Skip to main content

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ

ပိုက်တင်

ဒီမိုကရေစီထွန်းကားလျှင် ငြိမ်းချမ်းရေးလည်း ဖြစ်တည်နိုင်သည်။ သို့သော် ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီကို ခိုင်မာတောင့်တင်းစေရန် တည်ဆောက်ရေးသည်လည်း စိန်ခေါ်မှုအလွန် ကြီးမားသည့် အလုပ် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးကို လိုလားကြသူများသည် ဒီမိုကရေစီကို တည်ဆောက်လိုသူများ ဖြစ်ကြမည်မှာ မုချဖြစ်ပြီး ဒီမိုကရေစီကို လိုလားသူများသည်လည်း ငြိမ်းချမ်းရေးကို တည်ဆောက်လိုသူများဖြစ်မည်မှာ အမှန်ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီသည် ခွဲခြား၍မရနိုင်သောအရာများ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အမှန်တကယ် လိုလားခြင်း ဖြစ်ပါရဲ့လား

သို့ဆိုလျှင် ဒီမိုကရေစီကို မလိုလားခြင်းက ငြိမ်းချမ်းရေးကို မလိုလားခြင်းလည်းဖြစ်သလို ငြိမ်းချမ်းရေးကို မလိုလားခြင်းကလည်း ဒီမိုကရေစီကို မလိုလားခြင်းဖြစ်သည်ဟု ကောက်ချက်ဆွဲနိုင်ပေသည်။ ငြိမ်းချမ်းရေးကို လိုလားပါသည် ဆိုသူတိုင်းသည် အမှန်တကယ် လိုလားသူများဖြစ်ပါရဲ့လား၊ ဒီမိုကရေစီကိုလိုလားပါသည်ဆိုသူတိုင်းကရော အမှန်တကယ် လိုလားခြင်းဖြစ်ပါရဲ့လား စသည်ဖြင့် မေးခွန်းထုတ်ကြည့်ရန်လည်း လိုအပ်ပေသည်။ အကြောင်းမူကား ဒီမိုကရေစီကိုလိုလားကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားကြောင်း နှုတ်မှတက်ကြွစွာ ပြောဆိုနေကြသူများထဲမှသည် နဖူးတွေ့ဒူးတွေ့ ငြိမ်းချမ်းရေးကို ယုတ္တိယုတ္တာကင်းမဲ့သော အကျိုးအကြောင်း မဆီလျော်သော အကြောင်းပြချက်များဖြင့် ရှောင်လွှဲလိုကြကြောင်း မြင်တွေ့နေကြရသောကြောင့်ပေတည်း။ ထို့အပြင် ဒီမိုကရေစီကို လိုလားကြောင်း၊ ဒီမိုကရေစီအတွက် အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေကြောင်း နှုတ်က ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသော်လည်း လက်တွေ့အားဖြင့်မူ ဒီမိုကရေစီနှင့် လုံးဝဆီလျော်မှုမရှိသော၊ အပ်စပ်မှု မရှိသောလုပ်ရပ်များ၊ ဒီမိုကရေစီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်နေသော လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း အထင်အရှား မြင်တွေ့နေကြ ရသောကြောင့်လည်း ဖြစ်ပေသည်။

ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလားကြမှ၊ တက်တက်ကြွကြွ တည်ဆောက်လိုစိတ်ရှိကြမှ၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမှ၊ ရိုးရိုးသားသား ကြိုးစား တည်ဆောက်ကြမှ ငြိမ်းချမ်းရေးသည် လက်တွေ့ဖြစ်တည်လာနိုင်မည်ဖြစ်သလို ရေရှည်လည်း တည်တံ့ခိုင်မြဲနိုင်လိမ့်မည် ဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လျှင် ဒီမိုကရေစီ ထွန်းကားရေးသည်လည်း ကျွဲကူးရေပါဖြစ်ထွန်းလာမည် မုချတည်း။ ဆိုလိုသည်မှာ ငြိမ်းချမ်းရေး ရရှိရန် လုပ်ငန်းဆောင်တာများနှင့် ဒီမိုကရေစီ ထွန်းကားရှင်သန်ရေး လုပ်ငန်းဆောင်တာများသည် သီးခြားစီလုပ်ကိုင်ရမည့် ကိစ္စရပ်များ လုံးဝမဟုတ်ဘဲ တစ်ပြိုင်နက်တည်း ကြိုးစားအကောင်အထည်ဖော် လုပ်ကိုင်ကြရမည့် လုပ်ငန်းဆောင်တာများ ဖြစ်ပေ၏။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရင်း တစ်ဖက်တွင် ဒီမိုကရေစီ ပိုမိုပီပြင်ခိုင်မာရေး လုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း လုပ်ကိုင်ဆောင်ရွက်ကြရန် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပကတိအခြေအနေပေါ် မူတည်လျက် ရလဒ်ကောင်းများ ထွက်ပေါ်စေလိုလျှင် ငြိမ်းချမ်းရေး လုံးလုံးတည်ဆောက်ပြီးမှ ဒီမိုကရေစီကို တည်ဆောက်ရန် မဖြစ်နိုင်သလို ဒီမိုကရေစီကို တည်ဆောက်ပြီးမှ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်လည်းသာ၍ မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်ကြရန် ဖြစ်သည်။ တိုင်းပြည် တည်တည်ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံသားများဘဝ သာယာဝပြောစေရေး လက်တွေ့စိတ်စေတနာရှိကြ သည်မှန်လျှင် ဒီမိုကရေစီအရေးကိုလည်းကောင်း၊ ငြိမ်းချမ်းရေးကိုလည်းကောင်း လက်တွေ့ ဖော်ဆောင်ကြရမည်ဖြစ်သည်။ လက်တွေ့မကျသော အကြောင်းပြချက်များဖြင့် ငြင်းဆန်ခြင်း၊ ကန့်လန့်တိုက်ခြင်း၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်း စသည်တို့သည် တိုင်းပြည်အပေါ်တွင် လည်းကောင်း၊ နိုင်ငံသားများအပေါ်တွင်လည်းကောင်း ရိုးသားဖြောင့်မတ်မှုမရှိခြင်းသာ ဖြစ်ပေလိမ့်မည်။ ရှေးယခင်ခေတ်အခါများနှင့် လုံးဝမတူခြားနားသော အခြေအနေကောင်းများသည် အမှန်တကယ် လက်တွေ့ဖြစ်ထွန်းတည်ရှိနေသည်ဖြစ်လျက် ငြိမ်းချမ်းရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီရေးအတွက်လည်းကောင်း ထိထိရောက်ရောက် လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ ညှိနှိုင်း တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်ကြပြီဖြစ်သည်။ မတူညီမှုအချို့ကို ဘေးခဏဖယ်ထားပြီး တူညီမှုများစွာကို အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ရင်း ငြိမ်းချမ်းရေးသည် တဖြည်းဖြည်းချင်း တိုးတက်ခိုင်မာလာစေရန် လည်းကောင်း၊ ဒီမိုကရေစီသည် တဖြည်းဖြည်း ပီပြင်ပြည့်ဝလာစေရန်လည်းကောင်း အားလုံးအတူတကွ ပူးပေါင်းတည်ဆောက်နိုင်ကြပြီဖြစ်သည်။ နိုင်ငံသည် ငြိမ်းချမ်းရေး ရရှိလျက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံသားတို့၏ လူမှုဘဝများသည် တဖြည်းဖြည်း တိုးတက်မြင့်မားလာနိုင်ရေး လက်တွေ့ တည်ဆောက်ကြရန် ဆန္ဒရှိလျှင်တဖြည်းဖြည်း ဖြစ်ထွန်းလာနိုင်သည့် အကြောင်းတရားများက အမှန်တကယ်ရှိနေပြီ ဖြစ်၏။

ကူညီလမ်းပြ ဦးဆောင်ပံ့ပိုး

ဒီမိုကရေစီ ဖြစ်ထွန်းစေလိုသည်မှန်လျှင် ဒီမိုကရေစီအတွက် လုပ်ကိုင်ဆောင်ရွက်နေသူများက ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီ အကျင့်စရိုက်တို့ကို မွေးဖွားရန်၊ ပြုစု ပျိုးထောင်ရန်၊ နှလုံးသွင်းရန် မဖြစ်မနေ လိုအပ်သလို နိုင်ငံသားများ အားလုံးအနေဖြင့်လည်း ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီ အကျင့်စရိုက်ကို နှလုံးသွင်းနိုင်ကြရန် ကူညီ လမ်းပြ ဦးဆောင်ပံ့ပိုး ကြရမည်ဖြစ်သည်။ ဒီမိုကရေစီ ဖော်ဆောင်သူများက ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီ အကျင့် မရှိကြရုံမက နိုင်ငံရေးအလုပ်နှင့် မသက်ဆိုင်သော ရိုးသားကြသူ နိုင်ငံသားများကိုလည်း ဒီမိုကရေစီနှင့် ဆန့်ကျင်သော စိတ်ဓာတ်များ၊ ဒီမိုကရေစီနှင့် မအပ်စပ်သော အကျင့်စရိုက်များဖြင့် လမ်းမှားရောက်ကြစေရေး အားကြိုးမာန်တက် ဆောင်ရွက်နေကြလျှင်ကား ဒီမိုကရေစီဖြစ်ထွန်းနိုင်ရေးကို အသာထား၊ တိုင်းပြည်ယိုယွင်းပျက်စီးသည့် အခြေမဆိုက်လျှင် ကံကောင်းဟုဆိုရမည် ဖြစ်သည်။

ငြိမ်းချမ်းရေးကိစ္စသည်လည်း ထိုနည်းလည်းကောင်းတည်း။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တာဝန်ရှိသူများ ကိုယ်တိုင်က ငြိမ်းချမ်းရေးစိတ်ဓာတ်ကို မွေးမြူဖို့နေနေသာသာ နိုင်ငံသားများ၏ အကျိုးစီးပွားကို ငဲ့ကွက်ခြင်းမရှိရုံမက နိုင်ငံသားများ အချင်းချင်း စိတ်ဝမ်းကွဲစေရေး ဦးတည်လုပ်ကိုင် နေကြမည်ဆိုလျှင် ငြိမ်းချမ်းရေးနှင့်ဝေးသည်ထက် ဝေးပြီး တိုင်းပြည်ယိုယွင်း ပျက်စီးသည်အထိ ဖြစ်နိုင်ကြောင်း သတိပြုကြရန်သင့်ပေ၏။

