(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်ရေးမှသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းလာပြီး နိုင်ငံ၏ လူမှုစီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးဆီသို့
(၁) ရာစုပင်လုံညီလာခံ
မိမိတို့နိုင်ငံသည် နှစ်ပေါင်းတစ်ရာခန့်သူ့ကျွန်ဘဝတွင် နေထိုင်ခဲ့ရာမှ ၁၉၄၀ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သော နိုင်ငံတစ် နိုင်ငံအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြရသည်မှာ (၂၀) ရာစု ပထမပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ယခုအစိုးရသစ်တက်ရောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် ဦးဆောင်၍ (၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပခြင်းကို မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က တစ်ခဲနက်ထောက်ခံကြပါသည်။ ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီး အောင်မြင်စွာကျင်းပပြီးစီးပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မိမိတို့အားလုံး ပူးပေါင်းတည်ဆောက်နိုင်ကြတော့မည် ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် မြန်မာ့အလင်းသတင်းစာတွင် ပင်လုံညီလာခံနှင့် ပတ်သက်၍ဖော်ပြထားခဲ့သည့် ဆောင်ပုဒ်ကို ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် “ပေါင်းစည်းမှု၏ စွမ်းအားသည် ပထမပင်လုံကြောင့် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပေါ်ထွန်းခဲ့ပြီးနောက် (၂၁) ရာစုပင်လုံဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ပေါင်းစည်းတည်ဆောက်မည်” ဟု ဖော်ပြထားပါသည်။ အထက်ဖော်ပြပါဆောင်ပုဒ်၏ဦးတည်ရည်မှန်းချက်များသည် မိမိအထက်တွင် (၂၁) ရာစုပင်လုံညီလာခံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည့် အချက်အလက်များနှင့် ထပ်တူထပ်မျှရှိနေသည်ကို သိရှိကြရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေကို ရွေးချယ်ထားသော ထွန်းသစ်စအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ချက်
ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်ကာလက မိမိတို့ မြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေသည် အိမ်နီးချင်း အာရှနိုင်ငံထက် သာလွန်ကောင်းမွန်လျက်ရှိကြောင်းကို အာရှနိုင်ငံများ၏ ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်ကာလက ပြုစုထားသော စီးပွားရေးသမိုင်းစာအုပ်၊ စာတမ်းများအား ဖတ်ရှုလေ့လာခြင်းအားဖြင့် သိရှိနိုင်ကြမည် ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့ဘဏ် (World Bank)မှ ထုတ်ပြန်ထားသော စီးပွားရေးနှင့် လူမှုရေးညွှန်ကိန်းများကို ပြန်လည်စိစစ်သုံးသပ်နှိုင်းယှဉ်ကြည့်မည်ဆိုပါက မိမိတို့မြန်မာနိုင်ငံသည် ၁၉၅၀-၁၉၆ဝ ဝန်းကျင်ခန့်က အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ စီးပွားရေးအခြေ အနေများနှင့် အနည်းငယ်သာကွဲပြားခြားနပြီး တူညီမှုရှိပါသည်။ အထူးသဖြင့် အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) လူတစ်ဦးပျမ်းမျှဝင်ငွေ (Per Capita Income) နှင့် ပြည်ပပို့ကုန် (Exports) တန်ဖိုးတို့သည် မတိမ်းမယိမ်းရှိနေခဲ့သည်ကို တွေ့ရှိရပါသည်။ အလားတူပင် ထိုအချိန်က ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အခြေအနေများကို ဖော်ပြပါနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တစ်နိုင်ငံနှင့်တစ်နိုင်ငံ များစွာကွာဟမှုမရှိဘဲ မတိမ်းမယိမ်းရှိနေကြပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ ပညာရေးနှင့်ကျန်းမာရေးအခြေအနေမှာ အချို့နိုင်ငံများထက်ပင် သာလွန်ကောင်းမွန်လျက်ရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သို့သော် ယခုအချိန် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေများကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံသည် အဆပေါင်းများစွာ ကွာဟလျက်ရှိပြီး ၎င်းတို့ထက် ဆယ်စုနှစ် နှစ်ခု၊ သုံးခုခန့် နောက်ကျကျန်လျက်ရှိနေခဲ့သည်ကို အထင်အရှား တွေ့ရှိရမည်ဖြစ်ပါသည်။ ၎င်းအခြေအနေကို ပိုမိုထင်ရှားစွာသိမြင်လာနိုင်စေရန် မိမိအနေဖြင့် ကမ္ဘာ့ဘဏ်မှ နေက်ဆုံးထုတ်ပြန်ထားသော စာရင်းဇယားများကို အခြေခံလျက် မြန်မာနိုင်ငံ၏ လက်ရှိလူမှုစီးပွားရေးအခြေအနေကို အာရှမိတ်ဖက်နိုင်ငံ အချို့တို့နှင့် နှိုင်းယှဉ်၍ ရှင်းလင်းတင်ပြသွားပါမည်။
စီးပွားရေးအခြေအနေ(Economic Situation)
မြန်မာနိုင်ငံနှင့် ရွေးချယ်ထားသော ထွန်းသစ်စအာရှနိုင်ငံများ၏ လက်ရှိတိုးတက်ဖြစ်ပေါ်လျက်ရှိနေသည့် စီးပွားရေးအခြေအနေများနိုင်းယှဉ်ချက်ကို ဇယား(၁)တွင် ဖော်ပြထားပါသည်။
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု (Investment)
၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ၂၀၀၉ ခုနှစ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒေါ်လာ ၄၉၀ ဘီလီယံခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာ ၃၆၂ ဘီလီယံခန့်၊ ထိုင်းနိုင်ငံမှာ ဒေါ်လာ ၁၂၃ ဘီလီယံခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ဒေါ်လာ ၁၀၂ ဘီလီယံခန့်၊ စင်ကာပူနိုင်ငံမှာ ဒေါ်လာ ၆ ဘီလီယံခန့်၊ မလေးရှားနိုင်ငံမှာ ဒေါ်လာ ၈၄ ဘီလီယံခန့်၊ ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၆၃ ဘီလီယံခန့် အသီးသီးရှိကြပြီး မြန်မာနိုင်ငံမှာ ဒေါ်လာ ၂၃ ဘီလီယံခန့်သာ ရှိပါသည်။
အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)
၂၀၁၉ ခုနှစ် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးတွင် တောင်ကိုရီးယားနိုင်ငံမှာ ဒေါ်လာ ၁၆၄၂ ဘီလီယံခန့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာ ၁၁၁၉ ဘီလီယံခန့်၊ ထိုင်းနိုင်ငံမှာ ဒေါ်လာ ၅၄၄ ဘီလီယံခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ဒေါ်လာ ၃၇၇ ဘီလီယံခန့်၊ စင်ကာပူနိုင်ငံမှာ ဒေါ်လာ ၃၇၂ ဘီလီယံခန့်၊ မလေးရှားနိုင်ငံမှာ ဒေါ်လာ ၃၆၅ ဘီလီယံခန့်၊ ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၂၆၂ ဘီလီယံခန့်နှင့် မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၇၆ ဘီလီယံခန့်သာ ရှိပါသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများသော နိုင်ငံများအနေဖြင့် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးတွင်လည်း တိုးမြင့်လာကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအချက်ပင် ဖြစ်ပါသည်။
ပြည်ပပို့ကုန်တန်ဖိုး (Exports)
၂၀၁၉ ခုနှစ် ပြည်ပပို့ကုန်တန်ဖိုးအနေဖြင့် တောင်ကိုရီးယားနိုင်ငံသည် ပြည်ပပို့ကုန်မှရရှိသည့် စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာ ၅၄၂ ဘီလီယံခန့်ရှိပြီး စင်ကာပူနိုင်ငံသည် ဒေါ်လာ ၃၉၁ ဘီလီယံခန့်၊ ဗီယက်နမ်နိုင်ငံသည် ဒေါ်လာ ၂၆၄ ဘီလီယံခန့်၊ ထိုင်းနိုင်ငံသည် ဒေါ်လာ၂၄၆ ဘီလီယံခန့်၊ မလေးရှားနိုင်ငံသည် ဒေါ်လာ ၂၃၈ ဘီလီယံခန့်၊ အင်ဒိုနီးရှားနိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံခန့်၊ ဖိလစ်ပိုင်နိုင်ငံသည် ဒေါ်လာ ၇၀ ဘီလီယံခန့်နှင့် မြန်မာနိုင်ငံမှာ ဒေါ်လာ ၁၇ ဘီလီယံခန့်သာ ရှိပါသည်။ ထို့ကြောင့် ပြည်ပပို့ကုန်ပစ္စည်းများကို ယခုထက်ပိုမိုထုတ်လုပ်ပြီး တိုးမြှင့်တင်ပို့သွားပါက နိုင်ငံ့အကျိုးစီးပွားအတွက်သာမက ပြည်တွင်ရှိ အလုပ်လက်မဲ့များအတွက်ပါ တစ်ဖက်တစ်လမ်းမှ အထက်အကူပြုနိုင်ပါသည်။
