Skip to main content

ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေး

သိန်းထွန်း (IR)

အရေးပါသောအစိတ်အပိုင်းတစ်ရပ်

လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည်မှန်း ချက်နဲ့ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှုတွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်း စီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။

ကျင့်ဝတ်တွေဟာ ဘဝရဲ့အရည်အသွေးတွေပေါင်းစပ်ပါဝင်နေတဲ့ အကျင့်စရိုက်တွေလို့ဆိုပါ တယ်။ အဲဒီအရည်အသွေးတွေထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေး အမြင်၊ အကြံအစည်၊ စေ့ဆော်မှု၊ ရည်ရွယ်ချက်၊ စိတ်နေစိတ်ထား၊ ဆုံးဖြတ်မှု၊ အပြုအမူ၊ စိတ်ကူး စိတ်သန်း၊ ခံယူချက်၊ စိတ်ခံစားမှု၊ မေတ္တာတရားနဲ့ အမုန်းတရားတွေ ပါဝင်ပါတယ်။ တစ်ဦးချင်းစီရဲ့ အဲဒီအရည်အသွေးတွေကပဲ မိမိဟာ ဘယ်လိုလူလဲ ဆိုတာနဲ့ ဘာအတွက် ရှင်သန်ရပ်တည်တာလဲ ဆိုတာကို ဖော်ပြနေပါတယ်။ ဒါဟာကျင့်ဝတ်နဲ့ လူတစ်ယောက်ရဲ့ရပ်တည်မှုအကြား ဆက်နွှယ်မှု အဖြစ်တွေ့ရပါတယ်။

ဒါ့အပြင် ကျင့်ဝတ်တွေက လူတစ်ဦးချင်းစီရဲ့ အကြံအစည်၊ အပြောအဆို၊ အပြုအမူတွေကို တည့်မတ်နိုင်အောင် လမ်းညွှန်ထိန်းကျောင်း ပေးနေတာကြောင့် ကျင့်ဝတ်တွေဟာ တစ်ဦးချင်း အတွက်သာမကဘဲ လူ့အဖွဲ့အစည်းတွေရဲ့ အထိန်းအကွပ်တွေလည်း ဖြစ်ပါတယ်။ ကျင့်ဝတ်တွေဟာ လောကပါလတရားလိုပဲ လူသားတွေရဲ့ အပြုအမူဆိုင်ရာတွေကို လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာအနေနဲ့ ထိန်းကျောင်းထားလို့ အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ကျင့်ဝတ်

မြန်မာအဘိဓာန်မှာတော့ ကျင့်ဝတ်ဆိုတာကို လိုက်နာစောင့်ထိန်းအပ်သော ဝတ္တရားလို့ဆိုပါ တယ်။ အင်္ဂလိပ်ဝေါဟာရ ethic ကို ဂရိစကား

ethos ကနေဆင်းသက်လာပြီး ဓလေ့ထုံးစံ၊ အလေ့ အထ၊ စရိုက် သို့မဟုတ် စိတ်နေသဘောထားကို ဆိုလိုတာလို့ဆိုပါတယ်။ အင်္ဂလိပ်အဘိဓာန်မှာတော့ အမှားအမှန်ကိုလမ်းညွှန်သော အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များလို့ ဖွင့်ဆိုတာတွေ့ရပါတယ်။

ဒီတော့ ကျင့်ဝတ်တွေဟာ လိုက်နာစောင့်ထိန်းအပ်တဲ့ အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေလို့ ဆိုရမှာပါ။ ကျင့်ဝတ်တွေက ဘဝတစ်ခုကိုဘယ်လို ရှင်သန်ရပ်တည်မလဲ၊ ကိုယ့်ရဲ့အမှန်တရားတွေနဲ့ တာဝန်ယူမှုတွေက ဘာတွေလဲ၊ အမှား/အမှန် ဘယ်လိုတိုင်းတာ ဆုံးဖြတ်ကြသလဲ၊ အကောင်း အဆိုးတွေကို ကိုယ်ကျင့်တရားဆိုင်ရာ ဘယ်လိုဆုံးဖြတ်ကြသလဲ ဆိုတာတွေနဲ့ ဆက်စပ်ပတ်သက် နေပါတယ်။

