Skip to main content

ကျောင်းဆရာ၊ တပ်မတော်နှင့် နိုင်ငံကာကွယ်ရေးတာဝန်

"နိုင်ငံကာကွယ်ရေးတွင် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ရှိသလောက် ကျောင်းဆရာမှာ လည်း တာဝန်ရှိပေသည်။ ဤသည်မှာ ယဉ်ကျေးမှု မြင့်မားသည့် နိုင်တို့၏ အစဉ်အလာဖြစ်၏။"

ဘာထရန်ရပ်ဆဲလ်

ကျောင်းဆရာအလုပ်၏ အနှစ်သာရသည် အနာဂတ်၏ သာယာငြိမ်းချမ်းဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းတွင် ပညာစွမ်းအားပြည့်ပြည့်ဖြင့် လိုက်ကျောညီထွေစွာ နေထိုင်တတ်ရန်အတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို လေ့ကျင့်ပေးခြင်းပါ။ ထိုသို့လေ့ကျင့်ရာတွင် ငြိမ်းချမ်းစွာ အတူနေတတ်ရုံဖြင့် မလုံလောက်သေးပါ။ အနာဂတ် လူ့အဖွဲ့အစည်းတွင် မငြိမ်းချမ်းမှု၊ ဆူပူမှုနှင့် အဓမ္မလွှမ်းမိုးမှုများလည်း ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ် လေ့ကျင့်ပေးမည့် တာဝန်သည် ဆရာ့တာဝန်ဖြစ်ပြီး ထိပ်ဆုံးတွင် ပါဝင်နေသည်။

ဆရာများသည် လူတစ်ဦးချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ တန်ဖိုးတက်လာအောင် လေ့ကျင့်ပေးကာ အဆင့်မြင့်သည့် ဘဝပန်းတိုင်ဆီသို့ ပို့ဆောင်ပေးနိုင်သူများဖြစ်ပါသည်။ ယင်းနှင့်အတူ တပည့်များထံတွင် ကျရောက်မည့်အန္တရာယ်ကိုလည်း ပညာစွမ်းအားဖြင့် ကာကွယ်နည်းများကို သင်ပေး လေ့ကျင့်ပေးနိုင်စွမ်းရှိသူများ ဖြစ်ကြလို့ပါ။ ပြီးလျှင် ဘယ်သော အခါမျှ တပည့်များကို အကျိုးနည်း ဒုက္ခရောက်အောင် ပြုမူမှုကင်းကြသူများ ပြစ်ကြပါသည်။

ထို့အတူ ကျောင်းသားများနှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကိုလည်း နိုင်ငံနှင့် လူမျိုးကို ပျက်စီးအောင်မပြုကြရန် အမြဲတမ်းညွှန်ပြနေသူများဖြစ်ပါသည်။ မြန်မာများသည် “ဘေးရန်ဆီးကာ” ဆိုသည့် ဆရာ၏ မြင့်မြတ်သည့်တာဝန်ကို ဘာထရန်ရပ်ဆဲလ် ပြောခြင်း ထက် နှစ်ထောင်ချီပြီးစောကာ လိုက်နာကျင့်သုံးခဲ့ကြပါသည်။

ကျောင်းဆရာသည် တပည့်တစ်ဦးချင်းစီအား မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် “စိတ်” နှင့် ဉာဏ်ပညာ”ကို လေ့ကျင့်သင်ကြားပေကာ နိုင်ငံသားကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် အန္တရာယ်ကင်းအောင် စွမ်းဆောင်နိုင်ခဲ့ကြပါသည်။

နိုင်ငံတိုင်း၏ လွတ်လပ်ရေး၊ အချုပ်အခြာအဏာ တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းမှုနှင့် ငြိမ်းချမ်း သည့် လူ့အဖွဲ့အစည်းအား နှောင့်ယှက်သူများ၏ရန်မှ ကကွယ်ရန်အတွက် နိုင်ငံကိုချစ်၍ ကာကွယ်မည့်သူများနှင့် ကာကွယ်မည့်အဖွဲ့အစည်းများသည် ရှေးယခင်ကရော ယခုမျက်မှောက် ခေတ်မှာပါ မလွဲမသွေ ရှိခဲ့၊ ရှိဆဲနှင့် နောင်တွင်လည်း ရှိနေပါဦးမည်။ နိုင်ငံကာကွယ်ရေးဟု ဆိုလိုက်လျှင် လက်နက်ကိုင်ကာကွယ်နေသူနှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးနေသူများဟု ဆိုသည့် အဖွဲ့အစည်းနှစ်မျိုးကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေသည်။

