Skip to main content

ဆီစားသုံးမှုလျှော့ချရေးနှင့် ဘေးကင်းလုံခြုံသောဆီများဝယ်ယူသုံးစွဲ

မေယု-မျိုးအောင် (MANA)

မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီစားသုံးမှုမှာ ပိုမိုများပြားလျက်ရှိရာ နိုင်ငံခြားငွေများစွာ အသုံးပြုတင်သွင်းရသဖြင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရ သည်။ စားသုံးဆီများတွင် ပြည့်ဝဆီနည်းခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ရာ ဆီများကို ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီများက ပြည့်ဝဆီအနည်းဆုံးဖြစ်ပြီး စားအုန်းဆီက ပြည့်ဝဆီအများဆုံးအဖြစ်သည်ကို တွေ့ရသည်။ သတ်မှတ်အရည်အသွေးဖြင့် ပြည်ပမှတင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ စားသုံးရန်မသင့်သည့်ဆီမဟုတ်ဘဲ ကျန်းမာရေးမထိခိုက်စေသော သန့်ရှင်းသော ဆီဖြစ်စေရေးအတွက် သိုလှောင်သယ်ယူထုပ်ပိုးသည့်နေရာများ၊ လက်လီရောင်းချသည့်နေရာများ အဆင့်ဆင့်တွင်သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သည်။

ဈေးကွက်အတွင်း တံဆိပ်ကပ်ကြော်ငြာရောင်းချ

ဆီစားသုံးမှု များပြားနေမှုကို အကြောင်းပြု၍ စားသုံးဆီတင်သွင်းရောင်းချသူများ၊ ထုတ်လုပ်ဖြန့်ဖြူးသူများက စားသုံးသူများထင်ယောင် ထင်မှားဖြစ်စေသည့် သို့မဟုတ် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် လုပ်ဆောင်လာကြသည်။ မည်သည့်အပင်၏အစေ့မှ ထုတ်လုပ်ထားသည့်ဆီဖြစ်ကြောင်း တိတိကျကျမဖော်ပြဘဲ ဟင်းသီးဟင်းရွက်ဆီဖြစ်ကြောင်းကို အသီးအရွက်ပုံများဖော်ပြကာ ဈေးကွက်အတွင်း တံဆိပ်ကပ်ကြော်ငြာရောင်းချနေသည်ကို တွေ့မြင်နေကြရသည်။ ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားကို တိကျစွာဖော်ပြခြင်း မပြုသည့်အပြင် အချို့သောကြော်ငြာများက မိမိတို့၏ဆီသည် မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး ကိုလက်စထရောမပါဝင်ကြောင်း အာမခံရောင်းချလျက်ရှိသည်။

စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များသည် ဆီစက်များ၊ ဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆီစက်မရှိဘဲ တံဆိပ်ကပ်ရောင်းချနေသောဆီများ၊ လိုအပ်သည့် အထောက်အထားမပါရှိ သောဆီများကိုစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ပို့၍ စားသုံးရန်မသင့်အဖြေထွက်ပါက တားမြစ်သိမ်းဆည်း ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်ကို ကြားသိရသည်။

ဈေးများအတွင်းတွင် ဆီများကိုခွက်ခြင်ဖြင့် ရောင်းချသူများသည်လည်း မိမိ ရောင်းချသောဆီများဖြစ်သည့် စားအုန်း ဆီ၊ မြေပဲဆီများကို မည်သည့်ဆီစက်၊ မည်သည့်လက်ကားဆိုင်များက ဝယ်ယူသည်ဆိုသည့် ပြေစာမှတ်တမ်းထားရှိရန်၊ ရောနှောဆီကို စားသုံးသူတောင်းဆိုချက်အရ ကျေနပ်မှ မှန်ကန်သောအချိုးအစားဖြင့် ရောနှောပေးရန်၊ ကုန်အညွှန်းအမှတ် အသားတွင် ပါဝင်ရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေး လျက်ရှိသည်။