ကျင့်ဝတ်သတ်မှတ်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကျင့်ဝတ်တွေကတော့ အများကြီးပါပဲ။ ဥပမာ လူမှုကျင့်ဝတ်၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်၊ နိုင်ငံရေးကျင့်ဝတ် စသဖြင့်ပေါ့။ လူမှုကျင့်ဝတ်ဆိုပြန်ရင်လည်း အမျိုးမျိုးရှိနေပါတယ်။ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ် စသဖြင့် အများကြီးရှိပါတယ်။ ကျင့်ဝတ်တွေဟာ ဥပဒေလို စည်းနှောင်မှုမရှိဘဲ တစ်ဦးချင်းစီရဲ့ အသိတရားနဲ့ အမှား/အမှန် ဆုံးဖြတ်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုနေထိုင်ပြုမူလုပ်ဆောင် ရမယ်လို့ ကျင့်ဝတ်တွေက သတ်မှတ်မထားဘဲ လုပ်ဆောင်သင့်တဲ့နည်းလမ်းကိုသာ ညွှန်ပြပါတယ်။ ဒါကြောင့် လူတွေရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးကို ထိန်းသိမ်းဖို့ဆိုရင် ကျင့်ဝတ်တွေကို တစ်ဦး ချင်းစီက လိုက်နာဖို့ ဝတ္တရားရှိပါတယ်။ အဲဒီလို ကျင့်ဝတ်တွေရှိနေပေမယ့် ကျင့်ဝတ်တွေကို လိုက်နာမှ သူ့ရဲ့တန်ဖိုးတွေ၊ သူ့ရဲ့အနှစ်သာရတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကိုရော အကျိုးပြုစေမှာပါ။

ပြောင်းလဲလာသည့်အခြေအနေ

လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်တွေလိုက်နာဖို့ အရေးပါတယ်ဆိုပေမယ့် ပြောင်းလဲနေတဲ့ ခေတ်အခြေအနေအောက်မှာ ကျင့်ဝတ်တွေရဲ့ အရေးပါမှု၊ လိုက်နာမှုနဲ့ တန်ဖိုးထားမှုတွေ လျော့နည်း ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒီကနေ့ခေတ်မှာ သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေး၊ ဆက်သွယ်ရေးစနစ်နဲ့ ယဉ်ကျေးမှုတွေ ဆက်စပ်လာမှုတွေကြောင့် လူတွေရဲ့နေ့စဉ်ဘဝတွေ၊ သူတို့ရဲ့အလုပ်အကိုင်နဲ့ ပြောဆိုဆက်ဆံရာမှာ အရေးပါတဲ့ ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေကို လျစ်လျူရှုလာကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် လူတွေရဲ့လိုအပ်ချက်တွေနဲ့ ယှဉ်ပြိုင်မှုတွေ များပြားလာပြီး တစ်ဦးချင်းစီရဲ့အတ္တတွေ၊ လောဘတွေ မြင့်မားလာတာကလည်း ကျင့်ဝတ် လျော့နည်း လာရတာရဲ့ အကြောင်းရင်းတစ်ရပ်အဖြစ် တွေ့ရပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ အခြားအခြားသော ကိစ္စရပ်တွေ ကျယ်ပြန့်လာ၊ ဆက်စပ်လာတဲ့အတွက် လူတန်းစားမညီမျှမှု၊ ဆင်းရဲချမ်းသာမညီမျှမှုဆိုတာ နောက်မှာတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လျော့နည်းကျဆင်းမှုတွေနဲ့ တွေ့ကြုံနေရပါတယ်။ ဒါ့အပြင် လူတွေရဲ့ရုပ်ပိုင်း ဆိုင်ရာအပေါ် မှီခိုမှုတွေ ပိုများလာပြီး စိတ်ပိုင်း ဆိုင်ရာနဲ့ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်ဆိုင်ရာတွေမှာ အားနည်းလာတာတွေ့ရပါတယ်။

