Skip to main content

သဒ္ဓါဖြူဖွေး ဓလေ့သွေး ပေးလှူမကွာ တို့မြန်မာ

မင်းထွဋ်ခေါင်(ရာမည)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မြန်မာလူမျိုးများသည် အလှူရေစက် လက်နဲ့မကွာဟုဆိုသည့်အတိုင်း ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်ကြသူများဖြစ်သည်။ ထို့အပြင် ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရဟူသည့်ဆိုထုံးကို စိတ်ဝယ်သွင်းကာ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပွား များကြသူများလည်း ဖြစ်ကြ၏။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ပွားတော်ကို ကိုးကွယ်ခွင့်ပြုခဲ့သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘာသာရေးနှင့်သော်လည်းကောင်း၊ လူမှုရေးအတွက်သော် လည်းကောင်း အလှူအတန်းနှင့် ပတ်သက်လာပါက တုံ့ဆိုင်းနေသူများ မဟုတ်ကြပါချေ။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်

ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ၇ ရက်သားသမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များ နှင့်အညီ တည်ထားပူဇော်ခဲ့သည်မှာ လုပ်ငန်းများမကြာမီပြီးစီးတော့မည်ဖြစ်ပါသည်။ ဌာပနာ သွင်းလှူပူဇော်ခြင်း အခမ်းအနားများမှ ပြည်တွင်း ပြည်ပစေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှု ပမာဏများကိုမြင်တွေ့ရချိန်တွင် ရင်ဝယ်တစိမ့်စိမ့်ပီတိများနှင့် သာဓုအနုမောဒနာ ခေါ်ဆိုခဲ့မိပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာတော့မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တည်ဆောက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမိုင်းအကျဉ်းဖြစ်စဉ်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ရှင်းလင်းပြသခြင်းမှာ တက်ရောက်လာကြသော ထိုဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာအားဖြင့်သော်လည်းကောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်းကောင်း တိုးတက်မှုရှိရန် ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များဖြစ်ကြသောကြောင့် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ အရိပ်အာဝါသအောက်တွင် အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရည်ရွယ်ချက်(၄) ရပ်နှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ ထိုရည်ရွယ်ချက်များမှ နိုင်ငံတော်သာယာဝပြောမှု ရှိစေရန်ဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရ မည်၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရမည်၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာနေထိုင်နိုင်ရေးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှင်းလင်းမှုတွင် ကျောက်တုံးတော်ကြီး စတင်တွေ့ရှိချိန်မှ လက်ရှိအချိန်ထိ အခက်အခဲအကျပ်အတည်း အမျိုးမျိုးကြားမှ ကြိုးစားဆောင်ရွက်ခဲ့ရမှုတို့ကို အသေးစိတ်ရှင်းလင်းခဲ့ရာ အချိန်အားဖြင့် နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပါသည်။ ဧည့်ပရိသတ်တို့အနေဖြင့် ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် အံ့ဩဖွယ်၊ မထင်မှတ်ဖွယ်အခက်အခဲများ ကျော်ဖြတ်ခဲ့ရပုံများကို ရုပ်ပုံများ၊ Vedio Clip များဖြင့် တွေ့မြင်ရသည်မှာ အချိန်ကုန်မှန်းမသိ အောင်ပင်စိတ်ဝင်စားဖွယ် ဖူးမြော်ကြည်ညိုခဲ့ရတယ်လို့ ဆိုကြပါသည်။ ရှင်းလင်းပြသပြီးချိန်တွင် မူလအစီအစဉ်တွင် မပါဝင်သည့် အလှူငွေပါဝင်လှူဒါန်း လိုကြောင်းကို ဧည့်ပရိသတ်အချို့က ကမ်းလှမ်းရာမှ အလှူငွေပေးအပ်ပွဲအစီအစဉ်ကို ကြားဖြတ်အနေနဲ့ ရုတ်တရက်စီစဉ်ခဲ့ရကြောင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။

အလှူရှင်ဧည့်ပရိသတ်များက အလှူငွေများကို သဒ္ဓါယိုဖိတ်ကြည်ညိုစိတ်ဖြင့် ရွှင်လန်းဝမ်းမြောက်စွာ ထည့်ဝင်လှူဒါန်းကြသည်မှာ အလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလီယံအထိရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

စာရေးသူအနေဖြင့် ထိုအလှူရှင်များ၏ ထက်သန်သောသဒ္ဓါတရားကို ကြည်နူးစိတ်ပွားလျက် သာဓုအကြိမ်ကြိမ် ကြည်ကြည်နူးနူး ခေါ်ဆိုမိခဲ့ပါသေးသည်။

မေလအတွင်းဖြစ်ပွားခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မှုကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသော ပြည်သူများအတွက်လည်း ပထမကြိမ် မေလ ၁၅ ရက်တွင် ငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀၊ မေလ ၂၀ ရက်တွင် အလှူငွေများ ထပ်မံပေးအပ်ခဲ့ရာ စုစုပေါင်းအနေဖြင့် ငွေကျပ် ၈၇၁၇၅၃၉၅၀၀၊ ထိုင်းဘတ် ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုး ရှိ သွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် ရေသန့် များကို လက်ခံရရှိခဲ့ပါသည်။ နောက်ပိုင်းတွင်လည်း ဆက်၍ဆက်၍ လှူဒါန်းခဲ့ကြပါသေးသည်။

