Skip to main content

အမျိုးသားအောင်ပွဲနေ့နှင့် လူငယ်တို့၏ အမျိုးသားရေးတာဝန်

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

ယမန်နေ့မှအဆက်

အကြောင်းအရာ (၅)

သမိုင်းကြောင်း ပြန်ကြည့်မယ်ဆိုရင် ၂၀ ရာစု စတင်တာထွက်ကတည်းက ရဲဘော်သုံးကျိပ်ဟာ ခရီးကြမ်းကို လျှောက်ခဲ့ကြရတယ်။ ထိုခေတ် ထိုအချိန်က ထိုသို့ ဤသို့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ တစ်နိုင်ငံလုံး တိုင်းရင်းသားအပေါင်း လွတ်လပ်ရေး အတွက် ကျောပိုးအိတ်ကို လွယ်၊ နိုင်ငံနဲ့လူမျိုး လွတ်လပ်ဖို့ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ကာကွယ်ဖို့ အသက်သွေးချွေးနဲ့ အချိန်တွေပေးခဲ့ကြရတယ်။ တစ်မျိုးသားလုံးကောင်းစားရေးကို ရှေးရှုခဲ့ကြောင်း ၂၁ ရာစု လူငယ်တွေဟာ နမူနာယူကြရ လိမ့်မယ်။

လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံးနိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးတော့လည်း မြန်မာတို့ဟာ စည်းလုံးညီညွတ်ဖို့ အမြဲလိုလိုကြိုးပမ်းနေရပါတယ်။ ကိုယ်အားသန်တဲ့ နိုင်ငံရေးအယူဝါဒတွေစွဲကိုင်၊ ဘေးပယောဂတွေပူး၊ အထင်အမြင်တွေ တိမ်းစောင်း၊ လက်နက်စွဲကိုင်တော်လှန်၊ စင်ပြိုင်ယှဉ်ပြိုင်လှုပ်ရှား ကြတာကြောင့် တည်ငြိမ်အေးချမ်းမှုတွေ မှေးမှိန်ခဲ့ကြရတာ ၂၀ ရာစု နှောင်းပိုင်းအထိလောက် ပါပဲ။ တိုင်းပြည်ဟာ အထနှေးခဲ့ပါတယ်။ ပြည်ထောင်စုကြီး ညီညီညွတ်ညွတ်နဲ့ ဖွံ့ဖြိုး တိုးတက်ရေး အားမထည့်နိုင်ဘဲ ယမ်းငွေ့တွေဝေ၊ တောင်ပြာတန်းကို သက်သေပြုရင်းပြုရင်း သယံဇာတတွေကုန်၊ အခြေခံအဆောက်အအုံတွေ ပျက်သုဉ်းဆုံးရှုံးခဲ့ကြရတာ အဖတ်တင်ပါတယ်။ မြန်မာ့ရေမြေ၊ တောတောင်သယံဇာတမျိုးစုံကြွယ်ဝ လို့သာ ခံနိုင်ရည်ရှိသလိုဖြစ်ပေမယ့် ကမ္ဘာ့သမိုင်း ဆရာတွေ၊ လက်နက်ထုတ်တဲ့ နိုင်ငံတွေကတော့ အလွယ်တကူကောက်ချက်ချ တိတ်တိတ်ပုန်း ပြုံးနေကြဟန်ရှိပါလိမ့်မယ်။

မြန်မာတို့ ဘာတွေပြင်ဆင်ကြရပါမလဲ

ပြည်သူလူထုတစ်ရပ်လုံးဟာ တစ်ဦးချင်း တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတိုင်းဟာ ကျွန်တော်တို့ရဲ့အချိန်တွေ၊ စွမ်းအားတွေနဲ့ နိုင်ငံရဲ့သယံဇာတကြွယ်ဝမှုတို့ကို မိတ်ဆွေဖြစ်ဖို့ တာစူ ကြရလိမ့်မယ်။ လက်နက်ခဲယမ်းတွေအစားတူ၊ တံစဉ်များများကိုင်၊ လယ်ထွန်စက်ကို မောင်း၊ တောင်လိုပုံနေတဲ့ စပါးတွေကို ခေတ်မီဆန် ကြိတ်စက်ကိုပို့၊ ဆီစက်တွေကို လျှပ်စစ်တွေနဲ့ မောင်းနိုင်ခဲ့ရင် ဆီနဲ့ရေချိုးနိုင်ပါမယ်။ တိုင်းရင်းသား လယ်သမားကြီးတွေဟာ အိမ်နီးချင်းနိုင်ငံတွေကြား မော်ကြွားစရာ ဖြစ်ပါလိမ့်မယ်။ ထိုထိုသော နိုင်ငံတွေကို ယနေ့မြန်မာ့လူငယ်တွေ သွားရောက် အလုပ်လုပ်ကိုင်စရာမလို မိဘတို့ကို နီးနီးကပ်ကပ် ပြုစုနိုင်ပါလိမ့်မယ်။

