Skip to main content

အပ်ဖျားရေစက်

 

စည်းကမ်းလိုက်နာ

 

၂၀၁၉ ခုနှစ်က စတင်ကူးစက်ပျံ့နှံ့လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဆိုးကြီးဟာ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာမှာ လျင်မြန်စွာဖြစ်ပွားပြီး လူသား သန်း ၃၀၀ ခန့်ကို ရောဂါရစေတယ်။ အသေ အပျောက်တွေလည်း ကြောက်ခမန်းလိလိ များပြားခဲ့တယ်။

 

မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ စတင်ဖြစ်ပွားစဉ်ကပင် ဒီရောဂါဟာ ပေါ့ဆလို့မရဘူး။ စနစ်တကျ စည်းကမ်းလိုက်နာပြီး ကျန်းမာရေး သတိရှိရှိ ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်တဲ့ နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ လူစု လူအုပ်စုရုံးများ မပြုလုပ်ခြင်း၊ မကြာခဏ လက်ကို ဆပ်ပြာနဲ့ ဆေးကြောခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေ အကွာထက် ပိုပြီးမကပ်ခြင်း စတဲ့ စည်းကမ်းတွေကို လိုက်နာကြတဲ့ အရပ်ဒေသတွေမှာ ရောဂါဖြစ်တာ နည်းတယ်၊ သက်သာတယ်၊ အသေအကျေ နည်းတယ်။

 

ကူးစက်မြန်ကပ်ရောဂါ ဘေးဆိုးကြီးဟာ သဘာဝအလျောက် ပေါ်ပေါက်လာတာလား၊ လူသားတွေ စမ်းသပ် ဖန်တီးပြီး ဓာတ်ခွဲခန်းတစ်ခုခုက လျှို့ဝှက်ထုတ်လုပ်လိုက်တာပေလား။ အဖြေကတော့ ခက်ခဲသိမ်မွေ့တဲ့ သိပ္ပံ ဆန်းကြယ်ပဟေဠိတစ်ပုဒ်ပါပဲ။ သုတေသန ရှာဖွေလေ့လာချက်အရ တိကျတဲ့ အဖြေတစ်ခုခုတော့ တစ်နေ့နေ့မှာ ခိုင်ခိုင်မာမာ ပေါ်ပေါက်တွေ့ရှိလာမှာပါ။ အဖြေမတွေ့တဲ့ ပုစ္ဆာမရှိပါ။

စည်းကမ်းလိုက်နာမှု အားနည်းရင် ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ မျိုးကွဲအမျိုးမျိုး ဒယ်လ်တာ၊ အိုမီခရွန် စတဲ့ မမြင်ရတဲ့ ပိုးတွေဟာ နိုင်ငံပေါင်း များစွာကို ပျံ့နှံ့နေဆဲပါ။ ကံကောင်းတာက ကာကွယ်ဆေးကို တရုတ်၊ အိန္ဒိယ နိုင်ငံတွေက ဖော်စပ်ထုတ်လုပ်နိုင်ကြပါတယ်။ မြန်မာပြည်ကို ရောင်းပေးတယ်။ အမေရိကန်ကတော့ ရောင်းလည်း မရောင်းဘူး။ လှူမယ်၊ ပေးမယ်ပြောပေမယ့် ကိုဗစ် ကာကွယ်ဆေးတစ်လုံးလေးတောင် မရောင်းခဲ့သေးပါဘူး။ ရှိစေ …

 

ဘယ်သူတွေဟာ မိတ်ဆွေကောင်းလဲ။

ဘယ်သူတွေကတော့ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးကို ဘေးဒုက္ခအမျိုးမျိုး၊ ကပ်ဆိုးရောဂါဆိုး ပျံ့နှံ့ကူးစက် သေကျေ ပျက်စီးစေချင်နေတာလဲ။ လက်တွေ့ ထင်ထင်ရှားရှား ခွဲခြားပြီး သိရမြင်ရတာက အမြတ်ပဲပေါ့။ အင်္ဂလန်တို့၊ ဥရောပတို့၊ အမေရိကန်တို့မှာလည်း ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုက သိသိသာသာ မကျသေး ဘူး။ အခြေအနေဆိုးနေဆဲပဲ။

 

ဘေးကင်းကွာ

 