လိုက်နာသင့်သောအချက်အချို့

ကိုယ်လုပ်မယ့်အလုပ်တစ်ခုအပေါ် လုပ်သင့်နဲ့ မလုပ်သင့်၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားအကြား ခွဲခြားဆုံးဖြတ်ရာမှာ ကျင့်ဝတ်တွေက အရေးကြီးပါတယ်။ အချို့နယ်ပယ်တွေမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ရေးသားဖော်ပြထားတာတွေရှိပါတယ်။ အချို့နယ်ပယ်တွေမှာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား၊ အသိတရားတွေနဲ့ အမှား/အမှန်၊ အကောင်း/ အဆိုး၊ လုပ်သင့်/ မလုပ်သင့် ခွဲခြားဆုံးဖြတ်ကြရပါတယ်။ အချို့သူတွေကတော့ ကိုယ်ကျင့်တရားကို လက်ကိုင် ထားတတ်ကြပြီး မိမိအပေါ် ပြုမူပြောဆိုစေချင်သလို အခြားသူတွေအပေါ်မှာ ပြုမူပြောဆိုတဲ့ မိမိနဲ့ယှဉ် တဲ့ ကိုယ်ချင်းစာတရားနဲ့ ပြုမူပြောဆိုလုပ်ကိုင်တတ် ကြပါတယ်။

ကျင့်ဝတ်တွေမှာ တစ်ဦးချင်းဆိုင်တဲ့ကိစ္စတွေ၊ လူ့ကျင့်ဝတ်၊ ဥပဒေရေးရာနဲ့ လူမှုရေးစံနှုန်း၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံတွေပေါင်းစပ်ပြီး တွေးခေါ်မှုနဲ့ အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်လို့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းနဲ့ နယ်ပယ်လိုက် ကွဲပြားမှုတွေရှိကြပါတယ်။ အခြေအနေတွေနဲ့ ယဉ်ကျေးမှုတွေ မတူကွဲပြားရင်လည်း ကျင့်ဝတ်တွေ ကွဲပြားတတ်တာကြောင့်မို့လို့ အမှန်တရား ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာလည်း ကွဲပြားမှုရှိနိုင်ပါတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေ ရှိပေမယ့် လိုက်နာသင့်တဲ့အချက်အချို့ကို အမေရိကန်နိုင်ငံ Cal Poly State University မှ ဂုဏ်ထူးဆောင် ပါမောက္ခ Steven Mintz က ပြောထားပါတယ်။ အဲဒီအချက်တွေထဲမှာဆိုရင် -

အခြားသူတွေကို ဒုက္ခမရောက်ပါစေနဲ့။ ကျင့်ဝတ်တွေထဲက အရေးကြီးဆုံးအချက်တစ်ချက်လို့ဆိုနိုင် ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ဆန္ဒနဲ့ လုပ်ငန်းအောင်မြင်တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ ကိုယ့်ကြောင့် အခြားသူတွေကို ဒုက္ခမရောက် စေသင့်ပါဘူး။ လူတိုင်းမှာ ကိုယ့်အခွင့်အရေးကို လွတ်လပ်စွာ အသုံးချပိုင်ခွင့်ရှိကြပါတယ်။ သို့သော်လည်းပဲ ကိုယ့်အခွင့်အရေးကို အသုံးချရာမှာ အခြားသူတွေရဲ့ အခွင့်အရေးတွေကို မထိခိုက်စေဖို့၊ သူတစ်ပါးကို ဒုက္ခမရောက်စေဖို့လိုပါတယ်။ လူတိုင်း စောင့်ထိန်းလိုက်နာသင့်တဲ့ ကျင့်ဝတ်လို့လည်း ဆိုနိုင်ပါတယ်။