လူတစ်ဦးပျမ်းမျှဝင်ငွေ (Per Capita Income)
၂၀၁၉ ခုနှစ်၏ လူတစ်ဦး ပျမ်းမျှဝင်ငွေမှာ စင်ကာပူနိုင်ငံအနေဖြင့် ဒေါ်လာ ၆၅၂၃၃ ခန့်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ဒေါ်လာ ၃၁၇၆၂ ခန့်၊ မလေးရှားနိုင်ငံမှာ ဒေါ်လာ ၁၁၄၁၅ ခန့်၊ ထိုင်းနိုင်ငံမှာ ဒေါ်လာ ၇၈၀၈ ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာ ၄၁၃၆ ခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ဒေါ်လာ ၃၄၈၅ ခန့်၊ ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၂၇၁၅ ခန့်နှင့် မိမိတို့မြန်မာနိုင်ငံမှာ ဒေါ်လာ ၁၄ဝ၈ ခန့်သာရှိကြောင်း တွေ့ရှိရပါသည်။
အထက်ပါကိန်းဂဏန်းများက ညွှန်ပြသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုးနှင့် လူတစ်ဦးပျမ်းမျှဝင်ငွေ အခြေအနေများမှာ အာရှမိတ်ဖက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်အမင်းနိမ့်ကျလျက်ရှိနေသည်ကို တွေ့ရှိကြရမည် ဖြစ်ပါသည်။
ပညာရေးနှင့် ကျန်းမာရေးအခြေအနေ (Health and Education)
မြန်မာနိုင်ငံနှင့် အာရှမိတ်ဖက်နိုင်ငံများ၏ လက်ရှိ တိုးတက်ဖြစ်ပေါ်လျက်ရှိနေသည့် ပညာရေးနှင့် ကျန်းမာရေး အခြေအနေများ နှိုင်ယှဉ်ချက်ကို ဇယား(၂) နှင့် (၃)တွင် ဖော်ပြထားပါသည်။
ပညာရေးအခြေအနေ (Education)
၂၀၁၈ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံနှင့် အာရှမိတ်ဖက်နိုင်ငံများ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ကျောင်းအပ်နှံမှု နှုန်းထားများကို ကြည့်မည်ဆိုပါက အထက်တန်းပညာ (Secondary) သင်ယူနိုင်သည့် နှုန်းထားများမှာ စင်ကာပူနိုင်ငံအနေဖြင့် ၉၉.၈% ခန့်၊ တောင်ကိုရီးယားနိုင်ငံမှာ ၉၈.၀% ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ ၇၈.၇% ရက်ခန့်၊ ထိုင်းနိုင်ငံမှာ ၇၇.၃% ခန့်၊ မလေးရှားနိုင်ငံမှာ ၇၂.၂% ခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ၆၅.၆% ခန့်နှင့် မြန်မာနိုင်ငံမှာ ၆၄.၁ % ခန့်သာရှိကြောင်း တွေ့ရှိရပါသည်။
အလားတူပင် တက္ကသိုလ်ပညာ (Tertiary) သင်ယူနိုင်သည့်နှုန်းထားမှာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၉၄.၃% ခန့်၊ စင်ကာပူနိုင်ငံမှာ ၈၄.၈% ခန့်၊ ထိုင်းနိုင်ငံ မှာ ၄၉.၃% ခန့်၊ မလေးရှားနိုင်ငံမှာ ၄၅.၁% ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ ၃၆.၃% ခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ၃၅.၅% ခန့်၊ ဗီယက်နမ်နိုင်ငံမှာ ၂၈.၅% နှင့် မြန်မာနိုင်ငံမှာ ၁၈.၈% ခန့်သာရှိကြောင်း တွေ့ရှိရပါသည်။ (မှတ်ချက် ။ ။ ၂၀၁၈ ခုနှစ် စာရင်းအချက်အလက်မရရှိသော နိုင်ငံများအား အနီးဆုံးနှစ်ကို ဖော်ပြထားပါသည်။)
နိုင်ငံ့အစိုးရများအနေဖြင့် ပျမ်းမျှလူတစ်ဦး ပညာရေးကဏ္ဍအတွက် အသုံးစရိတ် (Government Education Expenditure) မှာ စင်ကာပူနိုင်ငံအနေဖြင့် ၁၆၅၉ ဒေါ်လာခန့်၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၁၃၄၆ ဒေါ်လာခန့်၊ မလေးရှားနိုင်ငံအနေဖြင့် ၅၁၆ ဒေါ်လာခန့်၊ ထိုင်းနိုင်ငံအနေဖြင့် ၂၅၄ ဒေါ်လာခန့်၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၁၁၉ ဒေါ်လာခန့်၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ၁၀၇ ဒေါ်လခန့်၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၇၀ ဒေါ်လာခန့်နှင့် မြန်မာနိုင်ငံအနေဖြင့် ၂၈ ဒေါ်လာခန့် အသီးသီးရှိကြောင်း တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ကိန်းဂဏန်းများကို မိတ်ဖက်နိုင်ငံများနှင့် နှိုင်းယှည့်ရှုမည်ဆိုပါက များစွာလျော့နည်းလျက်ရှိနေကြောင်း တွေ့ရှိရပါသည်။
ကျန်းမာရေးအခြေအနေ (Health)
