လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောနေရာသည် စာသင်ကျောင်းများသာ ဖြစ်သည်
မြင့်မြတ်
မကြာမီကာလတစ်ခုမှာ အခြေခံပညာ ကျောင်းသားကျောင်းသူများ နှစ်စဉ်ကျောင်းအပ်နှံမှု ရက်သတ္တပတ်လှုပ်ရှားမှုနှင့်အတူ ကျောင်းများတစ်ပြိုင်နက် ဖွင့်လှစ်ပြီးနိုင်ငံအတွက် ပညာရေး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ကြပါတော့မည်။
ကိုဗစ်ကာလမှာ နှစ်ရှည်ကျောင်းများ ပိတ်ခဲ့ကြရသလို အဖျက်အမှောင့် ပယောဂများ အောက်တွင် အချို့ကျောင်းသားများ ပညာသင်ခွင့် ဆုံးရှုံးခဲ့ကြရသည်။ တစ်နှစ် နောက်ကျလျှင် ပညာတတ်ဘွဲ့ရဖြစ်ရန် တစ်နှစ်နောက်ကျပြီး မိဘများလည်း နစ်နာရသလို နိုင်ငံတော်အတွက်လည်း နစ်နာလှသည်။ ထို့အတွက် ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့မှစ၍ မိဘများအနေဖြင့် မိမိရင်သွေးများကို မပျက်မကွက် ကြိုးစားကျောင်းအပ်နှံကြရန် အထူးနှိုးဆော် တိုက်တွန်းလိုပါသည်။
အခက်အခဲနှင့် စိန်ခေါ်မှုများကြားက ဘက်စုံကြိုတင်ပြင်ဆင်နေကြပြီဖြစ်
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ ပညာသင်နှစ်တိုင်းတွင် နှစ်စဉ် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံခြင်း အခမ်းအနားများ ပြုလုပ်ကျင်းပခြင်းသည် အဓိကမှာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး ဖြစ်သည်။ ကာလရှည် ကျောင်းမတက်နိုင်သော ကလေးတစ်ဦးသည် ပညာသင်အခွင့်အလမ်း လက်လွှတ်ဆုံးရှုံးရပြီး ကျောင်းထွက်နိုင်ခြေလည်း များလှပါသည်။ ယခုလိုကာလတွင် အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်အောင်၊ ဆရာ ဆရာမများရော ကျောင်းသားများပါ လုံခြုံငြိမ်းချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ကြားသင်ယူနိုင်အောင် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်နေကြပြီလည်း ဖြစ်ပါသည်။
မိဘ၊ ဆရာ၊ ကျောင်းသားများအတွက် စိန်ခေါ်မှုများကား ရှိခဲ့၊ ရှိဆဲ၊ ရှိနေမည်သာ ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှု မလိုလားသူများသည် ပညာရေးခရီးလမ်း ဖြောင့်ဖြူး သာယာနေမည်ကို မည်သို့မျှ လိုလားမည်မဟုတ်၊ ပညာတတ်များ မပေါ်ထွက်လာရေးအတွက် အနှောင့်အယှက် ပြုနိုင်သမျှ ပြုနေမည်သာဖြစ်သည်။ ပညာရေးနိမ့်ကျခြင်းသည် နိုင်ငံဖွံ့ဖြိုးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်ကို ၎င်းတို့ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျောင်းများ ပြန်မဖွင့်နိုင်အောင်၊ ကျောင်းသားများ စာသင်ခန်းနှင့် ဝေးသည်ထက်ဝေးနေအောင်၊ ဆရာ ဆရာမများ၏ လုံခြုံရေးနှင့် မိမိတို့ကျောင်းနှင့် ပညာသင်ကြားရေး လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု မရှိအောင်၊ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများအတွက် အမြဲစိတ်ပူပန်နေရအောင်၊ ပြည်သူများအနေဖြင့် နိုင်ငံတော်၏ ပညာရေးအပေါ် အမြော်အမြင်ကြီးမှုနှင့် ဆရာ ဆရာမများ၏ စေတနာအပေါ် အထင်အမြင် လွဲမှားအောင် ကောလာဟလမျိုးစုံ လွှင့်ထုတ်၍ နည်းလမ်းပေါင်းစုံဖြင့် အစဉ်ကြံဆောင် အားထုတ်နေမည်သာဖြစ်သည်။
တတ်နိုင်သမျှ မခွဲခြား တစ်ပြေးညီဖြည့်ဆည်းပေးနေ
ဤနေရာတွင် မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာများပါ သတင်းများအပေါ် ဆင်ခြင်ချိန်ဆ၍အမှန်ကိုသိအောင် လုပ်ကြစေချင်သလို သက်ဆိုင်ရာနှင့် ဆရာ ဆရာမများ ကလည်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုနည်းအောင် သတင်းမှန်များကို ချပြအသိပေးစေ လိုပါသည်။
ပညာရေးဝန်ကြီးဌာနသည် အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော်နေပြီး ငွေကြေး ကောက်ခံခြင်း တစ်စုံတစ်ရာမရှိသည်မှာ အားလုံးအသိ ဖြစ်ပါသည်။ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့် စာရေးကိရိယာများကို တတ်နိုင်သမျှ ပံ့ပိုးပေးသည်ဟု သိရသည်။ ရာနှုန်းပြည့် မလွန်မြောက်နိုင်သေးသော ကိုဗစ်ကာလ တစ်ခုတွင် ရောဂါနှင့် ပတ်သက်၍ ယခုအခြေအနေအရ အလွန်အမင်း စိုးရိမ်စရာမရှိသော်လည်း ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူ ဆရာ ဆရာမများကို ပါးစပ်၊နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ ကျောင်းအတွက် ကိုယ်အပူချိန်တိုင်း ကိရိယာများနှင့် အခြားသော ကိုဗစ်ကပ် ရောဂါ ကာကွယ်ရေး ဆိုင်ရာများကိုလည်း ပံ့ပိုးပေးသွားမည်သာ ဖြစ်ပါသည်။ စေတနာနှင့် ကူညီမှုမှန်သမျှသည် ဆင်းရဲချမ်းသာ အရောင်အသွေး မည်သည့်ခွဲခြားမှုမျိုးမှမရှိ အားလုံး တစ်ပြေးတည်းသာ ဖြစ်ပါသည်။
ကျေပွန်ရမည့် မိဘတို့၏ဝတ္တရား
မိမိတို့၏ သားသမီးများ ပညာတတ်လူတော် လူမော်များဖြစ်ဖို့အရေးသည် မိဘများ၏ အရေးကြီးဆုံးသော ဝတ္တရားတစ်ခုဖြစ်ပါသည်။ ဤသည်ပင် နိုင်ငံဖွံ့ဖြိုးရေးတွင် ပါဝင်ထမ်းရွက်နေခြင်းလည်း ဖြစ်သည်ဟု ခံယူထိုက်သည်ဖြစ်၍ မိဘဝတ္တရားနှင့် နိုင်ငံ့တာဝန် ကျေပွန်သင့်ပါသည်။ ယနေ့ခေတ် အခြေအနေကို မိဘများအနေဖြင့် မျက်ခြည်မပြတ် ကြစေလိုပါ။ မနှစ်ကနှင့်မတူ မနေ့ကနှင့်ခြား၍ အချိန်နှင့်အမျှ အပေါင်းလက္ခဏာဆောင်၍ တိုးတက်မှုသို့ ရှေးရှုနေသည်ကို သတိပြုရပါမည်။
