မျှော်လင့်ရင်ခုန်နေမိသည့် လူငယ်နှင့်စာပေပွဲတော်
အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ရတနာကလေးလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် “လူငယ်နှင့်စာပေပွဲတော်”ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
“လူငယ်နှင့်စာပေပွဲတော်”တွင် ဓာတ်ပုံပြခန်းများ၊ စာအုပ်စာစောင်များ၊ ကလေးစာဖတ်ခန်းများ၊ ရှေးဟောင်းကျောက်စာပြခန်းများ၊ လေကြောင်းပညာ ရပ်ဆိုင်ရာ သရုပ်ပြသခြင်းများ၊ အားကစား လှုပ်ရှားမှုပြခန်းများ၊ ကာတွန်းဓာတ်ပုံပြခန်းများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြခန်းများလည်း ပါဝင်ပြသမည် ဖြစ်သည်။
ထို့ပြင် ပွဲတော်သို့လာရောက်ကြသည့် ကလေးငယ်များအတွက် ကလေးငယ်တစ်ဦးချင်း ပြိုင်ပွဲများအဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် “လူငယ်နှင့်စာပေပွဲတော်” တွင် ပါဝင်ဆင်နွှဲနေကြမည့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူလေးများ၏ မျှော်လင့်ရင်ခုန် သံစကားများကို ဖော်ပြလိုက်ပါသည်။
ဒေါ်ယုယုကြည် (ကျောင်းအုပ်ကြီး) အ.ထ.က (၁)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော် ကျင်းပတော့မယ်လို့ သိရတယ်။ ယနေ့ ကျောင်းသားလူငယ်တွေ သမိုင်းကြောင်းအဆက်ဆက် စာပေတွေကို ပြသမယ်ဆိုရင်လည်း ဒါကိုသေသေချာချာ စူးစူးနစ်နစ် လေ့လာမယ့် ကလေးဆိုရင် ကျွန်မတို့ရဲ့ သမိုင်းမှတ်တမ်းတွေ သိမယ်။ စိတ်ဝင်စားသွားမယ်။ စိတ်ဝင်စားသွားရင် ဂိမ်းကိုစွဲလမ်းတဲ့ လူငယ်တွေဆိုရင် ဂိမ်းဆော့တာ လျော့ပါးသွားမယ်။ နောက်ပြီး ဒီပွဲတော်မှာ ပြိုင်ပွဲလေးတွေရှိတယ်လို့ ကြားတယ်။
ဒီပွဲတော်ကြီး ကျင်းပပေးတဲ့အတွက် ကလေးတွေမှာ အတွေးအမြင်လေးတွေ မှန်လာလိမ့်မယ်။ သုတ၊ ရသစာပေတွေ လေ့လာလို့ရတဲ့အခါကျတော့ စာပေဗဟုသုတတွေလည်း အများကြီး တိုးပွားလာမယ်။ အခုဆိုရင် ကျောင်းသား ကျောင်းသူလေးတွေ စာပေပွဲတော်ကြီးကို လေ့လာခွင့်ကြုံပြီ။ တစ်နိုင်တစ်ပိုင်ကိုယ်လည်း ဉာဏ်စမ်းချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို စမ်းလို့ရတယ်။ ဆုတွေလည်းရမယ်။
လူငယ်နှင့်စာပေပွဲတော်မှာ ဆရာမတို့ကျောင်းအနေနဲ့ ထာဝရမြန်မာသီချင်းနဲ့ တေးသရုပ်ဖော် ပါဝင်ဖျော်ဖြေပါမယ်။ ဒီပွဲတော်မှာ လူငယ်တွေ သွားရောက်လေ့လာရတဲ့အတွက် အသိပညာ ဗဟုသုတတွေ တိုးပွားစေတယ်။ ဒီလိုပွဲတော်ကြီးကို အများကြီးအကုန်အကျခံပြီး ကျင်းပပေးတဲ့အတွက် အဆင့်ဆင့်သော တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