မြန်မာနိုင်ငံနှင့် အာရှမိတ်ဖက်နိုင်ငံများ၏ ကျန်းမာရေးအခြေအနေကို နှိုင်းယှဉ်တင်ပြရလျှင် ၂၀၁၈ ခုနှစ် မိမိတို့မြန်မာနိုင်ငံ၏ လူတစ်ဦး ပျမ်းမျှသက်တမ်းရှည်စွာ နေထိုင်နိုင်မှု (Life Expectancy) မှာ (၆၇) နှစ်ခန့်ရှိပြီး တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့အနေဖြင့် (၈၃) နှစ်ခန့်၊ ထိုင်းနိုင်ငံမှာ (၇၇) နှစ်ခန့်၊ မလေးရှားနိုင်ငံမှာ (၇၆) နှစ်ခန့်၊ ဗီယက်နမ်နိုင်ငံမှာ (၇၅) နှစ်ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ (၇၂) နှစ်ခန့်နှင့် ဖိလစ်ပိုင်နိုင်ငံမှာ (၇၁) နှစ်ခန့် အထိရှိကြောင်း တွေ့ရှိရပါသည်။
၂၀၁၈ ခုနှစ်အတွင်း မွေးကင်းစမှ (၅)နှစ်မတိုင်မီ ကလေးသေဆုံးမှုနှုန်းမှာ ကလေး (၁၀၀၀) လျှင် တောင်ကိုရီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ၃ ဦးခန့်ရှိပြီး မလေးရှားနိုင်ငံတွင် ၈ ဦးခန့်၊ ထိုင်းနိုင်ငံ တွင် ၉ ဦးခန့်၊ ဗီယက်နမ်နိုင်ငံတွင် ၂၁ ဦးခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၂၈ ဦးခန့်နှင့် မြန်မာနိုင်ငံတွင် ၄၆ ဦးခန့် ရှိနေကြောင်း တွေ့ရှိရပါသည်။
၂၀၁၇ ခုနှစ် သားဖွားမိခင်များ၏ ကလေးအရှင်မွေးဖွားမှုတွင် ကလေးဦးရေတစ်သိန်းလျှင် မိခင်သေဆုံးမှုနှုန်းမှာ စင်ကာပူနိုင်ငံတွင် ဦးခန့်ရှိပြီး တောင်ကိုရီးယားနိုင်ငံတွင် ၁၁ ဦးခန့်၊ မလေးရှား နိုင်ငံတွင် ၂၉ ဦးခန့်၊ ထိုင်းနိုင်ငံတွင် ၃၇ ဦးခန့်၊ ဗီယက်နမ်နိုင်ငံတွင် ၄၃ ဦးခန့်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၂၁ ဦးခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇၇ ဦးခန့်နှင့် မြန်မာနိုင်ငံတွင် ၂၅၀ ခန့်အထိ ရှိနေကြောင်း တွေ့ရှိရပါသည်။
၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရများ၏ ပျမ်းမျှ လူတစ်ဦးအတွက် ကျန်းမာရေးကဏ္ဍ အသုံးစရိတ်မှာ စင်ကာပူနိုင်ငံအနေဖြင့် ၂၆၁၉ ဒေါ်လာခန့်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ၂၂၈၃ ဒေါ်လာခန့်၊ မလေးရှားနိုင်ငံမှာ ၃၈၄ ဒေါ်လာခန့်၊ ထိုင်းနိုင်ငံမှာ ၂၄၇ ဒေါ်လာခန့်၊ ဖိလစ်ပိုင်နိုင်ငံမှာ ၁၃၃ ဒေါ်လာခန့်၊ ဗီယက်နမ်နိုင်ငံမှာ ၁၃၀ ဒေါ်လာခန့်၊ အင်ဒိုနီးရှားနိုင်ငံမှာ ၁၁၅ ဒေါ်လာခန့်နှင့် မြန်မာနိုင်ငံမှာ ၅၈ ဒေါ်လာခန့်သာရှိကြောင်း တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ကိန်းဂဏန်းများကို မိတ်ဖက်နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ရှုမည်ဆိုပါက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအခြေအနေသည်များစွာ နိမ့်ကျလျက်ရှိနေကြောင်း တွေ့ရှိရပါသည်။
လူ့စွမ်းအားအရင်းအမြစ်ညွှန်ကိန်း (Human Develop-ment Index)
ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ညွှန်ကိန်းများကို နိုင်ငံအလိုက် လူမှုရေး၊ စီးပွားရေးအခြေအနေများနှင့်နှိုင်းယှဉ်၍ စနစ်တကျ တွက်ချက်ဖော်ပြလျက်ရှိနေပါသည်။ ညွှန်ကိန်းနံပါတ်ကြီးလျှင် လူမှုစီးပွားရေးအခြေအနေကောင်းမွန်ပြီး ညွှန်ကိန်းနံပါတ်ငယ်လျှင် လူမှုစီးပွားရေး အခြေအနေ နိမ့်ကျလျက်ရှိနေကြောင်း ဖော်ညွှန်းပါသည်။ ၂၀၁၉ ခုနှစ် UNDP မှ ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို နှိုင်ယှဉ် ကြည့်မည် ဆိုပါက ၂၀၁၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ညွှန်ကိန်းသည် ၀.၉၃၅ ဖြင့် တစ်ကမ္ဘာလုံးတွင် အဆင့်(၉) နေရာတွင်ရှိပြီး တောင်ကိုရီးယားနိုင်ငံသည် ၀.၉၃၆ ဖြင့် အဆင့်(၂၂)၊ မလေးရှားနိုင်ငံသည် ၀.၈၀၄ ဖြင့် အဆင့်(၆၁)၊ ထိုင်းနိုင်ငံသည် ၀.၇၆၅ ဖြင့် အဆင့် (၇၇)၊ ဖိလစ်ပိုင်နိုင်ငံသည် ၀.၇၁၂ ဖြင့် အဆင့်(၁၀၆)၊ အင်ဒိုနီးရှားနိုင်ငံသည် ၀.၇၀၇ ဖြင့် အဆင့်(၁၀၁)၊ ဗီယက်နမ်နိုင်ငံသည် ၀.၆၉၃ ဖြင့် ဆင့်(၁၁၈)၊ ဘင်္ဂလာဒေ့ရှိနိုင်ငံသည် ၀.၆၁၄ ဖြင့် အဆင့်(၁၃၅)၊ လာအိုနိုင်ငံသည် ၀.၆၀၄ ဖြင့် အဆင့်(၄၀) နှင့် မိမိတို့ မြန်မာနိုင်ငံမှာ ဝ.၅၈၄ ဖြင့် အဆင့် (၁၄၅) တွင် ရောက်ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ လူမှုစီးပွားရေး အခြေအနေမှာ များစွာနောက်ကျကျန်ရစ်လျက်ရှိနေကြောင်းကို ဖော်ညွှန်းပြသလျက် ရှိနေပါသည်။
