Skip to main content

မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ

မောင်လွင်မြင့်

(ယမန်နေ့မှအဆက်)

၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီနဲနူကောဗ့် (Mr. G.Neniukov) အား မြန်မာ- ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ်ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်းရှေ့တော်သို့လည်း ဝင်ခဲ့သည်။

စာတစ်စောင်

မင်းတုန်းမင်းက အလည်အပတ်လာရခြင်း၏ ရည်ရွယ်ချက်၊ မူရင်းတိုင်းပြည်နှင့် အမှုထမ်းသက်အစရှိသည်တို့ကို မေးမြန်းခဲ့သည်။ မစ္စတာဂျီ နဲနူကောဗ့်သည် မင်းတုန်းမင်း၊ ကင်းဝန်မင်းကြီးတို့နှင့် ရုရှား-မြန်မာဆက်ဆံရေးအတွက်ဆွေးနွေးခဲ့ကြပြီး ကင်းဝန်မင်းကြီးက မစ္စတာဂျီနဲနူကောဗ့်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးထံသို့ စာတစ်စောင်သယ်သွားပေးရန် တောင်းဆိုခဲ့သည်။ ပြင်သစ်ဘာသာဖြင့် ရေးသားထားသော အဆိုပါစာတွင် “ရုရှားဘုရင်အလက် ဇန်းဒါး-၂ နှင့် ကြီးကျယ်ခမ်းနားသော ရုရှားနိုင်ငံနှင့် လူမျိုးတို့အပေါ် မင်းတုန်းမင်းကြီး၏ ခင်မင်ရင်းနှီးသောခံစားချက်များ၊ တစ်နေ့တွင် ချစ်ကြည်ရင်းနှီးပြီး နှစ်ဖက်အပြန်အလှန်အကျိုးရှိသော ရုရှား-မြန်မာ ဆက်ဆံရေးကို ထူထောင်လိုသည့် ဆန္ဒများ”ကို ဖော်ပြခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးဂေါ်ချာကော့ဖ်က ဇာဘုရင် အလက်ဇန်းဒါး -၂ ထံသို့ ထိုပေးစာကို ပြသခဲ့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ၁၈၇၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက် ပြန်ကြားချက်တွင် မည်သည့်တရားဝင်သံတမန်ဆက်ဆံရေးထူထောင်မှုကို ရည်ညွှန်းခဲ့ခြင်းမရှိဘဲ ဧည့်သည်များအကြား အပြန်အလှန်ဧည့်ဝတ်ကျေပွန်မှု ဖလှယ်ရန်သာ အကြံပြုခဲ့ပါသည်။

ရုရှားနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးကို စိတ်အားအထက်သန်ဆုံး အပြင်းအထန်မြှင့်တင်ပေးသူမှာ အရှေ့တိုင်းအကြောင်း စာရေးသောရုရှားလူမျိုး ခရီးသွားတစ်ဦးဖြစ်သူ မစ္စတာပီအိုင်ပါရှင်နို (Mr. P.I. Pashino)ဖြစ်ပြီး ရုရှားအင်ပါယာအနေဖြင့် အရှေ့တောင်အာရှတွင် အထူးအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ယုံကြည်ထားသူတစ်ဦးဖြစ်သည်။ ၎င်းသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ပါရှား ၁၈၆၁ နှင့် တာကစ်စတန် ၁၈၆၆-၆၇ တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဆိုဗီယက် စာရေးဆရာများက ၎င်းကိုရုရှားနိုင်ငံ၏ ဗဟိုအာရှကိုလိုနီပြုရေး လှုပ်ရှားမှုကို ဝေဖန်သူအဖြစ်သတ်မှတ်ကြသည်။ မစ္စတာပီအိုင်ပါရှင်နိုသည် အီဂျစ်၊ အိန္ဒိယ၊ မလေး၊ တရုတ်၊ ဂျပန်တို့ပါဝင်သည့် ၎င်း၏ ကမ္ဘာလှည့်ခရီးစဉ်အတွင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ၁၈၇၆ ခုနှစ်တွင်ရောက်ရှိခဲ့ပါသည်။ ဘုရင်နန်းစိုက်ရာ မန္တလေးမြို့သို့ဆန်တက်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် စိမ်းလန်းစိုပြည်သော အပူပိုင်းဒေသ သဘာဝပေါက်ပင်များ၊ တစ်မူထူးခြားသော ရွာများ၏ ရှုခင်းနှင့် မြို့တော်ဟောင်း အမရပူရ၏ သပ္ပာယ် လှသော ဘုရားများနှင့် စေတီပုထိုးများကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံရှိ နယ်ပယ်အမျိုးမျိုးမှ လူများနှင့် တွေ့ဆုံ အပြီးတွင် ဗြိတိသျှတို့၏ ထိန်းချုပ်မှုကြောင့် အကျပ်အတည်း တွေ့ကြုံရသော မြန်မာတို့အပေါ်စာနာစိတ်ဝင်ခဲ့သည်။ မင်းတုန်းမင်းနှင့်တွေ့ဆုံအပြီးတွင် မင်းတုန်းမင်းကို အလွန်နှစ်သက်ခဲ့ပြီး ဥရောပဓလေ့ထုံးတမ်းများနှင့် အကျွမ်းဝင်သော အဆင့်မြင့်ပညာတတ်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

