ကလိမ်စေ့ငြမ်းဆင်၊ ဘုရားပြီးငြမ်းဖျက် မဖြစ်စေလိုပါ
မိုးမြင့်
ပကတိဖြစ်ရပ်မှန်တွေနဲ့ဝေးကွာပြီးမှ တရားမဝင်သတင်းအချက်အလက်အမှားတွေအပေါ်မှာအခြေခံပြီး ချဉ်းကပ်တောင်းဆိုမှုမျိုး၊ တွေ့ဆုံဆွေးနွေးမှုမျိုးတွေဟာ ပြီးပြည့်စုံတဲ့အဖြေမှန်ရဖို့ ခဲယဉ်းနိုင်ပါတယ်၊ အပြုသဘောရလဒ်ကောင်းတွေထွက်ပေါ်ဖို့လည်း အလှမ်းကွာဝေးနိုင်ပါတယ်ဆိုတဲ့ သဘောတရားတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စင်ကာပူနိုင်ငံသူ လူမှုဗေဒပညာရှင် မစ္စနိုလင်းဟေဇာရဲ့ ခရီးစဉ်ကသာဓကဆောင်ခဲ့ပြန်ပါပြီ။
ရေရှည်လက်တွဲဆောင်ရွက်ဖို့အရေး မထိခိုက်စေလိုပါ
အမှန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ မစ္စနိုလင်းဟေဇာတို့ တွေ့ဆုံဆွေးနွေးစဉ်မှာကတည်းကိုက မြန်မာနိုင်ငံနဲ့ UN အကြားမှာ ရေရှည်လက်တွဲဆောင်ရွက်ကြဖို့၊ သတင်းရလဒ်တွေနဲ့ ပတ်သက်လာရင် နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်ဆောင်ရွက်ကြဖို့ သဘောတူကြပြီးသားပါ။ မြန်မာနိုင်ငံအရေးက အကဲဆတ်တယ်ဆိုတာ မြန်မာနိုင်ငံအရေးကြားဝင် လိုသူတိုင်းသိဖို့လိုပါတယ်။ နိုင်ငံတကာကရော မြန်မာပြည်သူတွေကပါ အထင်အမြင်လွဲမှားခံလို့မရပါဘူး။
ဒီအချက်ကို မစ္စနိုလင်းဟေဇာတစ်ယောက် ကောင်းကောင်းသဘောပေါက်ပုံမရတာလား၊ တမင်တကာပဲအဖျက်သဘောဆောင်တာလားမသိ၊ မြန်မာနိုင်ငံရဲ့မျက်ကွယ်ရောက်တာနဲ့ ထင်ရာမြင်ရာအစွဲတွေနဲ့ တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပါလေရော။ ဒါကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံတကာနဲ့ ပြည်သူတွေ အထင်အမြင်မမှားအောင် အပြုသဘောပြန်လည်ပြီး ချက်ချင်း တုံ့ပြန်သတင်းထုတ်ပြန်ခဲ့ရတာကို တွေ့မြင်ရပါတော့တယ်။
ကျွန်တော်မှတ်မိသလောက်တော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လာရောက်ခဲ့ကြတဲ့ကုလ၊ လူ့အခွင့်အရေး၊ အာဆီယံ စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ ကိုယ်စားလှယ်အများစုဟာ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး သဘောထားလွဲမှားထုတ်ပြန်လေ့ရှိကြတာကို အကြိမ်ကြိမ်သတိ ထားမိပါတယ်။ အခုတစ်ကြိမ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တကယ်တော့လည်း မစ္စနိုလင်းဟေဇာဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံနဲ့စိမ်းခဲ့တာ မဟုတ်ပါဘူး၊ ရင်းနှီးကျွမ်းဝင်တဲ့သဘောအထိ တောင်သတ်မှတ်ထားကြလို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအခက်အခဲတွေအတွက် မြန်မာပြည်သူတွေအနေနဲ့ မျှော်လင့်ချက်တချို့သူ့အပေါ်မှာ ရှိခဲ့ကြမှာအမှန်ပါပဲ။
အခြေအနေမှန်ကို နှိုင်းယှဉ်လေ့လာသုံးသပ်သင့်
