ယနေ့တောင်သူများ ကြုံတွေ့နေရသည့် မွှားပင့်ကူပြဿနာ
မွှားပင့်ကူဆိုသည်မှာ
မွှားပင့်ကူများသည် စိုက်ပျိုးသီးနှံပင်များတွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသော အလွန်သေးငယ်သည့် အကောင်များ ဖြစ်သည်။ ခြေထောက် လေးစုံပါသော မွှားကောင်များသည် ပင့်ကူများကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်မှ ပင့်ကူမျှင်ကဲ့သို့ ပိုးချည်မျှင်များ ထုတ်လုပ်သည့် အတွက် ၎င်းတို့ကို မွှားပင့်ကူဟု ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးပေါင်းစု(Phylum)အားဖြင့် Arthropoda၊ မျိုးပေါင်း (Class)အားဖြင့် Arachnida တွင် ပါဝင်ပြီး Acarine အုပ်စုဝင် ဖြစ်သည်။ အဏုကြည့်မှန်ပြောင်းဖြင့်သာ ထင်ရှားစွာမြင်ရပြီး အရွယ်အစားအားဖြင့် မျိုးစိတ်အပေါ် မူတည်၍ ၀ ဒသမ ၂ မီလီမီတာမှ ၀ ဒသမ ၅ မီလီမီတာအကြား ရှိတတ်သည်။
မွှားပင့်ကူ အမများ၏ ခန္ဓာကိုယ်သည် ဘဲဥပုံသဏ္ဌာန် လုံးဝန်းပြီး အထီးများသည် ခန္ဓာကိုယ် ရှည်မျောမျောရှိ၍ အဖျားပိုင်းချွန်သည် (ပုံ-၁)။ အမများ၏ အရွယ်အစားသည် အထီးများထက် ပိုမိုကြီးမားပြီး အထီးနှင့်အမ အရွယ်အစား လွန်စွာကွာခြားသည်။ အပ်သွားကဲ့သို့ ချွန်ထက်ပြီး အင်္ဂလိပ်အက္ခရာ ဂျေ (J) ပုံသဏ္ဌာန် ပါးစပ်အစိတ်အပိုင်း(J-Shaped Stylet)ဖြင့် အပင်၏ အရွက်များ၊ ရိုးတံများနှင့် ပင်စည်နုများပေါ်တွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးလေ့ရှိသည်။ မွှားပင့်ကူ များသည် အစုအဝေးဖြင့် နေထိုင်စားသောက်ကြ သော အကောင်များ ဖြစ်သည်။
ဖျက်ဆီးမှုနှုန်း
မွှားပင့်ကူကောင်များသည် အရွယ်အစားအားဖြင့် အလွန်သေးငယ်လှသော ဖျက်ပိုးများပင် ဖြစ်သော် လည်း ၎င်းတို့၏ ဖျက်ဆီးမှုနှုန်းမှာ မြင့်မားသည်။ ဖျက်ဆီးသည့်နှုန်း မြင့်မားလာသည်နှင့်အမျှ အရွက်တွင် စိမ်းရောင်ခြယ်ဆဲလ်များ ပျက်စီးမှုကြောင့် အပင်၏ အစာချက်နှုန်းကို ထိခိုက်စေပြီး သီးနှံ အထွက်နှုန်းကို သိသာစွာ လျော့နည်းစေသည်။ သီးနှံမရွေး၊ အချိန်အခါမရွေး၊ ရာသီဥတုမရွေး ကျရောက်တတ်သော ဤပိုးကောင်ငယ်များအား အရွက်များ၏ အပေါ်မျက်နှာပြင်တွင်လည်းကောင်း၊ အောက်ဘက်မျက်နှာပြင်တွင် လည်းကောင်း မျိုးစိတ်အပေါ် မူတည်၍ အမျိုးမျိုးတွေ့ရတတ်သည်(ပုံ-၂)။ ဆိုးရွားစွာကျရောက်သည့် အခြေအနေတွင် အရွက်မျက်နှာပြင် နှစ်ဖက်လုံး၌ ကျရောက်သည်ကို တွေ့ရသည်။
