မြန်မာလူငယ်များအတွက် နျူကလီးယား သတင်းအချက်အလက်
သတင်းသမားတစ်ဦး
“နျူကလီးယားနည်းပညာဟာ ယနေ့ကမ္ဘာမှာ အလွန်ရေပန်းစားနေပါတယ်။ နျူကလီးယား နည်းပညာကို နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံတိုင်းက ပိုင်ဆိုင်လိုကြတယ်။ နျူကလီးယား စွမ်းအင် ဟာရေအားပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှု အနည်းဆုံး ဖြစ်ပါတယ်”
ရုရှားနိုင်ငံသားတို့၏ ခန္ဓာဗေဒအချိုးအစားအတိုင်း ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်အနေ အထားနှင့် ဆံစတွင် စိမ်းပြာရောင်ကာလာခြယ်သထားပြီး လှပကျော့ရှင်းစွာဝတ်ဆင်ထား သောလူလတ် ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက နျူကလီးယားနည်းပညာဆိုင်ရာဘာသာရပ်အကြောင်း သိကောင်းစရာများကို အားတက်သရောဆွေးနွေး ပြောကြားလျက်ရှိသည်။
ထိုအမျိုးသမီးကား ရုရှားဖက်ဒရေးရှင်းနိုင်ငံ Strana Rosatom သတင်းဌာနမှ အယ်ဒီတာချုပ် Yulia Gileva ဖြစ်ပြီး နျူကလီးယားနည်းပညာနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာ များကို အဓိကရေးသားနေသူလည်းဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM”တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးချရေး ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ် ထိုးထားသည့် “နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘော ဆောင်သော သဘောထားအမြင်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ” အရ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသော မြန်မာမီဒီယာများအတွက် နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲတွင် ဆရာမ Yulia Gileva က ဆွေးနွေးပြော ဆိုနေခြင်း ဖြစ်သည်။
အတန်ငယ်အလှမ်းဝေးလှ
ဆွေးနွေးပွဲတွင် ဉာဏ်စမ်းပဟေဠိများလည်း ပါဝင်၍ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ တကယ်တမ်း ဆိုရလျှင် နျူကလီးယားနည်းပညာနှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာများက မိမိတို့နှင့် အတန် ငယ်အလှမ်းဝေးလှသည်။ “နျူကလီးယားဟေ့”ဟု ဆိုလိုက်လျှင် သာမန်ပြည် သူများနည်းတူ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးပျံများ၊ နျူကလီးယား လေယာဉ်တင် သင်္ဘောများ၊ ရေငုပ် သင်္ဘောများ စသည့်ကမ္ဘာကို ဖျက်မည့် နျူလက်နက်များကိုသာ ပြေးမြင်မိ တော့သည်။
နျူကလီးယားစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ် စွမ်းအားထုတ်လုပ်သည့်ကဏ္ဍ၊ နျူကလီးယား နည်းပညာကို အသုံးချ၍ ကျန်းမာရေးကဏ္ဍတွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ကျန်းမာရေး လုပ်ငန်း သုံးပစ္စည်းများကို ပိုးသတ်ခြင်း၊ အာဟာရသုတေ သနပြုခြင်း၊ အစားအစာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတွင် အစားအစာများကို ရောင်ခြည်ပေး၍ တာရှည်ခံ အောင်ပြုလုပ်ခြင်း၊ မျိုးထွန်း မျိုးပြောင်းခြင်း၊ မြေဆီလွှာအားကောင်းစေခြင်း၊ ပိုးမွှားနှိမ်နင်းခြင်း၊ တိရစ္ဆာန်ကျန်းမာရေး၊ အာဟာရ၊ မွေးမြူရေးနှင့်ကုသခြင်း၊ ဇလဗေဒကဏ္ဍတွင် ရေအရင်းအမြစ် ရှာဖွေခြင်း၊ ရေသက်တမ်း တွက်ချက်ခြင်း၊ ရေငန်မှရေချိုပြောင်းခြင်း၊ သဘာဝပတ်ဝန်း ကျင်ကဏ္ဍတွင် လေထုအရည်အသွေးတိုင်းတာခြင်း၊ ရေအရည် အသွေးတိုင်းတာခြင်း (မြေပေါ်ရေ၊ မြေအောက်ရေ၊ ပင်လယ်ရေ၊ မိုးရေ)၊ မြေအရည်အသွေးတိုင်းတာခြင်း၊ အစားအသောက်များအတွင်း ရေဒီယိုသတ္တိကြွ ပစ္စည်းများပါဝင်မှု တိုင်းတာခြင်း၊ စက်မှုကဏ္ဍတွင် မူရင်းမပျက် စမ်းသပ်စစ်ဆေးခြင်း၊ စက်မှုလုပ်ငန်း သုံးပုံရိပ်ဖော် စစ်ဆေးခြင်း၊ ဒြပ်ပစ္စည်းများကို အရည်အသွေးမြှင့်တင်ခြင်း၊ ရေဒီယိုအိုင်ဆိုတုပ်များကို အသုံးပြု၍ အစိုင်အခဲ၊ အရည်နှင့် အငွေ့တို့၏ စီးဆင်းမှုနှုန်းကို တိုင်းတာခြင်း၊ ပုံဖော်ခြင်း၊ ထုတ်ကုန် အရည်အသွေး မြှင့်တင် ထိန်းချုပ်ခြင်း၊ ယဉ်ကျေးမှုကဏ္ဍတွင် သက်တမ်းတွက်ချက်ခြင်း၊ စစ်မှန်မှုကိုစိစစ်ခြင်းနှင့် အနုပညာ လက်ရာများ၏ ပါဝင်ဖွဲ့စည်းထားသည့် အရာဝတ္ထုများနှင့် နည်း ပညာများကို လေ့လာခြင်း၊ မပျက်မယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်ဖြင့် နျူကလီးယား နည်းပညာအသုံးချကဏ္ဍများက လူအများစု၏ အသိဉာဏပိုင်းတွင် မှေးမှိန်နေသည်။
“The Jaws ရုပ်ရှင်ဇာတ်ကားကြောင့် လူတွေ ဟာ ငါးမန်းတွေကိုကြောက်ရွံ့ကြသလို နျူကလီးယား ဓာတ်ရောင်ခြည်ကိုလည်း ယခင်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းနဲ့ ဘိုဘားစက်ရုံ ဓာတ်ရောင် ခြည်ယိုစိမ့်မှု ဖြစ်စဉ်ကြောင့် ကြောက်ရွံ့မှုတွေ ဖြစ်ခဲ့ကြတယ်။
ကမ္ဘာပေါ်ရှိ လူအများစုက ချာနိုဘိုင်းပေါက်ကွဲ မှုဖြစ်စဉ်မှာ လူအများအပြား သေဆုံးခဲ့ကြ တယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းအားဖြင့်တော့ နည်းပါးပါတယ်။ ငါးမန်းက လူကိုကိုက် တဲ့ဖြစ်စဉ် ကလည်း တစ်နှစ်မှာ ၁၃ ဦးခန့်ပဲ ရှိခဲ့ပါတယ်။
ယခုနောက်ပိုင်း နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို လုံခြုံရေး၊ ဘေးကင်းရေးအတွက် အလေးထားဆောင်ရွက်လာသလို ရှေ့ကမျိုးဆက်ရဲ့အားနည်းချက်တွေကို ပြုပြင်ခဲ့တဲ့အတွက် နောက်မျိုးဆက်ဓာတ်ပေါင်းဖိုတွေဟာ လုံခြုံစိတ်ချ မှုရရှိလာခဲ့ပါတယ်”။
ဆရာမ Yulia က နျူကလီးယားစွမ်းအင်၊ နျူကလီးယားနည်းပညာနှင့်ပတ်သက်၍ လူအချို့ ၏ စိုးရိမ်ထိတ်လန့်မှုကို ထင်သလောက်မဟုတ် ကြောင်း အကျိုးနှင့်အကြောင်းနှင့် ရှင်းပြသည်။
ဓာတ်ရောင်ခြည်သည် လူနှင့် လူ့ပတ်ဝန်းကျင်တွင်တည်ရှိ
လူများသည် ဓာတ်ရောင်ခြည်ကို မသိသောကြောင့် ဓာတ်ရောင်ခြည်ကို ကြောက်ရွံ့ကြသည်။ အမှန်တကယ်အားဖြင့် ဓာတ်ရောင်ခြည်သည် လူ နှင့် လူ့ပတ်ဝန်းကျင်တွင် တည်ရှိသည်။ နေ၊ မြေကြီး နှင့် တောင်များသည် အိုင်းယွန်းဓာတ်ရောင်ခြည်၏ သဘာဝအရင်းအမြစ်များဖြစ်သည်။ အိုင်းယွန်း ဓာတ်ရောင်ခြည်ကို ဆေးဘက်ဆိုင်ရာကဏ္ဍတွင် အသုံးပြုလျက်ရှိသည်။ လူသားတိုင်းသည် ရေဒီယို သတ္တိကြွမှုရှိပြီး ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှု အများဆုံးနေရာမှာ နျူကလီးယားစခန်းအနီးမဟုတ် ဘဲပျံသန်းနေသည့် လေယာဉ်ပေါ်တွင်ဖြစ်သည်ဟု လည်းဆိုသည်။