မကူးစက်နိုင်သောရောဂါများဖြစ်ပေါ်

မြန်မာနိုင်ငံသည် စားသုံးသူအများစုက အရည်အသွေးမပြည့်မီသည့် ဆီများစားသုံးခြင်း၊ ဆီကို စားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်းကြောင့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပေါ်နေရသည်။ စားအုန်းဆီကို မြေပဲ၊ နှမ်း ဓာတုအနံ့များထည့်သွင်းကာ မြေပဲ ဆီ၊ နှမ်းဆီအဖြစ် လိမ်လည်ရောင်းချခြင်း၊ ကျန်းမာရေးအတွက်အန္တရာယ်ရှိသည့် မသန့်စင်ရသေးသည့် ဝါစေ့ဆီအနီရောင်ကို အရောင်လှအောင်ရောစပ်၍ နှမ်းဆီအဖြစ် ရောင်းချခြင်း၊ ရောဆီ၊ စပ်ဆီဟုဆိုကာ မြေပဲဆီနှင့် စားအုန်းဆီများကို ရောနှောထားပြီး ပါဝင်ပစ္စည်း ဖော်ပြရာတွင် ဆီအမျိုးအစားနှင့် ရာခိုင်နှုန်းကို မှန်ကန်စွာဖော်ပြမှုမရှိဘဲ မြေပဲဆီပါဝင်မှုရာခိုင်နှုန်းကို ပိုမိုဖော်ပြပြီး ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း၊ ဆီသန့်အသစ်သုံးရမည့်အစား ပြန်ကြော်ဆီများကို ပြန်လည်သုံးစွဲခြင်း စသည့်နည်းကို အသုံးပြုလျက်ရှိသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို စားဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်မည်ဆိုလျှင် ဆီဖူလုံမှုရှိမည်ဖြစ်သော်လည်း မြေပဲနှင့် နှမ်းသည် ပြည်ပဝယ်လိုအားများ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် ပြည်တွင်းဆီလိုအပ်ချက်အတွက် စားအုန်းဆီကို တင်သွင်းဖြည့်ဆည်းရလျက်ရှိသည်။ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုန်ညှင်း၊ ပဲပုပ်တို့သည် ဒေသမရွေး စိုက်ပျိုးနိုင်မှုမရှိခြင်း၊ နှမ်းနှင့် မြေပဲသည် ပြည်ပဝယ်လိုအားအပြင် မုန့်လုပ်ငန်းအသုံးပြုမှုများလည်းရှိခြင်းတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ ဈေးအမြင့်ကို စားသုံးသူအများစုက ဝယ်ယူစားသုံးနိုင် ခြင်းမရှိတော့ဘဲ လေးပုံတစ်ပုံခန့် ဈေးသက်သာသည့် စားအုန်းဆီ  သို့မဟုတ် ရောနှောဆီများကို ဝယ်ယူစားသုံးနေကြရသောအခါ ပြည်တွင်းဆီ စက်လုပ်ငန်းများသည် လည်ပတ်နိုင်မှု အားလျော့သွားသည့် အခြေအနေကို ကြုံတွေ့ရလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အစားအသောက်နှင့်ပတ်သက်၍ ၁၉၇၂ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ အမျိုးသား အစားအသောက်ဥပဒေ (၁၉၉၅)၊ အမျိုးသားအစားအသောက် ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၃)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တို့ကို ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။ စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးကဏ္ဍအပြင် စားသုံးသူကာကွယ်ရေးကဏ္ဍမှလည်း ဥပဒေဖြင့် အကာအကွယ်ပေးရေး ဆောင်ရွက်လျက်ရှိသည်။