မြန်မာနိုင်ငံမှာတော့ ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးစည်းကမ်းတွေကို တတ်နိုင်သမျှ မပေါ့မဆကြိုးကြိုးစားစား လိုက်နာ ကာကွယ်ခဲ့ကြတဲ့အတွက် လက်ရှိ အခြေအနေမှာ အထိုက်အလျောက် တားဆီး တွန်းလှန်နိုင်နေပါတယ်။ စည်းကမ်းတကျ စည်းလုံးကြတာရဲ့ အကျိုး။

 

ဒါကြောင့် ပညာရေး မနှောင့်နှေးရလေအောင် တက္ကသိုလ်၊ ကောလိပ်တွေလည်း ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ကြပ်မတ်လိုက်နာပြီး ဖွင့်ကြပေတော့မယ်။

 

ပညာရေး

 

အခြေခံပညာကျောင်းတွေလည်း ပညာသင်မပျက် ဆက်လက်ဖွင့်လှစ် သင်ကြားနေကြတယ်။ အန္တရာယ် ရှိလောက်အောင် ရောဂါတွေ့ရှိမှုများတဲ့ မြို့နယ်အချို့ကို ခြွင်းချက်အနေနဲ့ ပိတ်ထားရဆဲတော့ ရှိသပေါ့။ တစ်နိုင်ငံလုံးက ကျောင်းအားလုံးကိုတော့ ကလေးတွေ ပညာရေးမနှောင့်နှေး မပျက်ပြားရစေဖို့ ကြိုးစားပြီး ဖွင့်ကြရတယ်။ ပညာရေးဟာနိုင်ငံနဲ့လူမျိုးရဲ့ အနာဂတ် အကောင်းအဆိုး၊ အနိမ့်အမြင့်၊ အတက် အကျကို အဓိကကျတဲ့ အခြေခံအရင်း အမြစ်ဖြစ်လို့ နိုင်ငံတော်အစိုးရက အထူးပဲအလေးထား အာရုံစိုက်ပြီး ဦးစားပေးနေတယ်။

 

အထူးသဖြင့် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်တွေဟာ အနာဂတ်ကို တည်ဆောက်ဖန်တီးကြမယ့် တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေပဲ မဟုတ်လား။ သူတို့လေးတွေဟာ အညွန့်အဖူးလေးတွေပဲ။ သူတို့အတွက် ရည်ရွယ်ပြီး တိုတိုကျဉ်းကျဉ်း စကား ငါးခွန်းလောက် မျှဝေလက်ဆင့်ကမ်းချင်ပါတယ်။

 

မိဘတွေ၊ ဆရာ ဆရာမတွေ ဖတ်မိလို့ သိရရင် မိမိသားသမီးလေးတွေ၊ တပည့်တပန်း ကျောင်းသားလေးတွေ (ကျောင်းသူတွေလည်း ပါတာပေါ့ကွယ်) အားလုံးက ကြားကြမြင်ကြစေချင်ပါ တယ်။

 

လက်ဆင့်ကမ်း

 

စာရေးသူက မြန်မာပြည်က ဗြိတိသျှ ဘားမားရုပ်ရှင်ကုမ္ပဏီပိုင်ရှင် သူဌေး ဦးညွန့်၊ ပဲရော့ကုမ္ပဏီသူဌေး ဦးဆန်နီ၊ ပခုက္ကူမြို့မှ စာပေဆုတည်ထောင်ပေး သွားခဲ့သူပခုက္ကူဦးအုံးဖေ၊ ကျိုင်းတုံမြို့မှ နောင်တုံ ကုမ္ပဏီပိုင်ရှင် ဦးစိုင်းတစ်အောင်၊ မန္တလေးမြို့မှ ဆေးရုံကြီး လူနာဆောင်များ၊ ဓာတ်လှေကား၊ ဆေးဝါး စသည်တို့ကို လှူဒါန်းပါဝင်တဲ့ ယူဒီ ဦးခင်မောင်ဝင်း၊ အောင်သမာဓိ ဦးအောင် (ခ) ဦးအောင်ဆန်းဝင်း တို့ရဲ့ ကြိုးစားအောင်မြင်မှုတွေ အကြောင်း ရေးခဲ့ဖူးတယ်။ အားကျလောက်တဲ့ ပုဂ္ဂိုလ်တွေပေါ့။

 

