တို့အနာဂတ် ကောင်းမွန်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့
အသွေးအရောင် သပ်ရပ်တောက်ပြောင်ကာ ခန္ဓာကိုယ်လေးထောင့်ကျပြီး ကျန်းမာသည့် ကြန်အင်လက္ခဏာများကို ပိုင်ဆိုင်ထားသည်။ ကျောပြင်ကြွက် သား ကျယ်ပြန့်ပြည့်ဖြိုးသလို လည်ပင်းကြွက်သားများက ကြီးမားတုတ်ခိုင်သည်။ လက်ကြွက်သား၊ တင်ပါးကြွက်သား စသည့် ကြွက်သားဖွဲ့စည်းပုံများ ကလည်း ကြံ့ခိုင်သန်စွမ်းကာ အသက်အရွယ်အလိုက်ရှိရမည့် ခန္ဓာကိုယ်အချိုးအစား ဖွံ့ဖြိုးမှုများနှင့် ပြည့်စုံနေသည့်သူ့အား ပထမဆုချီးမြှင့်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဇန်နဝါရီ ၂၈ မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် မြန်မာ နွား၊ သိုး၊ ဆိတ်အလှနှင့် ဒေသထုတ်တန်ဖိုးမြှင့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာပင်ပြပွဲ ပြိုင်ပွဲတွင် အသားတိုး(နွားအထီး) ပထမဆုကို ထိုသို့ ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မှ ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။
မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ထုတ်လုပ်မှုကောင်းမွန်သော အသားစားနွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကို ဖော်ထုတ်၍ မျိုးထိန်းမျိုးပွား မျိုးမြှင့်လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရန်၊ အသားစား/ နို့စားနွား၊ သိုးနှင့် ဆိတ်မွေးမြူခြင်းနှင့် တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက် ထုတ်လုပ်လာစေခြင်းဖြင့် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးမှုနှင့် ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်၊ မွေးမြူရေးသမားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေခြင်းဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၆၄ ကောင်
ပြပွဲ၊ ပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများ၏ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ နို့စားကျွဲ၊ ဒေသနွား၊ နို့စားနွားမကြီး၊ နို့စားနွားမတမ်း၊ အသားစားနွား၊ ဒေသသိုး၊ ဒေသဆိတ်၊ နိုင်ငံခြားမျိုး အသားတိုးဆိတ်၊ နိုင်ငံခြားမျိုး သိုးစသည်ဖြင့် ပြိုင်ပွဲဝင် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၆၄ ကောင် ယှဉ်ပြိုင်ခဲ့ပြီး တိရစ္ဆာန်ပြပွဲတွင် ၄၉ ကောင် ပါဝင်ပြသခဲ့သည်။
အသားတိုး(နွားမ)ပြိုင်ပွဲကို မျိုးရိုးအလိုက် ဗီဇရာခိုင်နှုန်းများပြည့်စုံခြင်း၊ အမွေးအရောင် တောက်ပြောင်မှုရှိခြင်း၊ ခန္ဓာကိုယ်အချိုးအစားကျနပြီး နောက်ခြေကျညီပြီး နွားလေးဖက်ညီနေခြင်း စသည့် အသားတိုး(နွားမ)၏ သွင်ပြင်လက္ခဏာများကို အခြေခံကာ ဆုများကို ရွေးချယ်ခဲ့သည်။
နို့စားနွားများကို မျိုးရိုးသွင်ပြင်လက္ခဏာနှင့် ပြည့်စုံခြင်း၊ ခြေလက်အနေအထား ကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်တည်ဆောက်မှု ကောင်းမွန်ခြင်း၊ နို့အုံ အနေအထား၊ နို့ထွက်မှုနှင့် နို့အရည်အသွေး ကောင်းမွန်မှု၊ နောက်ပါနွားကလေး၏ အရည်အသွေး ကောင်းမွန်ခြင်း စသည့် အမှတ်ပေး စည်းမျဉ်း စည်းကမ်းများဖြင့် ရွေးချယ်ခဲ့သည်။
ထို့အတူ မြန်မာနွားသိုးအလှပြိုင်ပွဲကို မြန်မာခိုင်းနွားမျိုးရင်း နွားပြာစိမ်းမျိုးဖြစ်ခြင်း၊ ခန္ဓာကိုယ်အမြင့်နှင့် လိုက်လျောညီထွေသော အလုံးအထည် အလျားရှိကာ ပြေပြစ်ကြည့်ကောင်းခြင်း၊ ဦးချိုက ငယ်ချိုဖြစ်ကာပြုပြင်မထားခြင်း၊ ဘို့အနေအထား မှန်ကန်ထောင်မတ်နေခြင်း၊ သွားပေါက်လေး ချောင်းသာ ရှိသေးခြင်း၊ အရေပြားရောဂါ မရှိသန့်ရှင်း သပ်ရပ်စိုပြည်ခြင်း စသည့် အချက်များအပါအဝင် နွားသိုးတစ်ကောင်တွင် ရှိသင့်ရှိထိုက်သည့် ကြန်အင်လက္ခဏာများကို အခြေခံကာ ဆုများကို ဆုံးဖြတ်ရွေးချယ်ခဲ့သည်။
ပြိုင်ပွဲတစ်ခုချင်းအလိုက် အမှတ်ပေးစည်းမျဉ်းများ