ပုံမှန်သုံးစွဲသင့်သည့်ပမာဏထက် များစွာသုံးစွဲ

ဟင်းသီးဟင်းရွက်ဆီများသည် အစေ့သို့မဟုတ် အသီးအနှံများမှထုတ်ယူသော ဆီများဖြစ်သည်။ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ စားအုန်း ဆီ စသည်တို့သည် အသီးအနှံများ၏ အစိတ်အပိုင်းများမှရရှိသော ဆီများဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုများအရ လူတစ်ဦးသည် တစ်နေ့လျှင် ဆီကို လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း ခန့် (၁ ဒသမ ၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ၏ တစ်နေ့ဆီစားသုံးမှုသည် ၂ ဒသမ ၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သားစားသုံးနေသဖြင့် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက် များစွာသုံးစွဲနေကြောင်း စစ်တမ်းများအရသိရသည်။ ဘေးကင်းလုံခြုံမှုမရှိသော စားဆီများကို သုံးစွဲခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုမှာ ကြီးမားလျက်ရှိသည်။ ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေးနှင့် မသင့်လျော်သည့်ဆီများကို စားသုံးမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သုံးစွဲသင့်သည်ထက် ပိုမိုစားသုံးမိနေခြင်းဖြစ်သည်။

ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil၊ Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို သက်ဆိုင်ရာက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။ အဆိုပါညွှန်ကြားချက်တွင် “ဟင်းသီးဟင်းရွက်ဆီဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့် အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်း များကိုအခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန် ဥပမာ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။ လူဦးရေတိုးပွားလာနေသည့် ကမ္ဘာကြီးတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေသကဲ့သို့ သေဆုံးမှုနှုန်းမှာ လည်းမြင့်မားနေသည်။ သေဆုံးမှုများထဲတွင် ဘေးကင်းလုံခြုံမှုမရှိသော အစားအသောက်များမှ ရရှိဖြစ်ပွားသည့်ရောဂါများကြောင့် သေဆုံးရခြင်းသည်လည်း အဓိကအကြောင်းအချက် တစ်ခုဖြစ်သည်ဟု သိရသည်။

စားသုံးသူပြည်သူအများစုမှာ ကျန်းမာရေးအသိဗဟုသုတမရှိသောကြောင့် လည်းကောင်း၊ သိသော်လည်း ဝင်ငွေအဆင့်နိမ့်ကျသဖြင့် လုံခြုံစိတ်ချရသော စားသုံးဆီကို မစားသုံးနိုင်သောကြောင့် လည်းကောင်း၊ ရေရှည်ကောင်းကျိုးကို ကြည့်ရမည့်အစားအမြင်၊ အနံ့၊ အရသာဖြင့် ရွေးချယ်ဝယ်ယူတတ်သော ဓလေ့စရိုက်များကြောင့်လည်းကောင်း ထုတ်လုပ်သူများက မမှန်မကန်ထုတ်လုပ်လျက်ရှိသည့် စားသုံးဆီများကို အားပေးနေသည့် ဈေးကွက်ရှိနေသေးခြင်းဖြစ်သည်ကို တွေ့ရသည်။

မှန်ကန်မှုမရှိသော စားသုံးဆီများ

မှန်ကန်မှုမရှိသော စားသုံးဆီများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းစသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။ ပြည့်ဝဆီဆိုရာတွင် တိရစ္ဆာန်များမှထွက်သော အဆီများ ပါဝင်သည်ကိုလည်း သတိချပ်စေလိုသည်။

အကြောင်းမှာ အချို့တောရွာများတွင် အလှူအတန်းတစ်ခုခုပြီးသည့်အခါ ဥပမာ ဝက်သားချက်ရာမှထွက်လာသော (ဝက်ဆီ)နှင့် အမဲဆီကဲ့သို့ တိရစ္ဆာန်တို့၏အဆီများကို သိုလှောင်ကာရောင်းချသည့် ဓလေ့များရှိနေတတ်ခြင်းကြောင့်ဖြစ်သည်။

