Skip to main content

မြန်မာ့အလင်းနှင့် ရင်းနှီးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း

စလင်း - စည်သူကျော်ထင်

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်မှာ ၇၆ နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ ဤနေ့ ဤရက်ကို မြန်မာပြည်သူလူထု တစ်ရပ်လုံးက အောက်မေ့တသဖြစ်ကြရသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျိုးသားလွတ်မြောက် ရေး ကြိုးပမ်းချက်များကို သတိရလွမ်းဆွတ်ကြရသည်။

ထိုအထဲမှ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလ မြန်မာ့အလင်းသတင်းစာနှင့် ဆက်စပ်ခဲ့ပုံများကို အလျဉ်းသင့်၍ ဖော်ပြချင်သေးသည်။ မြန်မာ့အလင်းသည် အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သော သတင်းစာဖြစ်သည်။

စွမ်းစွမ်းတမံပါဝင်

၁၉၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာ့အလင်းသတင်းစာသည် ကိုလိုနီခေတ်၊ ဂျပန် ခေတ်၊ စစ်ပြီးကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်နှင့် ခေတ်ပြောင်းတော်လှန်ရေးကာလခေတ် အဆက်ဆက်တွင် တိုင်းပြည်အတွက် ကလောင်စွမ်းဖြင့် တစ်ဖက်တစ်လမ်းမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း မြန်မာ့အလင်းသတင်းစာ အရှိန်ရလာချိန်၌ မြန်မာ့နိုင်ငံရေးလောကတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပါဝင်မှုများ အရှိန်ရလာချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ အထူးသဖြင့် ဂျပန်ခေတ်တွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဆက်စပ်၍ ဗိုလ်ချုပ်နှင့် မြန်မာ့ အလင်းသည် ပိုမိုရင်းနှီးလာခဲ့သည်။

အမှန်စင်စစ် သခင်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်လှဖေ(ဗိုလ်လက်ျာ)တို့ကို တို့ဗမာအစည်းအရုံးထဲသို့ ဝင်ရောက်ရန် စည်းရုံးခဲ့သူမှာလည်း မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ဦးချစ်မောင်ပင်ဖြစ်သည်ဟုဆိုသည်။ ဦးချစ်မောင်နှင့်အတူ သခင်တင်မောင် (ပန်းတနော်)လည်း ပါဝင်ခဲ့သည်။ ထိုသို့ စည်းရုံးခဲ့ပုံကိုလည်း ဂျာနယ်ကျော် ဦးချစ်မောင်၏ ဇနီးဖြစ်သူ စာရေးဆရာမ ဂျာနယ်ကျော်မမလေးက သူလိုလူစာအုပ်တွင် “ဒီနေ့ညကိုကို ဗိုလ်တထောင်တံတားကြီးမှာ သခင်သန်းထွန်းနဲ့ ကိုနုကိုစကားပြောဘို့ ချိန်းထားလိုက်တယ်၊ ကိုနုက အသင်းထဲဝင်ဘို့ရာ သခင်နာမည်ကို သူမတပ်ချင်ဘူး။ ကိုအောင်ဆန်းကိုလဲပါအောင် လုပ်ရလိမ့်မယ်၊ သူတို့မဝင် ဝင်အောင် ကိုကိုတော့ မရမကတိုက်တွန်းကြိုးစားရတော့မှာဘဲ၊ သူတို့ ပါရင် နိုင်ငံရေးဟာ တစ်မျိုးဖြစ်လာမယ်” ဟု ပြောပြခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာ့အလင်းတာဝန်ခံ အယ်ဒီတာ ဦးချစ်မောင်လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဆရာ သိန်းဖေမြင့်နှင့် ဦးသန့်တို့သည် အောင်မြင်သော ခေါင်းကြီးရေးဆရာများ ဖြစ်ခဲ့ကြောင်း သမိုင်းဝင် သူရိယ - မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံ ရေးစာအုပ်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အကူအညီ

