
နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် NLD ပါတီ ကိုယ်စားလှယ်အမတ်များ အမျိုးသားညီလာခံမှ ထွက်ခွာခဲ့ကြသည့်အတွက် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်သည်လည်း ပျက်ပြယ်သွားခဲ့ရသည်။ အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့်အခြေခံမူများ၊ အသေးစိတ် အခြေခံမူများနှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြ သည်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကြေညာချက်အမှတ် (၃/၂၀၀၈) ဖြင့် ဥက္ကဋ္ဌဦးအောင်တိုး အပါအဝင်အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်) နေ့တွင် ကျင်းပပြုလုပ်ပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများကျင်းပ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင် ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦး စုစုပေါင်း ၁၁၅၄ ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။ လွှတ်တော်အသီးသီး အနက် နိုင်ငံရေးပါတီ ၃၇ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလ ၈၂ ဦး စုစုပေါင်း ၃၀၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေးပါတီ ၂၂ ပါတီနှင့် တစ်သီးပုဂ္ဂလခြောက်ဦးတို့ အရွေးခံရပါသည်။ လွှတ်တော်သုံးရပ်ပေါင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၈၈၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၆၄ ဦး၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ ၅၇ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ၁၆ ဦး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ၃၅ ဦး နှင့် ကျန် ၁၇ ပါတီမှ ၉၄ ဦး ရွေးချယ်ခံရပါသည်။ ပထမအကြိမ်လွှတ်တော်သက်တမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ခဲ့ရာ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (င) တွင် ပါတီဝင် အဖြစ်စည်းရုံးရာ၌ “ထောင်ဒဏ်ကျခံနေသူမဟုတ် ခြင်း” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ခဲ့၍ ထောင်ဒဏ်ကျခံနေသူများကိုလည်း ပါတီဝင်အဖြစ် စည်းရုံးနိုင်သဖြင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်ခဲ့ပြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စုစုပေါင်းသုံးပါတီတို့ အရွေးခံရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအမတ်များ လွှတ်တော်အတွင်းသို့ ရောက်ရှိခဲ့ကြသည်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီ ကိုယ်စားပြု ၅၇၈၂ ဦးနှင့် တစ်သီးပုဂ္ဂလ ၃၁၀ ဦးအနက် နိုင်ငံရေးပါတီ ၂၂ ပါတီ ကိုယ်စားပြု ၁၁၄၅ ဦးနှင့် တစ်သီးပုဂ္ဂလ ငါးဦးအရွေးခံရသည်။ လွှတ်တော် သုံးရပ်ပေါင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၁၁၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၈၈၆ ဦး၊ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၄၀၊ ရခိုင်အမျိုးသားပါတီသည် ၄၅ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် တစ်ဦးနှင့်ကျန် ၁၇ ပါတီသည် ၅၆ ဦး ရွေးချယ်ခံရပါသည်။ NLD ပါတီဦးဆောင်၍ အစိုးရဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမဖြစ်နိုင်သဖြင့် နိုင်ငံတော်အတိုင်ပင်ခံဥပဒေပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ကို သူကဦးဆောင်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင် ၁၃ ဦးကို ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၌ ကျင်းပဆောင်ရွက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၌ ကျင်းပခဲ့ပါသည်။ နိုင်ငံရေးပါတီ ၉၁ ပါတီလွှတ်တော်ကိုယ်စားလှယ် ပေါင်း ၅၃၇၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၂၆၀ စုစုပေါင်း ၅၆၃၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲသည် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့ရသည့်အတွက် ရွေးကောက်ပွဲရလဒ်များ ပျက်ပြယ်ခဲ့ရသည်။ မဲမသမာမှုဖြစ်စဉ်များကို လေ့လာကြည့်ရာ အဓိကအချက် (၃) ချက်ကို တွေ့ရှိရသည်။ ပထမအချက်မှာ မဲစာရင်းများ ဖောင်းပွခြင်း၊ ဥပဒေနှင့်မညီသူများ မဲစာရင်းတွင်ပါဝင်နေခြင်း၊ ဒုတိယအချက်မှာ မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်း၊ တတိယအချက်မှာ မဲစာရင်းအပိုများ၊ မဲလက်မှတ်အပိုများဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုများကိုပြုလုပ်ခြင်း၊ ရပ်ကွက်ကျေးရွာများတွင် ဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲများ ကောက်ခံခြင်းတို့ ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်အားလုံးတွင် မဲမသမာမှုများ တစ်ပုံစံတည်းဖြစ်ပွား ခဲ့ကြောင်းတွေ့ရှိရသည်။ သာမန် မဲစာရင်းမှားယွင်းမှုမျိုးမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ပါဝင်ဆောင်ရွက်မှုဖြင့် ကြိုတင်စီစဉ်ဆောင်ရွက် ခဲ့ကြသည်။ မဲစာရင်းများတွင် ဥပဒေနှင့်မညီညွတ် သောသူများ ၁၁ ဒသမ ၃ သန်းအထိ ပါဝင်ခဲ့သည်။ ယင်းတွင် နိုင်ငံသားစိစစ်ရေး လက်မှတ် (မှတ်ပုံတင်) မရှိသူ ၄ ဒသမ ၈၆ သန်း ပါဝင်ခဲ့ခြင်းသည် မဲဆန္ဒရှင်များအတွက် များစွာနစ်နာဆုံးရှုံးမှုဖြစ်သည်။ မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်၊ ငါးကြိမ်အထိ ပါဝင်နေသူများ၊ ၁၈ နှစ် မပြည့်သူများနှင့် သေဆုံးသူများ ၆ ဒသမ ၄၄ သန်းဖြစ်သည်။ မဲပေးရန်အတွက် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေမှုမှာ ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် ၄၃ သန်းဖြစ်သည်။ မဲလက်မှတ်ရိုက်နှိပ်မှုများကို ထုတ်ပြန်ကြေညာပေးရန် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖွဲ့၊ သတင်းမီဒီယာများနှင့် နိုင်ငံရေးပါတီများက တောင်းဆိုခဲ့ကြသော်လည်း ငြင်းပယ်ခဲ့သည်။ ဆန္ဒမဲပေးခဲ့သည့်မဲလက်မှတ်များမှာ ၂၆ ဒသမ ၆၅ သန်း ဖြစ်သဖြင့် ၁၆ ဒသမ ၃၅ သန်းခန့် အပိုတွေ့ရှိရ သည်။ မဲလက်မှတ်မြောက်မြားစွာ အပိုရိုက်နှိပ်ပြီး မဲစာရင်းတွင် ပို၍ပါဝင်နေသူများနှင့် ဥပဒေမဲ့ မဲပေးမှုများကို ရပ်ကွက်၊ ကျေးရွာများအတွင်း ကြိုတင်မဲများဖြင့် မဲပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မဲစာရင်းများကို စစ်ဆေးသည့်အခါတွင် မဲရုံများ၌ မဲလက်မှတ်များ ပိုနေသည်ကို တွေ့ရှိခဲ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲလက်မှတ်အပို ၄ ဒသမ ၃ သိန်းထိရှိခဲ့သည်။ မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်အစား စလစ်စာရွက်(Voter Slip) ဖြင့် မဲပေးခွင့်ပြုရန် ဥပဒေနှင့်မညီညွတ်သော ညွှန်ကြားဆောင်ရွက်မှုများဖြင့် မဲမသမာမှုများ ဖြစ်ပွားခဲ့ရသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း/ ခရိုင်/ မြို့နယ်/ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းရာတွင် အာဏာရပါတီ၏ ဝန်ကြီးချုပ်များက အဆိုပြုသောသူများနှင့်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့များနှင့် NLD ပါတီ အောင်နိုင်ရေးအဖွဲ့များသည် ရပ်ကွက်၊ ကျေးရွာများတွင် ကြိုတင်မဲများကို လိုက်လံကောက်ခံခဲ့ကြသည်။ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရာတွင်လည်း ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များချိုးဖောက်၍ လူအုပ်စုဖြင့်ကမ်ပိန်း (Campaign) များပြုလုပ်ကာ ဆောင်ရွက်ခဲ့ကြသည်။ ဆိုရှယ် မီဒီယာ ဖြစ်သည့် Facebook တွင် အခြားပါတီများ၏ ဆောင်ရွက်မှုများကို ကန့်သတ်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ် ၆၄၂၆ သန်း သုံးစွဲခဲ့သည်။
မော်တော်ကားအစီးရေ ၂၂၀၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ခန့်ဖြင့် ကိုဗစ်ကာလအတွင်း ကားကမ်ပိန်း (Car Campaign) များ ပြုလုပ်ဆောင်ရွက်ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့မှ ကိုယ်တိုင်သွားရောက်အားပေးခြင်များ ဆောင်ရွက်ခဲ့သည်။ NLD ပါတီကို မထောက်ခံသဖြင့် ယင်းတို့ မဲမရရှိနိုင်သည့် တိုင်းရင်းသားဒေသများ၏ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ခြင်း မပြုဘဲဖျက်သိမ်းခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် IDEA နှင့် IFES တို့သည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရန်အတွက် ကူညီဆောင်ရွက်ရန်ဖြစ်သော်လည်း ကြီးမားသော မဲစာရင်းမှားယွင်းမှုများနှင့် မဲလက်မှတ်များ မြောက်မြားစွာ အပိုရိုက်နှိပ်မှုများကို ထောက်ပြပြောဆိုခြင်း၊ တားမြစ်ခြင်းမပြုသည့်အပြင် ယင်းတို့ ကိုယ်တိုင်နည်းပေးလမ်းပြပြု၍ ရပ်ကွက်၊ ကျေးရွာများအထိ မဲမသမာမှုများ ဖြစ်ပေါ်စေရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှု ဖြစ်ရခြင်း၏အဓိက အချက်ဖြစ်သော ရွှေ့ပြောင်းလုပ်သားများ မဲစာရင်းတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရန် အကြံပြုခဲ့ သည်။ IDEA နှင့် IFES တို့မှ အကြံပြုချက် ၃၅၃ ချက်ကို ယခင်ရွေးကောက်ပွဲကော်မရှင်ရယူပြီး မဲမသမာမှုများကို ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတကာအဖွဲ့ အစည်း ၂၄ ခုနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယင်းအဖွဲ့အစည်းများက နိုင်ငံရေးပါတီအချို့အား ထောက်ပံ့နေခြင်းကို ဥပဒေနှင့်မညီညွတ်သဖြင့်တားမြစ်ရန် တာဝန်ရှိသော်လည်း ဆောင်ရွက်ခြင်းမပြုခဲ့သည့်အပြင် မဲမသမာမှုများအတွက် ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် စာအုပ်တွင်လေ့လာတွေ့ရှိရပါသည်။