ယနေ့ခေတ်တွင် အဆိုပါ အဖွဲ့နှစ်ဖွဲ့စလုံးမှ အဖွဲ့ဝင်သည် ကျောင်းမနေသူဟူ၍မရှိပေ။ ကျောင်းသည် လူတော်လူကောင်းများဖြစ်အောင်သာ လေ့ကျင့်ပေးရာနေရာဖြစ်သည်။ သို့သော် ကျောင်းမှမွေးထုတ်ပေးလိုက်သူများတွင် ကျေးညီနောင်ကဲ့သို့ နိုင်ငံကို ကာကွယ်သည့်အဖွဲ့သည် ယူနက်ကိုကသတ်မှတ်သော “မြင့်မြတ်သည့် ဝန်ထမ်း” (Noble Professional) အဖြစ် ဂုဏ်ပြု ခံကာ နိုင်ငံနှင့်လူ့အဖွဲ့အစည်၏ ငြိမ်းချမ်းမှုကို အသက်ပေးကာကွယ်သည့်လုပ်ငန်း ဆောင်ရွက်နေသည့် တပ်မတော်သား ဖြစ်လအကြပါသည်။ ဖျက်ဆီးသူအဖွဲ့က ပြည်သူများ၏ ဒဏ်ခတ် ခြင်းကို ခံရပေသည်။

နိုင်ငံကာကွယ်ရေးအစ ပညာသင်ကျောင်းက

နိုင်ငံကာကွယ်ရေးဟုပြောလိုက်လျှင် ပြည်တွင်း ပြည်ပအဖျက်ရန်များကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့က လက်နက်ကိုင်ကာ အသက်နှင့်ရင်းပြီး ကာကွယ်နေကြသည်ကိုပဲ မြင်ကြပါ သည်။ ယင်းက ဒုတိယအဆင့် ကာကွယ်ရေးဟု စာရေးသူအနေဖြင့်မြင်မိသည်။ ဒုတိယအဆင့် ဟုဆိုသော်လည်း နိုင်ငံတကာမှာ ရှေးခေတ်သမိုင်းအဆက်ဆက်မှာပါ အရေးကြီးဆုံး အခန်း ကဏ္ဍအဖြစ် ပါဝင်နေပေသည်။ သို့အတွက် နိုင်ငံတိုင်း၏ ကာကွယ်ရေးအတွက် အသုံးစရိတ် သည် အမြင့်ဆုံးနေရာတွင်ရှိပါသည်။

မြန်မာတို့၏ “တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်" ဟူသည့် ဆောင်ပုဒ်အတိုင်းပင် ဖြစ်ပါသည်။ တပ်မတော်အင်အားနည်းလျှင် တိုင်းတစ်ပါး၏ အလွယ်တကူ ဗိုလ်ကျစိုးမိုးမှု ဒဏ်ကို ခံရပေလိမ့်မည်။ တပ်မတော်၏ လက်နက်အင်အားနှင့် သေနင်္ဂဗျူဟာနည်းပညာများ ပိုမိုသာလွန်သူများကသာ ကမ္ဘာ့အင်အား ချိန်ခွင်လျှာကို ကိုင်လှုပ်နိုင်စွမ်းရှိကြောင်း မျက်မှောက် ခေတ်၏ ရုရှားနှင့် တရုတ်နိုင်ငံတို့က သက်သေပြနေပေသည်။

ပထမအဆင့်ကာကွယ်ရေးက ပညာသင်ကျောင်းမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ “နိုင်ငံကာကွယ်ရေး အစ ပညာသင်ကျောင်းက”ဟု ဆိုပါရစေ။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးကြသူတို့သည် မွေးကတည်းက အဖျက်သမားများအဖြစ် မွေးဖွားလာကြသူများ မဟုတ်တာတော့ သေချာပါ သည်။ ယနေ့ကမ္ဘာပေါ်တွင် လူတော်လူကောင်းများနှင့် သူတော်စင်များဟု သတ်မှတ်ခြင်း ခံရသူများလို မျက်စိသူငယ်၊ နားသူငယ်ဖြင့် လူ့ဘဝကြီးထဲကို ဝင်ရောက်လာခဲ့ကြတာပါ။ သို့သော် သူတို့သည်ကျောင်းမှထွက်သွားပြီး ဆက်လက်ရှင်သန် ဖြတ်သန်းသည့် ဘဝ လမ်းကြောင်းတစ်လျှက် -