ဘဝစက်ဝန်းမှာ ဥအဆင့်မှ အကောင်ကြီးအဆင့်အထိ (ကြားအဆင့်များ အပါအဝင်) စုစုပေါင်း ရှစ်ဆင့်ရှိသည်။ အပူချိန်အပေါ် မူတည်၍ ရှင်သန်နိုင် သည့်သက်တမ်း ကွာခြားသည်။ အကြမ်းအားဖြင့် အပူချိန် ၂၅ ဒီဂရီနှင့် ၃၀ ဒီဂရီကြားတွင် ကောင်းစွာပွားများကြသည်။ အပူချိန်နိမ့်ပါက နှစ်ပတ်ကျော်ခန့် ရှင်သန်နိုင်ပြီး မြင့်မားသောအပူချိန်တွင် တစ်ပတ်ခန့်သာ ရှင်သန်နိုင်သည်။ အရွယ်ရောက်ပြီး အမတစ်ကောင်သည် မျိုးစိတ်အပေါ် မူတည်၍ နေ့စဉ်ပျမ်းမျှ ဥအရေအတွက် ငါးဥမှ ၂၂ ဥအထိ ဥနိုင်သည်။
စီးပွားရေးအရထိခိုက်မှု
၎င်းတို့၏ သဘာဝအရ မျိုးပွားနှုန်း အလွန်လျင်မြန်ခြင်း၊ လိင်မဲ့ မျိုးပွားနိုင်ခြင်း၊ ဘဝစက်ဝန်း အလွန်တိုတောင်းခြင်း၊ အစုလိုက် အဖွဲ့လိုက် နေထိုင် စားသောက်တတ်ခြင်း၊ လေနှင့်အတူပါပြီး တစ်နေရာမှတစ်နေရာသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့လွယ်ခြင်းတို့ကြောင့် ဆိုးရွားစွာ ကျရောက်ပါက အရွက်များတွင် အစိမ်းရောင်ပျောက်ပြီး သီးနှံအထွက်နှုန်းကို ကျဆင်းစေသည်သာမက အပင်သေဆုံးသည်အထိပင် ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၌ ပဲတီစိမ်း၊ မတ်ပဲတို့တွင် ကျရောက်သော မွှားပင့်ကူနီများ(Red spider mites) သိပ္ပံအမည် - Tetranychus truncates (Ehara) သည် အလွန်ဆိုးရွားကြောင်း တွေ့ရှိရသည်။
ထို့အပြင် အလှစိုက် ဝါးပင်များတွင်လည်းကောင်း၊ စိုက်ပျိုးသီးနှံပင်များ ဖြစ်သည့် ကြံ၊ စပါး၊ စပါးလင်၊ ပီလောပီနံ၊ ခရမ်း၊ ခရမ်းချဉ်၊ ကန်စွန်း၊ ဝါ၊ နှင်းဆီ၊ စတော်ဘယ်ရီနှင့် အခြား ပင်ပျော့အနွယ်ဝင် အပင်များတွင်လည်းကောင်း အများအပြား တွေ့ရတတ်ပြီး အပင်ကြီး များဖြစ်သည့် မဲဇလီ၊ သင်္ဘော၊ ရှောက်၊ သံပရာ၊ သရက်နှင့် ဗာဒံပါ မကျန် ကျရောက်တတ်သည်ကို တွေ့ရ သည်။ အပင်ကြီးများတွင်မူ ထိခိုက်မှုနှုန်းမှာ မပြောပလောက်သော်လည်း အပင်ငယ်များတွင် ကျရောက်ပါက ထိခိုက်မှု ဆိုးရွားစွာ ဖြစ်စေနိုင်သည်။ အလှစိုက် အပင်များတွင်မူ အရွက်မျက်နှာပြင်တွင် ၎င်းတို့ဖျက်ဆီးထားသည့် ပျက်စီးမှု လက္ခဏာများကြောင့် မူလအရောင်အဆင်းများ ပျက်ယွင်းသွား တတ်သည်။
အပင်ရောဂါများ ကူးစက်စေနိုင်
မွှားပင့်ကူများသည် အခြား ဗိုင်းရပ်စ်ရောဂါဖြစ်စေသော သက်ရှိများကို သယ်ဆောင်ကြသူများဖြစ်သည့် အားလျော်စွာ သီးနှံပင်များတွင် တစ်ပင်မှ တစ်ပင်၊ တစ်နေရာမှတစ်နေရာ ကူးပြောင်းသွားလာ စားသောက်ခြင်းဖြင့် ရောဂါများ ပြန့်ပွားစေနိုင်သည်။
