Skip to main content

ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုးစေရန် အထောက်အကူပြုလျက်ရှိသည့် တံတားကွန်ရက်များ

ဗညားဦး

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား၊ သဘာဝအနေအထားအရ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု လျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

သို့အတွက် တံတားဦးစီးဌာနသည် သဘာဝအရတည်ရှိနေသည့် မြစ်များ၊ ချောင်းများကြောင့် ပြည်သူအများ ဆက်သွယ်သွားလာရေး အဟန့်အတားမရှိစေရန်မြစ်ကူး၊ ချောင်းကူးတံတားများကို တည်ဆောက်ပေးလျက်ရှိသည်။

“ပြည်နယ်အတွင်းမှာ လမ်းတွေ၊ တံတားတွေက သိသိသာသာကို ကောင်းမွန်လာတယ်။ ကျွန်မတို့ ပြည်နယ်ဖွံ့ဖြိုးဖို့က လမ်းတွေ၊ တံတားတွေကောင်းဖို့က အခြေခံဖြစ်တဲ့အတွက် ဒီလိုတိုးတက်ကောင်းမွန် လာတဲ့အပေါ်မှာ ဒေသခံတစ်ဦးအနေနဲ့ ဝမ်းသာမိပါတယ်။ လမ်းကောင်းတော့ ကုန်စည်စီးဆင်းမှုလည်း ပိုမြန်လာသလို ဒေသပညာရေး၊ ကျန်းမာရေး အားလုံးလည်း ပိုတိုးတက်လာတယ်။ ကျွန်မတို့ပြည်နယ်ကို ဒီထက်လည်း ပိုပြီးတိုးတက်စေချင်တယ်” ဟု မြစ်ကြီးနားမြို့မှ ဒေါ်ကေမေရီက ပြောပြ သည်။

တံတားကွန်ရက်ကောင်းမွန်ရေး

နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ကောင်းမွန်ခြင်းသည် ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အခြေခံဖြစ်သည့်အတွက် ပြည်နယ်အတွင်း လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လမ်းများနှင့်အတူ တံတားများအားလုံး တစ်ပြေးညီ တိုးတက်ကောင်းမွန်ရေးကို တံတားဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံအတွင်းက လမ်းကွန်ရက်တွေ အဆင့် မြှင့်တင်မှုနဲ့အညီ တံတားတွေအားလုံး အနည်းဆုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား အာစီတံတား၊ ပီစီ တံတား၊ သံပေါင်တံတား အဆင့်ရောက်စေဖို့ တံတား ဦးစီးဌာနအနေနဲ့ ရည်မှန်းဆောင်ရွက်နေတယ်။ ဒီလိုပဲပြည်နယ်အတွင်းမှာလည်း ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ လမ်းကွန်ရက်နဲ့အတူ တံတားကွန်ရက်ကို တစ်ပြေးညီ တိုးတက်ကောင်းမွန်ပြီး ပြည်သူတွေပိုမိုအဆင်ပြေ လွယ်ကူစွာသွားနိုင်ဖို့ ကြိုးပမ်းဖော်ဆောင်နေပါတယ်” ဟု ကချင်ပြည်နယ် အခြေစိုက်တံတားအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှက ပြောသည်။

ကချင်ပြည်နယ်အတွင်း တံတားဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသည့် တံတား ၄၄ စင်း၊ ဆောင်ရွက်ဆဲ တံတား လေးစင်း၊ အဆင့်မြှင့်လျက်ရှိသည့် တံတားတစ်စင်း စုစုပေါင်းတံတား ၄၉ စင်း ရှိကြောင်း တံတားအထူးအဖွဲ့(၁)မှ သိရှိရသည်။

စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်

ထိုကဲ့သို့ တံတားများ တည်ဆောက်ရာတွင် Quality Management System ဖြင့် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ကာ ထိုစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်နေကြောင်း တံတားဦးစီးဌာနမှ သိရသည်။

“မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း ပေါ်မှာ တံတား ၁၄ စင်းရှိပါတယ်။ ဒီထဲက နှစ်စင်း ကတော့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စတင်ဆောင်ရွက် လျက်ရှိပါတယ်။ ပြီးစီးတဲ့ တံတားတွေကတော့ လုံးစွပ်၊ မူလာရှီးဒီ၊ တန်ဂျာ (၁)၊ တန်ဂျာ(၂)၊ ဆွမ်ပီ ယန်၊ ဖုန်ချန်၊ ဖုန်အင်၊ ဆီနင်ခ၊ ဒရုခ၊ တီယာန်စွပ်၊ အင်စွပ်နဲ့ဖုန်အင်ခဆိုတဲ့ တံတား ၁၂ စင်းကို တည်ဆောက်ပြီးဖြစ်ပါတယ်။ ဆောင်ရွက်ဆဲတံတား နှစ်စင်းကတော့ အိခတံတားနဲ့ ခင်ဒူယန်တံတားတို့ ဖြစ်ပါတယ်” ဟု တံတားအထူးအဖွဲ့(၁)မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။