(က) အသိဉာဏ်ပညာဆင်းရဲမွဲတေခြင်း၊

(ခ) နိုင်ငံသားစိတ်ထား ကင်းမဲ့ခြင်း၊

(ဂ) အကျင့်စရိတ္တချွတ်ခြုံကျခြင်း၊

(ဃ) အမျိုးသားရေး “စံ” များ ပျက်သုဉ်းခြင်း၊

(င) အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရားမျှတမှု အားနည်းခြင်း၊

(စ) ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့်များခေါင်းပါးခြင်း၊

(ဆ) ဘိုးသွားအမွေအနှစ် ထိန်းသိမ်းခံရမည့် ခံယူချက်ကင်းမဲ့ခြင်း… တို့နှင့် ကြုံတွေ့ကာ တစ်ဦးချင်း၏ ဘဝတွင်လည်း အဆိုပါ လူ့တန်ဖိုးပျက်သုဉ်းမှုများ အားကောင်း လာမှုကြောင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးသူ အဓမ္မဝါဒီသမားများ ဘဝဆီသို့ရောက်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံသားများဆီတွင် အဆိုပါ အဖျက်မျိုးစေ့များ ကင်းဝေးရလေအောင် ကျောင်းဆရာများသည် ကျောင်းတွင်းတွင် ပညာစွမ်းအားဖြင့် ရှေ့တန်းမှ တိုက်ဖျက်နေသူများပါ။ အဆိုပါ အဖျက်ဗီဇ မျိုးစုံဆိတ်သုဉ်းအောင် သင်ကြားလေ့ကျင့်ခြင်းကို “ပထမအဆင့်နိုင်ကာကွယ်ရေး' ဟု မြင်မိပါ သည်။ တကယ်တော့ ကျောင်းဆရာသည်လည်း တပ်မတော်သားများကဲ့သို့ပင် ယူနက်စကို က သတ်မှတ်ထားသည့် “မြင့်မြတ်သည့်ဝန်ထမ်း" (Noble Professional) များပင် ဖြစ်ပါသည်။ မြင့်မြတ်သည့်ဝန်ထမ်းဟု ဂုဏ်ပြုခံဆရာများက ဂုဏ်ပြုခံထိုက်သည့် နိုင်ငံတည်ဆောက် လိုသူများ နိုင်ငံကာကွယ်သူများ၊ နိုင်ငံကို ချစ်မြတ်နိုးသူများ အများအပြား ပေါ်ထွန်းလာအောင် လေ့ကျင့်ပေးရန် လိုပါသည်။ ကျောင်းဆရာဆိုသည်မှာ “ဉာဏတိုက် စစ်မှူး” များပါ။ အများဆုံး တိုက်နေသည့်နေရာကတော့ ကျောင်းဟုခေါ်သည့် “ပညာရေး ခံကတုတ်” ကပါ။ တိုက်နေ ရသည့် ရန်သူများကတော့ မျိုးဆက်တိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါ အဖျက်ပိုး ခုနစ်မျိုးပါ။

(က) အသိဉာဏ်ပညာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေသူများ

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်လျှင် လူငယ်ပညာတတ်များသည် အမျိုးသားကျောင်းဆရာ (သရာခင်နု၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဖိုးကျား ... စသည်) အလုပ်ဝင်လုပ်ကြပြီး ကျွန်ပြုခံထားရမှုကြောင့် “ဘဝ အလင်းရောင်မဲ့" နေသော တိုင်းရင်းသားလူငယ်များကို အမျိုးသားပညာရေးဖြင့် “သခင်ဘဝ အလင်းရောင်” ထွန်းညှိ ပေးခဲ့ပါသည်။