ထို့ပြင် ဆိတ်ထီး၊ ဆိတ်မများ၊ သိုးထီးနှင့် သိုးမများကို မျိုးရင်းစစ်ဖြစ်ခြင်း၊ ဦးချို၊ မျက်နှာ၊ အမွေးအရောင်၊ ခန္ဓာစသည့် မျိုးရင်းစစ်၏ သွင်ပြင်လက္ခဏာ ပီပြင်ခြင်း၊ အရေပြားအမွေးအရောင် သန့်ရှင်းမှုအပါအဝင် ကျန်းမာရေးကောင်းမွန်ခြင်း၊ မျိုးပွားမှုဆိုင်ရာ အရည်အသွေး ကောင်းမွန်ခြင်း၊ အသက်အရွယ်အလိုက် ခန္ဓာကိုယ်ကြီးထွားမှု ကောင်းမွန်ခြင်းစသည့် အချက်များပါဝင်ကာ ပြိုင်ပွဲတစ်ခုချင်းအလိုက် အမှတ်ပေး စည်းမျဉ်းများ ဖြင့် ရွေးချယ်ခဲ့ကြသည်။
ဆုများအဖြစ် နွားသိုးခိုင်းနွား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုနှစ်ဆု၊ နို့စားနွားမကြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုနှစ်ဆု၊ နွားမတမ်း ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ အသားတိုးနွား အထီးပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ အသားတိုးနွားအမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ သိုးအထီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ သိုးအမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ ဆိတ်အထီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု၊ ဆိတ်အမ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုတို့ အပါအဝင် နို့စားကျွဲ (အထီး၊ အမ)၊ နွားနောက်နှင့် ဆိတ်(ကဆီ)တို့ကို အထူးဆုများ ချီးမြှင့်ခဲ့သည်။
ထိုသို့ပြိုင်ပွဲများအပြင် ခိုင်းနွား၊ နို့စားနွား၊ အသားစားနွား၊ ကျွဲ၊ နွားနောက်၊ သိုး၊ ဆိတ်နှင့် ၎င်းတို့၏ ထွက်ကုန်များကို ပြုပြင်ထုတ်လုပ်ထားသော ပစ္စည်းများ (အသားခြောက်၊ စည်သွတ်အသား၊ အသင့်စားရန် ပြုပြင်ထုတ်လုပ်ထားသော အသားများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) စသည့် မွေးမြူရေး ထုတ်ကုန်ပစ္စည်း ပြခန်းများနှင့် တိရစ္ဆာန်သုံး ဆေးဝါးပြခန်းများ၊ မွေးမြူရေးအစာဆိုင်ရာ စက်မှုပြခန်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ရေး ပညာပေးပြခန်း၊ မွေးမြူရေးအသိပညာပေးပြခန်း၊ မွေးမြူရေး သုံးဆေးဝါးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာပြခန်း၊ မွေးမြူရေးအစာဆိုင်ရာပြခန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေးစခန်း (AQS) ပြခန်းများကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ညီနောင်အသင်း ၁၂ သင်းနှင့် မွေးမြူရေးကဏ္ဍနှင့် ဆက်စပ်သည့်ကုမ္ပဏီ ၃၀ ကျော်တို့မှ ပြခန်းပေါင်း ၁၄၅ ခန်း ပါဝင်ပြသခဲ့သည်။
မွေးမြူရေးသမားအချင်းချင်း အပြန်အလှန်ဆက်သွယ်
ပြပွဲ၏ ရည်ရွယ်ချက်ကောင်းများကြောင့် အကျိုးကျေးဇူးကောင်းများစွာ ရရှိမည်ဖြစ်ကြောင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဒေသနှင့်ကိုက်ညီပြီး ထုတ်လုပ်မှု ကောင်းမွန်သော ဒေသနွား၊ သိုးနှင့် ဆိတ်မျိုးများကို ဖော်ထုတ်နိုင်ခြင်း၊ ယင်းတို့၏ ထွက်ရှိရာ အရပ်ဒေသများကို ဖော်ထုတ်နိုင်ပြီး မျိုးကောင်းမျိုးသန့်များ၏ မူရင်းဇာစ်မြစ်များကို သိရှိလာနိုင်ခြင်း၊ ဒေသထုတ်တန်ဖိုးမြှင့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း နည်းစနစ်များကို မွေးမြူရေးသမားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်ကျယ်ပြန့်လာစေခြင်းကြောင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကို ပိုမိုမွေးမြူလာနိုင်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ပြည်တွင်းထုတ်လုပ် စားသုံးမှု ဖူလုံစေခြင်းနှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိကာ မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြု စေမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပြီး ဘိုးဘွားအစဉ်အဆက်ကပင် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကို တွဲဖက်လုပ်ကိုင်ခဲ့ကြသည်။ မိသားစုစားသုံးရန် တစ်ပိုင်တစ်နိုင် သမားရိုးကျ မွေးမြူထုတ်လုပ်ကာ ပိုလျှံသည်များကိုသာ ရောင်းချသည့်စနစ်မှ ခေတ်စနစ် များအဆင့်ဆင့် တိုးတက်ပြောင်းလဲလာမှုနှင့်အတူ နွား၊ သိုးနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းသည် အသားနှင့် နို့ နှစ်မျိုးစလုံးအတွက် ရည်ရွယ်မွေးမြူနိုင်သော စီးပွားဖြစ် လုပ်ငန်းတစ်ခု ဖြစ်လာသည်။