ပိုကောင်းအောင်ပြုလုပ်ပါ။ ကျင့်ဝတ်တွေဟာ ကိုယ့်ရဲ့ဘဝအခြေအနေကို ချမ်းသာကြွယ်ဝမှု၊ အောင်မြင်မှုရှုထောင့်ကနေ ရပ်တည်လုပ်ဆောင် တာမဟုတ်ဘဲ ကောင်းမွန်တဲ့အမူအကျင့်တွေ လိုက်နာစောင့်ထိန်းပြီး တိုးတက်အောင်ပြုလုပ် တာဖြစ်ပါတယ်။ ကိုယ်ပြုလုပ်တဲ့အရာတွေကို ကျင့်ဝတ်တွေနဲ့အညီ ပိုမိုကောင်းအောင်ပြုလုပ် တာကြောင့် ကိုယ်လည်း ပျော်ရွှင်မှုရ၊ သူတစ်ပါး ကိုလည်း မထိခိုက်စေတဲ့နည်းလမ်းဖြစ်ပါတယ်။

အခြားသူများအပေါ် မျှတစွာဆက်ဆံပါ။ သူတစ်ပါးကို မျှတစွာဆက်ဆံဖို့ဆိုရင် ကိုယ်ချင်းစာတရားနဲ့ လေးစားမှုရှိဖို့လိုပါတယ်။ ကိုယ်နဲ့ယှဉ်တဲ့ ကိုယ်ချင်းစာတရားနဲ့ လေးစားမှုရှိမှ သူတစ်ပါးအပေါ်ကို မျှမျှ တတဆက်ဆံနိုင်မှာဖြစ်ပါတယ်။

ကိုယ့်အပြုအမူတွေကြောင့် ဖြစ်လာနိုင်တဲ့ အကျိုး ဆက်တွေကို စဉ်းစားပါ။ လူတွေနဲ့ စုပေါင်းနေထိုင် လုပ်ကိုင်နေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်ရဲ့လုပ်ရပ် တွေဟာ အခြားသူတွေအပေါ် အကျိုးသက်ရောက်နေ တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ကိုယ့်လုပ်ရပ်က အခြားသူတွေအပေါ် သက်ရောက်သလို အခြားသူတွေရဲ့ လုပ်ရပ်တွေကလည်း ကိုယ့်အပေါ် အကျိုးသက်ရောက် နေပါတယ်။ ဒီနေရာမှာ သတိထားဖို့က ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ရပ် ကြောင့် ဘယ်သူ့ကို အကျိုးပြုစေမလဲ၊ ဘယ်သူ့ကို ထိခိုက်စေနိုင်သလဲ၊ အများအတွက်ရော ကောင်းကျိုး တွေဖြစ်စေမလား၊ ဆိုးကျိုးတွေဖြစ်စေမလား၊ ရေတို၊ ရေရှည် အကျိုးကျေးဇူးနဲ့ ဆုံးရှုံးနိုင်မှုစတဲ့ အကျိုးဆက်တွေကို ကိုယ်စီကိုယ်စီက ထည့်ပြီး စဉ်းစားဖို့လိုပါတယ်။