ထို့ကြောင့် တစ်တိုင်းပြည်လုံး အမျိုးသားရေး စိတ်ဓာတ်များ ကြွယ်ဝလာကြပြီး နယ်ချဲ့ကို တွန်းလှန်ခဲ့ကြကာ နောက်ဆုံးတွင် လွတ်လပ်သည့် “သခင်ဘဝ” ပြန်ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ မျိုးဆက်သစ်များကို ဂုဏ်ရှိန်မြင့်သည့် မြန်မာဘဝဆီသို့ရောက်အောင် ယနေ့ ကျောင်းဆရာများက ဗလငါတန်ပြည့်စုံမှုနှင့်အတူ အခတ်ပညာအလင်းရောင် ဆက်လက် ထွန်းညှိပေးနိုင်ရပါမည်။ သို့မှသာမျိုးဆက်တိုင်းသည်ဉာဏ်ပညာကြွယ်ပြီး၊ ဓမ္မ၊ အဓမ္မ၊ လုပ်သင့်၊ မလုပ်သင့်ခွဲခြား နိုင်ပါလိမ့်မည်။ လုပ်သင့်သည့်မြန်မာ့လူ့အဖွဲ့အစည်း၏ကောင်ကျိုးကို သယ်ပိုး ကြပါလိမ့်မည်။

မိမိမွေးဖွားရာနိုင်ငံကို ချစ်တတ်၊ မြတ်နိုးတတ်ပြီး ကာကွယ်ပါလိမ့်မည်။ ဉာဏ်ပညာပြည့်စုံမှု သည် မိမိနှင့် မိမိပတ်ဝန်းကျင်၏ ငြိမ်းချမ်းမှုနှင့် ကောင်းကျိုးကို သယ်ပိုးပေးပါလိမ့်မည်။ ဉာဏ်ပညာချို့တဲ့မှုသည်ကား စဉ်းစားဝေဖန်နိုင်မှုကင်းကာ ပြောသမျှယုံ၊ ဝါဒဖြန့်သမျှ အဟုတ် ထင်ကာ နိုင်ငံနှင့်လူ့အဖွဲ့အစည်း၏ ဆိုးကျိုးဖြစ်ထွန်းစေမှုဆီသို့ ဦးတည်သွားနိုင်ပေသည်။ မျိုးဆက်တိုင်းတွင် ထိုပြည်ဖျက်ပိုးများမရှိရလေအောင် ကျောင်းဆရာများက ဉာဏ်ပညာကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံကို ကာကွယ်ပေးနေပါသည်။

(ခ) နိုင်ငံကြီးသား မွေးထုတ်ပေးနေသူများ

လူ့ဘောင်အသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုရှိစေရန်အတွက် ယင်း လူ့အဖွဲ့အစည်း ဝင်တိုင်းတွင် “နိုင်ငံကြီးသား စိတ်ထား” ဆိုသည့် မိမိကိုမွေးဖွားပေးသည့် ရေ၊ မြေနှင့် နိုင်ငံကို ချစ်စိတ်၊ ကာကွယ်လိုစိတ်များ ပိုင်ဆိုင်ရပါမည်။ မိမိမွေးဖွားရာဒေသ၏ နိုင်ငံ သားများ ဖြစ်ရသည်ကို ဂုဏ်ယူတတ်ကြသူများ ဖြစ်ပါသည်။ ဤစိတ်ထားများနှင့်အတူယှဉ်တွဲ၍ တာဝန် သိမှု၊ တာဝန်ယူမှု၊ ဥပဒေနှင့် စည်းကမ်းကို ရိုသေလိုက်နာမှုနှင့် ကိုယ်ချင်းစာတရား များနှင့် ပြည့်စုံရပါမည်။ “ပရဟိတ” စိတ်ထား ပိုင်ဆိုင်ရပါမည်။ ထို့အပြင် မိမိနိုင်ငံနှင့် လူမျိုးကို နိမ့်ကျတာ မခံချင်စိတ်၊ မြှင့်တင်လိုစိတ်များ ပြည့်လွှမ်းနေဖို့လည်း လိုပါသည်။

