ခွေးရူးရောဂါကြောင့် သေဆုံးမှုလျော့ပါးစေရေး ပူးပေါင်းဆောင်ရွက်
ခွေးရူးရောဂါကာကွယ်ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သော သိပ္ပံပညာရှင် Louis Pasteur ၏ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြီးမှူး၍ နှစ်တစ်နှစ်၏ စက်တင်ဘာလ ၂၈ ရက်နေ့ကို “ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ကာ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ပြည်သူဗဟိုပြု အသိပညာပေးလှုံ့ဆော်မှုများကို အသိပေးလျက်ရှိသည်။ WHO ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီးတစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့်အာဖရိကနိုင်ငံများ၏ ဆင်းရဲသောကျေးရွာများတွင် ထိခိုက်မှုပိုမိုဖြစ်ပွားကြောင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပူးပေါင်းပါဝင်ထိုးနှံထားခြင်းဖြင့် ၎င်းရောဂါကြောင့် ကွယ်လွန်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ခွေးရူးရာဇဝင်
ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်မှစ၍ သတိပြုမိခဲ့ကြကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရသည်။ ၁၇၆၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ခွေးရူးရောဂါသည် နှစ်အနည်းငယ်အတွင်း အခြားပြည်နယ်များသို့ ပျံ့နှံ့သွားပြီး ပြင်သစ်နှင့် မြောက်အမေရိကတိုက်အထိ ကူးစက်ပျံ့နှံ့ခဲ့သည်။ ၁၉ ရာစုအတွင်းက ခွေးရူးရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ဘေးဆိုးကပ်ဆိုးတစ်ခုအဖြစ် ယူဆခဲ့ကြသည်။ ထို့ကြောင့် ခွေးရူးဟု သံသယရှိသောခွေးကိုက်ခံရပါက ထိုသူသည် မိမိကိုယ်ကိုအဆုံးစီရင်ရခြင်း သို့မဟုတ် အခြားသူများက ဝိုင်း၍သတ်ဖြတ်သည်ကိုခံရခြင်းဖြင့် ကိစ္စတုံးစီရင်လေ့ရှိသည်။ တချို့ဒေသများတွင်လည်း ခွေးရူးရောဂါသည် လျှာမှစတင်ဖြစ်ပွားသည်ဟုယူဆကာ ခွေးရူးပြန်ရောဂါဖြစ်နေသော လူ၊ တိရစ္ဆာန်တို့၏ လျှာကိုအရင်းမှ ဖြတ်တောက်ခဲ့ကြသည့် ရိုးရာဓလေ့ရှိခဲ့သည်။ ၁၈၈၅ ခုနှစ် ရောက်မှသာ Louis Pasteur ဟုဆိုသည့် သိပ္ပံပညာရှင်က ခွေးရူးပြန်ရောဂါအတွက် ကာကွယ်ဆေးကုထုံးကို စတင်တီထွင်ခဲ့သည်။
ခွေးရူးရောဂါဖြစ်ရသောအကြောင်းရင်း
ခွေးရူးရောဂါသည် Rhabdo (ခေါ်) ကျည်ဆန်ပုံ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရပြီး ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းကို အဓိကတိုက်ခိုက်သည်။ ၎င်းဗိုင်းရပ်စ်က လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးကို ကျရောက်စေနိုင်သည်။ ယနေ့ကမ္ဘာပေါ်တွင် ၎င်းဗိုင်းရပ်စ်အဖြစ်များသော သတ္တဝါများမှာ ခွေး၊ ကြောင်၊ မြေခွေး၊ တောခွေး၊ ဝက်၊ နွား၊ သိုး၊ ဆိတ်၊ လင်းနို့၊ ဝံပုလွေ၊ ခွေးအစသည့် တိရစ္ဆာန်များဖြစ်ကြသည်။ အာရှနှင့်အာဖရိကနိုင်ငံများတွင် ခွေးနှင့်ကြောင်တို့ကြောင့် ခွေးရူးရောဂါဖြစ်ပွားကြပြီး တောင်အမေရိကတိုက်များတွင် လင်းနို့များမှတစ်ဆင့် ခွေးရူးရောဂါ အများဆုံးပြန့်ပွားလေ့ရှိသည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)၏ စစ်တမ်းအရ လူများတွင် ခွေးရူးရောဂါဖြစ်ရခြင်း၏ ၉၉ ရာခိုင်နှုန်းအထက်သည် ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်ရကြောင်း လေ့လာမှတ်သားရပါသည်။
