ကပ်ဘေးများကြားမှ ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှု
မျိုးငြိမ်းငယ်
ကိုဗစ်-၁၉ (၂) နှစ် အလွန်
၂၀၁၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ် အစောပိုင်းကာလက ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ ဝင်ငွေလျော့ကျမှုများ ရင်ဆိုင်ခဲ့ကြရသည်။ အထူးသဖြင့် ဝင်ငွေ နိမ့်ကျသော နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုများကြောင့် ဆင်းရဲမှုနှုန်း ပိုမိုမြင့်တက်လာခဲ့သည်။
ကိုဗစ်ဖြစ်ပွားမှုသည် ယခုဆိုလျှင် ၂ နှစ် ရှိပြီဖြစ်သည်။ မည်သည့်အချိန်တွင် ကိုဗစ်ကင်းစင်မည် မသိနိုင်သေးချေ။ ကိုဗစ်ကူးစက်မှုများကြောင့် လူ့အသက်များ၊ စီးပွားရေးနှင့် လူမှုရေးများ များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခြင်းခံရနေဆဲပင် ဖြစ်သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု များသည်လည်း နိုင်ငံအလိုက် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များကို ပိုမိုလက်လှမ်း ဝေးစေလျက် ရှိပါသည်။
ကျဆင်းသွားသော ကမ္ဘာ့စီးပွားရေး ပြန်လည် ထူထောင်ရေးသည် ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းအသစ်များ၊ လုပ်သားဈေးကွက်စိန်ခေါ်မှုများ အခိုင်အမာရှိနေခြင်း၊ ထောက်ပံ့မှုကွင်းဆက် ကန့်သတ် ချက်များရှိနေခြင်းနှင့် ငွေကြေးဖောင်းပွမှုဖိအားများ မြင့်တက်နေခြင်းများကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေမှာ အထိမခံနိုင်သော အခြေအနေတွင် ရှိနေပါသည်။ ၂၀၂၀ ပြည့်နှစ်က ကမ္ဘာတစ်ဝန်း အတိုင်းအတာအရ ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် နှစ်ပေါင်း ၄၀ ကျော်တွင် အမြင့်ဆုံးတိုးတက်မှုနှုန်းအဖြစ် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ကမ္ဘာ့စီးပွား ရေးသည် ၂၀၂၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃ တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် ကုလသမဂ္ဂ က ခန့်မှန်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ အသားတင်ထုတ်လုပ်မှုမှာ ၂၀၁၉ ခုနှစ်ကထက် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျော်လွန်ခဲ့သော်လည်း ကပ် ရောဂါမတိုင်မီက ခန့်မှန်းထားသည့် ထုတ်လုပ်မှု အဆင့် ၃ ဒသမ ၃ ရာခိုင်နှုန်းအောက်တွင် ရှိနေ သေးသည်။ ယင်းဖော်ပြချက်များသည် နိုင်ငံများနှင့် ဒေသများအလိုက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုများတွင် ကွဲပြားခြားနားမှုများ ရှိနိုင် ကြောင်း ဆိုပါသည်။
ရုရှား-ယူကရိန်းပဋိပက္ခ
ကိုဗစ်အကျပ်အတည်းကြောင့် ကျဆင်းနေ သည့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေး မျှော်မှန်းချက်များကို ထိခိုက်စေခဲ့ပါသည်။ ယင်းပဋိပက္ခနောက်ဆက်တွဲအနေဖြင့် ၂၀၂၂ ခုနှစ် အတွက် ခန့်မှန်းထားသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်း တစ်ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည့် အလားအလာရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး United Nations Conference on Trade and Development (UNCTAD) က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရေးအကြီးဆုံးမှာ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို နိမ့်ကျစေခြင်းဖြစ်ကြောင်း ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ UNCTAD ဌာနခွဲမှ ဒါရိုက်တာ Richard Kozul-Wright က ဂျီနီဗာတွင် ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးသည် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလက ခန့်မှန်းခဲ့သော်လည်း ၂၀၂၂ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထိုသို့ဖြစ်လာစေသည့် အဓိက အကြောင်းရင်းမှာ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အာရှ-ပစိဖိတ် ဒေသတွင် သွင်းကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာခြင်း၊ အထူးသဖြင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ယင်း၏ အကျိုးသက်ရောက်မှုများ ခံစားကြရမည်ဖြစ်ကြောင်း Coface စီးပွားရေး သုတေသနအသင်းက ခန့်မှန်းထားပါသည်။ ယင်း ၏ ခန့်မှန်းချက်များတွင် -
၁။ ကုန်ဈေးနှုန်းများ ပိုမိုမြင့်မားလာခြင်းကြောင့် နှေးကွေးသော စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင် ရှားပါးမှုအန္တရာယ်နှင့် လူမှုရေးမတည်ငြိမ်မှုကို တိုးမြင့်စေမည့် ရေရှည်ငွေကြေးဖောင်းပွနိုင် သည့် စိန်ခေါ်မှုများကို ဖြစ်စေနိုင်သည်။
၂။ မော်တော်ယာဉ်၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် ဓာတုပစ္စည်းထုတ်ကုန်များအပေါ် ထိခိုက်စေနိုင်ချေ ရှိပါသည်။
၃။ ၂၀၂၂ ခုနှစ်တွင် ရုရှား၏ စီးပွားရေးမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း ဆုတ်ယုတ်နိုင်ပြီး အဆင့် သတ်မှတ်ချက် အနေဖြင့် အလွန်စိုးရိမ်ရသည့် အဆင့်ဖြစ်ပါသည်။
၄။ ဥရောပတွင် စိန်ခေါ်မှုအများဆုံးဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ထပ်မံငွေကြေးဖောင်းပွမှု အနည်း ဆုံး ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိနိုင်ပြီး GDP တိုးတက်မှုမှာ တစ်ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို အပြီးတိုင်ဖြတ်တောက်လိုက်ပါက GDP ကျဆင်းမှု အနည်းဆုံး ၄ ရာခိုင်နှုန်း ရှိနိုင်ပြီး သုညအထိပင် ရောက်ရှိနိုင်သဖြင့် ၂၀၂၂ အတွက် ကောင်းသော အခြေအနေတွင်မရှိကြောင်း Coface က ထုတ်ပြန်ထားပါသည်။
ကမ္ဘာ့စီးပွားရေး
ကမ္ဘာ့စီးပွားရေးသည် လျင်လျင်မြန်မြန်ဆိုးရွားလာမည့် အလားအလာရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားပြီး ၂ နှစ်ကြာပြီးနောက် ကမ္ဘာ့စီးပွားရေး ပျမ်းမျှ တိုးတက်မှုနှုန်းသည် ယမန်နှစ်က ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂ ဒသမ ၆ ရာခိုင် နှုန်းသာရှိနိုင်သဖြင့် ၂၀၂၁ ခုနှစ် နောက်ဆုံးလေးလ ပတ်က ခန့်မှန်းချက်ထက် ကျဆင်းသွားနိုင်ကြောင်း UNCTAD အထွေထွေအတွင်းရေးမှူး Rebeca Grynspan က ဆိုပါသည်။ အခြေအနေများသည် လူတိုင်းအတွက် ဆိုးရွားစေကြောင်း UNCTAD အကြီးအကဲက ဆိုခဲ့ပြီး အာဖရိက ဦးချိုဒေသတွင် ဆက်တိုက်မိုးခေါင်ခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်
ရုရှား-ယူကရိန်း စစ်ပွဲတို့နှင့်အတူ ရာသီပြောင်းလဲမှု များသည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေ ကြောင်း မှတ်ချက်ပြုထားပါသည်။
ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှုများ၊ ကုန်ဈေးနှုန်းများနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခြင်း လမ်းကြောင်းသုံးခုဖြင့် ထိခိုက်စေနိုင်ကြောင်း Economist Intelligence Unit (EIU) က ဆိုပါသည်။ ထို့ကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများသည် လပေါင်းများစွာ မြင့်တက်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ ယခုနှစ် ကမ္ဘာ့ငွေကြေးဖောင်းပွမှု ၆ ရာခိုင်နှုန်းကျော် မြင့်တက်နိုင်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း ခန့်မှန်းထားပါသည်။
မြင့်မားသည့် လူနေမှုစရိတ် ဖိအားများစွာဖြင့် ရုန်းကန်နေရသော အတော်အတန် ချမ်းသာသော နိုင်ငံများသည်ပင် ၎င်းတို့ကို ရုန်းထွက်နိုင်စေရန် နိုင်ငံတကာ ငွေကြေးစနစ်ထံမှ အကူအညီ တောင်းခံထားပြီးဖြစ်ကြောင်း ဆိုသည်။ ကမ္ဘာ့အဆင်းရဲဆုံးနှင့် သွင်းကုန်အပေါ် မှီခိုနေရသော နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဒဏ်ကို အဆိုးဆုံးခံစားရမည်ဖြစ်ကြောင်း UNCTAD က အခိုင်အမာ ပြောကြားထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အစားအစာ၊ စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်မှုကြောင့် အဆိုးဆုံးခံစားကြရမည်ဖြစ်ကြောင်း Grynspan ကလည်း ဆိုပါသည်။
စိန်ခေါ်မှုအသစ်များ
ကိုဗစ်-၁၉ ကြောင့် ဖြစ်လာသည့် စီးပွားရေး ကျဆင်းမှုများသည် ကမ္ဘာတစ်ဝန်း မညီမျှမှုများ ပိုမိုကြီးမားလာစေပြီး မသေချာမရေရာမှုများ၊ အခက်အခဲများနှင့် မမျှတသော ပြန်လည်ထူထောင် ရေးများ ဖြစ်စေခဲ့ပါသည်။ အချို့နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုနှင့် ထိရောက်သော စီးပွားရေး ပံ့ပိုးမှုများကြောင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို တိုးတက်စေလျက်ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုးတက်မှုသည် ညီမျှမှုမရှိသေး ကြောင်း တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သုံးပုံ တစ်ပုံသည် ကပ်ရောဂါမတိုင်မီက အခြေအနေသို့ ရောက်လုနီးပါး ရှိနေသော်လည်း ကာကွယ်ဆေး ရရှိနိုင်မှုနှင့် ဘဏ္ဍာရေးရင်းမြစ် အကန့်အသတ်များကြောင့် အခက်အခဲများ ရှိနေကြဆဲ ဖြစ်သည်။ အစောပိုင်းက အလုပ်အကိုင်ဆုံးရှုံးရမှုများအတွက် အလုပ်အကိုင်ဖန်တီးပေးမှုမှာ လုံလောက်မှု မရှိသေးဘဲ အလုပ်အကိုင်ရှားပါးမှုကြောင့် အမျိုးသမီးများနှင့် လူငယ်များကို ပိုမိုထိခိုက်စေလျက် ရှိပါသည်။ ယင်းသို့သောအခြေအနေတွင် ကိုဗစ်-၁၉ မျိုးကွဲ အသစ်များ ထပ်မံပြန့်ပွားလာမှုကြောင့် ပြန်လည် ထူထောင်ရေးမျှော်မှန်းချက်များကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း ကုလသမဂ္ဂက ဆိုပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းနေကြရဆဲအချိန်တွင် ဖြစ်ပေါ်လာသော ကမ္ဘာ့နိုင်ငံရေး အကျပ်အတည်းသည် မီးလောင်ရာ လေပင့်သကဲ့သို့ ကမ္ဘာ့စီးပွားရေးကို သာမက နိုင်ငံတစ်နိုင်ငံချင်းစီအလိုက်လည်း စီးပွားရေးထိခိုက်မှုများကို ခံစားနေကြရပါသည်။ ကပ်ရောဂါကြောင့် ငွေကြေးဖောင်းပွမှု ဖိအားများနှင့် ဟန်ချက်မညီသော ပြန်လည်ထူထောင်ရေးများဖြင့် ရင်ဆိုင်နေကြရသော မူဝါဒချမှတ်သူများ အတွက် ပဋိပက္ခများကြောင့် ဖြစ်လာသည့် စီးပွားရေး ဆိုင်ရာ ရေရှည်ထိခိုက်မှုများနှင့် မသေချာမှုများ မြင့်တက်လာခြင်းသည် စိန်ခေါ်မှုအသစ်များ ထပ်မံ ဖြစ်ပေါ်စေလျက်ရှိပါသည်။
တုံ့ပြန်နိုင်မည့်မူဝါဒများ