ဖတ်ရမှတ်ရသမျှ ကတ်စထရို၊ မာရှယ်တီးတိုး၊ ချေငွေဗာရား၊ ဟိုချီမင်း၊ မော်စီတုံး၊ ဟိုဆေးရီဇော်၊ လင်ကွန်း၊ အဗ္ဗဒူကာလမ်၊ နရိန္ဒရာမူဒီ၊ လီကာရှင်း၊ ဂျက်မား စတဲ့ပုဂ္ဂိုလ်တွေရဲ့ အားထုတ် ကြိုးစားပုံတွေကိုလည်း ရေးလည်းရေးတယ်။ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောလေ့ရှိခဲ့တယ်။

 

အသိမျှဝေ

 

လူငယ်လူရွယ်အညွန့်အဖူးလေးတွေဟာ အမြင်ကျဉ်းပြီး အသိခေါင်းပါးရင် ကြိုးစားချင်စိတ် မထက်သန်ဘူး။ ပညာလိုလားတဲ့ ကြိုးစားလိုစိတ်ဟာ ပညာရကြောင်း တရားမှာ အဓိကအခြေခံအကျဆုံး ဖြစ်တယ်လို့ အာဠာဝက နတ်ဘီလူးကြီးကမေးလို့ မြတ်စွာဘုရားက ဖြေကြားခဲ့တာ အာဠာဝကသုတ္တံ့ဆိုတာ သားတို့သမီးတို့ ရှာဖွေလေ့လာကြည့်ကြပါ။ အောင်ခြင်းရှစ်ပါးထဲက စိတ်ဝင်စားစရာကောင်းလှတဲ့ အာဠာဝက ချွတ်ခန်းမှာ အဲဒီအမေးအဖြေ ၁၃ ချက်ဟာ ဘဝ တစ်သက်တာ မှတ်သားထိုက်တဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်တရားတော်တစ်ပုဒ်ပါပဲ။ သူများတွေ ဘာကြောင့် အောင်မြင်သလဲ။

 

ကိုယ့်ဘဝမှာ သူနဲ့ထပ်တူကျအောင် ပုံတူကူးလို့မရပေမယ့် သူတို့သိတဲ့၊ သူတို့ သုံးတဲ့ နည်းလမ်းဗျူဟာ နည်းနာနိဿယတွေကတော့ သိရရင် ကောင်းတာပေါ့။ မသိရင် ခက်တယ်၊ သိရင်လွယ်တယ်။ အတဲ့၊ နုံတဲ့လူစားတွေက သူတို့ကိုယ်တိုင် တွေ့ကြုံရတဲ့ ဘဝသင်ခန်းစာတွေမှ တစ်ဆင့် သင်ယူကြတယ်။ ကျွန်ုပ်ကတော့ သူများတွေရဲ့ ဘဝအတွေ့အကြုံတွေ စာအုပ်စာပေကရနိုင်တဲ့ သင်ခန်းစာတွေကနေ လေ့လာဆည်းပူးပါတယ်လို့ တစ်ခါက ဂျာမန်နန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဗွန်ဘစ်စမတ်ဆိုတဲ့ ဥရောပ ခေါင်းဆောင်တစ်ဦး ရေးခဲ့ဖူးတယ်။

 

ဟုတ်တာပေါ့။ လူ့ဘဝဆိုတာ တိုတိုလေးပဲ။

 

အသက်ရှစ်ဆယ်၊ တစ်ရာအတွင်း ကိုယ့်ဘဝတစ်လျှောက် တွေ့သလောက်၊ မြင်သလောက် လုံလောက်ပြီထင်နေရင် ဒီလူဟာ လူညံ့ဖြစ်ပေမှာပေါ့။ ကျောင်းပညာ သင်သင်၊ မသင်သင်၊ စာအုပ်စာပေ

ပေါင်းများစွာကို ဖတ်ရှုလေ့လာမှတ်သားရင် သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း အနီးကပ် ရင်းနှီးနိုင်တာပဲ။ ဟိုချီမင်း၊ မော်စီတုံး၊ ကတ်စထရို၊ အေဘရာဟမ် လင်ကွန်း၊ ကွန်ဖြူးရှပ်စ်၊ ဂေါတမဗုဒ္ဓ စသည် စသည် သိရှိနိုင်တယ်နော်။

 

ရှေးက ရှေ့က ဟောကြားပြောပြခဲ့တာတွေကို လေ့လာမှတ်သားရင် လူတော် လူချွန် လူမွန်တစ်ယောက် (လမ်းလွဲလမ်းချော်တွေ ကွေ့ကွေ့ကောက်ကောက် အချိန်မကုန်တော့ဘဲ) လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်ပေတာပေါ့။ စာဖတ်တဲ့သူတွေကတော့ ဗဟုသုတ ပြည့်ဝစမြဲပဲ။ ခေါင်းဆောင်ဟူသမျှက စာပေကို တော်တော်များများ လေ့လာ ဖတ်ရှုခဲ့ကြသူတွေပါပဲ။