အချို့မိဘများ မိမိ၏အတ္တ တလွဲမာနများကြောင့် မိမိတို့သားသမီးများ၏ ပညာရေးအနာဂတ် အမှောင်မဖုံးစေလိုပါ။ “ကျောင်း” ဟူသည်မည်မျှ အရေးပါသည်ကို ငယ်စဉ်အခါ ပညာရှာခဲ့ကြသည့် ယနေ့ခေတ်မိဘများ သိပြီးဖြစ်ပါလိမ့်မည်။ မိဘများက ပညာသင်ပေးခဲ့၍ ကိုယ်လည်းလူလားမြောက်ခဲ့ပြီ မဟုတ်ပါလား၊ ကိုယ်တိုင်မိဘဖြစ်လာသည့်အခါ ကိုယ့်သားသမီးတွေအပေါ် ပညာသင်ခွင့် မပေးသော မိဘ၊ ပညာကိုတန်ဖိုးမထားတတ်သော မိဘ၊ မထိန်းကျောင်းမသွန်သင်တတ်၍ မိမိရင်သွေးများကို မလိမ္မာမိုက်မဲသူများ ဘဝသို့ တွန်းပို့မိသော မိဘများအဖြစ် နောင်တမရစေချင်ပါ။
အစားထိုးပြန်မရသော အချိန်သည် အရေးကြီးပါသည်။ မိမိတို့သားသမီးများ ကျောင်းနေမြဲ၍ ကျောင်းမထွက်စေဘဲ သူတို့လေးတွေ၏ လှပသော အနာဂတ်ရေးအတွက် အချိန်ပေးစေလိုပါသည်။ ချစ်ရာမရောက်နှစ်ရာရောက်သွားနိုင်သည်ကို အထူးသတိထားရပါမည်။ လာမည့်စာသင်ကျောင်းများမှာ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာများအပြင် လိမ္မာရေးခြားရှိစေမည့် ယဉ်ကျေးမှုနှင့် ဘာသာရေး အဆုံးအမ သင်ခန်းစာများကိုပါ တွေ့မြင်ရတော့မည်ဖြစ်၍ ဂါရဝတရားဖြင့် လိမ္မာယဉ်ကျေးပြီး ကိုယ်ကျင့် တရားကောင်းသော သားသမီးများကို “အား” တစ်ခုအဖြစ် မိဘများ တွေ့မြင်ရပါတော့မည်။ ကိုယ်ကိုယ်တိုင်က သားသမီးများကို လိုလိုချင်ချင်ဖြင့် ကျောင်းအပ်ကျောင်းပို့ နိုင်ပါမှ၊ ကလေးများလည်း ပညာသင်ခွင့်ရကြပါမှ နောင်တစ်ချိန် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းကြားမှာ မျက်နှာမငယ် အားမငယ်ရဘဲ ခေါင်းမော့နိုင်သည့် လူငယ်များ၊ မိဘများအဖြစ် တွေ့မြင်ကြရမည် ဖြစ်ပါသည်။
ဆရာ ဆရာမများ၏ ကြီးလေးမွန်မြတ်သော တာဝန်ဝတ္တရား
ကျောင်းသားလူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့အနာဂတ် သားကောင်း လူငယ်များကို မွေးထုတ်ပေးနေသည့် ပဲ့ကိုင်ရှင် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်မှာ ငြင်းဖွယ်ရာမရှိပါ။ အရည်အသွေးပြည့်ဝသူများ ဖြစ်ဖို့၊ အရည်အသွေးမီသော ပညာများ သင်ကြားပေးဖို့သည် ဆရာများ၏ တာဝန်ပင်ဖြစ်သည်။ မိမိတို့၏တပည့်များကို ရင်ဝယ်သားသမီးများနှင့် မခြားပညာတတ်လူရည်ချွန် လူရည်မွန်များဖြစ်လာအောင် ပြုစုပျိုးထောင် သင်ကြားပေးရသည့် စေတနာအပေါ် နိုင်ငံ့သားကောင်းတစ်ယောက် ဖြစ်အောင်နှင့် နိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းမှ ပါဝင်ထမ်းရွက်နေရသည့် တာဝန်ယူမှုက ထပ်ဆင့်လိုက်သည့်အခါ ဆရာတစ်ယောက်၏ တာဝန်သည် အထူးကြီးမား မွန်မြတ်သွားသည်ကို ဂုဏ်ယူကြစေလိုပါသည်။