၎င်းနေထိုင်စဉ် ကာလအတွင်း မစ္စတာပီအိုင်ပါရှင်နိုသည် မင်းတုန်းမင်းကို ရုရှားနိုင်ငံနှင့်သံတမန်ရေးရာဆက်သွယ်ရာတွင် မည်သို့ဆောင်ရွက်ရမည်ကို အကြံပြုခဲ့ရုံသာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးလွတ်လပ်မှုတို့ကို ထိန်းသိမ်းရန် နည်းလမ်းများကိုပါ အကြံပြုခဲ့သည်။ ဗြိတိသျှတို့က ပင်လယ်ဆိပ်ကမ်းများနှင့် အောက်မြန်မာပြည်ကို ထိန်းချုပ်ထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနှင့်ကုန်သွယ်ဆက်ဆံရေးအတွက် အရှေ့မြောက်အရပ်ရှိ တရုတ်နယ်စပ်သို့ မီးရထားလမ်းဖောက်လုပ်ရန် အကြံပြုခဲ့သည်။

အစီရင်ခံစာ တစ်စောင်

ရေရှည်အနေဖြင့် ထိုရထားလမ်းမှသည် တရုတ်ကိုဖြတ်၍ ရုရှားနိုင်ငံနှင့်ချိတ်ဆက်မိရန် မျှော်လင့်ခဲ့သည်။ မစ္စတာပီအိုင်ပါရှင်နိုသည် မြန်မာနိုင်ငံကြုံတွေ့နေရသော အခြေအနေများနှင့် ၎င်း၏ခရီးစဉ်အကြောင်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစီရင်ခံစာတစ်စောင်ရေးတင်ခဲ့သည့်အပြင် ထင်ရှားသော ဂျာနယ်များတွင်ပါ အောက်ပါအတိုင်းရေးသားခဲ့သည် -

“အာရှတိုက်သားများအတွက် ရုရှားနိုင်ငံဟာ ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ တိုင်းတပါးနယ်ချဲ့တွေရဲ့အုပ်ချုပ်မှုအောက်ကနေ ရုရှားနိုင်ငံက ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုဟာ အာရှပြည်သူအများစုကြားမှာ ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာ မသိပါဘူး။ မြန်မာဘုရင် မင်းတုန်းမင်းဟာ ဒီအမြင်ကိုစိတ်အားထက်သန်စွာ ထောက်ခံသူတစ်ဦးဖြစ်ပြီး မဟာပီတာ (Peter the Great) ရဲ့ သမိုင်းကို တောင်သူ့အတွက် ဘာသာပြန်ဆိုစေခဲ့၊ အသေးစိတ်လေ့လာခဲ့သူဖြစ်ပါတယ်။”

 ၁၈၇၆ ခုနှစ် နိုဝင်ဘာတွင် မင်းတုန်းမင်းနှင့် ကင်းဝန်မင်းကြီးတို့က ရုရှားနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးဂေါ်ချာကော့ဖ် (Alexander Gorchakov) နှင့် ရုရှားစစ်ဘက်ရေးရာဝန်ကြီး ဒီမီထရီမီလီယူတင် (Dmitry Milyutin) ထံသို့ပေးပို့သည့် စာနှစ်စောင်ကို မစ္စတာပီအိုင်ပါရှင်နိုထံသို့ အပ်နှံခဲ့ပါသည်။ ပထမစာတွင် ရုရှားနှင့်မြန်မာနိုင်ငံတွင် ကောင်စစ်ဝန်ရုံးများတည်ထောင်ရန် တောင်းဆိုခဲ့ပြီး မြန်မာ အစိုးရ၏ ဖော်ရွေမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို သက်သေပြသည့်အနေဖြင့် ရုရှားခရီးသွားများအပေါ် ဧည့်ဝတ်ကျေပွန်မှုများကို အကိုးအကားပြခဲ့သည်။ ဒုတိယစာတွင် မြန်မာလူငယ်များအား ရုရှားနိုင်ငံရှိ စစ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် တရားဝင်ခွင့်ပြုချက်တောင်းခံထားပြီး မြန်မာအစိုးရ၏ လက်နက်ထုတ်လုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာညွှန်ကြားမှုများတွင် ကူညီရန်စွမ်းရည်ရှိသော ရုရှားအရာရှိတစ်ဦးကို စေလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