သို့ပေမဲ့ မြန်မာနိုင်ငံရဲ့အခြေအနေမှန်ကို ကောင်းစွာသိရှိနားလည်ခြင်းမရှိသေးတဲ့ UN နဲ့ UN ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုအနေအထားကို ကမ္ဘာ့နိုင်ငံအချို့နဲ့နှိုင်းယှဉ်ပြီး လေ့လာသုံးသပ်ထားသင့်တယ်လို့ ယူဆမိပါတယ်။ ရန်ကုန်ကနေ နေပြည်တော်အထိ ရောက်ရှိလာတဲ့ မြေပြင်အခြေအနေနဲ့တကွ သူတို့ယခင်သိရှိထားတဲ့ အခြေအနေတွေကိုနှိုင်းယှဉ် နိုင်ရပါမယ်။ မျက်မှောက်ကာလကမ္ဘာကြီးဟာ လုံးဝမငြိမ်းချမ်းပါဘူး။ စစ်မက်တွေ၊ ရောဂါထူပြောမှုတွေ၊ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဗုံးကွဲမှုတွေ၊ အငတ်ဘေးတွေ အများကြီးရင်ဆိုင်နေရပါတယ်။
ကိုယ့်နိုင်ငံအတွင်းမှာလည်း စိန်ခေါ်မှုတွေ၊ အခက်အခဲတွေမရှိတာမဟုတ်ပါဘူး၊ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိကိုဗစ်အခြေအနေကအစ နှိုင်းယှဉ်ပြီးသုံးသပ်ရမယ့် အနေအထားများစွာ ရှိနေပါသေးတယ်။ ဒါကို ထပ်တလဲလဲအခြားသော ဆိုးဆိုးရွားရွားနိုင်ငံတွေထက် မိမိနိုင်ငံကိုမှ ပိုပြီးစိုးရိမ်ပူပန်ပြနေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ မိမိတို့နားလည်လို့မရဘူးဆိုရင် ဒါကိုလွန်တယ်လို့ကို ပြောလို့မရပါဘူး။
လူ့အခွင့်အရေး အခြေခံအချက်များကိုလည်း မမေ့သင့်ပါ
ထို့ပြင် အပြစ်မဲ့ပြည်သူ ၃၅၀၀ ခန့်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ထိုက်သင့်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်စီရင်တဲ့ကိစ္စနဲ့ ကြီးလေးတဲ့အမှုတွေကျူးလွန်လို့ ပြစ်ဒဏ်ကျခံထားရတဲ့သူတွေ ကိုပြန်လွှတ်ပေးဖို့တောင်းဆိုချက်တွေအပေါ်မှာတော့ပြစ်ဒဏ်တွေကို အတတ်နိုင်ဆုံး လျှော့ပေါ့ပေးထားပြီး မစ္စနိုလင်းဟေဇာအနေနဲ့ မိမိမိသားစု၊ မိမိဆွေမျိုးသားချင်းတွေဖြစ်ခဲ့ရင်ရောဆိုတဲ့ ကိုယ်ချင်းစာစာနာသနားတတ်ဖို့နဲ့ နှစ်သိမ့်တတ်ဖို့လိုအပ်ကြောင်းကို ဝန်ကြီးချုပ်ဘက်က အမြင်သာဆုံးထောက်ပြပေးခဲ့တာ တွေ့ရပါတယ်။
လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အမွှမ်းတင်အလေးထားသူတွေအနေနဲ့ လူတိုင်းမှာအသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်ပေးဖို့နဲ့ လုံခြုံခွင့်ရဖို့၊ မည်သူ့ကိုမှ မညှဉ်းပန်းမနှိပ်စက်ဖို့၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင်မလုပ်ဖို့ စတဲ့ လူ့အခွင့်အရေးအခြေခံအချက်တွေလောက် တော့မမေ့သင့်ဘူးလို့ ယူဆမိပါတယ်။
ပညာရှင်ဆန်ဆန်သုံးသပ်ဆင်ခြင်စေလို
ကိုယ်စားလှယ်ကြီး နောက်ထပ်မှားယွင်းစွာအသိအမှတ်ပြုနေတဲ့ ကိစ္စတွေရှိနေပါသေးတယ်။ “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို နှစ်ဖက်စလုံးကလုပ်နေကြတယ်၊ နေရာဒေသအချို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်၊ ပြည်သူတွေနေတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်” ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ၊၊