မြန်မာနိုင်ငံ လူမှုစီးပွားရေးအခြေအနေ နောက်ကျကျန်ရစ်ခဲ့ရသည့် အဓိက အကြောင်းရင်းခံများ
အဘယ့်ကြောင့် လက်ရှိမြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်ရစ်ခဲ့သည့်အဓိက အကြောင်းရင်းခံများကို ရှင်းလင်းတင်ပြသွား ပါမည်။
မိမိတို့နိုင်ငံ၏လူမှုစီးပွားရေးအခြေအနေ များစွာနောက်ကျကျန်ရစ်ခဲ့သည့်အကြောင်းရင်းခံ (၃) ရပ် ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) ပြည်တွင်းတည်ငြိမ်အေးချမ်းမှု မတည်ဆောက်နိုင်ခြင်း ၊
(၂) အစိုးရအုပ်ချုပ်မှုယန္တရားများ မကြာခဏပြောင်းလဲမှုဖြစ်ပေါ်ခဲ့ခြင်း၊
(၃) အနောက်အုပ်စုအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရခြင်း။
အထက်ဖော်ပြပါအကြောင်းရင်း(၃)ရပ်အနက် မိမိတို့ နိုင်ငံ၏ လူမှုစီးပွားရေးများစွာ နောက်ကျကျန်ရစ်ခဲ့ကြရသည့် အဓိကအကြောင်းရင်းခံတစ်ရပ်မှာ မိမိတို့နိုင်ငံတွင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
(၁) ပြည်တွင်းတည်ငြိမ်အေးချမ်းမှု မတည်ဆောက်နိုင်ခဲ့ခြင်း
ကမ္ဘာ့စီးပွားရေးပညာရှင်များ မကြာခဏလမ်းညွှန် ထောက်ပြပြောကြားလေ့ရှိသည့်အတိုင်း “ပြည်တွင်း တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံ၏ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ကြိုတင်ဆောင်ရွက် ထားရမည့် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။” (Political Stability is Prerequisity for Economic Development) ဆိုသည့် လမ်းညွှန်ချက်သည် မြန်မာနိုင်ငံ၏ လက်ရှိ လူမှုစီးပွားရေး များစွာနောက်ကျကျန်ရစ်ခဲ့သည့်အချက်နှင့် ဆက်စပ်ထင်ဟပ်လျက်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုသည် မိမိတို့နိုင်ငံအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်သွားရန် အဘယ့်ကြောင့် အရေး ကြီးလျက်ရှိသည်ကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။ မိမိတို့နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပါသည်။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်မှအစပြု၍ပင် နိုင်ငံရေးပါတီအချို့ စတင်တောခိုခဲ့ပါသည်။ နောက်ပိုင်းမှာလည်း တစ်ဦးနှင့်တစ်ဦးသဘောထားကွဲပြားခြားနားမှုကို စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်း တစ်ဒါဇင်ကျော်ခန့် လက်နက် ကိုင်တောခိုပြီး တိုက်ပွဲဝင်ခဲ့ကြပါသည်။ မိမိတို့၏ အမိမြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ် (၇၀) ကျော်ခန့် ကာလမှအစပြု၍ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေသည် အိမ်နီးနားချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယခုကဲ့သို့ များစွာနောက်ကျကျန်ရစ်နေခဲ့ရခြင်း ဖြစ်ပါသည်။
မိမိအပါအဝင် စီးပွားရေးပညာရှင် အများစုတို့၏ ခံယူချက်မှာ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေများသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်ရစ်ခဲ့ရသည့် အရေးကြီးပြီး အဓိကကျသည့် အကြောင်းရင်းတစ်ရပ်မှာ မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) ကျော်အချိန်ကာလအတွင်း ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိအောင် တည်ဆောက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖြစ်သည်ဟု ခံယူမိပါသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုသည် အထူးအရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် မိန့်ကြားခဲ့သည့်မိန့်ခွန်းကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုပါသည် -