ဒေါ်မိုးသူ (အလယ်တန်းပြ)အ.ထ.က (၅)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော်မှာ ကျွန်မတို့ကျောင်းအနေနဲ့ ကျောင်းသူလေးတွေက အကအလှတွေနဲ့ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ရည်ရွယ်ပြီးတော့ ကျင်းပတဲ့ လူငယ်နှင့် စာပေပွဲတော်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ပါဝင်ဆင်နွှဲခွင့် ရတယ်။ ကျွန်မတို့ရဲ့ တပည့်လေးတွေလည်း ပါဝင် ဆင်နွှဲခွင့်ရတဲ့အတွက် ဒီစာပေပွဲတော်ဖြစ်မြောက်အောင် ကျင်းပပေးတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလိုပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီပွဲတော်ကြီးမှာ လူငယ်တွေအတွက်ကို ပြခန်းတွေ ပြသမယ်လို့လည်း သိရပါတယ်။ ဒီခေတ် လူငယ်တွေက အချိန်အများစုမှာ အွန်လိုင်းမှာပဲ အချိန်ကုန်နေကြတာ များနေပါတယ်။ စာပေဖတ်ရှုတာ အင်မတန်မှ အားနည်းနေပါတယ်။ အခုဒီလို စာပေပွဲတော်တွေ ကျင်းပပေးတဲ့အတွက် ကလေးတွေမှာ စာပေဖတ်ရှုတဲ့အကျင့်လေးတွေ ပြန်ပြီးတော့ ရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ စာဖတ်ဖို့ အတွက်လည်း ပိုပြီးတော့ တွန်းအားဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
ဒီလိုပွဲတော်မျိုးကို ကျောင်းသား လူငယ်တွေအတွက် အခါအားလျော်စွာ တစ်နှစ်ကို နှစ်ကြိမ်လောက် ကျင်းပပေးနိုင်ရင်ပိုပြီးတော့ ကောင်းမယ်ထင်ပါတယ်။ ကျွန်မတို့ မြို့နယ်တွေမှာဆိုရင်လည်း ခမ်းခမ်းနားနားကြီး မဟုတ်တောင် ကလေးတွေအတွက် ပွဲတော်လေးတွေ ကျင်းပပေးမယ်ဆိုရင် လူငယ်တွေဟာ စာဖတ်ခြင်းမှာပိုပြီးတော့ မွေ့လျော်လာမယ်။ စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။
ဒေါ်ဝေမာလှိုင် (အလယ်တန်းပြ) အ.ထ.က(၁)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော်အတွက် ပြည်ထောင်စု တိုင်းရင်းသားအကမှာ ကျောင်းသား ကျောင်းသူလေး အဆင်ပြေပြေဖျော်ဖြေနိုင်ဖို့အတွက် ကြီးကြပ်ရေး တာဝန်ယူထားပါတယ်။ ဒီပွဲတော်ကြီး ကျင်းပပေးတဲ့ အတွက် လူငယ်တွေ တစ်ဦးနဲ့တစ်ဦး အသိပညာတွေ ဖလှယ်မိပြီးသားလည်း ဖြစ်သွားပါတယ်။ ဗဟုသုတတွေ အများကြီးရမယ်။ စာပေနဲ့ ပတ်သက်ပြီး ပိုပြီးရင်းနှီးလာမယ်။ စာပေကိုပိုပြီး စိတ်ဝင်စားလာမယ်။ အခုလိုပွဲတော်ကြီးကို ပြုလုပ်ပေးတဲ့ အတွက် ခုခေတ်လူငယ်တွေကြားက အွန်လိုင်းဂိမ်းကစားမှုကို လျှော့ချသွားနိုင်မယ်။ ပွဲတော်ကိုလာရောက်လေ့လာကြတဲ့ လူငယ်တွေရဲ့ စိတ်မှာ စာပေကိုချစ်မြတ်နိုးတဲ့စိတ်တွေ အရင်ကထက်ပိုပြီး မြင့်တက်လာမယ်လို့ ထင်မိပါတယ်။
မမိုးပြည့်ပြည့်နိုင် (Grade(9)) အ.ထ.က (၅)၊ပျဉ်းမနား
သမီးက လူငယ်နှင့်စာပေပွဲတော်မှာ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေဝတ်ဆင်ပြီး ကပြအတွက်တော့ ပထမဆုံးကြုံတွေ့ဖူးမှာပေါ့။ အဲဒီအတွက် ပျော်လည်း ပျော်မိတယ်။ ဂုဏ်လည်း ဂုဏ်ယူမိတယ်။ ကျောင်းပိတ်ရက် အားလပ်ချိန်တွေမှာတော့ စာအုပ်စာပေတွေလေ့လာဖြစ်တယ်။ ဖတ်ဖြစ်ပါတယ်။ လူငယ်တွေ လည်း စာဖတ်ဝါသနာပါလာပြီးတော့ အသိပညာတွေ ကြွယ်ဝလာမယ်လို့ မျှော်လင့်မိပါ တယ်။
