သန့်ရှင်းကျန်းမာဘေးရန်ကင်းကွာ အစားအစာ
ကမ္ဘာ့နိုင်ငံတိုင်းတွင် အချဉ်ဖောက်ထားသော အစားအစာများနှင့် အဖျော်ယမကာများသည် လူ့အသိုက်အဝန်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အချဉ်ဖောက်ထားသော အစားအစာများသည် ရာစုနှစ်များစွာကတည်းကပင် မြန်မာ့ဟင်းလျာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်တွင်လည်း စားသုံးမှုများသော အစားအစာဖြစ်ပါသည်။ အမျိုးအစားအနေဖြင့် အချဉ်ဖောက်ထားသော အစားအစာများတွင် ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ အသားနှင့်ငါးတို့ပါဝင်ပြီး အချဉ်ဖောက်ထားသော အဖျော်ယမကာများတွင် အယ်လ်ကိုဟောပါဝင်သော အဖျော်ယမကာနှင့် အယ်လ်ကိုဟောမပါဝင်သော အဖျော်ယမကာဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။
အချဉ်ဖောက်ထားသော အစားအစာနှင့် အဖျော်ယမကာ အမျိုးမျိုးကို ပင်လယ်ရပ်ခြားကုန်သွယ်မှုများမှ တစ်ဆင့်လည်းကောင်း၊ ခေတ်ရေစီးကြောင်းအရ အစားအစာယဉ်ကျေးမှု ဖလှယ်ခြင်းဖြင့်လည်းကောင်း ကမ္ဘာ့ဈေးကွက်အတော်များများတွင် ရရှိနိုင်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းထုတ်အချဉ်ဖောက်ထားသော အစားအစာများကို ဈေးကွက်တွင်ရရှိနိုင်သကဲ့သို့ ပြည်ပမှတင်သွင်းသော ထုတ်ကုန်အရည်အသွေးဦးစားပေးသည့် အရသာအမျိုးမျိုး၊ ထုပ်ပိုးမှုပုံစံအမျိုးမျိုးရှိသည့် အချဉ်ဖောက်ထားသော အစားအစာများကို စူပါမားကတ်၊ ကုန်တိုက်များတွင်ရရှိနိုင်ပါသည်။ ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများအနက် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှာ အချဉ်ဖောက်ထားသော အစားအစာနှင့် အဖျော်ယမကာ ထိပ်တန်းတင်ပို့သော နိုင်ငံများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်လုပ်သည့် အချဉ်ဖောက်ထားသော အစားအစာများကို ကမ္ဘာ့အဆင့်မီ စီးပွားဖြစ်ထုတ်လုပ်တင်ပို့မှုမှာ ကိန်းဂဏန်းအချက် အလက်များအရ တွင်ကျယ်မှုမရှိသေး ပေ။
အချဉ်ဖောက်ခြင်းဖြစ်စဉ်
ကစော်ဖောက်ခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်းတွင် ပရိုဘိုင်အိုတစ်များ၊ အကျိုးပြုဗက်တီးရီးယားများ ဥပမာအားဖြင့် လက်တိုဘက်စလက်စ် (Lactobacillus) သည် အချဉ်ဖောက်မည့် အစားအစာရှိကစီဓာတ်နှင့် သကြားဓာတ်များကို စားသုံးပြီး အယ်လ်ကိုဟောနှင့် လက်တစ်အက်စစ်ဓာတ်အဖြစ် ပြောင်းလဲပေးခြင်းဖြင့် အချဉ်ဖောက်ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေပါသည်။ ဤလက်တစ်အက်စစ်သည် သဘာဝအတိုင်း တာရှည်ခံပစ္စည်းအဖြစ် အချဉ်ဖောက်ထားသော အစားအစာများကို တာရှည်အထားခံစေပါသည်။ အချဉ်ဖောက်ခြင်းသည် အစားအစာများကို အလေအလွင့်မရှိစေဘဲ ပိုလျှံအစား အစာစွန့်ပစ်မှုအပြင် အစားအစာလေလွင့် ဆုံးရှုံးမှုလျှော့ချရန်နှင့် ကြာရှည်အထားခံစေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် နှစ်ကာလအတန်ကြာကပင် ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို စဉ့်အိုးကြီးများတွင်ထည့်သွင်းကာ ဝမ်းစာအဖြစ် နှစ်ပတ်လည်ထား စားသုံးခဲ့ကြပါသည်။