နိုင်ငံသားများ အားလုံးစည်းလုံးညီညွတ်ကြမှသာ၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစား တန်ဖိုးထားကြမှသာ နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ကြမည် ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရန် ရည်မှန်းနိုင်ကြမည် ဖြစ်သည်။ ဒီမိုကရေစီသည် တဖြည်းဖြည်း ပိုမိုပီပြင်လာလျှင် နိုင်ငံသာယာဝပြော တည်ငြိမ်အေးချမ်းလျက် နိုင်ငံသားတို့၏ လူမှုဘဝများ တိုးတက်ကောင်းမွန်လာနိုင်မည် ဖြစ်သည်။ အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးလျက် လက်ဆင့်ကမ်း ပေးခဲ့နိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်

ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တာဝန်ရှိသူများ၊ ဒီမိုကရေစီကိုဖော်ဆောင်ရန် တာဝန်ရှိသူများ မိမိတို့ကိုယ်မိမိတို့ ခံယူထားကြသည်မှန်လျှင် နိုင်ငံသားများ၏ အကျိုးစီးပွား၊ တိုင်းပြည်အကျိုး စီးပွားကို ရှေ့တန်းတင် စဉ်းစားတွေးခေါ်နိုင်ရမည်၊ ဦးစားပေး လုပ်ကိုင်ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ မိမိအတ္တနှင့် ကိုယ်ကျိုးစီးပွားကို ဒုတိယနေရာ အနည်းဆုံးထားနိုင်ကြရမည်၊ တတ်နိုင်လျှင် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်ကြရမည် ဖြစ်သည်။ အတ္တရှေ့တန်းတင် ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ရင်းဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒီမိုကရေစီ ထွန်းကားစေလိုကြောင်း ပြောဆိုနေရုံဖြင့် မရပါ။ ကိုယ်ကျိုးစီးပွားသက်သက်ကို လုပ်ကိုင်လိုလျှင်လည်း မိမိတို့ရွေးချယ်မှုသာဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရှိသည်။ သို့သော် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေကြောင်း ဒီမိုကရေစီရေးအတွက် ကြိုးစားနေကြောင်း အသံကောင်းဟစ်ရန် မသင့်ပေ။ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီရေးအတွက် လက်တွေ့ကျကျ အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် ဆောင်ရွက်လိုသူများကို နေရာပေးလိုက်ကြဖို့ ဖြစ်၏။

လက်တွေ့ငြိမ်းချမ်းရေးနှင့် လက်တွေ့ ဒီမိုကရေစီရေးကို လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက်နိုင်ကြမှသာလျှင် လက်တွေ့ငြိမ်းချမ်းရေးရနိုင်မည် ဖြစ်သည်။ လက်တွေ့ ဒီမိုကရေစီဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ လက်တွေ့မကျသော ငြိမ်းချမ်းရေး ပျက်စီးရာ ပျက်စီးကြောင်း၊ ဒီမိုကရေစီ ဆုတ်ယုတ်ရာ ဆုတ်ယုတ်ကြောင်းကို အပျက်စိတ်၊ အဆိုးမြင်စိတ်၊ ရန်လိုစိတ်တို့ဖြင့် ဆောင်ရွက်နေ၍ မဖြစ်နိုင်ပါ။ အကျိုးဆိုင်သူအားလုံးသည် သဘောထား ကြီးကြီးထားလျက် မိမိတို့စိတ်ခံစားချက် အတ္တအခြေခံသော ထင်မြင်ယူဆချက်များကို ဘေးချိတ်ထားပြီး တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကို တစ်ဖွဲ့ နားလည်မှုရှိရှိ အပြုသဘောဖြင့် ထိတွေ့ ဆက်ဆံနိုင်ရန် ကြိုးပမ်းကြလျှင် ငြိမ်းချမ်းရေး လမ်းစပေါ်သို့ ရောက်ရှိနိုင်ပါလိမ့်မည်။ ညှိနှိုင်း အဖြေရှာ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နားလည်မှု၊ ယုံကြည်မှုများကို တစ်ဆင့်ချင်း တည်ဆောက်နိုင်ကြပါက ထာဝရ ငြိမ်းချမ်းရေးကိုလည်းကောင်း၊ အားကောင်းပြည့်ဝသောဒီမိုကရေစီကိုလည်းကောင်း အမှန်တကယ် တည်ဆောက် အကောင်အထည်ဖော်နိုင်ကြမည် ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့ ထာဝရကောင်းကျိုးချမ်းသာများဖြင့် ပြည့်စုံကုံလုံနိုင်ကြမည် ဖြစ်ပါကြောင်း အားလုံးကို လေးစားချစ်ခင်စွာဖြင့် တင်ပြအပ်ပေသည်။  ။