ခွေးရူးပြန်ရောဂါနှင့်ကမ္ဘာ
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ခွေးရူးရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံတော်တော်များများက ထိုရောဂါအန္တရာယ်ကို အလေးထားထိန်းချုပ်ရန် ကြိုးစားနေကြသည်။ တစ်ကမ္ဘာလုံးခြုံကြည့်ရာ၌ နှစ်စဉ်နှစ်တိုင်းခွေးကိုက် ခံရပြီးနောက် ခွေးရူးရောဂါကာကွယ်ဆေးထိုးရသော လူဦးရေ ၁၀ သန်းခန့်ရှိပြီး ယင်းရောဂါကြောင့် အသက်ဆုံးရှုံးရသူများမှာ ၅၅၀၀၀ ခန့်ရှိနေသည်။ ထိုသေဆုံးမှုပမာဏသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး ၎င်းတို့အနက် လူအများစုမှာ အာရှနှင့်အာဖရိက တိုက်များမှဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမတိုင်ခင်ကာလအထိ ကောက်ယူခဲ့သော စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ခွေးရူးရောဂါကြောင့် သေဆုံးသူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ ဗီယက်နမ်နိုင်ငံဖြစ်ကာ ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ခွေးရူးရောဂါအန္တရာယ်အများဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
အတုယူဖွယ်ရာအဖြစ် ဗြိတိန်နိုင်ငံသည် ပထဝီအနေအထားအရ ကျွန်းစုနိုင်ငံဖြစ်ကာ ခွေးရူးရောဂါကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် ခွေးရူးရောဂါပိုးရှိသောတိရစ္ဆာန်များ မိမိနိုင်ငံတွင်းသို့ မဝင်ရောက်နိုင်စေရန် တင်းကျပ်စွာကာကွယ်တားဆီးခဲ့ပါသည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခွေးရူးရောဂါကင်းစင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ဘေးကင်းစွာရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ဥရောပနိုင်ငံအများစုကလည်း ခွေးရူးရောဂါ ကင်းစင်သောနိုင်ငံအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ခွေးရူးပြန်ရောဂါအခြေအနေ
မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ သိသိသာသာတိုးပွားလာမှုကြောင့် ခွေးရူးပြန်ရောဂါအန္တရာယ်နှင့် တွေ့ကြုံနေကြရသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့ (OIE) နှင့် ပူးပေါင်း၍ မြန်ပြည်တစ်ဝန်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အင်တိုက်အားတိုက် အခမဲ့ထိုးနှံလာခဲ့သည်။ မည်မျှပင်ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေပါသော်လည်း ပူပြင်းသောနွေရာသီရောက်လျှင် နယ်မြို့များတွင် မကြာခဏဆိုသလို ခွေးရူးကိုက်ခံရသော အန္တရာယ်များဖြင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ထို့ကြောင့် ခွေးရူးရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်၊ ကျေးရွာအုပ်စုအသီးသီးရှိ ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ကျေးရွာနေပြည်သူများတွင် ခွေးရူးရောဂါကာကွယ်ရေးအသိအမြင်များ တိုးပွားလာစေရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများလည်း အစဉ်တစိုက် ဆောင်ရွက်လာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ခွေးများတွင် ခွေးရူးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက် အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး ထိုစီမံကိန်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တို့တွင် ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို One Health Strategy အနေဖြင့် ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများကိုလည်း လိုအပ်သော ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုများလျော့ပါးစေရန် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက၊ မွေးမြူရေးသမားများ၊ အထောက်အပံ့ပေးသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဟန်ချက်ညီညီအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး “၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှုသုညအထိ လျှော့ချနိုင်ရေး” ဆိုသည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်လည်း အောင်မြင်မည်ဖြစ်ကြောင်းကို မွေးမြူရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ကြောက်စရာ ခွေးရူးပြန်ရောဂါ
တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားလျှင် တံတွေးထဲမှ ခွေးရူးရောဂါဗိုင်းရပ်စ်များစွာ ပါဝင်နေပြီး အခြားတိရစ္ဆာန်ကို ကိုက်လိုက်သောအခါ အနာထဲသို့ တံတွေးထဲမှ ခွေးရူးရောဂါဗိုင်းရပ်စ်များဝင်သွားကာ ရောဂါကူးစက်စေပါသည်။ ခွေးရူးကိုက်ခံရသောသူတွင် ၎င်းရောဂါပိုးကူးစက်ခံရပါက ဒဏ်ရာမှစ၍ အာရုံခံ (Nerves) ဆဲလ်များမှတစ်ဆင့် ဦးနှောက်ဆီသို့ တစ်ရက်လျှင် တစ်စင်တီမီတာနှုန်းဖြင့် တစ်စတစ်စပျံ့နှံ့သွားသည်။ ၎င်းပိုး ဦးနှောက်ဆီသို့ ရောက်သွားချိန်တွင် မည်သည့်နည်းနှင့်မျှ ကုသနိုင်စွမ်းမရှိတော့ဘဲ အသက်ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ခွေးရူးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ချက်ချင်းထိုးနှံပေးရန် အရေးကြီးသည်။ အကိုက်ခံရပါက သွေးထွက်မလွန်အောင် ဒဏ်ရာပေါ် လက်မဖြင့်ဖိထားပါ။ မိမိအိမ်တွင် ဒဏ်ရာကို ရေများများသုံးပြီး ဆပ်ပြာသို့မဟုတ် Dettol ကဲ့သို့သော ပိုးသတ်ဆေးတစ်ခုခုဖြင့် အနည်းဆုံး အချိန်ဆယ်မိနစ်ကျော်ကြာသည်အထိ ရေစင်စင်ဖြင့် ဆေးကြောပေးရန်လိုပါသည်။ ထို့နောက် နီးစပ်ရာဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ဆောလျင်စွာသွားပြီး ဆရာဝန်ညွှန်ကြားသည့် အတိုင်းလိုက်နာ၍ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံရပါမည်။
ခွေးရူး၏ အမူအကျင့်များ
ခွေးရူးရောဂါဖြစ်နေသော ခွေးတစ်ကောင်၏ အမူအကျင့်များမှာ ရုတ်တရက်အမူအရာပြောင်းသွားခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာမစားခြင်း၊ အဖျားတက်ခြင်း၊ ၎င်းအား မည်သူကမျှ စိတ်ဆိုးအမျက် ထွက်အောင်မလုပ်ပါဘဲ သူ့အလိုလို ရန်လိုနေပြီး ကိုက်တတ်ခြင်း၊ တုတ်ချောင်း သို့မဟုတ် စက္ကူစသည်ဖြင့် မြင်မြင်ရာကို ကိုက်ဝါးခြင်း၊ ကြောက်ရွံ့အားငယ်နေခြင်း၊ ဦးတည်ရာမဲ့ပြေးသွားခြင်း၊ အသံအက်ဖြင့်အူခြင်း၊ ဟောင်ခြင်း၊ အစာနှင့်ရေကို မျိုချရန်ခက်ခဲခြင်း၊ နောက်ဘက်ခြေထောက်များ ဆိုင်းသွားခြင်း၊ အလင်းရောင်ကို ကြောက်ခြင်း၊ မျက်စိသူငယ်အိမ်ကျယ်လာခြင်း၊ ခက်ခက်ခဲခဲ အသက်ရှူခြင်း၊ မေးရိုးများဟနေခြင်း၊ သွားရည်သို့မဟုတ် တံတွေးများ လွန်ကဲစွာထွက်ကျခြင်း စသည်တို့ဖြစ်သည်။