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ဒီအစည်းအဝေးက ကျွန်မတို့အားလုံးအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှ ကျွန်မတို့ ပြည်သူလူထုရဲ့ စိတ်နှလုံးချမ်းသာနိုင်မှာ၊ ပြည်သူလူထု တိုးတက်နိုင်မှာပါ။ရေရှည်မှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုစီးပွားရေးကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေး ဘယ် လောက်ပဲ တိုးတက်တိုးတက် ငြိမ်းချမ်းရေးမရှိတာနဲ့ စီးပွားရေးက ပြိုလဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အတွက် အဓိကအရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းရေးမရခဲ့ရခြင်း အကြောင်းရင်းတစ်ခုက ကျွန်မတို့ရဲ့ ပြည်ထောင်စုသားများအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ပဲဖြစ်ပါတယ်” ဟု မိန့်ကြားသွားခဲ့ပါသည်။
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ
လွတ်လပ်ရေးရပြီးနောက်ပိုင်း တက်ရောက်လာခဲ့ကြသည့် အစိုးရအဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြပါ။ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် သက်တမ်းမကုန်ဆုံးမီ (၂) နှစ်ကျော်ခန့် အချိန်ယူ၍ ပြည်တွင်း အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အားလျော်စွာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၈) ဖွဲ့တို့သည် * NCA " တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။ မိမိတို့နိုင်ငံ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် ပဏာမအောင်မြင်မှုတစ်ရပ်ရရှိခဲ့ခြင်းကို နိုင်ငံသားများအားလုံးတို့က အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။
(၂၁)ရာစုပင်လုံညီလာခံ
မိမိတို့မြန်မာနိုင်ငံသည် နှစ်ပေါင်း တစ်ရာခန့် သူ့ကျွန်ဘဝတွင် နေထိုင်ခဲ့ရာမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာခဲ့ပြီး ကမ္ဘာ့အလယ်တွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြရသည်မှာ (၂၀) ရာစုနှစ် ပထမပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ယခုအစိုးရသစ် တက်ရောက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ဒုတိယနှင့်တတိယအကြိမ် (၂၁) ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁) ရာစု စတုတ္ထအကြိမ်ပင်လုံညီလာခံကို ဆက်လက် ကျင်းပနေခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက စတုတ္ထအကြိမ်ပင်လုံညီလာခံကျင်းပခြင်းကို တစ်ခဲနက်ထောက်ခံကြပြီး ကြိုဆိုလက်ခံကြရမည် ဖြစ်ပါသည်။ ယခုကျင်းပလျက်ရှိနေသည့် (၂၁) ရာစုစတုတ္ထအကြိမ်ပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်မည်ဆိုပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှတစ်ဆင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မိမိတို့အားလုံး ပေါင်းစည်းတည်ဆောက်နိုင်ကြတော့မည် ဖြစ်ပါသည်။
(၂၁) ပင်လုံသည် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် နှစ်ပေါင်းများစွာ သေနတ်သံတညံညံနှင့် ငြိမ်းချမ်းမှုမရှိဘဲ စားဝတ်နေရေးအခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့နေရသည့် လူမှုဘဝမှ လွတ်မြောက်နိုင်စေရန် ဆောင်ကြဉ်းပေးနိုင်မည့် တစ်ခုတည်းသော ညီလာခံတစ်ရပ်ဖြစ်ပါသည်။ တစ်ဖန်လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ်လ (၂၄) ရက်က မိန့်ခွန်းပြောကြားခဲ့ရာတွင် “လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ခဲ့ပါက