Skip to main content

ပြည်ထောင်စုသားတစ်ဦး၏ ပြည်ထောင်စုအိပ်မက်

၁၂၊ ဖေဖော်ဝါရီ ၂၀၂၂။  လွန်ခဲ့သည့်  ၇၅ နှစ်က ပြည်နယ်၊  ပြည်မ၊   တောင်တန်းဒေသမကျန် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယခုနှစ်ဆို စိန်ရတုအခါသမယပင် ရောက်ပေပြီ။

ပင်လုံစာချုပ်နှင့် မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့လွတ်လပ်ရေးနှင့် ပင်လုံစာချုပ်တို့က  တကယ်တမ်း ခွဲခြား၍မရ။ အညမည သဘောဆောင်လေသည်။ တောင်ပေါ်မြေပြန့်မှ မောင်နှမ ညီအစ်ကိုများသည် အရေးကြီးတော့ သွေးစည်းခဲ့ကြသည်။ အရေးကြုံတော့  သွေးဆုံခဲ့ကြသည်။ 

လွတ်လပ်ရေးကိုရယူနိုင်ခဲ့ကြ
ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ရင်ချင်းအပ်၊ ကျောချင်းကပ်မျှ သွေးစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြသည်မို့ စိန်ရတု ပြည်ထောင်စုနေ့နှင့် စိန်ရတု လွတ်လပ်ရေးနေ့တို့က လည်း ကျောချင်းကပ်လျက် ရှေ့ဆင့်နောက်ဆင့်ပင်။

တစ်ခေတ်တစ်ခါက ပြည်ထောင်စုနေ့ အခမ်းအနား မြင်ကွင်းများကား စိတ်ထဲမှာ တဖျတ်ဖျတ် ထင်ဟပ်လာသည်။
“တို့ပြည်ထောင်စုအလံတော်သည် ... တလူလူ လွင့်လို့ချီလာပြီ၊

ပြည်သူအပေါင်းတို့ ပျော်ရွှင်ကြည် ... မနှေးအခု အလေးပြုကြပါသည်”

ကျွန်တော်တို့မျိုးဆက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ကြီးပြင်းလာခဲ့ရသည့် မျိုးဆက်။ သို့ကြောင့် နှစ်အစ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လတို့တွင် ပြည်နယ်နှင့်တိုင်း ၁၄ ခုသို့ ပြည်ထောင်စု အလံတော် လှည့်လည်ခဲ့သည့် မြင်ကွင်းများ၊ ပြည်ထောင်စုအလံတော်ကို တိုင်းရင်းသား ပြည်သူများ လက်ဆင့်ကမ်း သယ်ယူခဲ့ကြသည့် ပုံရိပ်များကား ကျွန်တော်တို့အဖို့ မေ့မရ။ ဖျောက်ဖျက်၍လည်း မရစကောင်း။

ငယ်ဘဝ၏ အပျော်ဆုံးနေ့ရက်များထဲတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌  ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ပွဲတော်ကလည်း ထိပ်ဆုံးက ပါဝင်သည်။ ပျားဂေဟာက  ရောင်းချသည့် ကြက်ကြော်၊ ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့်တိုင်း  ပြခန်းများကား မေ့မရ။

မှေးမှိန်ကွယ်ပျောက်၍ မရစကောင်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားများသည် ကျွန်တော်တို့ကို ငယ်စဉ်တောင်ကျေးကလေး ဘဝမှာပင် ပြည်ထောင်စုစိတ်ဓာတ်ကို ရင့်သန်စေရန် သန္ဓေတည် မွေးဖွားခဲ့ပါသည်။ သို့ကြောင့်မို့ ပြည်ထောင်စုသား တိုင်းရင်းသားများကို ကျွန်တော်တို့ ချစ်မြတ်နိုးပါသည်။ တကယ်တော့ မည်သည့်ခေတ်၊ မည်သည့်စနစ်ပဲဖြစ်ဖြစ် ပြည်ထောင်စု စိတ်ဓာတ်ကို သန္ဓေတည် ပေးခဲ့သည့် ပြည်ထောင်စုနေ့သည် မှေးမှိန်ကွယ်ပျောက်၍ မရစကောင်းပေ။
အရွယ်ရောက်လို့ လုပ်ငန်းခွင်ရောက်တော့လည်း လုပ်ငန်းသဘာဝအရ ပြည်ထောင်စုနယ်မြေတစ်ဝန်းသို့ ရောက်ခဲ့ရပြန်သည်။ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ် နန်းယွန်း၊ ပန်ဆောင်မှသည် တောင်ဖျား တနင်္သာရီ၊ ရေး၊ မြိတ်၊ ထားဝယ်။ မြန်မာပြည်အရှေ့ခြမ်း ရှမ်းပြည်နယ် ကျိုင်းတုံ၊ မိုင်းခတ်၊ တာချီလိတ်၊ ဟိုမိန်း၊ ကဒူးကြီး၊ ကဒူးလေးမှသည် အနောက်ခြမ်း  ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောအထိ သွားပါများ ခရီးရောက်ခဲ့သည်။ ရောက်တိုင်းလည်း မျက်စိကိုဖွင့်၊ နားကိုစွင့်မိသည်။