ထိုသို့ မြင့်မြတ်စိတ်ထား ပိုင်ဆိုင်သူများ ဖြစ်လာစေရန် ကျောင်းဆရာများက မျိုးဆက်တိုင်းကို ကျောင်းသားဘဝမှာကတည်းက မဖြစ်မနေ လေ့ကျင့်ပေးရပါလိမ့်မည်။ သို့မှသာ မျိုးဆက်သစ် များတွင် ကြီးနိုင်ငယ်ညှဉ်းပြုတတ်သူ၊ အတ္တကြီးသူ၊ ရန်လိုစိတ်ကြီးသူ၊ စာနာစိတ်မရှိသူ၊ အရာရာကို အဆိုးမြင်တတ်သူ၊ စည်းကမ်းမဲ့၊ တာဝန်မဲ့သူစသည့် မိမိနိုင်ငံနှင့်လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမည့် ဗီဇဆိုး၊ ဗီဇညံ့များအားလုံး ပျောက်ဆုံးသွားကာ လူ့အဖွဲ့အစည်းလည်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝလာပါလိမ့်မည်။

(ဂ) မျိုးဆက်တိုင်းကို စာရိတ္တမဏ္ဍိုင် မြှင့်တင်ပေး နေသူများ

လူ့တန်ဖိုးမြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် “စံပေတံ” များထဲတွင် “စာရိတ္တပေတံ” သည် ရှေးအကျဆုံးနှင့် ခေတ်အမီဆုံးမို့ ယနေ့တိုင် ထိပ်ဆုံးကထားပြီး တိုင်းတာနေဆဲပါ။ လူ့သမိုင်း တိုးတက်လာသည်နှင့်အမျှ အတူယှဉ်တွဲပါလာသည်ကတော့ “ကြံ့ခိုင်တဲ့ စာရိတ္တမဏ္ဍိုင်” ဖြစ်ပါသည်။ သူကသာ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ထိန်းသိမ်းနိုင်စွမ်း ရှိလို့ပါ။ “ပညာရေးဟာ နိုင်ငံတော်၏ အခြေခံအုတ်မြစ်ပါပဲ၊ ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဆုံးစွန်ဆုံးပန်းတိုင်ဟာ အကျင့်စာရိတ္တပျိုးထောင်ရေး” ပါတဲ့။ ဂရိတွေးခေါ်ပညာရှင်ကြီး “ပလေတို” ၏ အဆိုပါ။ မြန်မာ့ပညာရေးမှာ နှစ်ပေါင်းထောင်ချီပြီး ကျင့်သုံးခဲ့သော “ဗလငါးတန်” ခိုင်မာရေးများထဲမှ “စာရိတ္တဗလ” ကြံ့ခိုင်ရေးကို ရှေ့ဆုံးတွင်ထားပြီး လေ့ကျပေး နေပါသည်။ “ကလေးများကို စာရိတ္တဖွံ့ဖြိုးအောင်၊ ခိုင်မာအောင်လေ့ကျင့်မပေးဘဲ “ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်” သက်သက်ကိုသာ သင်ပေးလိုက်ရင် “လူ့တန်ဖိုးအစစ်” ကို ချန်ထားခဲ့တာမို့ ပညာရေး ရဲ့ အဓိကတာဝန်ကို ကျောင်းဆရာများက မျက်ကွယ်ပြုလိုက်တာပါပဲ” ဟု ဘာထရန် ရပ်ဆဲလ်က ၂၀ ရာစု အလယ်တွင် ပြောခဲ့ပါသည်။

ထို့ပြင် လူ့သမိုင်းတွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများ အားလုံး၏ တရားခံသည် စာရိတ္တမဏ္ဍိုင် ချို့ယွင်းမှုပါဟု ပညာရှင်များက ဆိုပါသည်။ ကျောင်းဆရာများသည် စာရိတ္တခိုင်မာသော ဖွံ့ဖြိုးမှု နှင့် ငြိမ်းချမ်းမှု ပြည့်လျှမ်းသည့် နိုင်ငံ၏အုတ်မြစ်ကို ချနိုင်စွမ်းရှိမှသာ နိုင်ငံကိုကာကွယ်နေသည့် “ကျောင်းဆရာဘဝ” ကို ရောက်ကြမှာပါဆိုသည်ကို သတိချပ်စေချင်ပါသည်။ သို့ပါ၍ ပြဋ္ဌာန်းထားသည့် “စာရိတ္တ၊ ပြည်သူ့နီတိနှင့် လောကနီတိ” သင်ရိုးများကို စာမေးပွဲရမှတ်ဖြင့် အတန်းအောင်ပေးခြင်းတွင် မပါဝင်သော်လည်း နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းမှုကို ဖြစ်ထွန်းစေမည့် လူ့တန်ဖိုးအနှစ်သာရများဖြစ်၍ အထူးအလေးထားကာ သင်ကြားပေးရပါမည်။