အချိန်မည်မျှ ထပ်မံစောင့်ဆိုင်းရမည်ကို မသိရှိနိုင်ဘဲ ထိုကာလအတွင်း ကြုံတွေ့ရမည့် တိုင်းပြည်ထိခိုက်နစ်နာမှုများကို ထည့်သွင်းစဉ်းစားကြရန်” ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါသည်။ “အခွင့်အလမ်းဆိုတာလူတစ်ယောက်ရဲ့ ဘဝမှာ နှစ်ခါပြန်မလာပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းက အင်မတန်ရှည်ပါတယ်။ အခွင့်အရေး တစ်ခါလွတ်သွားမယ်ဆိုရင် ပြန်ရလာနိုင်မည်မဟုတ်ပါ။ ဒါကြောင့် ကျွန်မတို့က အောင်မြင်အောင် လုပ်ချင်ပါတယ်။ အောင်မြင်အောင်လုပ်နိုင်ခဲ့ရင် ကျွန်မတို့နိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်။ ဒီတစ်ခေါက် မအောင်မြင်ရင် နောင်ဘယ်လောက်အထိ စောင့်ရမလဲ။
အဲ့ဒီစောင့်နေတဲ့ အချိန်အတွင်းမှာ ကျွန်မတို့နိုင်ငံ ဘယ်လောက်ထိခိုက်နစ်နာမလဲဆိုတာကို ကျွန်မတို့စဉ်းစားစေချင်ပါတယ်။ အခုဆိုရင်အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးနဲ့တောင်မပြောပါဘူး။ ကျွန်မတို့ဒေသမှာတင် နောက်ကျကျန်နေခဲ့ပြီး ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ပုဂ္ဂိုလ်တွေ အရည်အချင်းဘယ် လောက်ဆုံးရှုံးခဲ့ကြလဲ။ နောက်တစ်ခါ အဲ့ဒီလိုဆုံးရှုံးမှုတွေ မဖြစ်စေချင်တော့ပါဘူး”ဟု မိန့်ကြားခဲ့ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် (၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများထဲမှ အရေးကြီးသည့်မိန့်ခွန်းအချို့ကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည် -
တညီတညွတ်တည်းလက်ခံ
အားလုံးသိရှိထားပြီးဖြစ်သည့်အတိုင်း မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ကြုံတွေ့ခဲ့ရသည့် မတူကွဲပြားသော ဝါဒရေးရာပဋိပက္ခများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ အကျိုး ဆက်အားဖြင့် လက်နက်ကိုင်ပြီးဖြေရှင်းကြရာမှ လက်နက်ကိုင်ပဋိပက္ခ၊ လက်နက်ကိုင်တိုက်ပွဲများ မချုပ်ငြိမ်းနိုင်ဘဲ ယနေ့အနေအထားအထိ ဆိုက်ရောက်ခဲ့ကြပါကြောင်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက်တွင် နည်းလမ်းမျိုးစုံ၊ ချဉ်းကပ်မှုပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း နှစ်ပေါင်းခုနစ်ဆယ်ကျော်သည့် ယနေ့ယခုအချိန်တိုင် ဆက်လက်ကြိုးပမ်းနေရဆဲပင်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးအမွေအနှစ်တစ်ခု
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးခရီးတွင် မိမိတို့ရှေ့သို့ များစွာဆက်လက်လျှောက်လှမ်းကြရဦးမည် ဖြစ်ပါကြောင်း၊ ယနေ့ရရှိထားသည့် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုများကြောင့် ရှေ့ဆက်မည့်ခရီးတွင် ပိုမိုထိရောက်ကောင်းမွန်ပြီး ခိုင်မာမှန်ကန်သည့် ခြေလှမ်းသစ်များ ဆက် လက်လျှောက်လှမ်းနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ထားပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏အနာဂတ်ခရီးအတွက် မိမိတို့ အသက်ရှင်နေစဉ်နှင့် မိမိတို့ကြိုးစားခွင့်ရနေစဉ်အတွင်း အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးပမ်းအားထုတ်၍ မိမိတို့၏မျိုးဆက်သစ်များလက်ထဲသို့ ငြိမ်းချမ်းရေးအမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်းဆောင်ကြဉ်းပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
စေတနာ၊ ပညာနှင့် သတ္တိလို
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တန်ဖိုးရှိသည့်အရာတစ်ခုကိုရရှိရန် များစွာပေးဆပ်ရပြီး အပင်ပန်းခံ၊ စိတ်ရှည်သည်းခံရပါကြောင်း၊ မိမိတို့၏ ယုံကြည်ချက်သည် နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်မည်ဆိုပါက အခြေခံအားဖြင့် စေတနာ၊ ပညာနှင့် သတ္တိလိုအပ်ပါကြောင်း၊ နိုင်ငံတိုးတက်စေချင်သည့် စေတနာရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြီးကို စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအနေဖြင့် ငြိမ်းချမ်းဖွံ့ဖြိုးစွာ ရပ်တည်နိုင်စေချင်သည့် စေတနာသည် အဓိကဖြစ်ပါကြောင်း။
