Skip to main content

မြန်မာနိုင်ငံ မော်တော်ယာဉ်ကဏ္ဍ၏ ခြေလှမ်းသစ်

ရဲခေါင်(စက်မှု)

ယခုအခါတွင် မြန်မာနိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေ၍ နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV- Electric Vehicle)များ တင်သွင်းအသုံးပြုခြင်းမှတစ်ဆင့် ထုတ်လုပ်သုံးစွဲသွားရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါလမ်းညွှန်ချက်ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်တော့်အနေဖြင့် ၉-၁၀-၂၀၂၂ ရက်ကထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ရေးသား၍ နိုင်ငံတော်နှင့်ပြည်သူများသို့ တင်ပြခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ

သို့ဖြစ်ရာ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးစီးသည့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကလုပ်ငန်းများကို စည်းကမ်းစနစ်ကျစွာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်၍ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်စေခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် လျှပ်စစ်သုံးယာဉ်တင်သွင်းသည့် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၃ ခုနှစ် မတ် ၄ ရက်တွင် နေပြည်တော်၌ လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Electric Vehicle Charging Station) စတင်ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမှုကို တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုကြခြင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာခြင်း စသည်ဖြင့် သက်ဆိုင်ရာကုမ္ပဏီအသီးသီးမှ လျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းလာခြင်းတို့ကို သတင်းစာများတွင် တွေ့မြင်ဖတ်ရှုရသည်။ နိုင်ငံတော်အနေဖြင့်လည်း အခွန်သက်သာခွင့်ကင်းလွတ်ခွင့်များ ပေးထားကြောင်းလည်း သိရှိရသည်။

မော်တော်ကားလောက၏ နည်းပညာအပြောင်းအလဲများ

ထိုသို့ နိုင်ငံတော်အနေဖြင့် ပြည်သူများနိုင်ငံတကာနှင့်အတူ အဆင့်မီအသုံးပြုနိုင်ရေးအထူးသဖြင့် အာဆီယံအသိုက်အဝန်းအတွင်းရှိ နိုင်ငံများနှင့်အတူရှိနေစေရေး ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုအပေါ်ကျေနပ်မိသည်။ ကျွန်တော်တို့အတိတ်ကာလကို ပြန်ကြည့်ပါက နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူခဲ့သော တပ်မတော်၏ ဦးဆောင်မှုအောက်ကာလများတွင် မော်တော်ကားလောက၏ နည်းပညာအပြောင်းအလဲများ တွေ့မြင်ခဲ့ရပေသည်။ ၁၉၈၉-၁၉၉၀ ပြည့်နှစ်များက တပ်မတော်ရှိဟီးနိုးတီအီး ၁၁/၂၁၊ မာဇဒါဂျစ် 2000၊ မာဇဒါဘီ ၃၆၀/၆၀၀ (ဗင်၊ ပစ်ကပ်)၊ မာဇဒါ T-2000 လိုက်ထရပ်၊ ဟီးနိုးဘီအမ်ဘတ်စ် စသည့်ယာဉ်များတွင် LPG (Lique-fied Petroleum Gas)၊ CNG (Compressed Natural Gas)၊ MGB (Methanol Gasoline Blends) စသည်တို့ဖြင့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်)အစား ပြောင်းလဲစမ်းသပ်သုံးစွဲခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းမှတစ်ဆင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းမှ လူစီးမော်တော်ယာဉ် (PV – Passenger Vehicle)နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်(CV- Commercial Vehicle) တို့ကို ဆီသုံးယာဉ်များအဖြစ်မှ CNG ဓာတ်ငွေ့သုံးယာဉ်များအဖြစ် ပြုပြင်ပြောင်းလဲသုံးစွဲစေခဲ့ရာ ယခုအချိန်အထိ အငှားယာဉ်ငယ်များအပါအဝင် သဘာဝဓာတ်ငွေ့သုံး၍ယာဉ်များ မောင်းနှင်လျက်ရှိနေကြသည်။

ယခုအချိန်တွင်လည်း တပ်မတော်က နိုင်ငံတော်၏တာဝန်ကို ထိန်းထားသည့်အခါကာလဖြစ်ရာ အခြေအနေအခက်အခဲ အမျိုးမျိုးကြားမှကြိုးစား၍ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍအတွက် ပြည်သူများ လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲနိုင်သည့် အခြေအနေသို့ရောက်စေရန် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့ရှိရမည်ဖြစ်သည်။ အာဆီယံမော်တော်ယာဉ်ကဏ္ဍ အစည်းအဝေးများတွင် အခြားအာဆီယံနိုင်ငံများမှ ပညာရှင်များ EV အကြောင်းဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံကိုယ်စားလှယ်များ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့ရာမှ ယခုအခါတွင် EV ၏ Technology အကြောင်း ကောင်းကောင်းပါဝင်ဆွေးနွေးနိုင်တော့မည်ဖြစ်ပေသည်။ နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ရှိစွာ မော်တော်ကားလောက (Automotive Industry)တွင် အခြားနိုင်ငံ များနည်းတူ အမီလိုက်နိုင်အောင် ဆောင်ရွက်ပေးသည့် စေတနာအပေါ် မော်တော်ကားပညာရှင်တစ်ဦးအနေဖြင့် များစွာကျေးဇူးတင်မိနေသည်။

