အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System - PR) အကြောင်း သိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ
Presenter ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေအောင်နှင့် ကျွန်မ ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
(ယမန်နေ့မှအဆက်)
ဦးခင်မောင်ဦး။ ။ Party List PR စနစ်ကျင့်သုံးမယ်ဆိုပါက မဲပေးခြင်းနှင့်မဲရေတွက်ခြင်း ရိုးရှင်းလွယ်ကူပါတယ်။ ပါတီအသီးသီးအနေနဲ့လွှတ်တော်မှာ တိကျစွာကိုယ်စားပြုခွင့်ကို ရရှိစေမှာဖြစ်ပြီး ဆန္ဒမဲများအလဟဿဖြစ်မှုကိုလည်း နည်းပါးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူနည်းစုများ၊ အမျိုးသမီးများ အပါအဝင် ပါတီအများစုကို မျှတတဲ့ကိုယ်စားပြုခွင့်ဖော်ဆောင်ပေးနိုင်မှာဖြစ် ကြောင်း တွေ့ရှိရပါတယ်။
Presenter ။ ။ ဟုတ်ကဲ့ပါဆရာ၊ ရွေးကောက်ပွဲစနစ်တွေမှာ PR အုပ်စုက အများဆုံးနဲ့ FPTP အုပ်စုက ဒုတိယအများဆုံး ကျင့်သုံးတာတွေ့ရတဲ့အတွက် ဒီစနစ်နှစ်မျိုးရဲ့ အဓိကကွဲပြား ခြားနားချက်နှင့် အားနည်းချက်၊ အားသာချက်များကိုလည်း နှိုင်းယှဉ်သိပါရစေခင်ဗျား။
ဦးခင်မောင်ဦး။ ။ အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် မဲအများဆုံးရသူအနိုင်ရတဲ့ FPTP စနစ် အသီးသီးမှာ အားနည်းအားသာချက်အပါအဝင် ခြားနားချက်များစွာရှိပါတယ်။ အဓိကခြားနားချက်မှာ မဲဆန္ဒရှင်ပြည်သူများက ပေးလိုက်တဲ့ ဆန္ဒမဲများရဲ့တန်ဖိုးနဲ့ သက်ရောက်မှု ကွာခြားခြင်း ဖြစ်ပါတယ်။ FPTP စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲများမှာ အနိုင်ရသူရရှိတဲ့ ဆန္ဒမဲအရေအတွက်ဟာ ခိုင်လုံမဲ စုစုပေါင်းရဲ့ ထက်ဝက်အောက်ရှိသော်လည်း ယင်းကိုယ်စားလှယ်ကိုပေးလိုက်တဲ့ ဆန္ဒမဲများကသာ တန်ဖိုးနှင့်သက်ရောက်မှုရှိပြီး ကျန်ဆန္ဒမဲများဟာ တန်ဖိုးနဲ့သက်ရောက်မှု လုံးဝမရှိ အဟောသိကံ၊ အလဟဿဖြစ်ခြင်း ဖြစ်ပါတယ်။ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလများ အပါအဝင်တို့ကို မဲဆန္ဒရှင်များက ပေးလိုက်တဲ့ ဆန္ဒမဲ အရေအတွက် စုစုပေါင်းအပေါ် မိမိတို့ရရှိတဲ့ ဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာ ရရှိခြင်းဖြင့် ဆန္ဒမဲအားလုံးနီးပါးရဲ့တန်ဖိုးနဲ့ သက်ရောက်မှုရှိခြင်းပင်ဖြစ်တယ်။ ဒါ့ကြောင့်လည်း FPTP စနစ်နဲ့ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို လေ့လာပါက တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီတွေရရှိတဲ့ ခိုင်လုံမဲများရဲ့ရာခိုင်နှုန်းနဲ့ လွှတ်တော်အမတ် ရရှိတဲ့ရာခိုင်နှုန်းအချိုးအစား ညီညွတ်မျှတမှု မရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ် (PR) ရဲ့ အဓိကအားသာချက်တွေကတော့ မဲဆန္ဒရှင်ပြည်သူများက ပေးတဲ့ဆန္ဒမဲများ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးခြင်းဖြစ်တဲ့အပြင် အားသာချက်တွေကတော့ -
Presenter ။ ။ ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လွှတ်တော် ရွေးကောက်ပွဲတွေမှာ FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးတော့မယ်လို့ သတင်းစကားများ ကြားသိနေရပါပြီ။ ဒီအတွက် PR စနစ်ပြောင်းလဲမည့် အလားအလာများနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပေးပါဦးခင်ဗျား။