ထိုကဲ့သို့ အမှားအယွင်းကြီးမားစွာဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများကို လျစ်လျူရှုခဲ့လျှင် ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် များစွာသော အခက်အခဲများဖြစ်ပေါ်လာနိုင်ပါသည်။ ထိုရွေးကောက်ပွဲရလဒ်များနှင့် ဖွဲ့စည်းဆောင်ရွက်မည့် NLD ပါတီ အစိုးရအဖွဲ့သည် ယခင်ငါးနှစ်တာကာလ နိုင်ငံတော်ကိုတာဝန်ယူခဲ့စဉ်က ဝန်ကြီးဌာနများတွင် နိုင်ငံတကာအကြံပေးများဖြစ်သည့် ဂျိုးဖစ်ရှာ၊ ကိုဖီအာနန်၊ ရှောင်တနယ်တို့အပါအဝင် နိုင်ငံခြားသား ၉၀ ကျော်ကို ခန့်အပ်ခဲ့ပြီး ငှားရမ်းခကျပ် ၂၅ ဘီလီယံခန့်အထိ သုံးစွဲဆောင်ရွက်ခဲ့သည့် သာဓကများလည်းရှိခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှုများကိုလည်း နိုင်ငံခြားအကြံပေးများ၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ယခင်ထက်ဆိုးရွားသည့် တစ်ပါတီအာဏာရှင် နိုင်ငံပေါင်းစုံ ဒီမိုကရေစီအစိုးရမျိုးဖြင့် ကြုံတွေ့ကြရမည်ဖြစ်သည်။
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲစာရင်းကြီးမားစွာမှားယွင်းမှုနှင့် အခြားသောရွေးကောက်ပွဲဆိုင်ရာ ပြဿနာများအား တာဝန်ရှိသူ အဆင့်ဆင့်က ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိဘဲ လွှတ်တော်အသီးသီးအားခေါ်ယူခြင်းနှင့် အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သာ ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအားခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးခဲ့ရပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
နိဂုံး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအရ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက ရွေးကောက်ပွဲစနစ်များကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ တစ်မဲသာအနိုင်ရသည့် FPTP စနစ်ကြောင့် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုအတွင်း အနိုင်ရပါတီများက လွှတ်တော်များအတွင်း မဲခွဲဆောင်ရွက်ရာတွင် အနိုင်ပြုကျင့်မှုဖြစ်စဉ်များလည်းရှိခဲ့သည်။ တိုင်းရင်းသားဒေသများဖြစ်သည့် မွန်ပြည်နယ် ချောင်းဆုံမြစ်ကူးတံတားကိစ္စ၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတို့ကို မျက်ကွယ်ပြုခဲ့ခြင်းမျိုးလည်းရှိခဲ့သည်။ ထို ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားပါတီငယ်များ နစ်နာမှုများရှိခဲ့သည်ကိုလည်း ဂရုပြုရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၃၅ ခုနှစ် စီရင် အုပ်ချုပ်မှုအက်ဥပဒေအရ အောက်လွှတ်တော် ရွေးချယ်တင်မြှောက်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုဆောင်ရွက်ခဲ့သည့်အတွက် မြန်မာအမတ်များ လွှတ်တော်တွင် ပါဝင်ခွင့်ရရှိခဲ့သည့် သာဓကများရှိခဲ့ပါသည်။ သို့ဖြစ်၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပါတီများမှာ ယင်းတို့ကို ထောက်ခံသော လူထု၏ဆန္ဒမဲများဖြင့် လွှတ်တော်အတွင်း ဥပဒေပြုရေး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် ထိုက်သင့်သလောက် ပါဝင်ခွင့်ရရှိလာမည်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများတွင် “နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်” မူချမှတ်ထားပြီးလည်း ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၅ (က) အရ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးကြရမည် ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျင်းပပြု လုပ်နိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာ နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများနှင့် မဲမသမာမှုဖြစ်စဉ်များအပေါ် သင်ခန်းစာရယူ၍ အနာဂတ်နိုင်ငံတော်အတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကို ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
၂။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သောရွေးကောက်ပွဲများ၏အမိုင်းအကျဉ်း
၃။ နိုင်ငံရေးနှင့်နိုင်ငံရေးပါတီများ
၄။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်
၅။ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး ဒုတိယတွဲ
၆။ မြန်မာနိုင်ငံရေးဖြစ်စဉ်အကျဉ်း
မောင်ရွှေရိုး