ရောဂါဖြစ်စေသော သက်ရှိများဖြစ်သည့် "The Potato Virus Y" ခေါ် အာလူးဗိုင်းရပ်စ်ရောဂါ ဖြစ်စေသောသက်ရှိ(အာလူး၊ ခရမ်းချဉ်၊ ဆေးရွက်ကြီး နှင့် အခြားခရမ်းနှင့် ခရမ်းမျိုးရင်းဝင် အပင်များတွင် ရောဂါဖြစ်စေသည်)၊ "The Tobacco Ring Spot Virus"/ "The Tobacco Mosaic Virus" ခေါ် ဆေးရွက်ကြီးမိုစိပ် ဗိုင်းရပ်စ်ရောဂါဖြစ်စေသောသက်ရှိ၊ "The Southern Bean Mosaic Virus" ရောဂါဖြစ်စေသောသက်ရှိနှင့် "The Cotton Curliness" ရောဂါဖြစ်စေသောသက်ရှိတို့ကို သယ်ဆောင်ကြောင်း အချက်အလက်များအရ သိရှိရသည်။
မည်သို့ ကာကွယ်နှိမ်နင်းနိုင်မည်လဲ
ဓာတုဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း
Vertimic (သို့) Nioron ကဲ့သို့သော မွှားသတ်ဆေးများကို နှစ်ပတ်ခြားလျှင် တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ် ဖျန်းပေးခြင်းအားဖြင့် မွှားပင့်ကူ ဥများကိုပါ သေစေနိုင်သည်။ မွှားပင့်ကူဥများကို သေစေနိုင်သော ဥသတ်ဆေးနှင့် အကောင်ကြီး အဆင့်ကို သေစေနိုင်သောဆေး နှစ်မျိုး ရောနှောပြီး နှစ်ကြိမ်မှ သုံးကြိမ်အထိ အသုံးပြုနိုင်သည်။
Malathion, Cloropyrefos, Lambda cyhalothrin တို့သည် အင်းဆက် များကို သေစေနိုင်သော ပိုးသတ်ဆေးများဖြစ်သည့်အပြင် မွှားများ ကိုလည်း သေစေနိုင်သည့် အစွမ်းအာနိသင်ရှိသည်။ Bayer ကုမ္ပဏီ(ဂျာမနီ)မှ ထုတ် လုပ်သော အိုဘီရွန်(Oberon) (ဆေးအုပ်စု - Speromesifen 240sc)အသုံးပြု ၍လည်း ကောင်းစွာနှိမ်နင်းနိုင်သည်။ အိမ်သုံးဆပ်ပြာမှုန့်ကို ရေဖျော်ပက်ဖျန်း ပေးခြင်းဖြင့်လည်း အရေအတွက် လျှော့ချနိုင်သည်။
စိုက်နည်းပျိုးနည်းစနစ်များဖြင့်နှိမ်နင်းခြင်း
မှန်လုံအိမ်၊ ပလတ်စတစ်အိမ်များဖြင့် စိုက်ပျိုးသော သီးနှံများတွင် ရေမှုန် များပက်ဖျန်းပေးခြင်းဖြင့် စိုထိုင်းဆကို မြင့်စေပြီး မွှားပင့်ကူများကို သေစေနိုင်သည်။ မွှားပင့်ကူ ကျရောက်ဖျက်ဆီးမှုကြောင့် သေဆုံးသည့် အပင်အစိတ် အပိုင်းများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သင့်သည်။
သက်ရှိများအားအသုံးပြု၍ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
သဘာဝတွင် မွှားပင့်ကူများနှင့် အတူတကွ ယှဉ်တွဲတွေ့ရှိရသော သားရဲကောင်များဖြစ်သည့် ခြောက်ပြောက် ပါလှေးပိုး (6 Spotted Thrips)၊ အနက် ရောင် လိပ်ခုံးကျိုင်းငယ်(Stethorus spp.)၊ အခြား အကျိုးပြု လိပ်ခုံးကျိုင်း၊ သားရဲ မွှားပင့်ကူများ (Predatory mites)(ပုံ-၃)နှင့် အစိမ်းရောင် ဇာတောင်ပိုး (Green lacewing)၏ အရွယ်မရောက်ကောင်အဆင့်(ပုံ-၄)တို့ကို အသုံးပြုခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်သည်။ သို့သော် ဤနည်းမှာ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ အသုံးမပြုနိုင်သေးပေ။
