Skip to main content

အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များ

“မကြာခင်မှာ ကျောင်းသား ကျောင်းသူ တွေကို စာပေပညာသင်ကြားပေးတဲ့ ဆရာဆရာမများဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့အနေနဲ့ ပညာသင်ကြားရေးနယ်ပယ်မှာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ဆိုတဲ့ ဆရာ ကျင့်ဝတ်များနှင့်အညီ အနာဂတ်သားကောင်းရတနာတွေကို မွေးထုတ်ပေးနိုင်မယ့် အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြ ဖို့လိုပါတယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ငါးနှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာတွင် မြွက်ကြားသည့်ဩဝါဒအမှာစကားမှ ကောက်နုတ်ချက်ဖြစ်သည်။

အဆိုပါ အာစရိယဂုဏ်မြောက်ပဲ့ကိုင်ရှင်များသည်ကား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)မှ ငါးနှစ်ကြာလေ့ကျင့်ပျိုးထောင်ပေးလိုက်သော နယ်စပ်ဒေသအသီးသီးမှ ပြည်ထောင်စုတိုင်းရင်းသားလူငယ်မောင်မယ်များပင် ဖြစ်သည်။

စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်ကာကွယ်ခဲ့

မိမိတို့ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင် သောနိုင်ငံဖြစ်သည်။ “မြန်မာ ဟူသောဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသား မျိုးနွယ်စုအားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်အပေါ် ကျရောက်လာသည့် အခက်အခဲများကို စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်ကာကွယ်ခဲ့ကြသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုစွမ်းအားတို့ဖြင့် စည်ပင်ဝပြောသည့် နိုင်ငံတော်ကြီးကိုထူထောင်နိုင်ခဲ့ကြသည်။ တိုင်းရင်းသား မျိုးနွယ်စုအချင်းချင်း အပြန်အလှန်လေးစားယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှုတို့သည် ပြည်ထောင်စု၏ အသက်သွေးကြောပင်ဖြစ်သည်နှင့်အညီ အဆိုပါစိတ်ဓာတ်များကို ပြုစုပျိုးထောင်ရှင်သန် စေနိုင်သော ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်းမျှ တင်ပြလိုပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သည် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်သော ပညာရေးဝန်ထမ်းကောင်းများ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် (၅) ရပ်ရှိပြီး အဆိုပါရည်ရွယ်ချက် (၅) ရပ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်းတိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာ စေရန်ဟူသောအချက် အပါအဝင်ဖြစ်ပါ သည်။

တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်

ဖွံ့ဖြိုးရေးတက္ကသိုလ်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများဆည်းပူးရာ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သည်။ တိုင်းရင်းသားလူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေးကစ၍ နိုင်ငံတော်ကလိုလေသေးမရှိ အခမဲ့တာဝန်ယူစောင့်ရှောက်ပေးထားပါသည်။ ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာအဝန်းအဝိုင်းသည်လည်း ပြည်ထောင်စုလေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား ကချင်၊ ကယား၊ ကရင်၊ ချင်းစသော တိုင်းရင်းသားမျိုးနွယ်စုနာမည်များ၊ မြန်မာနိုင်ငံ၏ အထင်ကရမြစ်များစသည်ဖြင့် မှည့်ခေါ်ထားပါသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ် သည်။ Senior အစ်မကြီးကမွန်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ Junior ညီမငယ်က ကရင်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ မတူညီသော ဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှာ မောင်နှမအရင်း၊ ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသော တန်ဖိုး များကို မွေးဖွားပေးနိုင်ခဲ့သည်။