၄ ဒသမ ၅ ဂရမ်ရှိသော နျူကလီးယားလောင်စာ တောင့်တစ်ခုတွင် ပါဝင်သော စွမ်းအင်ပမာဏ သည် ကျောက်မီးသွေး ၅၅၀ ကီလိုဂရမ်နှင့် တူညီပြီး ကျောက်မီးသွေးစက်ရုံများသည် နျူကလီးယား ဓာတ်အားပေးစက်ရုံများထက် ဓာတ်ရောင်ခြည်ကို ပိုမိုထုတ်လုပ်သည်ဟု သိရသည်။
ရုရှားနိုင်ငံတွင် နျူကလီးယားဓာတ်အားပေး စက်ရုံများမှ ထုတ်လွှတ်သော ညစ်ညမ်းမှုသည် ကုန်ထုတ်လုပ်မှုစက်ရုံအားလုံးမှ ထုတ်လွှတ်သော ညစ်ညမ်းမှုစုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိ၍ နှစ်စဉ်ဖန်လုံအိမ်ဓာတ်ငွေ့တန်ချိန် ၁၀၉ ဒသမ ၅ သန်းထုတ်လွှတ်မှုကို တားဆီးသည်ဟု သိရသည်။
နျူကလီးယားစွမ်းအင်သည် ရေအားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှတ်သည့် စွမ်းအင်အရင်းအမြစ်ဖြစ်၍လည်း ယနေ့ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို ၄၁၀ လည်ပတ်သုံးစွဲလျက်ရှိပြီး ဓာတ်ပေါင်းဖို ၅၈ ခုကို နိုင်ငံ ၁၈ နိုင်ငံတွင် ထပ်မံ တည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံ၌ စတင်တည်ဆောက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် သုတေသနလေ့လာစမ်းသပ်ခဲ့ပြီး ၁၉၅၆-၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ လက်ရှိ ကာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းမှာ နျူကလီးယား စွမ်းအင်ဓာတ်အား အကျိုးအမြတ်ကိုရရှိနေပြီး လာမည့်နှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရ သည်။
Nuclear Industry ၏ နည်းပညာဆိုင်ရာ အလားအလာများ
ယခုရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF’23) တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က Role of the Nuclear Industry in “Achieving Technological Sovereignty and Technologies of the Future” ခေါင်းစဉ်ဖြင့် ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေး၌ “Nuclear industry သည် သိပ္ပံပညာရပ်များတွင် တိုးတက်မှုနှင့် နည်းပညာ ပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားရန်အတွက်များစွာအထောက်အကူ ဖြစ်စေကြောင်း၊ Nuclear Technology ကို ဓာတ်အားထုတ်လုပ်သည့် နေရာတွင်သာမက အခြားကဏ္ဍများ တွင်လည်း အသုံးချဆောင်ရွက် လျက်ရှိကြောင်း၊ နျူကလီးယားဓာတ်အားပေး စက်ရုံများ၏ Safety နှင့် Efficiency တိုးတက် မြင့်မားလာမှုသည် ရေရှည်အသုံးပြုနိုင်မှုကို မြှင့်တင်ပေး သကဲ့သို့ ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အာကာသသို့ သွားရောက်စူးစမ်းရှာဖွေမှုစသည့် ကဏ္ဍအမျိုးမျိုး တွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် များစွာ အထောက်အကူ ပြုလျက်ရှိကြောင်း၊ နျူကလီးယား သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် အသိပညာနှင့်စွမ်းဆောင်ရည်များကို လူငယ်များအား ဖြည့်ဆည်းပေး ခြင်းအားဖြင့် စဉ်ဆက်မပြတ် တိုးတက်နေသည့် အနာဂတ်ဆီသို့ တက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ Nuclear