စကားလုံးတွေကိုသတိထားကြည့်ရင် ဗုံးကြဲတယ်ဆိုတာမှာတော့ အကြမ်းဖက်တွေကိုသာ တိုက်ခိုက်တာကို ထည့်မပြောဘဲ မီးရှို့ခံရာမှာတော့ ပြည်သူတွေဆိုတဲ့ အသုံးအနှုန်းသုံးထားတာ တွေ့ရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်နားလည်မှုလွဲနေတယ်ဆိုတာ အထင်အရှားပါပဲ။ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ရပ်စဲပေးထားပြီး ငြိမ်းချမ်းရေးကို အဆက်မပြတ်ဖိတ်ခေါ် နေတဲ့တပ်မတော်ဟာ ကိုယ့်ဆီလာမတိုက်ဘဲနဲ့တော့ အကြောင်းမဲ့တိုက်ခိုက်မှာမဟုတ်ဘူး၊ ကိုယ်တာဝန်ခံထားရတဲ့ ကိုယ့်ပြည်သူတွေအပေါ်မှာ ရေဘေး၊ လေဘေးကအစ ဒုက္ခကြုံတိုင်းမှာ မားမားမတ်မတ် ပြည်သူ့ဘက်ကရပ်တည်ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့အစည်းတွေဟာ ကိုယ့်ပြည်သူတွေဒုက္ခဆင်းရဲရောက်အောင် သူတို့နေထိုင်ရာအိမ်တွေကိုမီးရှို့ ဖျက်ဆီးတယ်ဆိုတဲ့ အချက်ဟာ ဖြစ်နိုင်/မဖြစ်နိုင် ပညာရှင်ဆန်ဆန် သုံးသပ်ဆင်ခြင်စေလိုပါတယ်။
သုံးသပ်ရရင်တော့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကြားဝင်ဝင်ရောက်လာတဲ့ ကိုယ်စား လှယ်တိုင်းဟာ မြန်မာနိုင်ငံအရေးအရာတွေအပေါ် မှာကောင်းကောင်းနားလည်ပုံမရကြပါဘူး။ လာကတည်းကလည်း အရိပ်မည်းကြီးတွေအောက်မှာ ရည်ရွယ်ချက်က မှန်ကန်ပုံမရပါဘူး။ ပြဿနာကိုအဖြေရှာဖြေရှင်းဖို့ထက် ကိုယ်လိုရာဆွဲပြီး ပြဿနာကို ပိုကျယ်ပြန့်သွားအောင် ရည်ရွယ်ထားသလားအထိတွေးမိပါတယ်။ မြန်မာပြည်သူအားလုံးကို ကိုယ်စားပြုဖို့ထက် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်မှာပဲ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံအကျပ်အတည်းတွေ ပြေလည်သွားတော့မယောင်ယောင် နိုင်ငံရေးအကျဉ်းသားဆိုတာဘယ်လို၊ အကြမ်းဖက် သမားဆိုတာဘယ်လိုဆိုတာ သိသိကြီးနဲ့လည်း မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်နေမှ တော့ ပြေလည်ရေးလမ်းစဆိုတာရှာနိုင်ဖို့ခက်နေဦးမှာ ဖြစ်ပါတယ်။
အခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုမှာတော့ ကိုယ်စားလှယ်မစ္စနိုလင်းဟေဇာရဲ့ အပြုသဘော အဆိုပြုချက်တွေနဲ့ အကောင်းမြင်ပြောဆိုမှုအချို့အပါအဝင် မြန်မာနိုင်ငံဘက်က တုံ့ပြန်ဆွေးနွေးမှုတွေအပေါ် အားရကျေနပ်မိပါတယ်။ တစ်ဖက်သတ်အထင်အမြင်သေးနေတဲ့ နိုင်ငံတွေအပေါ်မှာ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဆိုတာ ထင်ထင်ရှားရှားပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံပြင်ပရောက်မှ လိုရာဆွဲယူတစ်ဖက်သတ် ထုတ်ပြန်ချက်အပေါ်မှာဆွေးနွေးခဲ့တဲ့ အချက်အလက်အသေးစိတ်ကို အချိန်မဆိုင်းချက်ချင်း ထုတ်ပြန်နိုင်ခဲ့တာမျိုးက ဂုဏ်ယူစရာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက်တွေဟာ ပိုပြီးပွင့်လင်းမြင်သာမှု ရှိခဲ့တယ်လို့လည်း သုံးသပ်နိုင်ပါတယ်။