“၁၉၃၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အင်္ဂလိပ်နှင့် ဟစ်တလာ၏ ဂျာမဏီတို့ စစ်ကြေညာပြီး ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီးကြီးပေါက်ကွဲ တောက်လောင်နေသော အချိန်အခါသမယ ဖြစ်သည်။ ထိုအချိန်တွင် ဗမာ့ထွက်ရပ်ဂိုဏ်းဝင် သခင်များသည် “အင်္ဂလိပ်အခက် - ဗမာ့အချက်” ဟူသော ကြွေးကြော်သံဖြင့် ၁၉၃၉ ခုနှစ် အောက်တို ဘာလထဲတွင် ဗမာ့ထွက်ရပ်ဂိုဏ်းကို စတင်ဖွဲ့စည်း ခဲ့သည်။ ဗမာ့ထွက်ရပ် ဂိုဏ်းအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ် ဩဂုတ် လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီး စစ်ကူရှာဖွေခဲ့လေသည်။ ယင်းကိစ္စတွင် မြန်မာ့အလင်းမှ ဦးချစ်မောင်နှင့် တိုက်အုပ်ဦးတင်တိုက ငွေရေးကြေးရေးမှအစ အကူအညီ ထိထိရောက်ရောက်ပေးခဲ့ကြသည်။ ထို့ပြင်ဦးချစ်မောင်က ဗိုလ်ချုပ်အောင်ဆန်း ထွက်ပေါက်ချောင်အောင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြည်ထဲ၌ပင် ရှိနေသယောင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြ၍ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ စုံထောက်များကို မျက်စိလည်အောင် လှည့်စားပေးခဲ့သည်ဟုဆိုသည်။ ထို့အတူ ၁၉၃၀ ပြည့်နှစ် ဂဠုန်ဆရာစံ လယ်သမား အရေးတော်ပုံကြီး၊ ၁၃၀၀ ပြည့်နှစ် ရေနံမြေသပိတ်၊ ဗိုလ်အောင်ကျော်အရေး၊ လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားလာ စေရေးတို့အတွက် မြန်မာ့အလင်းမှ သတင်း၊ ဆောင်းပါး၊ ကာတွန်း အစရှိသည်တို့ဖြင့် ရေးသားဖော်ပြခဲ့သည်” ဟု ဆရာချစ်ကြည်ရေးကြည်ညွန့်၏ သမိုင်းဝင်သူရိယ - မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေးစာအုပ်တွင် ဖော်ပြထားသည်။

သမိုင်းဝင်ကြေညာစာတမ်းကြီး

လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ ခုနှစ်အတွင်းက မြန်မာ့အလင်းသတင်းစာတိုက် အယ်ဒီတာ ခန်း၌ တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ထုတ်ပြန်ချက်ကြီးတစ်ရပ်ကို ဗိုလ်ချုပ်နှင့် မြန်မာ့ အလင်း ဝိုင်းတော်သားများက စီစဉ်ဆောင်ရွက်ခဲ့ဖူးသည်။ လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက် ညပိုင်းက ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ မြန်မာ့အလင်းသတင်း စာတိုက်အယ်ဒီတာခန်း၌ ပုဂ္ဂိုလ်ကြီးသုံးဦးတို့ တိုင်ပင်ဆွေးနွေးပြီးနောက် ရေးသားထားသည့် စာတမ်းတစ်စောင်ကို ထိုအချိန်က မြန်မာ့အလင်း စာစီဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး (ဖိုမင်ချုပ်) ဦးသန်းဆောင်နှင့် နေ့စာဖောင်သွင်း ဦးထွန်းတင်တို့ နှစ်ဦးက စာစီပေးခဲ့ရသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီး သုံးဦးတို့၏ ကြေညာချက်မှာကား သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလ တပ်ပေါင်း စုကြီးထဲမှ ထုတ်ပစ်လိုက်သည့် ကြေညာချက်ပင် ဖြစ်လေသည်။

ထိုကြေညာချက်ကို မြန်မာ့အလင်း၏ အယ်ဒီတာ အခန်းထဲတွင် လာရောက်ရေးသားခဲ့သူ သုံးဦးမှာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယဥက္ကဋ္ဌ သခင်နုနှင့်ဖဆပလအဖွဲ့ချုပ် အမှုဆောင်လူကြီး မြန်မာ့အလင်းတိုက်အုပ် ဦးတင် တို့ဖြစ်ကြပြီး ယင်းကြေညာချက်မှာ များမကြာမီ ရက်အတွင်း သတင်းစာများ၏ ရှေ့ဖုံးစာမျက်နှာ များတွင် သတင်းကြီးတစ်ပုဒ်အဖြစ် ပါရှိလာခဲ့ ကြောင်း မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ တစ်ဦးအမည်ဖြင့် ၁၈-၇-၁၉၇၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ ယင်းနောက် အောက်တိုဘာ ၂၀ ရက် ရွှေတိဂုံ ဘုရားအနောက်ဘက်မုခ်၌ ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလတပ်ပေါင်းစုကြီးထဲမှ ထုတ်ပစ်လိုက်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက လူထုအား ရှင်းပြ ခဲ့သည်။ အဆိုပါ လူထုအစည်းအဝေး၌ပင် ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရန် လူထုအား ကတိပေးခဲ့သည်။ ထို့နောက် သူပေးခဲ့သည့် ကတိအတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ထိုလွတ်လပ်ရေးကြီးကို အုတ်မြစ်ချတည်ဆောက် ပေးခဲ့သည့် ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမှာမူ သူတည်ဆောက်ပေးလိုက်သည့် လွတ်လပ်ရေး ဗိမာန်ကြီးကို မမြင်ရ-မရှုလိုက်ရရှာပေ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ် (စနေနေ့)တွင် လူမသမာတို့၏ လက်ချက်ကြောင့် အသက်ပေးသွားရရှာလေပြီ။ ။

ကိုးကား -

(၁)     သမိုင်းဝင် သူရိယ - မြန်မာ့အလင်း နှင့် မြန်မာ့နိုင်ငံရေး၊ ချစ်ကြည်ရေး ကြည်ညွန့်။

(၂)      ၁၈-၇-၁၉၇၀ ပြည့်နှစ်ထုတ် မြန်မာ့ အလင်းသတင်းစာ။

(၃)     ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူး ဘသောင်း(မောင်သုတ)။