မော်တော်ယာဉ်များ တင်သွင်းလျက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့်လည်း ဆက်တိုက်ဆိုသလို မော်တော်ယာဉ်များ တင်သွင်းလျက်ရှိကြရာ အဆက်မပြတ်ရောက်ရှိလာတော့မည် ဖြစ်သည့်အပြင် Charging Station များ အပြိုင်အဆိုင်တည်ဆောက်နေကြသည်ကိုလည်း ဝမ်းမြောက်စွာကြားသိနေရသည်။ အဆိုပါ လျှပ်စစ်သုံးယာဉ်များကို ဝယ်ယူအသုံးပြုသူများအတွက် နိုင်ငံတော်၏ရည်မှန်းချက်အရ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်(Sustainable Develo-pment) နေစေရေးအတွက် After Sale Service အပိုင်း၊ Spare parts Sales စသည့် Showroom တစ်ခု၏ 3S (Three "s") လုပ်ငန်းများလိုအပ်လာ ပြီဖြစ်သည်။ ယခုတင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များသည် နည်းပညာမြင့် မော်တော်ယာဉ်များဖြစ်ရာ Safety အတွက် အရေးကြီးလာပြီဖြစ်၍ Tools and Equipments များ မှန်ကန်မှုရှိရန်လိုသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်သည် ဗို့အားအမြင့် (High Voltage)ကို အသုံးပြုထားခြင်းဖြစ်သည်။ (သုံးစွဲသူအတွက် စိတ်ပူရန်မလိုပါ၊ ပြင်ဆင်မှုအပိုင်းကို ဆိုလိုခြင်းဖြစ်သည်) လျှပ်စစ်ကာပစ္စည်း (Insulator) ပါသော Special Tools များဖြစ်ရန်လိုသည်။ အဆိုပါ Service ပိုင်းတွင် အသုံးပြုရန်လိုအပ်သည့် Tools and Equipments များ၊ Spare Parts များကို ကုမ္ပဏီများ အမြန်တင်သွင်းရရှိနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။

ပြင်ဆင်မှု၊ ထိန်းသိမ်းမှုများ

ထို့ပြင် ယခင် ICE (Internal Combustion Engine) မော်တော်ယာဉ်များကဲ့သို့ ပြင်ဆင်မှု၊ ထိန်းသိမ်းမှုများတွင် ကွဲပြားခြားနားသွားပြီဖြစ်ပါသည်။ ICE မော်တော်ယာဉ်များကို နှစ်ပေါင်းများစွာ အသုံးပြုထိန်းသိမ်းပြုပြင်လာခဲ့၍ မော်တော်ယာဉ်၏ ပုံသဏ္ဌာန်၊ အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားခြားနားသော်လည်း အခြေခံနည်းပညာမှာ အတူတူဖြစ်၍ ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း ယခုလျှပ်စစ်သုံး မော်တော်ယာဉ်၏ နည်းပညာများမှာ ပြောင်းလဲသွားပြီဖြစ်သည့်အပြင် အန္တရာယ်ကြီးသဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် Brand အလိုက် သက်ဆိုင်ရာနိုင်ငံကုမ္ပဏီများမှ Techanical Service & Maintenance သင်တန်းများသို့တက်ရောက်၍ ပြန်လာသူများနှင့် ပြည်တွင်းရှိ ကျွမ်းကျင်သူများက သင်တန်းများဖွင့်လှစ်ပြီး သင်တန်းဆင်းများ၊ ကျွမ်းကျင်သူများကိုသာ ကိုင်တွယ်လုပ်ဆောင်စေသင့်သည်။ ထိုသို့ကျွမ်းကျင်သင်တန်းများ၊ မှတ်ပုံတင်ပညာရှင် (Professional Engineer) များ၊ RSE (Registered Senior Engineer), RE (Registered Engineer) ကဲ့သို့သော Certificate ရရှိထားသည့် သက်ဆိုင်ရာအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသူ အဆင့်အလိုက် ကျွမ်းကျင်သူများကိုပါ ရေရှည်အတွက် ကိုင်တွယ်ဆောင်ရွက်စေရမည်ဖြစ်သည်။

SKD (Semi Knocked Down) နည်းစနစ်အတိုင်း ထုတ်လုပ်ရန်

ထို့ပြင် တင်သွင်းရောင်းချဖြန့်ဖြူးနေသော ကုမ္ပဏီများအနေဖြင့်လည်း သုံးစွဲသူပြည်သူများ ဈေးသက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ယခင် ICE သုံးမော်တော်ယာဉ်များထုတ်လုပ်သည့် SKD (Semi Knocked Down) နည်းစနစ်အတိုင်း ထုတ်လုပ်ရန်စီမံချက်များချမှတ် ဆောင်ရွက်သွားသင့်သည်။ လျှပ်စစ်သုံးမော်တော်ယာဉ်သည် အစိတ်အပိုင်းအနေဖြင့် ICE သုံးမော်တော်ယာဉ်များကဲ့သို့ များပြားမှုမရှိသဖြင့် ထုတ်လုပ်ရေးဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

မကြာသောကာလတွင် မြန်မာနိုင်ငံ၏ လမ်းမများပေါ်တွင် လျှပ်စစ်သုံးမော်တော်ယာဉ်များ ပျားပန်းခပ်မျှပြေးလွှားနေကြ၍ ဓာတ်အားဖြည့်သွင်းရုံများလည်း မြို့များ၊ လမ်းများ၊ ဈေးဆိုင်ကြီးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် မှိုလိုပေါက်၍နေကြမည်ကို မြင်ယောင်ရင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတင်အောင်ပွဲတစ်ခုဖြစ်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုကြိုဆိုတင်ပြလိုက်ပါသည်။ မြန်မာနိုင်ငံ Automotive Industry ကြီး Good Luck ပါခင်ဗျား။ ။