Skip to main content

အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို

မောင်သောင်းဝင်း(တမန်ဟောင်း)

ရေမရှိလျှင် သက်ရှိအားလုံးရှင်သန်ကြွင်းကျန်နိုင်မည် မဟုတ်ချေ။ နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင်ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုးမကြုံရလေအောင် အဖိုးတန်သောရေကို မိုးရာသီကတည်းက စနစ်တကျ စုဆောင်းထားပြီး ချွေတာသုံးစွဲသွားသင့်သည်။

စင်စစ်အားဖြင့် သက်ရှိများအတွက် အရေးပါ ဆုံးသောအရာသည် “ရေ” ပင်ဖြစ်နေသည်။ ဓာတုဒြပ်ပေါင်း တစ်ခုဖြစ်သည့် ရေမော်လီကျူး တစ်ခုတွင် ဟိုက်ဒရိုဂျင်အက်တမ်တစ်ခုနှင့် အောက်ဆီဂျင် အက်တမ်နှစ်ခု (H,O)တို့ ပေါင်းစပ် ပါဝင်ကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒ ဘာသာရပ်တွင်သင်ကြားခဲ့ရသည်။ ရေကိုသတ်မှတ် အပူချိန်နှင့် ဖိအားအောက်တွင် အရည်အဖြစ်တွေ့ ရလေ့ရှိသည်။ ထို့အပြင်ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နှင့် တိမ်တိုက်အဖြစ်လည်း ရပ်တည်နေပါ သည်။ ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော် ကို ရေထုဖြင့် ဖုံးလွှမ်းထားရှိပြီး ရေအများစုသည် ပင်လယ်သမုဒ္ဒရာများတွင် စုဖွဲ့ တည်ရှိနေကြသည်။

အထူးသဖြင့်ရေသည် ကမ္ဘာ့စီးပွားရေးလုပ်ငန်း များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ လူသားတို့အသုံးပြုသည့် ရေ ၇၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျက် ရှိသည်။ ရေတွင် ကယ်လိုရီနှင့် အာဟာရများ ပါဝင်ခြင်းမရှိသော်လည်း ဘေးကင်းလုံခြုံသော သောက်သုံးရေသည် လူသားတို့နှင့် အခြားသက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရေး အတွက် များစွာ အရေးပါလျက်ရှိသည်။

သန့်ရှင်းသောရေရှားပါးလာ

ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေနှင့် ဖုံးလွှမ်းလျက်ရှိသော်လည်း သန့်ရှင်းသောသောက်သုံး ရေမှာမူ အလွန်အမင်းရှားပါးလျက် ရှိသည်။ ကမ္ဘာ့ရေထု၏ ၃ ရာခိုင်နှုန်း ခန့်သာလျှင် သန့်ရှင်းသော သောက်သုံးရေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ဝမ်းလျှောဝမ်း ပျက်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ပွား ခြင်းနှင့် ရေနှင့်ဆက်စပ် သည့် အခြားရောဂါများ ဖြစ်ပွားလျက် ရှိသည်။ အထူးသဖြင့် ကလေးငယ် အများစုအပါအဝင် နှစ်စဉ် လူ နှစ်သန်းခန့်သည် ဝမ်းရောဂါဖြင့် သေဆုံးရလျက်ရှိသည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ ၄ ဘီလီယံခန့်သည် ရေရှားပါးမှု ဒဏ်ကို တစ်နှစ်လျှင် အနည်းဆုံး တစ်လခန့် ကြုံတွေ့ရလျက်ရှိသည်။ လူဦးရေ ၂ ဘီလီယံကျော် သည် ရေဖူလုံမှုမရှိသော နိုင်ငံများတွင် နေထိုင် ရလျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေရှားပါးသည့်ဒေသများတွင် နေထိုင်ရတော့မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၇ဝဝ ခန့်သည် အလွန်အမင်း ရေရှားပါးမှုနှင့် ကြုံတွေ့ရတော့ မည်ဖြစ်သောကြောင့် အိမ်ခြေရာမဲ့များ ဖြစ်လာတော့မည် ဖြစ်သည်။ ၄င်းအပြင် ၂ဝ၄ဝ ပြည့်နှစ်တွင် ကလေးငယ် လေးဦးလျှင် တစ်ဦးသည် အလွန် အမင်း ရေရှားပါးမှုအန္တရာယ်နှင့် ကြုံတွေ့ရတော့ မည် ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း၌ရေရရှိရေးအတွက်နည်းလမ်းကောင်းများ တိုးတက် လာသော်လည်း လူဦးရေ သန်း ၁ဝဝဝ ခန့်သည် သန့်ရှင်းသော သောက်သုံးရေ မရှိနိုင်သေး သည့်အပြင် ကျန်သန်း ၂၅ဝဝ ခန့် သည်လည်း ကျန်းမာရေးနှင့် ညီညွတ်သောရေကို ဖူလုံစွာမရှိ ကြသေးပါ။ ထို့အပြင် ၂၀၂၅ ခုနှစ် ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေကိုအခြေခံ သည့်ရောဂါများနှင့် ရင်ဆိုင်ရမည်ဟု လေ့လာသုံးသပ်သူများက ဆိုထားသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲဒေသများတွင် ရေလိုအပ်ချက်သည်၅ဝရာခိုင်နှုန်းကျော်လွန်မည်ဟု ဆိုသည်။

အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် စစ်ပွဲများ သည် နိုင်ငံရေးကြောင့်မဟုတ်ဘဲ သောက်သုံးရေ ရရှိရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည်ဟု  ဆိုသည်။ လူဦးရေတိုးပွားလာမှုသည်လည်း  ရေရှားပါးရခြင်း၏ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်သည်။ ရေရှားပါးမှု ကြုံတွေ့နေရပြီးဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၃၅ဝဝ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့်  ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက  ခန့်မှန်းထားရှိသည်။ ထို့ကြောင့် ရေအရင်းအမြစ် များကို အချိန်မီစနစ် တကျ ထိန်းသိမ်းကာကွယ်မှုမရှိ လျှင် ရေရှားပါးပြတ်လပ်မှု ပိုမိုမြင့်မားလာမည် ဖြစ်သည်။

ရေရှားပါးမှုဖြစ်ရသည့်အကြောင်းရင်းများ

မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ် ငန်းများ ထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို လွန်ကဲစွာ ခုတ်လှဲခြင်းသည် ရေရှားပါးရခြင်း၏  အခြေခံအကြောင်း တရားများပင် ဖြစ်သည်။ ရာသီ ဥတုဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းများ ကျခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုဖြစ်ရပ်များ အကြိမ်ကြိမ်ဖြစ်ပွားမှုသည် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်း ထားနိုင်စွမ်းနည်းပါးလာပြီး ရေရှားပါးခြင်းဟူ သော နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသည်။

ထို့အပြင် မြို့ပြများတွင် စက်ရေတွင်းများ လွန်ကဲစွာ တူးဖော်ခြင်းသည်လည်း မြေအောက်ရေ အရင်းအမြစ်ကို ဆုတ်ယုတ်စေပါသည်။ ရေ  သည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စက်ရုံ များမှ ထုတ်လွှတ်သော စွန့်ပစ်ဓာတုပစ္စည်းများကို မြစ်၊ ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ စွန့်ပစ်လေ့ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံများအား အအေးခံခြင်းနှင့် ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာတွင်လည်း ရေလမ်းကိုသာ အသုံးပြုကြရသည်။ ထို့ကြောင့် စနစ်တကျစီမံခန့်ခွဲမှုများဖြင့်သာ အနာဂတ် ရေရှားပါးပြတ်လပ်မှု ပြဿနာကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်သည်။