အကြောင်းအရာ (၆)

ပြန်လည်သုံးသပ်ကြည့်ရင် - မြန်မာနိုင်ငံဟာ တိုင်းတစ်ပါးလက်အောက် နှစ်ပေါင်း ၁၀၀ ကျော် ကြာ ကျရောက်ခဲ့တာမို့ နိုင်ငံရေးအရလည်း လှုပ်ရှားမှု ကြီးတွေနဲ့ ပြည်သူလူထုဟာ ကြီးပြင်းခဲ့ရပါတယ်။ ကွဲပြားတဲ့ နိုင်ငံရေးအတွေးအခေါ်၊ အယူအဆတွေဟာ ပြည်သူလူထုအပေါ် အရိပ်ပမာလိုက်ပါနေတယ်လို့ ယူဆပါတယ်။ သူသူကိုယ်ကိုယ် လူမှုစီးပွားဘဝ၊ မိသားစုအရေး၊ ပညာရေး၊ စီးပွားရေးမတွေးနိုင် လောက်အောင်ဖြစ်ခဲ့တာကြောင့်လည်း ခေတ်အဆက် ဆက်မှာ အထွေထွေဖွံ့ဖြိုးတိုးတက်မှုဟာ နှောင့်နှေး ခဲ့ရတယ်လို့ သုံးသပ်လို့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ်သို့မရောက်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေးချည့်နဲ့ ခဲ့ရပါတယ်။ မြန်မာတိုင်းရင်းသားတွေဟာ နိုင်ငံအတွက်ပဲ အချိန်တွေပေးခဲ့ရတာသာ ဖြစ်ခဲ့ပါတယ်။ ကိုယ်ကျိုးအတွက် မငဲ့ကွက်ခဲ့ကြဘဲ ဘဝကို မြှုပ်နှံခဲ့ကြတဲ့သဘော ဖြစ်ခဲ့ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းရာမှာ တင်းမာမှုနဲ့ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်မှုတွေဟာ ပိုပြီးဆိုးဖွယ် ရာပဲဖြစ်လိမ့်မယ်။ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေး၊ ပညာရည်မြင့်မားရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ လွတ်လပ်ရေးရဲ့ အနှစ်သာရမို့ သဟဇာတဖြစ်တဲ့ စီမံအုပ်ချုပ်မှုကို ရှေးရှုခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့တစ်တွေဟာ သံသရာတစ်ကွေ့မှာ အခုလိုဆုံတွေ့ရတဲ့ ဘဝကို ချစ်မြတ်နိုးကြရပါမယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာတွေထားခြင်းဖြင့် မိမိတစ်ဦးတည်းလည်း ငြိမ်းချမ်း၊ တစ်တိုင်းပြည်လုံး လည်း အေးချမ်းဖွံ့ဖြိုးတိုးတက်မှုတွေ အသီးသီးရကြမှာ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်တွေမှာ ပညာတတ်သည်ထက် တတ်အောင်၊ အမျိုးသားရေး စရိုက်လက္ခဏာတွေ တည့်မတ်လာတာ တွေ့ရပါတယ်။ ပညာရေးလက်လှမ်းမီအောင် လူရှိတဲ့နေရာမှာ ကျောင်း ဆောက်၊ အရည်အချင်းမြင့်သည်ထက် မြင့်အောင်၊ ကျွမ်းကျင်မှုအရည်အသွေး မြင့်သည်ထက်မြင့်အောင်၊ တက္ကသိုလ်ကောလိပ်တွေ တည်ထောင်ခဲ့တာ အမျိုးသားရေး လူ့စွမ်းအားအရင်းအမြစ် မွေးထုတ် ဆောင်ကြဉ်းပေးခြင်းပဲဖြစ်တယ်။

ယှဉ်ပြိုင်မှုကြီးမားတဲ့ ၂၁ ရာစုခေတ်မှာ ကျွမ်းကျင်လူစွမ်းအားအရင်းအမြစ် ရှားပါးခြင်း၊ စီမံခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိနေ ခြင်း၊ ရုံးအဖွဲ့အစည်းတွေမှာပင် စီမံခန့်ခွဲနိုင်စွမ်း အားနည်းနေခြင်းကိုတွေ့ရပေလိမ့်မယ်။ နိုင်ငံဟာ ကြီးသည်၊ ငယ်သည်မဟုတ် တစ်ဦးတည်း၊ တစ်နိုင်ငံ တည်း ရပ်တည်ရန် မည်သို့မျှမဖြစ်နိုင်၊ သက်ရှိတို့ ပေါ်ပေါက်ကြီးပြင်းမှုသီအိုရီ (Theory of Evolution) အရအတူတကွ သဟဇာတဖြစ်စေရန် မြော်မြင် တွေးခေါ်မှုနဲ့နေကြမှ ဘဝဟာ ရှင်သန်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ လူဦးရေထူပြောတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားမှာရှိတယ်။