အခြားသူတွေရဲ့အခွင့်အရေးကိုလေးစားပါ။ လူတစ်ဦးချင်းစီရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ မိမိကိုယ်မိမိ လေးစားမှု၊ သူတစ်ပါးအပေါ်လေးစားမှု၊ အပြန်အလှန် လေးစားမှုအပေါ်များစွာ မူတည်ပါတယ်။ အခြားသူတွေအပေါ် ပြုမူဆက်ဆံရာမှာ ကိုယ့်ကို အခြားသူတွေက ဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း ပြုမူဆက်ဆံနိုင်ဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး သူ့အခွင့် အရေး၊ ကိုယ့်အခွင့်အရေး အပြန်အလှန်လေးစားကြ မယ်ဆိုရင် ငြိမ်းချမ်းတဲ့ဝန်းကျင်၊ ပဋိပက္ခလျော့နည်း တဲ့ဝန်းကျင်အဖြစ် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဂုဏ်သိက္ခာရှိရှိလုပ်ဆောင်ပါ။ ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာမကျဆင်းဖို့ ကျင့်ဝတ်တွေ လိုက်နာဆောင်ရွက်ဖို့လိုသလို ကျင့်ဝတ်တွေ လိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိန်းနိုင်ပါတယ်။ ဥပမာအားဖြင့် စီးပွားရေးသမား တစ်ဦးဖြစ်စေ၊ ဝန်ထမ်းတစ်ဦးဖြစ်စေ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ် အလိုက်ကျင့်ဝတ်နဲ့ လူမှုကျင့်ဝတ်တွေကို လိုက်နာမှ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်မှာပါ။ ဝိသမလောဘ သားတွေဟာ ဂုဏ်သိက္ခာကို အလေးမထားဘဲ ကျင့်ဝတ်မဲ့လုပ်ဆောင်မှုတွေကြောင့် သူ့တစ်ကိုယ် စာအတွက် အဆင်ပြေနိုင်ပေမယ့် ဖြစ်လာတဲ့ အကျိုးဆက်တွေက အခြားသူတွေအပေါ် ထိခိုက်နစ်နာ စေနိုင်ပါတယ်။ ဒါကြောင့် ကျင့်ဝတ်ဆိုတာ လုပ်သင့်တာကိုသိပြီး လုပ်တာနဲ့ မလုပ်သင့်တာ ကိုသိပြီး ရှောင်ရှားတာလို့ဆိုတာဖြစ်ပါတယ်။

မြန်မာမှုနယ်ပယ်မှာဆိုရင် လူတစ်ယောက်ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကို ထိန်းသိမ်းပေးတဲ့ လောကပါလတရား၊ ကျင့်ဝတ်၊ နီတိ၊ စာရိတ္တဆိုင်ရာ တွေအပြင် လောကီ၊ လောကုတ္တရာဆိုင်ရာ အဆုံး အမတွေ များစွာရှိပါတယ်။ လိုက်နာကျင့်ကြံနိုင်ဖို့ပဲ လိုတာပါ။

လိုက်နာသင့်

လူတစ်ဦးချင်းစီတိုင်းနဲ့ လူ့အဖွဲ့အစည်းတွေမှာ ကျင့်ဝတ်တွေလိုက်နာကြဖို့ လိုအပ်တယ်ဆိုပေမယ့် ကျင့်ဝတ်လိုက်နာမှု အားနည်းတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ အများအားဖြင့်တော့ လုပ်သင့် လုပ်ထိုက်တဲ့အရာတွေကိုလုပ်ဖို့ရာမှာ ကာယကံရှင် ကိုယ်တိုင်ရဲ့မလိုက်နာမှုနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားအခြေ အနေတွေကြောင့် ကျင့်ဝတ်စောင့်ထိန်းမှု အားနည်းတာ တွေ့ရပါတယ်။ အဲဒီလိုအားနည်းသူတွေ ရှိကြသလို ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ခါးဝတ်ပုဆိုးလို ကျင့်ဝတ်မြဲမြံသူတွေလည်း ရှိကြပါတယ်။