ထိုဖြစ်ပေါ်လာနေသည့် စီးပွားရေးဆိုင်ရာ အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ကုစားကြရာတွင် နိုင်ငံ၏စီးပွားရေး နောက်ခံကောင်းမွန်မှု၊ လိုက်လျောညီထွေရှိသော မူဝါဒများ၊ စီမံခန့်ခွဲမှုများ၊ ရင်းမြစ်ရရှိနိုင်မှုအလိုက် စီးပွားရေးပြန်လည် နာလန်ထူမှုတွင် ကွာခြားသွားမည်ဖြစ်သည်။ မသေချာ မရေရာသော ကာလအတွင်း ဆိုးရွားသော ထောက်ပံ့ရေးဂယက်နှင့် ကုန်ဈေးနှုန်းမြင့်မားမှုတို့ဖြင့် ရင်ဆိုင်နေကြရချိန်တွင် ငွေကြေးမူဝါဒများသည် မှန်ကန်သောတုံ့ပြန်မှုဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းများ၏ အကျပ်အတည်းများကို ပံ့ပိုးကူညီနိုင်မည် ဖြစ်ပါသည်။
UNCTAD ၏ မူဝါဒဆိုင်ရာ အကြံပေးချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သင့်တင့်သော တိုးတက်မှုအတွက် စီးပွားရေး အခွင့်အလမ်းများခွင့်ပြုပေးရန် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးပြုပြင် ပြောင်းလဲမှု လိုအပ်ကြောင်း၊ သို့မှသာ ကြွေးမြီဝန်ထုပ်ဝန်ပိုးများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အလားအလာရှိကြောင်း ဖော်ပြထားပါသည်။
ကျွန်တော်တို့သည် နှစ်ပေါင်း ၉၀ အတွင်း အဆိုးဆုံးသော စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင် နေကြရကြောင်း၊ အားလုံး၏အနာဂတ်ကို ယခု ရွေးချယ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း၊ ပြည့်စုံသော မူဝါဒများ၊ အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ထိရောက်သော ဘက်စုံစနစ်များ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအကျပ် အတည်းကြောင့်ဖြစ်လာသည့် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများသည် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက်လည်း ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေပါသည်။
ကမ္ဘာတစ်ဝန်း လွှမ်းခြုံနေသည့် စီးပွားရေး ဂယက်သည် ဒေသအလိုက် တစ်နိုင်ငံချင်းစီ၊ လုပ်ငန်းတစ်ခုချင်းစီ အပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ စီးပွားရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိကမောင်းနှင်အား တစ်ရပ်ဖြစ်ရာ နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှု တိုးမြင့်လာသည်နှင့်အမျှ မတည်ငြိမ်မှုများ၊ မညီမျှ မှုများ၊ မသေချာမရေရာမှုများ မြင့်မားလာမည် ဖြစ်ပါသည်။ ထိုဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ ကြောင့် နိုင်ငံများအလိုက် ဆောင်ရွက်နေဆဲ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် တွေ့ကြုံနိုင်သည့် အခြေအနေဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့်အညီ ရေတို၊ ရေရှည် ထိရောက်စွာ တုံ့ပြန်နိုင်မည့် မူဝါဒများ ချမှတ်ကျင့်သုံးရန် မှာ အဓိကလိုအပ်ချက်တစ်ရပ်အဖြစ် တွေ့ရပါသည်။
ရည်ညွှန်း
၁။ Economic and Social Impacts and Policy Implications of the War in Ukraine, March 2022
၂။ World Economic Situation Prospects ၊ United Nations ၊ 2021
၃။ World Economic Situation Prospects၊ United Nations ၊ 2022
၄။ https://news.un.org/en/story/2022/03/ 1114602
၅။ https://blogs.worldbank.org/voices/global-economic-outlook-five-charts-1
၆။ https://www.coface.com/News-Publi-cations/News/Economic-consequences-of-the-Russia-Ukraine-conflict-Stagfla-tion-ahead
၇။ https://www.eiu.com/n/global-economic-implications- of- the- russia- ukraine-war/