လယ်ကွင်းများ၊ မြစ်ချောင်းအင်းအိုင်များ၊ သစ်တောများ၊ တောင်ပေါ်က ထုံးဖြူ ဖွေးဖွေးစေတီလေး တို့အပါအဝင် ပြည်ထောင်စုနယ်မြေအတွင်းရှိ သဘာဝရှုမျှော်ခင်းများက ကျွန်တော့်အဖို့ ရှုမဝ။ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ လူမှုစီးပွား ဘဝကလည်း  တစေ့တစောင်း စေ့ငုလေ့လာစရာ ကောင်းသည်။ 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအတော်များများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြ သည်မို့ သေနတ်သံ၊ အမြောက် သံများကတော့  တစ်နိုင်ငံလုံးနီးနီး တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါသည်။ သို့ရာတွင် လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်များကြောင့် ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်ရစ် ခဲ့ရသည်။  နယကအစိုးရက  ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခု သတ်မှတ်၍ ဆူကြုံနိမ့်မြင့်ကွာဟမှုကို နည်းပါး အောင် လုပ်နိုင်သမျှ လုပ်ပေးသွားသည်။ သို့တစေ ဆယ်စုနှစ်များစွာဖြစ်တည်ခဲ့သော မြန်မာပြည်၏ ဆိုးရွားသောအနာရောဂါသည်   ရှင်းရှင်းသက်သာ ပျောက်ကင်းရန်မှာ မလွယ်ကူလှပါ။

ထိုထိုသော   အကြောင်းစုံကို   ပေါင်းစုံရင်း ကျွန်တော့်နှလုံးသားထဲတွင်   “ပြည်ထောင်စု အိပ်မက်”က ဖြစ်တည်လို့ လာခဲ့သည်။ ပြည်ပနိုင်ငံများသို့ လုပ်ငန်းတာဝန်ဖြင့်  သွားရောက်ခဲ့ပြီး နောက်မူ ပြည်ထောင်စုအိပ်မက်သည် ပိုလို့ပင် သက်ဝင်ရှင်သန်နိုးထလာခဲ့လေသည်။

အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်ခရီးစဉ်။ အားလုံးသိကြသည့်အတိုင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် ကမ္ဘာပေါ်တွင်  တတိယအကြီးဆုံးနှင့် အာရှတိုက်တွင် အကြီးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပြည်နယ် ၂၃ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု၊ တိုက်ရိုက်အုပ်ချုပ်ရာမြို့လေးမြို့နှင့်  အထူးအုပ်ချုပ် ရေးဒေသကြီးနှစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ နယ်နိမိတ်ချင်းထိစပ်နေသည့် ယူနန်ပြည်နယ် တစ်ခုတည်းပင်လျှင် မြန်မာပြည်နှင့်  မတိမ်းမယိမ်း  ကျယ်ဝန်းသည်။