ဆီကို မီးခိုးငွေ့ထွက်သည်အထိ အပူချိန်မြင့်မားစွာထားမည်ဆိုလျှင် ဆီ၏ ဓာတုပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်ကို တားဆီးလျှော့ချထားစေရုံသာမက မြေပဲဆီ၏ ပင်ကိုသဘာဝမွှေးပျံ့သောအရသာကို ယိုယွင်းသွားစေမည်ဖြစ်သည်။

စားသုံးဆီများတွင် Smoke Point ဟူ၍ရှိသည်။ Smoke Point ဆိုသည်မှာဆီ၏ မီးအပူချိန်ကိုခံနိုင်သော ပမာဏထက်လွန်ကဲသွားလျှင် ဆီမှအန္တရာယ်ရှိသော Free Radiacals များ ထွက်လာနိုင်သည်။ မီးပြင်းပြင်းဖြင့်ကြော်ရမည့်အချိန်တွင် Smoke Point မြင့်မားသော ဆီအမျိုး အစားကိုသာသုံးသင့်သည်။ ဆီများတွင်လည်း Smoke Point တစ်ခုနှင့်တစ်ခု ကွာခြားလျက်ရှိသည်။ ဥပမာ- အုန်းသီး မှထုတ်လုပ်သော အုန်းဆီ၏ Smoke Point မှာ ၁၁၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ပဲပုပ်မှထုတ်လုပ်သော ပဲပုပ်ဆီ၏ Smoke Point မှာ ၂၄၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဆီများကို သုံးစွဲရာတွင် ဘူးခွံတွင်ပါဝင်သော Smoke Point များကို ကြည့်ကာ ရွေးချယ်ဝယ်ယူသင့်သည်။ ဆီတွင်ပါဝင်သော အဆီဓာတ်၊ ကိုလက်စထရော ပမာဏ၊ ဆိုဒီယမ်၊ ကယ်လိုရီ စသည်များကိုလည်း ကြည့်ရှုနှိုင်းယှဉ်ပြီး ဝယ်ယူသင့်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးနိုင်ခြေ ၂၄ ရာခိုင်နှုန်းပိုများနေသည်။ မကူးစက်နိုင်သောရောဂါများကြောင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုများ၏ ၂၅ ရာခိုင်နှုန်းသည် နှလုံးနှင့် သွေးကြောရောဂါများကြောင့်ဖြစ်ပြီး ၁၃ ရာခိုင်နှုန်း မှာ ကင်ဆာရောဂါများကြောင့်ဖြစ်ကြောင်း သိရသည်။

အညွှန်းတို့ကို မဖြစ်မနေဖော်ပြရန်လိုအပ်

စားသုံးသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအရ မိမိဝယ်ယူမည့် ကုန်စည်အတွက်လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိသည်။ ကုန်စည်နှင့်ပတ်သက်၍ မှားယွင်းစွာဖော်ပြခြင်းဖြစ်စေ၊ မမှန်ကန်သောကြော်ငြာခြင်းဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့ဖြစ်စေ စားသုံးသူက လွဲမှားစွာလက်ခံစေရန် ရည်ရွယ်၍ဆောင်ရွက်လျှင် လိမ်လည်လှည့်ဖြားရာရောက်သည်။ စားသုံးဆီရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်သည်။ စားသုံးသူများအနေဖြင့် မိမိကျန်းမာရေးနှင့် သင့်တော်သည့် ဆီအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပြီး အစားအသောက်ဘေးကင်းလုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ဆီနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာ ဗဟုသုတများကို ရှာဖွေခြင်း၊ လုံခြုံစိတ်ချရသောစားသုံးဆီကို ရွေးချယ်စားသုံးခြင်း၊ “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုသည့် မမှန်မကန်ထုတ်လုပ် သော၊ ရောင်းချသောသူများကို အရေးယူ အပြစ် ပေးခြင်း၊ စားသုံးဆီများကို ရွေးချယ်ဝယ်ယူခြင်း၊ ဆီစားသုံးမှုကို လျှော့ချခြင်းဖြင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဆီစားသုံးမှုဓလေ့ကို ပြုပြင်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။