ရေအရင်းအမြစ်ကို စနစ်တကျထိန်းသိမ်းရန် လိုအပ်သည့်အပြင် ရေထုညစ်ညမ်းမှုကို ကာကွယ် သွားရေးသည်လည်း လူသားအားလုံး၏ တာဝန် တစ်ရပ်ဖြစ်သည်။ ဓာတုစက်ရုံများမှ စွန့်ပစ်ပစ္စည်း များအား မြစ်၊ ချောင်းများအတွင်းသို့ စည်းမဲ့ ကမ်းမဲ့စွန့်ပစ်ခြင်းနှင့် ခေတ်မီဆန်းသစ်သော လက်နက်များအား ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပစ်ခတ်စမ်းသပ်မှုများသည် ရေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် သက်ဆိုင် ရာအဖွဲ့ အစည်းများသည် နိုင်ငံတကာ ပဋိညာဉ် များနှင့် ကတိကဝတ်များကို လိုက်နာစောင့်ထိန်းပြီး ရေထုညစ်ညမ်းမှုအန္တရာယ်ကို ကြိုတင်ကာကွယ် သွားသင့်သည်။

ရေကိုဘယ်လိုချွေတာမလဲ

လူတိုင်းသည် နေ့စဉ် မိုးလင်း၊ မိုးချုပ် ရေကို သုံးစွဲနေရမည်ဖြစ်သည်။ ထိုသို့ သုံးစွဲရာတွင် လူတစ်ဦးတစ်ယောက်ချင်းစီမှ အဖိုးတန်ရေကို ချွေတာသုံးစွဲသွားမည်ဆိုလျှင် ရေရှားပါးသော ဒေသရှိ ပြည်သူများကို ကူညီရာရောက်ပါသည်။ ရေကို အောက်ပါနည်းလမ်းများ အတိုင်းသာခြိုးခြံ ချွေတာသုံးစွဲသွားသင့်ပါသည်-

(၁) သွားတိုက်နေစဉ်၊ သို့မဟုတ်ခေါင်းလျှော် နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်း။

(၂) ရေပိုက်ခေါင်းများကို မလိုအပ်လျှင်ပိတ်ထားခြင်း။

( ၃ ) နေအိမ်ရှိ ရေပိုက်ခေါင်းအားလုံးကို ပြုပြင်ထားခြင်း။

( ၄ ) ရေချိုးခန်း ရေပန်းခေါင်းတိုတိုကိုသာအသုံးပြုခြင်း။

( ၅ ) ရေပန်းခေါင်းကို လိုအပ်သလောက်သာဖွင့်၍ ရေချိုးခြင်း။

( ၆ ) ပန်းဥယျာဉ်များကို မိုးရေနှင့်သာပက်ဖျန်းခြင်း။

( ၇ ) အိမ်သာရေစိမ့်မှုကို ပြုပြင်ထားခြင်း။

( ၈ ) ရေစိမ့်နေသည့်နေရာများကို စစ်ဆေးခြင်း။

(၉) မိုးရေကို ခံထားခြင်း။ (၁၀) ရေအိမ်ကို အမှိုက်ပုံးကဲ့သို့ အသုံးမပြုခြင်း။

 (၁၁) ရေချွေတာသည့်စက်များ ဝယ်ထားခြင်း (ဥပမာ- ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်)။

(၁၂) မည်သည့်အခါမျှ ရေကိုမသွန်ပစ်ရန်။

ပင်ပန်းဆင်းရဲကြ နွေရာသီရောက်ပြီဆိုသည်နှင့် ကျေးလက်နေ ပြည်သူများ အထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဝေးကွာသောဒေသများတွင် နေထိုင်သူများအတွက် ခေါင်းအခဲရဆုံးပြဿနာသည် သောက်သုံးရေရှားပါး မှုပင်ဖြစ်သည်။ နွေရာသီ၌ ရေရှားပါးမှုကြုံတွေ့ ရသည့် အချို့သောဒေသများတွင် နေ့စဉ်သုံးရေရရှိ ရေးထက် သောက်ရေဖူလုံရေးကိုပင် များစွာခက်ခဲ ကြသည်။ ကျေးလက်နေပြည် သူများသည်သောက်သုံးရေ တစ်ပုံး၊ တစ်အိုးရရှိရေးအတွက် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာများသို့ ပင်ပန်းကြီးစွာသွားရောက်ကာ ခပ်ကြရလေ့ရှိသည်။ နွေရာသီတွင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွားများနှင့်အတူ ရေရှိသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေကန်ရှိသော နေရာများသို့ သွားရောက် ခိုနေရလေ့ရှိပါသည်။

အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို

စင်စစ်အားဖြင့် နွေရာသီတွင် ရေရှားပါးမှု ပြဿနာကို နှစ်စဉ်ကြုံတွေ့နေရသဖြင့် ကျေးလက်  နေ ပြည်သူများ၏ အနာဂတ်ကို မျှော်တွေးကာသောက်သုံးရေဖူလုံရေးအတွက် ထိရောက်သော ရေရှည် စီမံချက်များ ချမှတ်အကောင်အထည် ဖော်ပေးသင့်ပါသည်။ နွေရာသီတွင် ရေရှားပါး ပြတ်လပ်မှုကြုံ တွေ့ရသည့် ဒေသများသည် မိုးရာသီတွင် ရေအောက်ကြမ်းပြင်ဖြစ်သွားလေ့ ရှိသည်။ ကျေးလက်နေပြည် သူများသည် ထိုအခြေအနေမျိုးကို နှစ်စဉ်ကြုံတွေ့နေကြရသည်။ လတ်တလောအခက်အခဲကို လက်ပူ တိုက်ဖြေရှင်း ခြင်းသည် မှန်ကန်သော နည်းလမ်းတစ်ရပ်မဟုတ် ချေ။ ထို့ကြောင့် ရေရှားပါးမှုနှင့် ရေလွှမ်းမိုးမှုဒဏ်မှ ကင်းဝေးရလေအောင် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက် သွားရန်လည်း လိုအပ်ပါသည်။ နွေရာသီတွင် ကျေးလက်နေပြည်သူများ  ရေဖူလုံရေးအတွက် အလှူရှင်များအပါအဝင် တာဝန်ရှိသူများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။

ဆိုရလျှင် ရေဖူလုံစွာရရှိသူများ၊ အထူးသဖြင့်  ဝန်ထမ်းများသည် ရေကို ချွေတာသုံးစွဲသင့်သည်။ ရေချိုးခန်းများ၊ အများသုံးအိမ်သာများနှင့် ပန်းခြံ များတွင် ရေပိုက်ခေါင်းများ ပွင့်နေလျှင် ပိတ်ထား သင့်သည်။ ထို့အပြင် ပန်းပင်များနှင့် မြက်ခင်းများ ကို ရေပိုက်ကြီးများဖြင့် ရေဖျန်းသည်ထက် ခွက်ဖြင့်  လိုအပ်သလောက်သာ ချိန်ဆလောင်းသင့်သည်။ လူတစ်ဦးချင်းစီကသာ တတ်နိုင်သမျှ ရေကို ချွေတာ သုံးစွဲခဲ့မည်ဆိုလျှင် နွေရာသီတွင် သောက်သုံးရေ ဖူလုံနိုင်ပေသည်။ ထို့ကြောင့် နွေရာသီတွင် ကျေးလက်နေပြည်သူများ ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးမှုပင် ဖြစ်  သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူ များဖြစ်ကြသည်။ ထိုကျေးလက်နေပြည်သူအများစု သည် နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခါးစည်းခံရလေ့ရှိကြသည်။  ထို့ကြောင့် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ (အနေဖြင့် နွေရာသီတွင် သောက်သုံး ရေဖူလုံစေရေးအတွက် ကြိုတင်မျှော်တွေးကာ ကိုယ်စီအသိစိတ်ဓာတ် ရှိစွာဖြင့် တန်ဖိုးရှိသောရေ ကို စနစ်တကျ ချွေတာသုံးစွဲသွားစေချင်ပါသည်။