ထိုစာကို ရရှိသည့်အချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဌာနတွင် အလုပ်လုပ်နေသည့်မစ္စတာအဲန်ဂျီ ဂျီယာ့စ်(နောင်တွင်နိုင်ငံခြားရေးဝန်ကြီး Mr. N. G. Giers) (၁၈၈၂-၁၈၉၅)က မြန်မာ၏တောင်းဆိုချက်သည် ဗြိတိသျှတို့ကို ထိတ်လန့်သွားစေနိုင်ကြောင်း သတိပေးပြောကြားခဲ့ပြီး ပြန်စာကို မြန်မာ၏တောင်းဆိုမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ သိရှိရသည်အထိ ဆိုင်းငံ့ထားရန် ရုရှားစစ်ဘက်ရေးရာဝန်ကြီး ဒီမီထရီမီလီယူတင်ကို အကြံပြုခဲ့သည်။

သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးသည် မစ္စတာအဲန်ဂျီဂျီယာ့စ်နှင့် တိုင်ပင်ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ဒီမီထရီမီလီယူတင်အား ကင်းဝန်မင်းကြီးထံသို့ သင့်လျော်စွာ အကြောင်းပြန်စေခဲ့ပါသည်။ ထိုပြန်စာတွင် ရုရှားအနေဖြင့် မြန်မာလူငယ်များကို သိပ္ပံနှင့် စက်မှုပညာများသင်ကြားရန်ဖော်ရွေစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ ဤအဆိုပြုချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ ဤအချိန်တွင် ပြင်သစ်တို့သည် မြန်မာ့အရေးတွင် ပိုမိုတက်ကြွသော အင်အားစုတစ်ခုအဖြစ် ပေါ်ထွန်းလာခြင်းကြောင့် အုပ်ချုပ်သူအသိုင်း အဝိုင်းများအနေဖြင့် သံတမန်ရေးအကူအညီအတွက် ပြင်သစ်တို့ထံမှ နည်းလမ်းရှာဖွေရန် အလေးသာခဲ့ဟန်ရှိသည်။ ရုရှားအရာရှိများသည် မြန်မာနိုင်ငံကို ပထဝီဝင်အနေအထားအရ ရုရှားအင်ပါယာမှ ဝေးကွာလွန်းသည်ဟု ရှုမြင်နေကြဆဲဖြစ်ပြီး မြန်မာ့အရေးတွင် ပါဝင်ပတ်သက်မှုကြောင့် ဗြိတိန်၊ ပြင်သစ်တို့နှင့် နားလည်မှုလွဲမှားမည်ကို စိုးရိမ်ခဲ့ကြသည်။

ကုန်းဘောင်မင်းဆက် ဆုံးခန်းတိုင်

မင်းတုန်းမင်းသည် နတ်ရွာစံချိန် (၁၈၇၈ ခုနှစ်)အထိ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းခဲ့ပြီး မဟာပီတာအပေါ်လေးစားမှုကို ပြသခဲ့ပါသည်။ ၎င်းကိုဆက်ခံသူ သီပေါမင်း (၁၈၇၈-၁၈၈၅)သည် ဗြိတိသျှတို့၏ ထိန်းချုပ်မှုကို တန်ပြန်ရန် ဥရောပနှင့် ရုရှားတို့၏ အကူအညီကို ပြတ်ပြတ်သားသားတောင်းခံခဲ့သော်လည်း ၁၈၈၀ ပြည့်နှစ်ကာလများအစတွင် မြန်မာဘုရင်စနစ်၏ ဩဇာအာဏာအားနည်း သွားခြင်းနှင့် ၁၈၈၅ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်းများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့၍ ကုန်းဘောင်မင်းဆက်ဆုံးခန်းတိုင်ခဲ့ရသည်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဖြစ်ပြီးနောက်တွင်ပင် ရုရှားခရီးသွားများသည် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး ၎င်းတို့၏ရေးသားမှုများတွင် ဗြိတိန်ကို ပြိုင်ဘက်နယ်ချဲ့အင်အားကြီးအဖြစ် ဝေဖန်အကဲဖြတ်မှုများပါရှိပါသည်။