အထက်ဖော်ပြပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြောကြားခဲ့သည့် မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြခဲ့သည့် မိန့်ခွန်းများပါ အချက်အလက်များသည် ယခုကျင်းပပြုလုပ်လျက်ရှိနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီး အောင်မြင်ထမြောက်စွာ ကျင်းပနိုင်ရေးအတွက် များစွာအကျိုးပြုလိမ့်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
နိဂုံး
အထက်တွင် ရှင်းလင်းတင်ပြရေးသားခဲ့သည့် အချက်အလက်များကို ပြန်လည်စိစစ်သုံးသပ်ကြည့်မည်ဆိုပါက တစ်ချိန်က မိမိတို့မြန်မာနိုင်ငံ၏လူမှုစီးပွားရေးအခြေအနေသည် အာရှမိတ်ဖက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တန်း တူရည်တူရှိနေခဲ့ရာမှ ယခုအချိန်အခါတွင် မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆယ်စုနှစ်နှစ်ခု၊ သုံးခုခန့် နောက်ကျကျန်ရစ်ခဲ့လျက်ရှိနေသည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ နောက်ကျကျန်ရစ်ခဲ့ရသည့် အဓိကအကြောင်းရင်းကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် အချိန်ကာလအတွင်း ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိအောင် မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိကြရမည် ဖြစ်ပါသည်။
ယခုအခါတွင်မူ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသည့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေမည့်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွန်းလာနေပြီဖြစ်ပါသည်။ ၎င်းလုပ်ငန်းစဉ်မှာ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပပြုလုပ်နိုင်ခြင်းပင် ဖြစ်ပါသည်။ လက်ရှိ ကျင်းပပြုလုပ်သည့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးပါက မိမိတို့နိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှတစ်ဆင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို မလွဲဧကန်ရရှိနိုင်ကြတော့မည် ဖြစ်ပါသည်။ မိမိတို့ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးတို့က “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်သွားကြရန်" လိုအပ်ပါမည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိစေရန် အဓိဋ္ဌာန်ချယ်ပြီး “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ် ရေးသည် တတိယ” ဟူသည့် ဆောင်ပုဒ်ကိုစွဲကိုင်၍ ဆောင်ရွက်ခဲ့သည့်အတွက် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းတူစွာပင် မိမိတို့ ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်တကွ လုပ်သားပြည်သူအပေါင်းတို့အနေဖြင့် “ပြည်ထောင်စုငြိမ်းချမ်းရေးသည် ပထမ၊ ပြည်ထောင်စုငြိမ်းချမ်းရေးသည် ဒုတိယ၊ ပြည်ထောင်စုငြိမ်းချမ်းရေးသည် တတိယ" ဟူသည့်ဆောင်ပုဒ်ကို စွဲကိုင်ပြီး ယခု ကျင်းပလျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး အောင်မြင်မှုရရှိစေရန်အတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းထောက်ခံအားပေးကြရန် လိုအပ်ပါမည်။
သို့မှသာ မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှတစ်ဆင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိလာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ကြတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
သံအမတ်ကြီး ဒေါက်တာလှမောင် (ဘောဂ)