ထိုကျယ်ဝန်းမှုများကို မြေကြောရှုံ့ပေးထားသည်က ခေတ်မီအဆင့်မြင့်လမ်းပန်း ဆက်သွယ်ရေး အဆောက်အအုံများ။ မြန်နှုန်းမြင့်ရထားလမ်း ကွန်ရက်များ၊  လက်ယှက်ထိုး မိုးပျံအဝေးပြေး လမ်းမကြီးများ၊ မြေအောက်ဥမင်လမ်းများ၊ မြစ်ချောင်း အင်းအိုင် လျှိုမြောင်များကိုချိတ်ဆက်ထားသော တံတားကြီးများ၊ လေကြောင်းခရီးဖြင့် လွယ်လင့် တကူ ချိတ်ဆက်သွားလာနိုင်ရန် ပြည်နယ် အသီးသီးရှိ မြို့တိုင်းလိုလိုတွင်  တည်ဆောက်ထားသော ခေတ်မီလေယာဉ်ကွင်းများ။

ဆိုရလျှင် ခေတ်သစ်တရုတ်ပြည်သည် တစ်နယ်နှင့်တစ်နယ် အလှမ်းဝေးသော်လည်း ခရီးမဝေးတော့ပါ။ လေ့လာမိသမျှ မြို့တိုင်းမြို့တိုင်းကား ဆူကြုံနိမ့်မြင့်ကွာဟမှု တစ်စတစ်စ နည်းပါးလာပြီး အပြိုင်းအရိုင်း ဖွံ့ဖြိုးတိုးတက်လို့နေခဲ့ပါပြီ။

ကျွန်တော်၏ ပြည်ထောင်စုအိပ်မက်ထဲတွင် ထိုထိုသောပုံရိပ်တို့ကား အမြဲတစေ လွှမ်းခြုံ ထင်ဟပ်လို့နေပါသည်။ ပြည်ထောင်စုနယ်မြေ တစ်ဝန်းဆီသို့ ထိုသို့သော မြန်နှုန်းမြင့် ကျည်ဆန် ရထားများ၊ မိုးပျံလမ်းတံတားတို့ဖြင့်  တစ်ခဏအတွင်း ဥဒဟို သွားရောက် လည်ပတ်ချင်စမ်းပါဘိ။ မြေပြန့်က ညီအစ်ကိုများနှင့်အတူ အရှေ့တောင် အာရှတွင် တစ်ခုတည်းသော တည်ရှိရာ ကချင်ပြည်နယ် မြောက်ဖျားက ရေခဲတောင်တွေပေါ်လည်း လျှောက်စမ်းချင်ပါဘိ။  တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ အနေဖြင့်လည်း ကိုယ့်ဒေသ ရပ်ရွာတွင် မပူမပင်၊ မတောင့်မတ၊ မကြောင့်မကြ ချမ်းချမ်း သာသာ၊ အေးချမ်းပျော်ရွှင်စွာ ရှင်သန်နေထိုင်လျက်ရှိသည့် မြင်ကွင်းပုံရိပ် တို့ကိုလည်း တောင့်တ မက်မြင်မိပါ၏။
ဟန်ချက်ညီဖို့လို
ထိုထိုသော ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ပထမဦးဆုံး ခြေလှမ်းသည်ကား ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးမရှိဘဲ တည်ငြိမ်မှု မဖြစ်နိုင်။ တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးမှုမရှိနိုင်။ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးသည် ဟန်ချက်ညီဖို့ လိုပါသည်။

ထို့အတူ ထာဝရငြိမ်းချမ်းရေး၏ အဖြေသည် NCA ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)သည်သာ မြန်မာပြည်၏ နာတာရှည်လက်နက်ကိုင် ပဋိပက္ခ၏ တစ်ခုတည်း သော အဖြေ၊ တစ်ခုတည်းသော ထွက်ပေါက်ဟု ကျွန်တော် ယုံကြည်သည်။ 

နှစ်ပေါင်း ၇၀ ကျော်ကြာအောင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခသည်  တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကြီး အတွက် အဖြေမှန်မဟုတ်။ အဖြေ မှန်သည် တွေ့ဆုံဆွေးနွေးရေးဟူသည့် နိုင်ငံရေး ယဉ်ကျေးမှုစားပွဲဝိုင်းသာဖြစ်သည်။