မ L-ဆန်းဂျားနူး (Grade(9)) အ.ထ.က (၅)၊ပျဉ်းမနား
သမီးက လူငယ်နှင့်စာပေပွဲတော်မှာ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်ပါတယ်။ လူငယ်နှင့်စာပေပွဲတော် ဆိုတာ သမီးရဲ့ဘဝမှာ ဒါကပထမဦးဆုံး အကြိမ်ပါပဲ။ ပထမဆုံးအကြိမ်မှာလည်း ပါဝင်ဆင်နွှဲပြီး ဖျော်ဖြေရမှာဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူရပါတယ်။ ပွဲတော်ကြီးမှာ စာအုပ်စာပေတွေလည်း ပြသမှာဖြစ်တယ် လို့ သိရတဲ့အတွက် သွားရောက် လေ့လာရမှာကို ပျော်ရွှင်နေပါတယ်။
မောင်သက်ဝေယံစိုး၊ (Grade(8))၊ အ.ထ.က (၁)၊ ပျဉ်းမနား
လူငယ်နှင့်စာပေပွဲတော်မှာ ကျွန်တော်က တိုင်းရင်းသားအကနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲရတော့မှာ ဖြစ်တဲ့အတွက် ပျော်ပါတယ်။ ဒီပွဲတော်ကြီးကနေ ဗဟုသုတများစွာလည်း ရမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲရမယ်လို့ တစ်ခါမှလည်း မမျှော်လင့်ထားပါဘူး။ပွဲတော်ရောက်ရင် အားကစားပြိုင်ပွဲတွေမှာ ပါဝင်ကစားရမယ်၊ စာပေတွေလေ့လာရမယ်၊ လေကြောင်းပညာရပ်တွေ သိရှိခွင့်ရတော့ မယ်ဆိုတော့ ဝမ်းသာဂုဏ်ယူ မိတယ်။
မပန်းမြတ်သီတာအောင် (Grade(10))၊ အ.ထ.က (၅)၊ ပျဉ်းမနား
သမီးက လူငယ်နှင့်စာပေပွဲတော်မှာ တိုင်းရင်းသားအကနဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။ လူငယ်နှင့် စာပေပွဲတော်ကို ပါဝင်ဆင်နွှဲရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်မိတယ်။ ဒီလိုပွဲတော်မျိုးကို သမီးက အခုမှကြုံဖူးမှာဆိုတော့ ပိုပြီးရင်ခုန်နေမိတယ်။ ပွဲတော်မှာ ဂိမ်းကစားနည်းတွေလည်း ပါမယ်။ စာအုပ်စာပေတွေလည်း လေ့လာရမယ်။ ဒါ့အပြင် တခြားဗဟုသုတရစရာ လေ့လာစရာပြခန်း၊ ပြကွက်တွေလည်း ပါဝင်မှာဆိုတော့ သမီးတို့အတွက် လေ့လာစရာတွေ၊ အသိပညာဗဟုသုတ ရစရာတွေ များမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဒီပွဲတော်ကြီးမှာ သမီးတို့လို လူငယ်လူရွယ်တွေကို ပြောချင် ပါတယ်။ လာရောက်လေ့လာကြပါလို့လည်း ဖိတ်ခေါ် ချင်ပါတယ်။
မပိုးအိအိချို (Grade(9)) အ.ထ.က (၁)၊ပျဉ်းမနား
သမီးက ဒီပွဲတော်မှာ ထာဝရမြန်မာသီချင်းနဲ့ ကပြဖျော်ဖြေမယ့်အဖွဲ့မှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ သမီးဒီလိုမျိုးပွဲတော်ကြီးကို တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒီပွဲတော်ကသမီးတို့ လူငယ်တွေအတွက် အများကြီး အထောက်အကူဖြစ်ပြီး ဗဟုသုတရလိမ့် မယ်လို့မျှော်လင့်ပါတယ်။ ဒီပွဲတော်မှာ သမီးစိတ်ဝင်စားတဲ့ စာအုပ်တွေကိုဝယ်မယ်။ ပြခန်းတွေကို လေ့လာမယ်။ ပွဲတော်ကို လာရောက်ကြတဲ့ လူငယ်တွေအတွက် ပြိုင်ပွဲတွေ စီစဉ်ထားတယ် ဆိုတော့ အဲဒီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စိတ်ကူး ထားပါတယ်။
စိုင်းထွန်းလှိုင်(ဒက္ခိဏ)