သဘာဝတွင် မွှားပင့်ကူများနှင့်အတူ ဤသားရဲကောင်များကို ယှဉ်တွဲ တွေ့ရှိရသော်လည်း အရေအတွက် များစွာ ပွားများမွေးမြူခြင်း မရှိသေးပါ။ ထိုင်း၊ အိန္ဒိယ၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစရှိသည်တို့တွင်မူ ယင်းသဘာဝမိတ်ဆွေပိုးများအား အသုံးပြု၍ ကာကွယ် နှိမ်နင်းလျက်ရှိကြောင်း လေ့လာသိရှိရသည်။ သားရဲ မွှားပင့်ကူများ(Predatory mites)ကို ပုဂ္ဂလိကကုမ္ပဏီများမှ အဆင်သင့် ဝယ်ယူသုံးစွဲ၍ နှိမ်နင်းနိုင်ကြောင်း လေ့လာသိရှိရသည်။
မြန်မာနိုင်ငံနှင့် မွှားပင့်ကူ
မြန်မာနိုင်ငံတွင် ဤမွှားပင့်ကူများ၏ ပြင်ပရုပ် သွင်ပြင်လက္ခဏာများကို အခြေခံ၍ အမျိုးအစား ခွဲခြားခြင်း မှတ်တမ်းများ မရှိသေးပါ။ နေရာဒေသတစ်ခု အတွင်း မွှားပင့်ကူများ မျိုးစုမည်မျှရှိသည်၊ မည်သည့်မျိုးစိတ်ဖြစ်သည် ဆိုသည့် မျိုးရိုးဇီဝ ပျံ့နှံ့စွာတည်ရှိမှု(Biodiversity)နှင့် ပတ်သက်၍လည်း အချက်အလက် မှတ်တမ်းများ မရှိသေးပါ။ ၎င်းတို့အား ကာကွယ်နှိမ်နင်းနိုင်သည့် သဘာဝ အတိုင်း အတူယှဉ်တွဲရှိနေသည့် သားရဲကောင်များ ရှိနေသော်လည်း မှတ်တမ်း အချက်အလက် မရှိသေးပါ။
၎င်း သေးငယ်လှသော မွှားပင့်ကူများနှင့်ပတ်သက်ပြီး ယခုအခါ ကမ္ဘာနှင့် အဝန်း သုတေသနပြု နေကြသည့် ပညာရှင်များ အများအပြားရှိနေပြီး မျိုးစိတ် အသစ်များအားလည်း ရှာဖွေမှတ်တမ်းတင် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လည်း သီးနှံပင်များအလိုက် တွေ့ရှိရသော မွှားပင့်ကူ မျိုးစိတ်များကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ ကိမိလနှင့် သတ္တဗေဒဌာနတွင် ဆက်လက် ရှာဖွေ မှတ်တမ်းတင် လျက်ရှိနေပြီး တောင်သူပညာပေးအစီအစဉ်အဖြစ်လည်း သင်တန်းများဖွင့်လှစ် ပညာပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ယခုလက်ရှိတွေ့နေရသော မွှားပင့်ကူမျိုးစိတ်များနှင့် ၎င်းတို့၏ လက်ခံပင်များ၊ အနက်ရောင် လိပ်ခုံးကျိုင်းငယ် သားရဲကောင်ကို အသုံးပြု၍ ဇီဝနည်းလမ်းဖြင့် ကာကွယ်နိုင်ရန်အတွက် ဓာတ်ခွဲခန်းအတွင်း သုတေသနပြုလုပ်ဆောင်ရွက်နေခြင်းမှ ရရှိသည့် ရလဒ်များအား မှတ်တမ်း ထားရှိပြီး သုတေသနစာစောင်များအဖြစ် ဖော်ပြနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ပါသည်။ ။
ဒေါက်တာထားထားနိုင် (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)