“အချင်းချင်းဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲနဲ့ တိုက်ခိုက် သတ်ဖြတ်နေကြတာ ကချင် တစ်ယောက်သေလည်း တိုင်းပြည်ဆုံးရှုံးတာပဲ၊ ဗမာတစ်ယောက်သေလည်း တိုင်းပြည် ဆုံးရှုံးတာပဲ၊ ရှမ်းတစ်ယောက်သေလည်း တိုင်းပြည်ဆုံးရှုံးတာပဲ၊ ကရင်တစ်ယောက်သေလည်း တိုင်းပြည်ဆုံးရှုံးတာပဲ။ ဆုံးရှုံးတာကတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအင်အား ပြုန်းတီးစေတာပါပဲ။ ထို့အတူ မြန်မာနိုင်ငံမြေပုံကို ချပြပြီး  ဒီမြေပုံ ထဲမှာမွေး၊ ကြီးပြင်းပြီး ဒီနိုင်ငံကို အားလုံးချစ်ကြ သူတွေချည်းပဲ၊ ဘယ်သူမှခွဲမထွက်ချင်ကြပါဘူး။ ဒီတော့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းကြဖို့ပါပဲ” 

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘော တူစာချုပ်  လက်မှတ်ရေးထိုးပွဲကို သမိုင်းဝင် ဆောင်ရွက်ခဲ့သည့် ထိုစဉ်က သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အတွေးအမြင် မိန့်ခွန်းကလည်း နိုင်ငံရေးသံဝေဂရယူ ဆင်ခြင်ဖွယ်ရာ၊ အမှတ်ရစရာ တစ်ခုဖြစ်သည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရလက်ထက်တွင်လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိပြီး  ဗဟိုကော်မတီက  ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မူဝါဒ(၄)ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက်ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြုလုပ် ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့သည်။ ဆက်လက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူ ထုတ်ပြန်ချက်အရ ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အနာဂတ်အတွက် အားတက်ဖွယ်

“၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် ယခုနှစ်ဟာ စိန်ရတုအကြိုကာလ ဖြစ်ပါတယ်။ ဒါကြောင့် ၇၅ နှစ်တာကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်မှာငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်” ဟူသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကားပါ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကလည်း နိုင်ငံတော်၏ ရှေ့အနာဂတ်အတွက် အားတက်ဖွယ် ဖြစ်ရသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်

ပြည်ထောင်စုနယ်မြေတစ်ဝန်း ငြိမ်းချမ်း သာယာဝပြောရေး၊ အကြားအလပ်မရှိ ဖွံ့ဖြိုး တိုးတက်ရေးဟူသည့် ပြည်ထောင်စုအိပ်မက်သည် မဝေးလှတော့ပါ။ ပြီးတော့  နိုင်ငံရေး ယဉ်ကျေးမှု စားပွဲဝိုင်းမှတစ်ဆင့် ပေါ်ပေါက်လာမည့် အေးအတူပူ အမျှ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း တည်းဟူသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုအိပ်မက်။

“I have a dream ကျွန်တော်အိပ်မက်မက် ထားတယ်။ တစ်နေ့မှာ လူမည်းကလေးတွေဟာ လူဖြူကလေးတွေနဲ့လက်တွဲပြီး ကစားကြ၊ အတူ စားသောက်ကြမှာပါ”

လက်တွေ့ အသက်ဝင်လာ ၁၉၆၃ ခုနှစ် ဩဂုတ် ၂၈ ရက်မှာ ဝါရှင်တန်ဒီစီရှေ့ လင်ကွန်းအောက်မေ့ဖွယ် အဆောက်အအုံ၏ လှေကားမှာရပ်ပြီး ပြောကြားခဲ့သည့် လူဖြူလူမည်း အသားအရောင် ခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး လူမည်းခေါင်းဆောင် မာတင်လူသားကင်းဂျူနီယာ၏ သမိုင်းဝင်မိန့်ခွန်းထဲမှ အိပ်မက်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီးများဖြစ်ကြသည့် ကွန်ဒိုလီဇာရိုက်နှင့် ကောလင်းပါဝယ်တို့ခေတ်တွင် လက်တွေ့ အသက်ဝင်လာခဲ့ချေပြီ။

မိမိတို့ ပြည်ထောင်စုသား အားလုံး  မက်မြင်လျက်ရှိသည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်သည်လည်း မလွဲဧကန် လက်တွေ့ သက်ဝင်လာမည်ဟု ကျွန်တော်ယုံကြည်မိပါ၏။        ။

စာချစ်သူ