အရှေ့တောင်အာရှက ကျွန်တော်တို့နိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိတဲ့အပြင် နေရောင် ခြည်ကိုလည်းမြင်၊ ပင်လယ်ကမ်းခြေနဲ့ ရေခဲတောင် လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေကလည်း ကျယ်ပြော၊ နုန်းတင်မြေနုသစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံက အစ ပန်းရနံ့ တွေကလည်း မွှေးကြိုင်လှပသာယာလျက် ရှိတဲ့နိုင်ငံပါ။

နိုင်ငံသားတွေဟာ အလွန်ရိုးသားဖြူစင်တဲ့ လယ်သမားတွေဖြစ်တယ်။ မြေဩဇာကောင်းတဲ့ လယ်မြေတွေ၊ နုန်းတင်မြေနု မြစ်ချောင်း၊ အင်းအိုင်တွေကို မတိမ်ကောအောင် ကာကွယ်ရင်း ကြိုးကြိုး ပမ်းပမ်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ များပါတယ်။ ကမ္ဘာကို စားသောက်ဖွယ်ရာ ဆန်စပါးနဲ့ သစ်တောသားငါး သီးနှံတွေပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်လက်နက်ထုတ်တဲ့ နိုင်ငံကြီးဖြစ်ဖို့ဝေးစွ၊ ကျောင်းကန်၊ ဘုရားစေတီ ပုထိုးဆီသို့သွား၊ သီတင်း သီလဆောက်တည်၊ သီလ၊ သမာဓိ၊ ပညာရအောင် ပုတီးစိပ်၊ သူတော်စင်တွေနေတဲ့နိုင်ငံအဖြစ် ရပ်တည် နေတဲ့နိုင်ငံဖြစ်တယ်။

အကြောင်းအရာ (၇)

အတိတ်သမိုင်းသင်ခန်းစာ ယူကြရမယ့်သူတွေဟာ ဦးရေအားဖြင့်များတဲ့ ယနေ့မျိုးဆက်သစ် လူငယ်တွေပဲ။ အိမ်နီးနားချင်းနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့သိပ္ပံနဲ့ နည်းပညာဟာ မြန်မာလူငယ်တို့ အပေါ် ရိုက်ခတ်နေလိမ့်မယ်။ အနာဂတ်ကိစ္စတွေဟာ လူငယ်တွေနဲ့ ပြည်သူတွေ ပိုင်ဆိုင်ကြပါတယ်။ လူငယ်တွေတာဝန်ယူကြရလိမ့်မယ်။ ဘာကြောင့်လဲ။ တိုင်းပြည်ရဲ့ အနာဂတ်ဘဝထဲမှာ သူတို့နေကြလိမ့်မယ်။ ကောင်းမွေဆိုးမွေတွေဟာ သူတို့လက်ဝယ်မှာ ရှိနေလိမ့်မယ်။ ကောင်းမွေဆိုးမွေတွေထဲက ဘယ်လိုကောင်းမွေတွေကို ခွဲခြားယူကြမလဲ ဆိုတာ သူတို့ဆုံးဖြတ်ကြရလိမ့်မယ်။ ကောင်းမွေတွေကို ယူတတ်ဖို့နဲ့ မကောင်းတာတွေ ပယ်တတ်တဲ့ အရည်အချင်းနဲ့ ဉာဏ်အမြော်အမြင်တွေ ရှိဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။

၂၁ ရာစုဟာ အသိပညာ၊ အတတ်ပညာနဲ့ နည်းပညာတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေမယ့် ခေတ်ကြီးဖြစ်လေတော့ ကမ္ဘာ့အရပ်ဒေသ အသီးသီးမှာ ထွန်းကားလျက်ရှိတဲ့ ခေတ်မီနည်း ပညာတွေနဲ့ ဆက်သွယ်ရယူပြီး မိမိတို့နိုင်ငံ ကောင်းစားရေးကို ဆောင်ရွက်ကြရမှာဖြစ်တယ်။ ခေတ်လူငယ် လူရွယ်နဲ့လူကြီးတွေပါမကျန် အသိပညာ၊ အတတ်ပညာနဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြရာမှာ တစ်သက်တာ သင်ယူမှု (Lifelong Learning) ဖြင့် အားထုတ်ကြရပါလိမ့်မယ်။

လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံး ညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားဖြစ်ပါတယ်။ ပြည်သူတွေကို ဘဝသစ်ဖန်တီးနိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဘဝသစ်မှာ ကိုယ်စိတ်နှစ်ဖြာအေးချမ်းဖို့၊ အကြမ်းမဖက်တဲ့ လူ့အသိုင်းအဝိုင်း တည်ထောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင်နဲ့ မေတ္တာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖော်ဆောင်ပါလိမ့်မယ်။

ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အတိတ်ပစ္စုပ္ပန် သမိုင်းကြောင်းကို အကျဉ်းချုပ်နဲ့ အနှစ်ချုပ်ကို သိရှိရတဲ့အခါမှာ ကျွန်တော်တို့ လူငယ်၊ လူကြီးတွေရဲ့ အမျိုးသားရေး တာဝန်တွေ၊ လုပ်ငန်းစဉ်တွေဟာ မည်မျှများပြား ကျယ်ဝန်းနက်ရှိုင်းကြောင်း သိမြင်နိုင်ပါလိမ့်မယ်။ နိုင်ငံနဲ့ လူမျိုးတိုးတက်မြင့်မားရေး အမျိုးသား အကျိုးစီးပွားအတွက် အခက်အခဲဟူသမျှ လက်တွဲကူညီကြပြီး ကျော်လွှားကြရပေဦးမယ်။

ဒီဆောင်းပါးမှာ လူငယ်တို့ရဲ့ အမျိုးသားရေး တာဝန်လို့ ခေါင်းစဉ်ပေးလိုက်သော်လည်း လူငယ်တွေကို ရိုးမယ်ဖွဲ့ပြောနေခြင်းမဟုတ်။ လူလတ်၊ လူကြီးတွေနဲ့လည်း အကျုံးဝင်မယ်လို့ ယူဆပါတယ်။ ၂၁ ရာစုမှာပင် ပြုပြင်စရာ၊ ပြောင်းလဲကျင့်သုံးစရာရှိလို့ ပြုပြင်ပြောင်းလဲမယ် ဆိုရင်လည်း မည်သည့် ကိစ္စမဆို နောက်ကျသည်မရှိ (It is never too late) ဆိုတာမှန်ကန်ကြောင်း တွေ့ရပါလိမ့်မယ်။ အမျိုးသား ရေးဝိသေသတွေဖြစ်တဲ့ နိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက် ကြရလိမ့်မယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး အရေးသုံးပါးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

နှစ်ပေါင်းထောင်သောင်းမက အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားညီအစ်ကို တစ်တွေနဲ့လက်တွဲကာ ရှေ့ခရီးကို ပျော်ပျော်ပါးပါးနဲ့ လျှောက်လှမ်းကြရလိမ့်မယ်။ ထိုသို့ ကြိုးပမ်း အားထုတ်ကြရင်း မြန်မာတို့ နှစ်ပေါင်းများစွာ တည်ရှိခိုင်မြဲခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေ၊ ကိုယ်ကျင့်တရားတွေ၊ အမျိုးအနွယ်ကို စောင့်ရှောက်ထိန်းသိမ်းတဲ့ အမျိုးစောင့် ဝံသာနုရက္ခိတစိတ်ဓာတ်များကိုလည်း ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရ ပါလိမ့်မယ်။

စုပေါင်းအားနဲ့ အေးအေးဆေးဆေး ဖြည်းဖြည်းနဲ့ မှန်မှန် တည်ထောင်ကြရပေဦးမယ်။ မြန်မာတို့ တစ်တွေဟာ မိုးကုတ်စက်ဝိုင်းတစ်ဆုံးထိ လေ့လာစရာတွေဟာ ကိုယ့်ရှေ့မှာရှိနေတာမို့ သင်ယူဖို့ ခရီးဆက်ကြရဦးမယ်လို့ ယုံကြည်ပါကြောင်း ။ ။

ကျမ်းကိုး -

- ဦးသန့်၏ ဘဝအတွေ့အကြုံများ မောင်ရွှေခေတ်။ ရန်ကုန် ပန်းဝေဝေစာပေ၊ ၂၀၁၃ ခုနှစ်

- ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေး ဝန်ကြီးဌာန

- မကြန် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်း များ မြရတနာစာပေ၊ စာစဉ် (၁) ၂၀၀၂ ခုနှစ်

- Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000

- “၂၀ ရာစု မြန်မာနိုင်ငံ” အမျိုးသား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီး ဌာန၊၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်

- ကြေးမုံသတင်းစာ၊ စာ ၁-၈၊ အောက်တိုဘာ ၁၆၊ ၂၀၁၈

- Asia Pacific: Its Role in the New World Order, (Myanmar, Burma) by M S Dobbs – Higginson, New Light of Myanmar (1998)