၂၂ ရာခိုင်နှုန်းကို လယ်ယာသားငါးကဏ္ဍမှ ဖြည့်ဆည်းပေး
လယ်ယာသားငါးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သလို ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝကိုလည်း ကိုယ်စားပြုလျက်ရှိသည်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၂၂ ရာခိုင်နှုန်းကို လယ်ယာသား ငါးကဏ္ဍမှ ဖြည့်ဆည်းပေးလျက်ရှိရာ အဆိုပါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက် (၉)ရပ်တွင် စီးပွားရေးရည်မှန်းချက်အဖြစ် ပါဝင်လျက် ရှိသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တိုးပွားလာခဲ့သော လူဦးရေအတွက် အာဟာရပြည့်ဝပြီး အရည်အသွေးကောင်းမွန်သော အသားနှင့် နို့များ ပံ့ပိုးပေးနိုင်ရန်၊ နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဝန်ဆောင်မှုအရ မွေးမြူ ထုတ်လုပ်မှု တိုးတက်မြင့်မားရေးစေရန်၊ တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်ရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရေအတွက် ပေါများစွာရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံ၍ ပြည်ပတင်ပို့နိုင်သည့် နိုင်ငံခြားဈေးကွက်ရှိခြင်းကြောင့် မွေးမြူရေးကဏ္ဍသည် နိုင်ငံခြားဝင်ငွေရရှိနိုင်သလို ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်နိုင်သော ကဏ္ဍတစ်ခုဖြစ်သည်။
တစ်ဖက်တွင်လည်း မွေးမြူသူအများစုသည် တစ်ပိုင်တစ်နိုင် မွေးမြူရေးနည်းစနစ်ကို ကျင့်သုံးနေဆဲဖြစ်သည့်အတွက် တိရစ္ဆာန် တစ်မျိုးချင်း ထုတ်လုပ် မှုမြင့်မားလာစေရန် မွေးမြူရေးနှင့် ကာကွယ်ကုသရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်။
အစာအဟာရဆိုင်ရာ သွင်းအားစုများ
ထို့ပြင် အသားစားနွား၊ ခိုင်းနွား၊ နို့စားနွား၊ နွားနောက်နှင့် သိုး၊ ဆိတ်စသည်ဖြင့် အမျိုးအစားအမျိုးမျိုးရှိရာ အစာအာဟာရဆိုင်ရာ သွင်းအားစုများဖြစ်သည့် မြက်မျိုးနှင့် စားကျက်များသည်လည်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလျက် ရှိသည်။
စားကျက်ဖြင့်လွှတ်ကျောင်းခြင်းစနစ်မှ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးပြီးရိတ်သိမ်း ကျွေးမွေးသည့် ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲခြင်းကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်သလို အစုအဖွဲ့ဖြင့် မွေးမြူသည့် အလေ့အကျင့်များ၊ သမဝါယမ စနစ်များ ထူထောင်ပေးခြင်း၊ ကူးစက်ရောဂါ များကို စနစ်တကျကာကွယ် ထိန်းချုပ်ခြင်း၊ မွေးမြူမှုအားလုံးကို စီးပွားဖြစ် မွေးမြူရေးဖြစ်အောင် ပံ့ပိုးဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် က လမ်းညွှန်မှာကြားထားသည်။
အသိမြင် ဗဟုသုတများစွာကို မျှဝေပေးနိုင်ခဲ့
သို့မို့ကြောင့် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် ယခင်က တိရစ္ဆာန်များကို စားကျက်တွင် လွှတ်ကျောင်းကျွေးမွေးသည့် မိရိုးဖလာဓလေ့မှ တိရစ္ဆာန် စားပင်များ စိုက်ပျိုးကျွေးမွေးသည့် အလေ့အထကောင်းများ၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများ၊ အသိအမြင် ဗဟုသုတများစွာကို မျှဝေပေးနိုင်ခဲ့ သည့်အတွက် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသည် မွေးမြူရေးကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ရန် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထို့အတူ မွေးမြူသူတောင်သူများအနေဖြင့် သမားရိုးကျ မွေးမြူထုတ်လုပ်မှုမှသည် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များ၊ နည်းပညာအသစ်များ၊ အခွင့်အလမ်းများကို လေ့လာခွင့်ရခဲ့သည့်အတွက် ပိုမိုမွေးမြူထုတ်လုပ်နိုင်ခြင်းဖြင့် မဝေးတော့သည့် အနာဂတ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ထိုမှတစ်ဆင့် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော် လင့်မိပါသည်။ ။
မောင်မောင်