ယနေ့ခေတ် ယနေ့အခြေအနေမျိုးမှာ ကျောင်းဆရာတစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါ။ သို့သော် အခက်အခဲ အကျပ်အတည်းများကြား၊ စိုးရိမ်ပူပန်မှုများကြားကပင် နိုင်ငံတော်၏ပံ့ပိုး ကူညီမှုများနှင့်အတူ ဆရာဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ မှန်ကန်စွာ ပညာသင်ကြားပေးနိုင်ခဲ့ခြင်းသည်ပင် ရှေ့တက်ခရီးဆက်မည့် နောင်ပညာရေး ခရီးလမ်းများအတွက် အတွေ့အကြုံကောင်းများ ဖြစ်ပါသည်။ အကောင်းဆုံးဖြင့် ဆက်လက် အသုံးချသွားနိုင်ကြမည်ဟု ယုံကြည်ချက်ထားစေလိုပါသည်။ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများပီပီ တာဝန်ဝတ္တရားများ ကျေပွန်စွာဖြင့် ထမ်းရွက်ကြမည့် ဆရာကောင်းများစွာကို အနာဂတ်တွင် ပို၍ပို၍ မြင်တွေ့ကြရပါတော့မည်။
ကျောင်းသားများဘက်မှလည်း...
ကျောင်းသားများဘက်မှ ကြည့်လျှင်လည်း သူတို့လည်း ကိုယ့်တာဝန်ကိုယ်ကျေရမည်။ မိမိ ပညာတတ်ကြီးဖြစ်ဖို့ မိဘများက ငွေကြေး၊ အချိန်၊ ပညာများစွာ ရင်းနှီးမြှုပ်နှံ ထားရသည်။ မိဘများ အသက်ရှိခိုက်၊ ကျန်းမာခိုက်မှာ ကိုယ့်ဘက်က ပညာဆုံးခန်းတိုင် ပြီးမြောက်အောင်မြင်ထားမှသာ မိဘကို ကျေးဇူးဆပ်ရာကျမည်ဖြစ်ပြီး မိမိလူ့အဖွဲ့ အစည်း၊ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်း၊ ညီအစ်ကို မောင်နှမများကိုလည်း ပြုစုပံ့ပိုးနိုင်မည်ဖြစ်သည်။
ကျောင်းတက်ခြင်းသည်ပင် နိုင်ငံ့အရေး ဆောင်ရွက်ခြင်းဖြစ်၍ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကျရာကဏ္ဍမှ အရည်အသွေးပြည့်ပြည့်ဖြင့် ပါဝင်ထမ်းရွက်ပေးနေသည့် ဂုဏ်ယူဖွယ်ရာ နိုင်ငံ့သားကောင်းများ ဖြစ်နေပါသည်။ မိမိကိုယ်မိမိ ပညာတတ်၊ ပညာရှင်၊ အနာဂတ် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် အိပ်မက်မက်စေချင်သည်။ သင်ကြားရမည့် ကျောင်းသင်ခန်းစာများသည်ပင် အသစ်အဆန်းအထူးအဆန်း တစ်ခုမှမပါ။ ယခင်ပြုစု ထားသော သင်ရိုးညွှန်းတမ်းများသာ ဖြစ်သည်။ ဘေးပြောတာကို နားမယောင်ဖို့သာလိုသည်။ ဘေးမသီရန်မခ ကျောင်းပျက်ရက်မရှိ မပျက်မကွက် တက်ကြရန်သာလိုသည်။ ကျောင်းမတက်ဖြစ်လျှင် ဦးစွာထိခိုက်နစ်နာမှာက မိမိနှင့် မိမိမိသားစုပင် ဖြစ်၍ ပညာတတ်ကြီးများဖြစ်အောင်၊ ပညာရှင်များဖြစ်လာအောင် ကြိုးစားကျောင်းတက်ကြပါဟုသာ တိုက်တွန်းချင်ပါသည်။