ကိုယ့်အကျိုး၊ အများအကျိုးမျှတဖို့ ဆိုရင်တော့ ကျင့်ဝတ်တွေကို လိုက်နာသင့်ပါတယ်။ လူမှု ပတ်ဝန်းကျင်တွေ၊ အဖွဲ့အစည်းတွေ၊ အသိုက်အဝန်းတွေမှာ ကျင့်ဝတ်တွေ ကင်းမဲ့နေမယ်၊ အားနည်း နေမယ်ဆိုရင် အဲဒီဝန်းကျင်ဟာ အကွပ်မဲ့ကြမ်းလို ဖြစ်လာနိုင်ပါတယ်။ လူ့အသိုက်အဝန်းတွေ၊ လူမှု အဖွဲ့အစည်းတွေဆိုတာက အများနဲ့စုပေါင်းနေထိုင် လုပ်ကိုင်ကြရတာမို့ အပြန်အလှန် အကျိုး သက်ရောက် မှုတွေ၊ ကောင်းကျိုး/ ဆိုးကျိုးတွေ ဆက်စပ်နေကြ ပါတယ်။ လူတစ်ယောက်ရဲ့ ကောင်းမွေဆိုးမွေက အဖွဲ့အစည်းအပေါ် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်သလို အဖွဲ့အစည်းရဲ့ ကောင်းမွေ၊ ဆိုးမွေတွေကလည်း လူတစ်ယောက်ချင်းစီအပေါ် အကျိုးသက်ရောက် နေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အသေးငယ်ဆုံးဖြစ်တဲ့ မိသားစုတစ်ခုအတွင်းမှာပဲ သားသမီးနဲ့ မိဘအကြား၊ မောင်နှမတွေအကြား၊ အကြီးနဲ့အငယ်အကြား၊ မိသားစုနဲ့ပတ်ဝန်းကျင် အကြား လူမှုကျင့်ဝတ်တွေ အားနည်းလာမယ်ဆိုရင် အဲဒီမိသားစုအတွင်း အပြုအမူဆိုင်ရာ၊ ကိုယ်ကျင့် တရားဆိုင်ရာတွေမှာလည်း အားနည်းလာနိုင်ပါတယ်။ ဒီတော့ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တွေ တည်ဆောက်ဖို့ဆိုရင် ကျင့်ဝတ်လိုက်နာတတ်တဲ့ အလေ့အကျင့်တွေ ပြုစုပျိုးထောင်ပေးဖို့လိုမှာပါ။

ကိုယ်ရည်ကိုယ်သွေး

ကျင့်ဝတ်တွေဟာ အမူအကျင့်ဆိုင်ရာ စံနှုန်းတွေဖြစ်ပြီး လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးကို ဖော်ပြနေတာကြောင့် ကျင့်ဝတ် လိုက်နာတဲ့ အလေ့အကျင့်ရှိဖို့ လိုအပ်မှာပါ။ ရိုးသား မှု၊ ယုံကြည်စိတ်ချရမှု၊ တာဝန်ယူမှု စတဲ့ကျင့်ဝတ် တန်ဖိုးတွေဟာ အခြားသူတွေကို မထိခိုက် မနစ်နာ စေဘဲ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်တွေကို လိုက်နာတယ်၊ မလိုက်နာဘူးဆိုတာ ကိုယ့်ရဲ့ရွေးချယ် ဆုံးဖြတ်မှုနဲ့သာ သက်ဆိုင်ပါတယ်။

သတိပြုရမှာက ကိုယ်ရွေးချယ်ဆုံးဖြတ်လိုက် တာတွေဟာ ကိုယ့်ရဲ့ဘဝအရည်အသွေးအပေါ် အမြဲပဲလွှမ်းမိုးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲမှာ လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံတွေ၊ စိတ်ခံစားချက်တွေနဲ့ အပြုအမူပုံစံတွေပါဝင်တာမို့ ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ဆိုရင် ကျင့်ဝတ်နဲ့ညီတဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ပြောဆိုပြုမူမှုတွေ ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။

ကိုးကား။       ။ Steven Mintz ၊ Everyday Ethics ၊ November 1, 2016. https://www. ethicssage.com/ 2016/11/everyday-ethics-.html