(ဃ) အမျိုးသား “စံ” တွေကို ထိန်းသိမ်းကာကွယ်နေသူများ

ပညာရှင်များ ယနေ့တပ်လှန့်နေသည်ကတော့ ကမ္ဘာ့လူမျိုးစုငယ်လေးများ အလျင်အမြန် ပျောက်ကွယ်နေပါပြီ။ ထိန်းသိမ်းကြပါတဲ့။ လူမျိုးခြားများနှင့် သွေးနှောပြီး လူမျိုခံရ၍မဟုတ်ပါ။ လူမျိုးတစ်မျိုးဟု သတ်မှတ်နိုင်သည့် “အမျိုးသားစံ” များဖြစ်ကြသည့် ဘာသာစကား၊ စာပေ၊ အနုပညာ၊ ဂီတ၊ ရိုးရာဓလေ့နှင့် ဝတ်စားဆင်ယင်မှု စသည်တို့ အားလုံး ပျောက်ဆုံးကုန်လို့ပါ။ အရှေ့တိုင်းဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုက နည်းမျိုးစုံနှင့် ထိုးဖောက်ပြီး ဖျက်ဆီးခြင်းကို ခံနေရပါသည်။

ထို့အတူ ဘာသာစကားကြီး ငါးမျိုး (တရုတ်၊ အာရေဗျ၊ ဟင်ဒီ၊ အင်္ဂလိပ်နှင့် စပိန်) တို့က ဝါးမျို၍ ကမ္ဘာ့ဘာသာ စကားငယ်ပေါင်း နှစ်စဉ် (၁၀၀) ခန့် ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါ သည်တဲ့။ အမျိုးသားရေးကိုယ်ခံစွမ်းအားနည်းသောဒေသများတွင် လူမျိုးစုငယ်များ၏ “စံ” များ အလျင်အမြန်ပျောက် ဆုံးနေသည်ကို ကမ္ဘာတစ်ဝန်းတွင် တွေ့ရပါသည်။

“ကျောင်းဆရာသည် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်မြှင့်တင်ပေးရန် တခြား လူတန်းစား ထက် ပိုတာဝန်ရှိသူများပါ။” ထို့ကြောင့် ယဉ်ကျေးမှုကို ကိုယ်တိုင်ကလည်း ချစ်တတ်၊ မြတ်နိုးတတ်ပြီး မြှင့်တင်နိုင်သည့် ပညာနှင့် အသိဉာဏ် ဝမ်းစာနှင့်လည်း ပြည့်စုံရပါမည်။ တိုင်းရင်းသားလူမျိုးစု ပျက်သုဉ်းမည့် အန္တရာယ်ကို တားဆီးကာကွယ်ရန်အတွက် မိမိနိုင်ငံနှင့် လူမျိုးများ၏ “ယဉ်ကျေးမှု ဝိသေသစံ” များကို မြတ်နိုးတန်ဖိုးထားတတ်အောင် ကျောင်းဆရာများက မြန်မာတိုင်းရင်းသား မျိုးဆက်သစ်များကို မလွဲမသွေ လေ့ကျင့်သင်ကြားပေးရန် တာဝန်အရှိဆုံး အချိန်ရောက် နေပြီ ဖြစ်ပါသည်။

“အမျိုးသားစံ” ကို မြတ်နိုးမှုကင်း၍ တိုင်းတစ်ပါး၏ ခေတ်သစ်ကျူးကျော်မှုဖြစ်သည့် သူတို့၏ ယဉ်ကျေးမှုကို အထင်ကြီးလာအောင် လုပ်ဆောင်ကာ ကျွန်တော်တို့ဆီတွင် ထိုအထင်ကြီးမှုများ သည် ရောဂါအသွင်ဆောင်လာပြီဆိုလျှင် မိမိနိုင်ငံ၏ ယဉ်ကျေးမှုသာမက အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးကိုပါ ဖျက်ဆီးရန် ဝန်မလေးသူများ ဖြစ်လာပါလိမ့်မည်ဆိုသည်ကို ဆရာများက ပညာမျက်စိဖြင့် မြင်အောင်ကြည့်ပြီး ကာကွယ်ပေးထားရန် လိုအပ်ပါလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်

ဒေါက်တာမောင်သင်း