ရှင်သန်ပျော်ရွှင်စွာ ပညာဆည်းပူးကြ

ယင်းတန်ဖိုးများသည် ပြည်ထောင်စုစိတ်ဓာတ်၏ အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျားလျှင် Senior အစ်ကိုကြီးညမအိပ်တော့၊ Senior အစ်ကိုအလုပ်များလျှင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရားများမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ် တရားများဖြင့် ခိုင်ကျည်ထားသော ပြည်ထောင်စုလေးတွင် သူတို့ရှင်သန် ပျော်ရွှင်စွာ ပညာဆည်းပူးကြသည်။ သူတို့တစ်တွေအား နည်းပေး၊ လမ်းပြသွန်သင်ဆုံးမသူဆရာ ဆရာမများ သည်လည်း တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများ ပင်ဖြစ်သည်။

ဤကျောင်းတော်ကြီးတွင် တိုင်းရင်း သားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များအား သင်ကြားဖလှယ် ခွင့်ရရှိကြသည်။ မည်သည့်တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်စေနှစ်သက်ရာ တိုင်းရင်းသားဘာသာစကား သင်ယူနိုင်သည်။ ဓလေ့စရိုက်များလေ့လာနိုင်သည်။ ရိုးရာဝတ်စုံများ လဲလှယ်ကာဓာတ်ပုံရိုက်ကြသည်။ ရိုးရာမုန့်များတစ်လှည့်စီ ပြုလုပ်၍ မြိန်ရေရှက်ရေ စားကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားဖြစ်ကြ၍ ဂုဏ်ယူဝင့်ကြွားကြသည်။

သူတို့တစ်တွေသည် မြန်မာနိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ “စည်းလုံးခြင်းသည် အင်အား ဟူသည် ဖွံ့ဖြိုးရေးတက္ကသိုလ်၏ဆောင်ပုဒ်ဖြစ်သည်။ သံယောဇဉ်တရားကစည်းလုံး ညီညွတ်ရေးအားကို အလိုအလျောက်ရရှိ စေသည်။

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး

ဤကျောင်းတော်ကြီးတွင် သင်ကြားရေးဘာသာရပ်ဌာန ၂၁ ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာနှင့် အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ တွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များနှင့် အထူးတွဲဖက် သင်ရိုးညွှန်းတမ်းဘာသာရပ်များ သင်ကြားကြရသည်။ အထူးတွဲဖက် သင်ရိုးညွှန်းတမ်းဘာသာရပ်များတွင် မြန်မာ့လွတ်လပ်ရေးကြိုပမ်းမှုသမိုင်းနှင့်စာရိတ္တပညာ၊ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များပါဝင်သည်။ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုင်ရာဘာသာရပ်များ ပါဝင်သည်။ သို့သော် စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်းနေစရာမလို၊ နှစ်ကာလများစွာ အတူတူနေထိုင်ရှင်သန်ခဲ့ကြသော ဤကျောင်းတော်သူ ကျောင်းတော်သားများ၏ သံယောဇဉ်သည်ရေကိုသား၍ အကြားမထင်ကဲ့သို့ရှိကြပါ သည်။

အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ

ပြည်ထောင်စု တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စတင် ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ ယခု အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာ ဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၅၈၆ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်းဆရာအတတ်သင် ၇၆၁၂ ဦး၊ စုစုပေါင်း ၁၄၂၆၃ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဆရာ ဆရာမများအဖြစ် သာမကဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင် ပညာရှင်များ၊ သူနာပြု ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်သည်။

ဤအရင်းအမြစ်များ၏ ပထမနှစ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော မြန်မာပြည်အနှံ့ နယ်စွန်နယ်ဖျားဒေသအသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများကိုအဓိကထားရွေးချယ်ခြင်းဖြစ်သည်။ မိဘမရှိသူ (သို့မဟုတ်) မိခင်မရှိသူ (သို့မဟုတ်) ဖခင်မရှိသူ ဆင်းရဲနွမ်းပါးပြီး ပညာလိုလားသူများအား ဦးစားပေးရွေးချယ် ခြင်းဖြစ်သည်။