ရန်ပုံငွေဖျော်ဖြေပွဲများကျင်းပ၍လည်း လှူဒါန်းနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့သည်ကို အားလုံးမြင်တွေ့ရကြရမည်ဖြစ်ပေသည်။ ထိုရရှိသော အလှူငွေများနှင့် အိမ်သုံးပစ္စည်းများ၊ အစားအသောက်များအား မဆိုင်းမတွပင်ခွဲဝေပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် “ပြည်တွင်း ပြည်ပမှလှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး ကူညီ ဆောင်ရွက်သွားမည်” ဟုလည်း အတိအလင်းပြောကြားခဲ့သည်ကို ရုပ်မြင်သံကြားတွင် ကြားသိခဲ့ရသကဲ့သို့ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖတ်ရှုခဲ့ရပါသည်။

ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူတို့ ဖူးမြော်စေလိုသော ဆန္ဒမွန်

ဘာသာသာသနာကို စည်ပင်ပြန့်ပွားတိုးတက်စေရေးအတွက် သဒ္ဓါကြည်လင်စွာဖြင့် ကုသိုလ်ရှင်များက ကျောက်တုံးတော်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်(၄)ရပ်နှင့်အညီ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားချိန်တွင် တစ်ဆက်တည်းဆိုသလို ဗုဒ္ဓဥယျာဉ်တော်အတွင်းတွင်လည်း အခြားသော ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များကိုပါ တည်ဆောက်ခဲ့ပြီး ပိဋကတ်သုံးပုံကိုလည်း ပါဠိအက္ခရာ၊ Romanize Language ဖြင့် ကျောက်စာချပ်များ ရေးထိုးနိုင်ရေးကိုပါ ဆောင်ရွက်ခဲ့ကြပါသည်။ ကျောက်တုံးတော်ကြီး စတင်တွေ့ရှိပြီးချိန်မှသည် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် “တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့” ဟူသည့်အတိုင်း ဦးဆောင်မှုကောင်းများဖြင့် နေ့မအား ညမနား တည်ဆောက်ခဲ့သည်မှာ အလွန်သပ္ပာယ်တင့်တယ်ဖွယ်ဖြစ်သော ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူတို့ မြန်သည်ထက်မြန်စွာ ဖူးမြော်စေလိုသော ဆန္ဒမွန်ပင်ဖြစ်ပေသည်။

ရုပ်ပွားတော်မြတ်ကြီး၏ တင့်တယ်သပ္ပာယ်ကြည်ညိုဖွယ် ရုပ်လုံးပေါ်လာမှုများအား ဝမ်းမြောက်ပီတိဖြစ်မဆုံးသည့် အကြီးအကဲအနေဖြင့် တစ်ဦးတည်းမခံစားလိုသဖြင့် “အစားကောင်း စားလျှင်မိတ်ဆွေကောင်းကို သတိရသည်” ဟူသကဲ့သို့ ဝမ်းမြောက်ပီတိအရသာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထေရ်ကြီး၊ ဝါကြီးသံဃာတော် အရှင်မြတ်ကြီးများအား ပင့်လျှောက် ဖူးမြော်စေခဲ့ပါသည်။ အချို့သံဃာတော်ကြီးများမှာ အသက်အရွယ်အရ ကျန်းမာရေးခက်ခဲသော်လည်း ခရီးအတန်တန်ဖြင့် ရောက်အောင်လာရောက်ဖူးမြော်ကြသည်ကိုလည်း သတင်းများတွင် ဝေဝေဆာဆာဖူးမြင်ခဲ့ရသဖြင့် စာရေးသူတို့ သာဓုအကြိမ်ကြိမ် ခေါ်ဆိုခဲ့မိပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တာဝန်များ များပြားလှသည့်ကြားမှပင် လုပ်ဖော်ကိုင်ဖက် ပြည်ထောင်စုဝန်ကြီးများ အပါအဝင် အစိုးရအဖွဲ့ဝင်များကိုလည်း ကုသိုလ်စိတ်များ ရစိမ့်သောငှာ အခါအားလျော်စွာ ခေါ်ယူပြသခဲ့ပါသည်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ဖြစ်ပေါ်လာသော သာသနိကအဆောက်အဦများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ရုပ်လုံးတော်များမှာ ခမ်းနားကြီးမြတ်စွာ ထွက်ပေါ်လာပြီဖြစ်ရာ ပီတိအလှူကိုပေးဆပ်သူနှင့် ခံယူသူတို့သာသိနိုင်မည်ဖြစ်ပြီး ဘာသာ၊ သာသနာအတွက် ဂုဏ်ယူစိတ်၊ ထိန်းသိမ်းလိုစိတ်၊ နောင်လာနောက်သားတို့ ယခုထက်တိုး၍ အလေးထားရလေအောင် လမ်းကြောင်းပေးရမည့်တာဝန်မှာ မိမိတို့တွင်ရှိနေပြီဟူသော အတွေးများအစိုးရအဖွဲ့ဝင်များ၏ နှလုံးအိမ်တွင် ရှင်သန်နေစေခဲ့ပြီဖြစ်ပါသည်။