နမ္မတီး - တနိုင်း - ပန်ဆောင်လမ်းပေါ်တွင် တံတားဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် တံတား ၁၁ စင်းရှိပြီး တံတား ၁၀ စင်းမှာ လုပ်ငန်း ပြီးစီပြီးဖြစ်ကာ တဆိတ်တံတားတစ်စင်းသာ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

နမ္မတီး - တနိုင်း - ပန်ဆောင်လမ်းပေါ်တွင် တံတားဦးစီးဌာနမှ တည်ဆောက်ပြီးစီးသည့်တံတား များမှာ တရုံ၊ တဝမ်၊ တနိုင်း၊ မကွေ့ဘောင်၊ ခေါင်လောရန်၊ ရှဒူဇွပ်၊ ဝါရာစွပ်၊ ဒွန်ဘန်၊ ဒွန်ဘုံးခနှင့် လွယ်လီယန်တံတားတို့ဖြစ်သည်။

“ရွှေဘို - မြစ်ကြီးနားလမ်းပေါ်က တံတားရှစ်စင်းလုံးကတော့ ပြီးစီးပြီဖြစ်ပါတယ်။ ပြီးတော့ မချမ်းဘော့-ဖရူခ-ရပ်ဘော့-နောင်မွန်လမ်းပေါ်ရှိ တံတား သုံးစင်းလည်း ပြီးစီးပြီဖြစ်ပါတယ်။ ဒီလိုပဲမချမ်းဘော့မြို့တွင်းလမ်းမှာရှိတဲ့ မချမ်းဘော့ တံတားကိုလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ မဂွေဇ- ခေါင်လန်ဖူးလမ်းပေါ်က တံတားနှစ်စင်းမှာ တံတားတစ်စင်းကတော့ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဆောင်ရွက်ဆဲတံတားကတော့ ရီဒမ်းတံတားဖြစ်ပါတယ်” ဟု တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်တွင် တံတားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် တံတား ၁၀ စင်းရှိပြီး ယင်းတံတားများမှာ ဗလမင်းထင်၊ နန့်မြစ်ခ၊ ဒဘတ်ယန်၊ မလိ ယန်၊ နန်ဆန်ယန်၊ မိုးလဲချောင်း၊ တာပိန်၊ ငါးမိုင်တံတားနှင့် မံရွတ် တံတားတို့ဖြစ်သည်။

ဗလမင်းထင်တံတား အမှတ် (၂)

“မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်က ဗလမင်းထင်တံတား အမှတ် (၂) တံတားတည်ဆောက်ရေးကတော့ ဆောင်ရွက်ဆဲ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီတံတားဟာ တည် ဆောက်ပြီးစီးပြီဖြစ်တဲ့ ဗလမင်းထင်တံတားဘေးမှာ ကပ်လျက် တည်ဆောက်တဲ့ ဧရာဝတီမြစ်ကူးတံတား ဖြစ်ပြီးတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ တံတားတစ်စင်းဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှက ဆိုသည်။

တည်ဆောက်ဆဲ ဗလမင်းထင်တံတား အမှတ်(၂)သည် ယာဉ်တစ်စီးချင်း ၇၅ တန် ခံနိုင်ဝန်ရှိသည့် သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မ (၈ ဒသမ ၅ မီတာ)၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် သုံးပေလေးလက်မ(တစ်မီတာ)၊ ရေလမ်းကင်းလွတ်အကျယ် ပေ ၃၅၀၊ ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေ သုံးလက်မ (ရှစ်မီတာ) ပါရှိမည်ဖြစ်သည်။

စစ်ဆေးထိန်းသိမ်းပြုပြင်ခြင်း

တံတားများကို ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော် စွာစစ်ဆေးခြင်းနှင့် အရေးပေါ်စစ်ဆေးခြင်းတို့ကို သတ်မှတ်အချိန်ကာလနှင့်အညီ တံတားဦးစီးဌာန ထိန်းသိမ်းရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တံတားဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်များကျရောက်၍ တံတားများ ပျက်စီးမှု ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ လတ်တလော ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုရလျှင် တံတားဦးစီးဌာနမှ တည်ဆောက်ပြီးစီးသည့် တံတားများသည် ပြည်နယ်စီးပွား၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြု နိုင်ခဲ့သည်။ ထို့အတူပြည်နယ်အတွင်း တည်ဆောက်ဆဲတံတားများ ပြီးစီးပါကလည်း ဒေသတွင်းလူမှုစီးပွား တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့်အပြင် ဒေသခံပြည်သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။