အာစရိယဂုဏ်မြောက်ပဲ့ကိုင်ရှင်များဖြစ်

ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများသည် ကျောင်းသားဟောင်းများ အသင်းဟူ၍ ဖွဲ့စည်းထားရှိသည်။ ကျောင်းသားဟောင်းများသည် သူတို့အား မွေးဖွားရှင်သန်စေခဲ့သော ကျောင်း တော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေလာကြည့်သည်။ သူတို့စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများအောက် အရိပ်ခိုကြ သည်။ ရောက်ရှိလာကြသော တိုင်းရင်းသား၊ တိုင်းရင်းသူ၊ ကျောင်းသားဟောင်း ကြီးများ အချင်းချင်းလက်တွဲ၍ ဓာတ်ပုံရိုက်ကြသည်မှာ အလွန်လှပကြည်နူးဖွယ်ရာ မြင်ကွင်းဖြစ်သည်။ သူတို့ တစ်တွေသည်သူတို့ချစ်သော ပြည်ထောင်စု ကျောင်းတော်ကြီးကို ပြန်လည်စောင့်ရှောက်ကြသည်။ တစ်နည်းအားဖြင့် သူတို့ချစ်သော ပြည်ထောင်စုကြီးကို လက်ချင်းချိတ်ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်း အမွေပေးကြသည်။ သူတို့တစ်တွေ၏ လက်ဆင့်ကမ်းအမွေများကို သယ်ဆောင်ရင်း ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၅)မှ ကျောင်းသား ကျောင်းသူ ၂၀၅ ဦးသည်လည်း သူတို့ကဲ့သို့ပင်နိုင်ငံတော်၏တာဝန်ကိုကျရာနေရာ၊ ကျရာကဏ္ဍ အသီးသီးတွင် ထမ်းဆောင်ရင်း အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်ကြပေတော့မည်။ 

ဩဝါဒခံယူပွဲတွင်ဂါရဝပြုတင်ပြ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှဖွံ့ဖြိုး တက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းကျောင်းသားကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင်ကျောင်းသား ကျောင်းသူများကိုယ်စား ရခိုင်တိုင်းရင်းသား ကျောင်းသားတစ်ဦးက အောက်ပါအတိုင်း ဂါရဝပြု တင်ပြခဲ့ ပါသည်။

သားတို့ သမီးတို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားနဲ့သာအဓိကထား တည်ဆောက်ကြရမယ်ဆိုတာ နားလည်ခဲ့ရပါတယ်။ ပြည်တွင်းပြည်ပအင်အားစုအသီးသီးရဲ့ နှောင့်ယှက် တိုက်ခိုက်ဖျက်ဆီးမှုတွေ ဘယ်လိုပင်ရှိနေပါစေ သားတို့သမီးတို့တစ်တွေဟာ အမိဖွံ့ဖြိုးရေးတက္ကသိုလ်၏ သားသမီးများပီသစွာ နိုင်ငံအတွက်အရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို သားတို့ သမီး တို့ တာဝန်ကျရာဒေသက တိုင်းရင်းသားပြည်သူတွေနဲ့မျိုးဆက်သစ်လူငယ်တွေ အကြားမှာထွန်းကားပြန့်ပွားအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက် သွားပါမယ်ခင်ဗျား

အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ၏ အားရကျေနပ်စရာကတိကဝတ် ဖြစ်သည်။

နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုး

မည်သို့ပင်ဆိုစေ ပြည်ထောင်စုကြီးအတွင်းမှ ပြည်ထောင်စုကျောင်းတော်ဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)တွင် မွေးဖွားသန့်စင်ပေးလိုက်သည့် အာစရိယဂုဏ်မြောက်ပဲ့ကိုင်ရှင်များသည် ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားများအတွက် ကျရာတာဝန်များကို တစ်ထောင့်တစ်နေရာမှ ကျေပွန်စွာထမ်းဆောင်ကြပါမည်ဟု ယုံကြည်ရင်း ဖွံ့ဖြိုးတက္ကသိုလ်ဆင်း ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

ဇော်လင်း