ထို့ကြောင့် ယခုစာသင်နှစ်အတွက်ပညာသင် အခွင့်အလမ်းကောင်းကို လက်မလွှတ်ဘဲ အမိအရ ဆုပ်ကိုင်နိုင်ကြရန် ထပ်မံနှိုးဆော်တိုက်တွန်းလိုပါသည်။ မိဘရော၊ ဆရာရော၊ ကျောင်းသားများရော ကိုယ်စီတာဝန်ကျေပွန်ကြခြင်းဖြင့် ကျောင်းအပ်နှံနှုန်းမှာ ယခင်ထက် ပိုမြင့်လာမည်ဟု ယုံကြည်ပါသည်။
နိုင်ငံတော်ကလည်း ယခင်အတွေ့အကြုံနှင့် သင်ခန်းစာများကို ပေါင်းစပ်ကာ ယခင်ထက်ပို၍ အားထည့်ပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီသွားမည်ဟု ခံယူထားသည့်အတိုင်း အနာဂတ် ပညာရေး ခရီးသည်ပန်းတိုင် အရောက်ပေါက်မြောက် အောင်မြင်မည်ဟု တစ်ထစ်ချ ယုံကြည်ပြီးလည်း ဖြစ်ပါသည်။ ပညာသည်အမှောင်ကို ခွင်းနိုင်သည်ဖြစ်၍ ပတ်ဝန်းကျင်အကျိုး၊ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် အလင်းဆောင်ပေးမည့် ပညာကို ပေးရမည့်၊ ယူရမည့် တာဝန်သည် မိဘ၊ ဆရာ၊ ကျောင်းသားများလက်ဝယ် ကျရောက်နေပြီဖြစ်ပါသည်။ အရေးကြီးသည်မှာ မိဘများဘက်က ဖြစ်ပါသည်။
သို့ဖြစ်၍ မိဘများအနေဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့စွာဖြင့် ပူပန်သောကများ လျှော့ချ၍ ကျောင်းများအပ်နှံပေးကြပါ။ အဖြူကို အရောင်ဆိုး မခံဘဲ အဖျက်သဘောဆန်သော သွေးထိုးမှုများ အောက်တွင် မိမိတို့၏ သားသမီးများ ပျက်စီးဆုံးရှုံးမှုလမ်းကြောင်းသို့ သွေဖည်သွားမည့် အရေးကိုသာ ပို၍အာရုံစိုက်ကြပါဟု အကြံပေးလိုပါသည်။
သို့မှသာ နောင်မဝေးသော အနာဂတ်တွင် မိမိတို့ပင်ပန်းသည်၊ ခက်ခဲသည်ဟု သဘောမထား၊ ခံယူချက်ကောင်းများ ရင်မှာပိုက်၍ အားစိုက်ကြ၊ သင်ကြားပေးနေကြသော ဆရာ ဆရာမများ၏ လက်အောက်တွင် ကျောင်းသားများ၊ မိဘများ၏ ပီတိအပြုံးများကို ပို၍တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဖြင့် ကိုယ်စီဝတ္တရားကျေပွန်ကာမျှဖြင့် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပညာတန်ဖိုး သိနားလည်သော ပြည်သူ့သားကောင်းများ မလွဲဧကန် ဖြစ်လာကြပါမည်။ မရိုင်းစိုင်းလိမ္မာယဉ်ကျေး ကိုယ်ကျင့်တရားကောင်းသော နိုင်ငံ့သားကောင်းများ မလွဲသေချာ ဖြစ်လာကြပါမည်၊ မိဘ၊ ဆရာ ပြည်သူ ပူးပေါင်းမှုအောက်တွင် ကျန်းမာကြံ့ခိုင်သော လူရည်ချွန်လူရည်မွန်များဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကြီး ဖြစ်လာမည်မှာ မလွဲသေချာလှပါသည်ဟူ၍ အပြုသဘောအမြင်ကို ရေးသားလိုက်ရပါသည်။ ။