ပြည့်ဝမ်းနှင့်တူသော ပုဂ္ဂိုလ်များအား  ချီးမြှင့်မြှောက်စားပေးခြင်းသာဖြစ်

ပျားပန်းခပ်မျှသော ပြည်တွင်း တတ်သိပညာရှင်အပေါင်းနှင့် ပြည်သူလူထု၏ လုပ်အားဒါနတို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ မကြာမီတင့်တယ်သပ္ပာယ်စွာ ပြီးမြောက်ပေါ်ထွန်း လာတော့မည်ဖြစ်ပါသည်။ ဥယျာဉ်မှူးသည် ပျိုးပင်များတစ်စတစ်စရှင်သန် ပွင့်လန်းလာပုံကို မြင်ရသည့်အခါ မိမိ နှင့် နီးစပ်ရာ မိတ်ကောင်းဆွေကောင်းတို့ကို ခံစားစေလိုသည်၊ မုဒိတာပွားစေလိုသည်။ မင်းတို့၏ နဝရတ် ၉ ပါးဟုဆိုသည့်အထဲတွင် သူဌေးသူကြွယ်တို့သည် ပြည်၏ ဝမ်းဗိုက်ဖြစ်သည်ဟု တင်စားကြပါသည်။ ပြည့်ဝမ်းအပါအဝင် အခြားသောအရာများကို မချိုးဖျက်မဖျက်ဆီးရာဟု အဆုံးအမရှိခဲ့ပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ပြသခြင်းမှာ ပြည့်ဝမ်းနှင့်တူသော ပုဂ္ဂိုလ်များအား ချီးမြှင့် မြှောက်စားပေးခြင်းသာဖြစ်၏။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရင်မှဖြစ်သော ပီတိသောမနဿအဟုန်တို့ဖြင့် စီစဉ်ညွှန်ကြားခဲ့မှုများကြောင့် သာသနာ့ရုပ်လုံးရုပ်ကြွကောင်း ဖြစ်ပေါ်လာအောင် ကိုယ်နှင့်စိတ်ကိုနှစ်၍ တည်ဆောက်နေသော အဖွဲ့အစည်းတို့၏ လုပ်အားသည် ရာနှုန်းပြည့်နီးပါး ပေါ်လာတော့မည်ဖြစ်ပေသည်။

ပို၍ ဂုဏ်ယူပီတိဖြစ်ဖွယ်ကောင်းသည်ကား တပ်မတော်သားအင်ဂျင်နီယာများနှင့် ပြည်တွင်းအတတ်ပညာရှင်များ၏ စွမ်းအားဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာတော့မည် ဖြစ်ခြင်းပင်ဖြစ်၏။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ ဗုဒ္ဓဥယျာဉ်အတွင်းသို့ ရောက်သွားချိန်တွင် ငယ်စဉ်ကသင်ကြားခဲ့ရသည့် “ဘုံဝတိံသာ နန္ဒာပေလော၊ တူစွဟုတ္တာ” ဟူ သည့် မြကန်သာကဗျာလေးကိုပင် သတိရမိပါသည်။ ကျွန်တော်အပါအဝင် ပြည်သူအပေါင်းတို့ လှူဒါန်းခဲ့ကြသော အသပြာအနည်းငယ်သည် ယခုကဲ့သို့ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူစကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အလှူရှင်ဖြစ်ပြီတကားဟု ဝမ်းမြောက်မိပါသည်။ သတင်းမှတ်တမ်းများတွင် အလှူကြီးပေးဖို့ရာတန်းစီနေကြသော ပြည့်ဝမ်းနှင့်တူသည့် ပုဂ္ဂိုလ်များ၏ မျက်နှာအသီးသီးတွင် ပီတိစိတ်နှင့် ဤသာသနာ့မှတ်တမ်းကြီး မစိုက်ထူမီ မိမိတို့လှူဒါန်းခွင့်ရလိုက်လေပြီဟူသော စိတ်ထားတို့ကိုလည်း မြင်နေရသဖြင့် အလှူရှင်တို့ကိုယ်စား ဝမ်းမြောက်မိပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တကွ ၇ ရက် သားသမီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမတို့၏ စုပေါင်းလှူဒါန်းမှုများဖြင့် မကြာမီ မြန်မာကရော ကမ္ဘာကပါ ဖူးမြော်နိုင်တော့မည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား စိတ်ဝယ် ဦးခိုက်ရင်း လှူဒါန်းမှု အစုစုတို့အတွက် ဝမ်းမြောက်ပီတိစိတ်နှင့်အတူ “သဒ္ဓါဖြူဖွေး ဓလေ့သွေးပေးလှူမကွာ တို့မြန်မာ” ဟုသာ နှုတ်ဖျားဝယ်ရေရွတ်မိပါတော့သည်။ ။