ဦးခင်မောင်ဦး။ ။ မြန်မာနိုင်ငံဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများမှာ FPTP စနစ်မှ PR စနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရေး အလားအလာများနဲ့ ပတ်သက်ပြီးတော့ ၁၃-၇-၂၀၁၂ ရက်မှာ နိုင်ငံရေးပါတီ ၁၀ ပါတီပါဝင်တဲ့ ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲ စနစ်ပြုပြင်ရေးနှင့်ပတ်သက်၍ သဘောထားအကြံပြုချက်တင်ပြစာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းကလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်အတွက် လွှတ်တော်က အဆုံးအဖြတ်ပေးပါရန် အဆိုကို ၃-၆-၂၀၁၄ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့ရာ အဆိုအောင်မြင်ခဲ့သဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု စနစ် PR ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်ကို အမျိုးသား လွှတ်တော်က အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
အကောင်အထည်ဖော်ရေးကော်မရှင်အနေနဲ့ အချိုးကျကိုယ်စားပြုစနစ် ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်ပွဲ ဒီဇိုင်းပုံစံအလိုက် အားသာချက်နဲ့ အားနည်းချက်များကို ဆွေးနွေးလေ့လာပြီး အမျိုးသားလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ယင်းသက်တမ်းကာလအတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာကို လေ့လာသိရှိခဲ့ရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီမည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခြင်းများ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများ၌ လေးကြိမ် ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီအများစု တက်ရောက်ခဲ့ပါတယ်။ ပထမနှစ်ကြိမ်ကို နေပြည်တော်တွင် ဆောင်ရွက်ခဲ့ပြီး အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးကို မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။ ဒုတိယနှစ်ကြိမ်ကို ရန်ကုန်မြို့မှာ ဆောင်ရွက်ခဲ့ပြီး ပါတီများရဲ့ စာတမ်းများဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇီုင်းနဲ့စပ်လျဉ်းပြီး ပါတီအစုအဖွဲ့အလိုက် ဆွေးနွေး ညှိနှိုင်း၍ စာတမ်းများ ဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရရှိတဲ့ ဘုံသဘော တူညီချက် တွေကတော့ -
Presenter ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ သဘောတူညီချက် အရ လာမည့်ရွေးကောက်ပွဲတွေမှာ Closed List – PR ကို ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့အတွက် Closed List – PR စနစ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာတွေများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီလဲဆိုတာ ဆက်ပြီးတော့ ဆွေးနွေးပေးပါခင်ဗျား။
ဦးခင်မောင်ဦး။ ။ မြန်မာနိုင်ငံဟာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံများတွင် ရွေးကောက်ပွဲများကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပြီး အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်များကို ရွေးချယ်ပေးရမည့် လုပ်ငန်းဖြစ်လို့ နိုင်ငံအတွက် အလွန်အရေးအကြီးပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် FPTP အစား လူထုကိုယ်စားပြုမှုကို တိုးမြှင့်ဖော်ဆောင် ပေးနိုင်ပြီး နိုင်ငံတော်၏ လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် PR ကို ပြုပြင်ပြောင်းလဲကျင့်သုံးဖို့ လိုအပ်လာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ ဆွေးနွေးသဘောတူညီချက် အရ Closed List –PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ပါတယ်။ PR စနစ် ပြောင်းလဲကျင့်သုံးဖို့ ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ လိုက်လျောညီထွေမှုရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ပြောင်းလဲခြင်းမပြုဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉ ပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ မဲဆန္ဒနယ်များကို PR စနစ်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပြောင်းလဲကျင့်သုံးမယ့် PR နစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါ တယ်။ ဥပဒေပြဋ္ဌာန်းချက်အသစ်များနဲ့ တစ်ဆက်တစ်စပ်တည်း နည်းဥပဒေများနဲ့ လုပ်ငန်း လမ်းညွှန်များကိုလည်း ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နဲ့ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ဌာနတွင်း ရွေးကောက်ပွဲပညာပေးသင်တန်း Internal Training များ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ မဲဆန္ဒရှင် အသိပညာပေးခြင်းအစီအစဉ် Civic and Voter Education Programme များကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနဲ့စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော် ဖွဲ့စည်းရာမှာ ပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာမှာပါရှိတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ချက်နဲ့အညီရရှိမည့် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်များကိုတော့ တစ်ဦးစီရွေးကောက်တင်မြှောက်ရမှာဖြစ်လို့ FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။
Presenter ။ ။ ဟုတ်ကဲ့ပါ၊ လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးတော့မယ့် Closed List– PR စနစ်နဲ့ပတ်သက်ပြီးတော့ မဲဆန္ဒရှင်တွေက မဲဘယ်လိုပေးရမယ်၊ ဆန္ဒမဲတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ဘယ်လိုတွက်ချက်ရမယ်ဆိုတာကို မဲဆန္ဒရှင်တွေသိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး။ ။ Closed List – PR စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ တင်ပြရပါမယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကလည်း အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်က ဆန္ဒမဲလက်မှတ်မှာ မိမိနှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအမည်ကို တစ်ကြိမ်သာ ဆန္ဒပြုရမှာ ဖြစ်ပါတယ်။
ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများရရှိတဲ့ ထောက်ခံဆန္ဒမဲအပေါ် မူတည် ပြီးတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျစနစ်နဲ့ တွက်ချက်ရ မှာဖြစ်ပါတယ်။ (The Largest Remainder) ကြွင်းကျန်မဲအများဆုံးစနစ်နဲ့ မဲရေတွက်မှာဖြစ်ပါတယ်။ ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အနေနဲ့ကတော့ -
- လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦး ရွေးကောက်တင်မြှောက်ရမည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးတို့၏ ခိုင်လုံမဲများကို စုပေါင်း၍ ယင်းမဲဆန္ဒနယ်တစ်ခုလုံး၏ ခိုင်လုံမဲ စုစုပေါင်းအဖြစ် တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်း ၉၀၀၀၀၀ ဖြစ်ပါသည်။
- လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့်အခြေခံမဲ (Threshold) ကို ပထမ ဦးစွာတွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ရမည့် (ကိုယ်စားလှယ်အရေအတွက် + ၁) ဖြင့် စားခြင်းရလဒ်အား (+ ၁) ထပ်ပေါင်းတွက်ချက်၍ရရှိသော မဲအရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold) အဖြစ်သတ်မှတ်ရမည်။ အခြေခံမဲမှာ ၁၀၀၀၀၁ ဖြစ်ပါသည်။ (ဒသမရှေ့ဂဏန်း ကိန်းပြည့်ကိုသာယူရန်)
- လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် သတ်မှတ်ထားသည့် အခြေခံမဲဖြင့် နိုင်ငံရေးပါတီ တစ်ခုစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီရရှိသည့် ခိုင်လုံမဲကို စားခြင်းရလဒ်ဖြင့် တွက်ချက်ရာ အခြေခံမဲအရ (A)ပါတီ သုံးဦး၊ (B) ပါတီ တစ်ဦး၊ (D) ပါတီ နှစ်ဦးဖြင့် ကိုယ်စားလှယ် အရေအတွက် ခြောက်ဦးကို ရွေးကောက်နိုင်ပါသည်။