အချဉ်ဖောက်ထားသော အစားအစာများသည် လူတို့၏ အစာခြေစနစ်နှင့် အူလမ်းကြောင်းကျန်းမာစေရန် ကူညီပေးသည့် အကျိုးပြုဗက်တီးရီးယားများဖြစ်သည့် ပရိုဘိုင်အိုတစ်ကြွယ်ဝသည်။ အစာခြေစနစ် ကောင်းမွန်စေ၍ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်ကြောင်း သုတေသနပြုလေ့လာမှုများအရ သိရှိရပါသည်။ သို့ရာတွင် အချဉ်ဖောက်စဉ်တွင် သန့်ရှင်းမှုအားနည်းပါက အစားအစာညစ်ညမ်းမှုဖြစ်နိုင်ပြီး စားသုံးသူအား အဆိပ်အတောက်ဖြစ်စေ၍ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး ပြင်းထန်ပါက အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါသည်။
အဆိပ်အတောက်အန္တရာယ်ဖြစ်စေ
အချဉ်ဖောက်ထားသော အစားအစာများသည် ယေဘုယျအားဖြင့် လူတို့စားသုံးရန်သင့်လျော်သော်လည်း အဆိပ်နှင့်ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များ လုံးဝကင်းရှင်းခြင်းမရှိပါ။ အစားအစာညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားများ ဖြစ်သည့် Enterococcus ၊ E.coli ၊ Salmonella ၊ Staphylococcus and Listeria strains အစရှိသည့် ဗက်တီးရီးယားများကြောင့် အချဉ်ဖောက်ထားသော အစားအစာများတွင် အဆိပ်အတောက်အန္တရာယ်ဖြစ်စေပါသည်။ ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများသည် အစားအသောက်မှတစ်ဆင့် ဇီဝဆိုင်ရာအန္တရာယ်များ ဖြစ်စေပါသည်။ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရူပဆိုင်ရာအန္တရာယ်များ၊ ဓာတုဆိုင်ရာအန္တရာယ်များနှင့် ဓာတ်မတည့်မှုဆိုင်ရာအန္တရာယ်များကို အစားအစာထုတ်လုပ်ဖြန့်ဖြူးရောင်းချစဉ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး နည်းပညာလိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပါသည်။
စားသောက်ကုန်များသည် လူတို့အတွက် နေ့စဉ်မရှိမဖြစ်လိုအပ်ချက်ဖြစ်ရာ စားသုံးသည့် အစားအသောက်များတွင် အာဟာရများပါဝင်၍ အဆိပ်အတောက်ကင်းရှင်းမှသာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ သို့ပါ၍ အစားအစာ ထုတ်လုပ်သူများက ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များ ထုတ်လုပ်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပညာရှင်များက ထောက်ခံအကြံပြုထားသော ကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ရရှိနိုင်မည်ဖြစ်ပါသည်။
အစားအစာအရည်အသွေးနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေးဟု ကြွေးကြော်နေသော မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများတွင် အသားများ၊ ရေထွက်ကုန် ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများစသည့် အစားအစာအမျိုးမျိုးကို အချဉ်တည်ခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်းတို့တွင် ရိုးရာဓလေ့နည်းသာမက နည်းပညာလိုအပ်ချက်နှင့်အညီ ခေတ်မီထုပ်ပိုးမှု မျိုးစုံဖြင့် ပေါင်းစပ်ပြုပြင်၍ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ထုတ်ကုန်ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားသော စားသောက်ကုန်တွင် လိုက်နာရမည့်စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်လာကြပါသည်။ ယင်းတို့ကို ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်များတွင် ဖော်ပြပါရှိသော ကုန်အညွှန်းအမှတ် တံဆိပ်နှင့် အရည်အသွေးဆိုင်ရာ ထောက်ခံချက်အမှတ်တံဆိပ်များကို ထုပ်ပိုးမှုများတွင် တွေ့မြင်ရမည်ဖြစ်ပါသည်။
ပြည်တွင်းထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးအဖြစ် ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန်အထိ ထုတ်လုပ်၍ ဈေးကွက်အရောက် တင်ပို့ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။
အချဉ်ဖောက်ထားသော စားသောက်ဖွယ်ရာများကို ထုတ်လုပ်
မြန်မာနိုင်ငံ၏ မြို့တိုင်း၊ ဒေသတိုင်းတွင် ဒေသအလိုက် ရိုးရာယဉ်ကျေးမှုများရှိပါသည်။ စားသောက်ဖွယ်ရာအသီးသီးသည် ဒေသ၏ ရိုးရာယဉ်ကျေးမှုကိုသာမက ယင်းဒေသ၏ သမိုင်းကိုပါ ထင်ဟပ်စေသည့် သာဓကများစွာရှိပါ သည်။ ဥပမာအားဖြင့် ပျဉ်းမနားမျှစ်ချဉ်၊ ပုဂံပုံးရည်ကြီး၊ ပဲခူးငါးချဉ် စသည်ဖြင့် အထင်ကရရှိကြပါသည်။ ထို့ကြောင့် ဒေသတွင်းထုတ်ကုန်လုပ်ငန်းများမှ အသားများ၊ ရေထွက်ကုန်ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများစသည့် အစားအစာအမျိုးမျိုးအား အချဉ်တည်ခြင်း သို့မဟုတ် အချဉ်ဖောက်ခြင်းနည်းများဖြင့် ရရှိလာသည့် အသားချဉ်၊ ငါးချဉ်၊ ပုစွန်ချဉ်၊ ဟင်းသီးဟင်းရွက်ချဉ်ဖတ်များ၊ မျှစ်ချဉ်၊ မုန်ညင်းချဉ်၊ အသီးဆားရည်စိမ်များ၊ ပဲပိစပ်များ၊ နှမ်းဖတ်ချဉ်၊ မြေပဲချဉ်ဖတ်၊ ပုံးရည်ကြီး၊ လက်ဖက်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ အရက်၊ ဘီယာနှင့် အဖျော်ယမကာများ အစရှိသည့် အချဉ်ဖောက်ထားသော စားသောက်ဖွယ်ရာများကို ထုတ်လုပ်လျက်ရှိပါသည်။
ယင်းတို့ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်တွန်းအားပေး၍ အာမခံချက်ရှိသော အစားအစာ ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် အရည်အသွေးပြည့်ဝရေးကို အလေးထားထုတ်လုပ်ရန်နှင့် ထုပ်ပိုးမှုပုံစံသည်လည်း သန့်ရှင်းသေသပ်လှပ၍ စားချင်စဖွယ်ဆွဲဆောင်မှုရှိရန် လိုအပ်ပါသည်။ သို့မှသာ ထုတ်ကုန်အမျိုးအစား တူညီမှုရှိပါက ယုံကြည်စိတ်ချရသည့် ထုတ်ကုန်သည်ဈေးကွက်ဝင်၍ မျက်နှာပန်းလှမည်ဖြစ်ပြီး ယှဉ်ပြိုင်အနိုင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ယခုအခါ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန်ကြိုးစားနေခြင်းဖြစ်ရာ ပထဝီဝင်တည်နေရာအရ တရုတ်နှင့် အိန္ဒိယစသည့် နိုင်ငံကြီးများနှင့် အလွန်နီးစပ်သောကြောင့် ကြီးမားသောစားသုံးသူဈေးကွက်သို့ ထုတ်ကုန်များကို တင်ပို့နိုင်သည့် အခွင့်အလမ်းများစွာရှိနေခြင်းကြောင့် စျေးကွက်လိုအပ်ချက်များအပြင် စားသုံးသူများ၏ မျှော်လင့်ချက်များနှင့်ကိုက်ညီသည့် အချဉ်ဖောက်ထားသော အစားအသောက်ထုတ်ကုန်များ ထုတ်လုပ်လာစေရန်ရည်ရွယ်၍ ရေးသားတင်ပြအပ်ပါသည်။ ။