ဆွေးနွေးချက်တွေအားလုံးဟာ အကူအညီလုံးဝ သို့မဟုတ် ဘာမှမည်မည်ရရမပေးရဘဲ ဖိအား ချည်းသာပေးနေတဲ့ UN အနေနဲ့ရော၊ အာဆီယံအနေနဲ့ပါ အလေးအနက်ထားရမယ့် ကိစ္စရပ်တွေ ဖြစ်နေတာကို သတိပြုရမှာဖြစ်ပါတယ်။ မိမိနိုင်ငံအပေါ် အကောင်းမမြင်နိုင်တဲ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေအပေါ် “ဘာတွေကိုတော့မသိဘူး၊ မမြင်ဘူး၊ ဘာတွေကိုတော့ မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်နေတယ်”၊ “ဘယ်သူတွေကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေတယ်၊ ဘယ်သူတွေကတော့ ဥပဒေအတိုင်းမဆောင်ရွက်ခဲ့လို့ ယခုလိုအခြေအနေမျိုးရောက်နေရတယ်” စသဖြင့် မြန်မာဘက်က ပွင့်ပွင့်လင်းလင်း ထောက်ပြနိုင်ခဲ့တာကို တွေ့ရပါတယ်။
အနောက်နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေးမှာကျင့်သုံးနေတဲ့ double standard စံနှုန်းနှစ်မျိုး မူဝါဒမျိုး ကုလအထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်တွေမှာ မကြာခဏတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်လို့ တစ်ဖက်က အသိအမှတ်ပြုပြောကြားနေပေမယ့် အခြားတစ်ဖက်မှာတော့ ဝင်ရောက်စွက်ဖက်တဲ့သဘောမျိုး ပြုမူနေတာတွေ၊ အကျပ်ကိုင်ဖိအားပေးခြင်းမျိုးဆန်ဆန် တောင်းဆိုချက်တွေနဲ့အတူ လိုက်လျောမက်လုံးပေးခြင်းမျိုးတွေက ဥပမာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြန်လည်ဆွေးနွေးချက်တွေကို လေ့လာရင် ထိထိမိမိနဲ့ ထိန်းထိန်းသိမ်းသိမ်းရှင်းပြသွားတာသတိထားမိပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်း သိနားလည်ထားသင့်ပါတယ်။ ဥပမာ- အကြမ်းဖက်မှုတွေအတွက် သေဒဏ်ပေးတဲ့ကိစ္စ၊ ဖမ်းမိချိန်မှာ လက်နက်ခဲယမ်းအမြောက်အမြားနဲ့ လူမဆန်စွာသတ်ဖြတ်ထားတဲ့ အထောက်အထားတွေ၊ ကိုယ်တိုင်ဝန်ခံချက်တွေအရ ထိုအချက်တွေဟာ အဘယ်သို့သော ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းကမှ လက်ခံလို့မရတဲ့ကိစ္စမျိုးတွေဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါ တယ်။
နောက်ဆွေးနွေးချက်အတော်များများမှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြန်လည်ဆွေးနွေးချက် တွေကို မစ္စနိုလင်းဟေဇာအနေနဲ့ ပြန်လည်ချေပတာမျိုး၊ ပြန်လည်ဆွေးနွေးတုံ့ပြန်တာမျိုး များများစားစားမတွေ့ခဲ့ရပါဘူး။ ဥပမာ-မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်နဲ့ မြန်မာပြည်သူတွေအကြီး အကျယ်ဒုက္ခရောက်ချိန်မှာ “ဆင်းရဲချမ်းသာမရွေးခွဲခြားမှုမရှိ၊ မည်သူမှမကျန်စေရ” ဆိုတဲ့ကြွေးကြော်မှုကို လျစ်လျူရှုပြီး UN နဲ့ WHO က မြန်မာပြည်သူတွေအပေါ် ဘာတစ်ခုမှ အကူအညီမပေးခဲ့ပါဘူးဆိုတဲ့ ဆွေးနွေးချက်အပေါ်မှာ သူ့အနေနဲ့ ပြန်လည်ဆွေးနွေးတာမျိုး မရှိခဲ့ခြင်းက UN ကိုယ်စား သွယ်ဝိုက်ဝန်ခံခြင်းတစ်မျိုးလားဟု ထင်မြင်စရာရှိပါတယ်။ တစ်ဆက်တည်း ကိုဗစ်အကူအညီနဲ့ဆက်စပ်ပြီး အကျိုးလိုလားသူနဲ့ မလိုလားသူ၊ မိတ်ဆွေအစစ်နဲ့ မိတ်ဆွေမပီသသူခွဲခြားပြီး နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေအပေါ်မှာ ရှင်းလင်းပြခွင့်ကိုလည်း ရယူခဲ့ပါသေးတယ်။