Power ကို လက်ခံ ယုံကြည်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ် နှံခြင်းနှင့် အနာဂတ်မျိုးဆက်သစ် ပညာရှင်များကို ပျိုးထောင် ပေးခြင်းအားဖြင့် Nuclear Industry ၏ နည်းပညာဆိုင်ရာ အလားအလာများကို ဖော်ထုတ် ရယူနိုင်မည် ဖြစ်သည့်အတွက် သာယာဝ ပြောပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်နေသည့် Technological Sovereignty ရှိသည့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဏုမြူစွမ်းအင်ဦးစီးဌာနသည် နျူကလီးယား နှင့် ဓာတ်ရောင်ခြည် အသုံးချဆောင်ရွက်လျက်ရှိသော ကဏ္ဍအသီးသီးတွင် ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ နျူကလီးယားလုံခြုံရေးနှင့် နျူကလီးယား နည်းပညာကို ငြိမ်းချမ်း သော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေး ဖွံ့ဖြိုးတိုးတက်လာစေ၍ ပြည်သူ လူထု၏ လူမှုစီးပွား ဘဝမြှင့်တင်ပေးရန် ရည်ရွယ်ချက် ဖြင့်လည်းကောင်း နျူကလီးယားသုတေသန ဗဟိုဌာနထူ ထောင်၍ နျူကလီးယား နည်းပညာဆိုင်ရာသုတေသနနှင့် အသုံးချမှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ပိုင်းဆိုင်ရာ လုပ်ငန်းများကို ထိန်းကျောင်းဆောင်ရွက်မည့် ဥပဒေမူဘောင်များ အားကောင်း လာစေခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းတို့ဖြင့် နျူကလီးယား နည်းပညာ ကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်၍ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက် စေရေး အထောက်အပံ့ဖြစ်စေရန် ရည်မှန်းချက် ပန်းတိုင်ချမှတ်၍ လည်းကောင်း ဝန်ဆောင်မှုနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ပြည်သူလူထုကို နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာများ တိုးပွားလာစေရေး အတွက် နျူကလီးယားနည်းပညာနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာကွန်ဖရင့်များ၊ အစည်း အဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများ၊ စာတမ်း ဖတ်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြပွဲပြိုင်ပွဲများ ကျင်းပ နိုင်ရန်နှင့် မူလတန်းအဆင့်မှသည် တက္ကသိုလ်အဆင့်အထိ ကျောင်းသား ကျောင်းသူများ၊ ကလေးသူ ငယ်များနှင့် မိသားစုများ၊ အများပြည်သူများ လေ့လာပါဝင်နိုင်ရန်နှင့် သိသင့် သိထိုက်သော နျူကလီးယား နည်းပညာဆိုင်ရာ ဗဟုသုတ များဖြန့်ဝေပေးရန် ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းတွင် နျူကလီးယားနည်း ပညာသတင်း အချက်အလက် စင်တာကို တည်ဆောက် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အပတ်စဉ် လာရောက် လေ့လာလျက်ရှိကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာ ခေတ်ကြီးအတွင်းဝယ် မြန်မာလူငယ်တို့ နောက်ကျကျန်ရစ် မနေသင့်တော့ ပါ။ စူးစမ်းခြင်း၊ လေ့လာသင်ယူခြင်း၊ တွေးတောကြံစည်ခြင်း၊ တီထွင်ကြံဆခြင်းတို့နှင့်အတူ သိပ္ပံနှင့် နည်းပညာဖြင့် လောကကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးကိုရွက်ဆောင်နိုင်ပါစေသတည်း။ ။