လူတွင်တွေ့ရသော ခွေးရူးပြန်ရောဂါလက္ခဏာများ
ခြေထောက်တွင်ကိုက်ခံရပါက ပျမ်းမျှ ၆၄ ရက် ခန့်၊ လက်မောင်းတွင် ကိုက်ခံရပါက ၃၂ ရက်ခန့်၊ မျက်နှာနှင့် လည်ပင်းအနီးတစ်ဝိုက်တွင် အကိုက်ခံရပါက ၂၇ ရက်ခန့် ကြာမြင့်ပြီးနောက် ခွေးရူးပြန် ရောဂါလက္ခဏာများကို ယခုကဲ့သို့ခံစားရတတ်ပါသည်။ ၎င်းတို့မှာ တုပ်ကွေးရောဂါဖြစ်သကဲ့သို့ ခန္ဓာကိုယ်၊ လက်နှင့်ဦးခေါင်းကိုက်ခဲခြင်း၊ အလွန်အမင်းမောပမ်းနွမ်းနယ်ခြင်း၊ ခွေးကိုက်ခံရ သောဒဏ်ရာမှ စူးစူးနစ်နစ် ယား၍နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ပျို့အန်ခြင်း၊ တစ်ကိုယ်လုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ရေကြောက်ခြင်း၊ ရေဆာသော်လည်း ရေကို ထိတွေ့မြည်းစမ်းရမည်ကို တွန့်ဆုတ်နေခြင်း၊ လည်ချောင်းရောင်၍နာခြင်း၊ အိပ်စက်မရခြင်း၊ ဂနာမငြိမ်ခြင်း၊ သွားရည်များစွာထွက်ခြင်း၊ တက်ခြင်း၊ အစာစားချင် စိတ်မရှိတော့ခြင်း၊ အားနည်းခြင်း၊ ဦးနှောက်အမြှေး ပြင်းထန်စွာရောင်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အလင်းရောင်ကို မခံစားနိုင်တော့ခြင်း၊ ပါးစပ်မှ တံတွေးများစီးကျခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လေဖြတ်သကဲ့သို့ အဆစ်အမျက်များ ဆိုင်းသွားခြင်း စသည်တို့ဖြစ်ကြသည်။
ခွေးရူးကိုက်ခံရပါက မည်သည့်အစားအစာမျှ အထူးရှောင်ရှားရန် မလိုအပ်ဘဲ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း နေထိုင်စားသောက်ရန် လိုပါသည်။ ခွေးကိုက်ခံရပါက ခွေးတောက်ရွက်မစားရဟု ရှေးရိုးစွဲရှိကြသော်လည်း အခါးအရသာဖြစ်သော ခွေးတောက်ရွက်က သွေးကျေဒဏ်ကျေစေနိုင်သဖြင့် စားပေးနိုင်ပါသည်။ ပြည်မတည်စေရန်အတွက် ဝက်သားအဆီ၊ ဖီးကြမ်းငှက်ပျောသီး စားသုံးခြင်းရှောင်ပါ။
ခွေး၊ ကြောင်ပိုင်ရှင်များ လိုက်နာရန်အချက်များ
အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိ၏ခွေး၊ ကြောင်များကို ခွေးရူးကာကွယ်ဆေး မှန်မှန်ထိုးပေးပါ။ သက်ဆိုင်ရာကျန်းမာရေးဌာန၏ကြေညာချက်များကို စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်ရပါမည်။
အချုပ်အားဖြင့်ဆိုသော် ခွေးရူးပြန်ရောဂါ ဖြစ်ပေါ်ခံစားရပါက ကုရာနတ္ထိဆေးမရှိပါ။ ခွေးကိုက်ခံရပြီးနောက် ၁၀ နှစ်ကြာမှ ခွေးရူးပြန် ရောဂါဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် လမ်းမပေါ်ရှိ ပိုင်ရှင်မဲ့ခွေးကောင်းဖြစ်စေ၊ ခွေးရူးဖြစ်စေ အကိုက်ခံရပါက နီးစပ်ရာဆေးခန်းသို့သွား၍ ခွေးရူးပြန် ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ဘဝနောင်ရေး အတွက် စိတ်အေးနိုင်ပါမည်။ ခွေးရူးရောဂါသည် ကာကွယ်ဆေးဖြင့် ရာနှုန်းပြည့် ကြိုတင်ကာကွယ် နိုင်သည့် ရောဂါတစ်ခုဖြစ်သဖြင့် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ယင်းရောဂါကြောင့် သေဆုံးမှုကို လျော့ပါးစေနိုင်ပါ လိမ့်မည်။ သို့ပါ၍ ပြည်သူများအနေဖြင့် အမျိုးသား ရေးအသိစိတ်ဖြင့် ခွေးရူးရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပူးပေါင်းပါဝင် ကြပါရန် တိုက်တွန်းရေးသားရင်း ခွေးရူးရောဂါဘေးဘယာမှ ကင်းဝေးကြပါစေ။ ။
တင်ထက်ထက်ဇော်