မြန်မာနိုင်ငံတွင် ရုရှားကောင်စစ် ဝန်ရုံးတည်ထောင်ရေးနှင့် ပတ်သက်ပြီး (၁၈၉၉) ခုနှစ်တွင်မူ ဗြိတိသျှတို့က ရုရှားတို့အနေဖြင့် အီကွတ် (Irkutsk) နှင့် စမာကန် (Samarkand) မြို့များတွင် ဗြိတိသျှကောင်စစ်ဝန်ရုံးများ တည်ထောင်ခွင့်ပြုပါက မြန်မာနိုင်ငံတွင် ရုရှားကောင်စစ်ဝန်ရုံးတည်ထောင်ခွင့်ပြုမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုအချိန် ရန်ကုန်တွင် ရုရှား သင်္ဘောအနည်းငယ်မျှသာ အဝင်အထွက်ရှိသည့်အတွက် ရုရှားကောင်စစ်ဝန်ရုံး ဆောက်လုပ်ရန်မလိုအပ်သေးကြောင်း ရုရှားအစိုးရအနေဖြင့် စဉ်းစားခဲ့သည်။ သို့သော်နောက်ပိုင်းတွင် ရုရှားသင်္ဘောကပ္ပတိန်များကို ကူညီပေးလျက်ရှိသည့် ဂျာမန်လူမျိုး မစ္စတာဖေါ်ကယ် (Mr. Fokke) အား ဒုတိယကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ထိုအချိန်ကာလက ရုရှားနှင့်မြန်မာအကြား ပုံမှန်ကုန်သွယ်မှုရှိခဲ့သော်လည်း အဓိကကုန်မှာ ရေနံဆီသာဖြစ်သည်။ သို့သော် ထိုအချိန်ကရုရှားနိုင်ငံ၏ ကုန်သွယ်ရေကြောင်း အကျိုးစီးပွားအများစုမှာ ၎င်းတို့၏ အရှေ့ဘက်သို့ ရေတပ်ချဲ့ထွင်မှု၊ မန်ချူးရီးယားသို့ ချဲ့ထွင်မှု၊ တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပိုမိုဆက်စပ်နေသော ထိုင်းနိုင်ငံနှင့် စင်ကာပူတစ်ဝိုက်ရှိ ရေလက်ကြားများသို့သာ ကူးပြောင်းသွားခဲ့ကြပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာတို့ကား ရှေးမြန်မာပဒေသရာဇ်စနစ်၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်ကာလအတွင်း ထိုစဉ်က ရုရှားဘုရင့်ပဒေသရာဇ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားခဲ့ပုံများကို စာရွက်စာတမ်း အထောက်အထားများအရ တင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်ချဲ့ကိုလိုနီစနစ်ကို တွန်းလှန်ရန်ကြိုးပမ်းခဲ့သည့် သမိုင်းကြောင်းတွင် ရုရှားနိုင်ငံနှင့်သံတမန်ဆက်ဆံရေး တည်ထောင်နိုင်ရေး ရှေးမြန်မာပဒေသရာဇ်စနစ်၏ ဘုရင်နှင့် မှူးမတ်များက အားထုတ်ကြိုးပမ်းခဲ့မှုသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ထိုခေတ် အခါကပထဝီနိုင်ငံရေးအခြေအနေကြောင့်သာ အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ခြင်းဖြစ်ကြောင်း ထပ်လောင်းရေးသားတင်ပြရင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျရောက်သော မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ်မြောက် စိန်ရတုနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

ရည်ညွှန်းကိုးကား

-  ဦးအောင်ဇေယျအတ္ထုပ္ပတ္တိ (မဟာဘိ သက္ကပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော၊ စာ-၄၈)

- ပေးစာ(မူရင်း)(အဂ္ဂမဟာသေနာပတိ အရေးပိုင်ဝန်ရှင်တော်၊ လယ်ကိုင်းမြို့စား သေနတ်ဝန် ကင်းဝန်မင်းကြီး မင်းသတိုးမင်းကြီး မဟာမင်းလှစည်သူကျော် က အာမေးနီးယား သာသနာပိုင် ဘုန်းတော်ကြီး ဂျီဗို့ဂ်-၄ (Gevorg-IV) ထံ ပေးပို့သည့် စာ)

- “Russian as the ‘Western Other’ in Southeast Asia; Encounters of Russian Travelers in the Second Half of the Nineteenth Century” ဆောင်းပါးရှင် K.A. snow, Russia Review Journal (Vol.71, No.2 April 2012)