- နိုင်ငံရေးပါတီ လေးပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး တို့၏ ကြွင်းကျန်သောမဲအရေအတွက်မှာ ကြွင်းကျန်မဲအများ အနည်းအရ ဦးဘ (တစ်သီးပုဂ္ဂလ) က အများဆုံး၊ (B)ပါတီက ဒုတိယအများဆုံး၊ (C) ပါတီက တတိယအများဆုံး၊ (A) ပါတီက စတုတ္ထ အများဆုံးနှင့် (D)ပါတီက အနည်းဆုံးဖြစ်ပါသည်။
- သတ်မှတ်လွှတ်တော်ကိုယ်စားလှယ်ဦးရေရှစ်ဦး ပြည့်မီခြင်းမရှိသဖြင့် နိုင်ငံရေးပါတီ အသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကြွင်းကျန်သောမဲများကို အများအနည်းအလိုက် တန်းစီဇယားအရ ကြွင်းကျန်မဲအများဆုံးဖြစ်သော ဦးဘ (တစ်သီးပုဂ္ဂလ) နှင့် (B) ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်ဆောင်းရရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရှစ်ဦးကို တွက်ချက်ရရှိမည်ဖြစ်ပါသည်။
- အဆိုပါတွက်ချက်မှုများအရ (A) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက် သုံးဦး၊ (B) ပါတီ ရရှိသော ကိုယ်စားလှယ်အရေအတွက် နှစ်ဦး၊ (D) ပါတီ ရရှိသော ကိုယ်စားလှယ် အရေအတွက် နှစ်ဦး၊ ဦးဘ (တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်) တစ်ဦး စုစုပေါင်း ရှစ်ဦး ရွေးကောက်တင် မြှောက်ခံရမှာ ဖြစ်ပါတယ်။
Presenter ။ ။ ဟုတ်ကဲ့ပါ၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်များ၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများနှင့် လာမယ့်ရွေးကောက်ပွဲများမှာ ပြောင်းလဲ ကျင့်သုံးမယ့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List - PR) အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ (Closed List- PR)စနစ်ဖြင့် ဆန္ဒမဲပေးခြင်းနှင့် ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း မဲဆန္ဒရှင်များသိရှိအောင် နမူနာ ဇယားများဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးလိုက်ခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ရရှိလာမယ့်အကျိုးကျေးဇူးများနဲ့ သတိပြုရမယ့်အချက်များကို အနှစ်ချုပ် သုံးသပ် ဆွေးနွေးပေးပါ ဆရာ။
ဦးခင်မောင်ဦး။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်ကတော့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ကိုယ်စားပြုခြင်းတို့ပါဝင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားကတော့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းနဲ့ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးခြင်းဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများ ဟာ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များက ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ခဲ့တာ ဖြစ်ပေမယ့် ယခုပြောင်းလဲကျင့်သုံးတဲ့ PR စနစ်အရဆိုရင် ပါတီကြီး၊ ပါတီငယ်၊ တိုင်းရင်းသားများ၊ လူနည်းစုများအားလုံးက ဥပဒေပြုရေးမှာရော အုပ်ချုပ်ရေးကဏ္ဍမှာပါ အချိုးကျကိုယ်စားပြု ပါဝင်လာ တော့မှာဖြစ်တဲ့အတွက် မျှတတဲ့ကိုယ်စားပြုမှုနဲ့ ခွဲဝေကျင့်သုံး နိုင်မှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုစေလိုတာကတော့ ဗဟုနိုင်ငံရေးစနစ် ပိုမိုပေါ်လွင်လာမှာဖြစ်တဲ့အတွက် မတူကွဲပြားမှုများမှသည် တူညီသော စုစည်းမှုအင်အားများရရှိနိုင်အောင် နိုင်ငံရေးအမြင်၊ အမျိုးသားရေး အမြင်ဖြင့် တည်ဆောက် နိုင်ဖို့လိုပါတယ်။ ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ဦးစားပေး ဖို့လိုပါမယ်။ ပါတီစုံပါဝင်လာတော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုများကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြော်အမြင်ရှိရှိဖြင့် သတိပြုရှောင်ရှား နိုင်ဖို့ လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။