အရေးကြီးဆုံးက မြန်မာပြည်သူတွေဟာ ပြည်ပကဘယ်လိုဖိအားပေးမှုမျိုးမှလက်မခံဘူး ဆိုတဲ့အချက်ပါပဲ၊၊ သို့ပေမဲ့ တောင်းဆိုချက်မှန်သမျှ လျစ်လျူရှုပယ်ချနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုအခြေခံပြီး မိမိပြည်တွင်းရေးအခြေအနေအရ မိမိပြည်တွင်းအင်အားကိုပဲ ယုံကြည်အားကိုးကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြုသဘောဆက်ဆံရေးအပါအဝင် ဥပဒေဘောင်အတွင်းကနေ အပေးအယူမျှမျှတတနဲ့ အခြားတစ်ဖက်က လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီးမှ အတတ်နိုင်ဆုံးလုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ပေးသွားမယ်ဆိုတဲ့ အချို့ကတိကဝတ်တွေကိုလည်း ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တကယ်တော့ မစ္စနိုလင်းဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် တစ်ဦးအဖြစ် မြန်မာနိုင်ငံမှာပြောသမျှ၊ ဆိုသမျှ၊ ဆွေးနွေးသမျှ တစ်လုံးမကျန် ပြန်လည်အစီရင်ခံသတင်းပို့တင်ပြရသူတစ်ဦးအဖြစ်နဲ့သာ ပုံဖော်နေတာဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေအတွက် မြန်မာနိုင်ငံနဲ့ UN အဖွဲ့ကြီးကြားမှာ စေ့စပ်ညှိနှိုင်းခြင်းသဘောကိုခံစားနားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ ညှိနှိုင်းနိုင်သူတစ်ဦးအဖြစ် မြန်မာပြည်သူတွေက ထင်မြင်လာအောင် သူကိုယ်တိုင်က စေတနာပါပါနဲ့ စေ့စပ်ညှိနှိုင်းပေးသင့်တယ်လို့လည်း ထင်မြင်မိပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကိုဖိအားပေးတဲ့ နည်းဗျူဟာက အလုပ်မဖြစ်ပါဘူး၊ တစ်ဖက်ကအပြုသဘောဆွေးနွေးချက်တွေအပေါ်မှာ ဈေးဆစ်ရခက်တဲ့တောင်းဆိုမှုတွေနဲ့ သာဆိုရင် ကုလသမဂ္ဂရဲ့လိုလားချက်ဖြစ်တဲ့ အကြမ်းဖက်မှုတားဆီးရေး၊ နောက်ထပ်ပဋိပက္ခတွေထပ်မဖြစ်ရေးဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းဝေးသွားနိုင်တယ် ဆိုတာ သတိချပ်ဖို့လည်း လိုပါတယ်။
အချုပ်အားဖြင့်တော့ ကုလသမဂ္ဂအပါအဝင် အာဆီယံအနေနဲ့ပါ မြန်မာနိုင်ငံရဲ့သဘောထားအမှန်ကို ထင်ဟပ်တဲ့သတင်းထုတ်ပြန်ချက်တွေကိုလေ့လာပြီး အခြေအနေမှန်တွေကို ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်ကာ အမှန်တရားဘက်က ရပ်တည်ပေးစေလိုတဲ့ ဆန္ဒအမှန်ကိုသာထားရှိသင့်ကြပါတယ်။ သို့မှသာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလေးအနက်တန်ဖိုးထားရာ လေးစားရာရောက်မည်ဖြစ်ပါကြောင်း အပြုသဘောရေးသားလိုက်ရပါတယ်။ ။