 

သူဘယ်သူလဲ

 

ဒီနေရာမှာ မောင်တို့မယ်တို့ကို အယ်လွန်မက်စ်ဆိုတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၁ မှာ ကမ္ဘာ့အထူးခြား အထင်ရှားဆုံးပုဂ္ဂိုလ်လို့ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်ပြီး မျက်နှာဖုံးမှာ သူ့ပုံကို ဖော်ပြခဲ့ပါတယ်။

 

သူက ဘယ်သူလဲ။ အချိန်ကို ငဲ့သောအားဖြင့် မောင်တို့မယ်တို့ ကိုယ်တိုင် သတင်းစာ၊ ဂျာနယ်၊ လက်ကိုင်ဖုန်းထဲက ဂူဂဲလ် စတဲ့စာမျက်နှာတွေမှာ ဆက်လက် ဖတ်ရှုလေ့လာ ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။

 

သူလိုလူစား

 

ကမ္ဘာပေါ်မှာ ၂၀၂၁ ခုနှစ်အတွင်း ဝင်ငွေအကျိုးအမြတ် အများဆုံးရအောင် စွမ်းဆောင်နိုင်တဲ့ သန်းကြွယ်သူဌေးကြီး တစ်ယောက်ပေါ့။ အသက်လည်း သိပ်မကြီးလှသေးပါဘူး။ သန်းကြွယ် သူဌေးဖြစ်နေတာတော့ ကြာပါပြီ။ ကမ္ဘာ့အဆင်းရဲဆုံး လူသားတွေကို သန်းပေါင်း များစွာ လှူဒါန်းမယ် ကြေညာတော့ လူသိပိုများသွားတာပေါ့။ ထားပါတော့။

 

 

သူ့ရဲ့ ဥပဓိရုပ်ကို ကြည့်လိုက်ပါ။

ရည်ရည်မွန်မွန်၊ ကြည်ကြည်လင်လင် တွေ့ရမယ်။

 

သူ ၂၀၂၂ ခုနှစ် နှစ်သစ်နှစ်ဦးမှာ စကားငါးခွန်း ပြောခဲ့တယ်။ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်ပြောတဲ့ စကားက လူငယ်လူရွယ်များအတွက် တိုးတက် အောင်မြင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောတာပါလို့ သူကဆိုတယ်။ စာဖတ်သူများ သိပြီးပြီလား။

 

အယ်လွန်မက်စ်ဟာ သူ့ရဲ့ ဥပဓိရုပ် အရ၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရည်ကိုင်ရည်အရ ၂၀၂၁ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်ရယ်လို့ တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်ခံရလို့ ချီးမြှောက် နေခြင်းမဟုတ်ပါ။ ယုံကြည်လေးစားနိုင်တဲ့ လူတစ်ယောက်လို့ ယူဆရပါတယ်။

 

သူပြောတဲ့စကားဟာ စေတနာပါတယ်။ မှန်ကန်တယ်။ အချိန်အခါနဲ့ ဆီလျော်တယ်။ အခြေအနေအရ သင့်တော်တယ်။ နားထောင်သူအတွက် အကျိုးရှိစေလောက်တဲ့ အကြောင်းအချက်တွေပဲလို့ ယူဆတယ်။

 

သူဌေးစကား

 

အယ်လွန်မက်စ် ပြောပြတဲ့စကားကို စာဖတ်သူက ကြိုက်ရင် မှတ်သား ကျင့်သုံးကြည့်ပေါ့။

 

မကြိုက်ရင်မမှတ်နဲ့။ မယူနဲ့။ ဒါပါပဲ။

 

စာရေးသူက ဖတ်သူအတွက် အသုံးချကြည့်ရင်တော့ အကျိုးတစ်စုံ တစ်ရာရှိလောက်မှာ သေချာတယ်လို့ မှန်းဆမိတဲ့အတွက် လက်ဆင့်ကမ်း မျှဝေခြင်းပါ။

 

သူပြောတာက -

၁။ Be useful - အသုံးကျပါစေ။

၂။ Contribute to society - လူ့အဖွဲ့အစည်းအတွင်းမှာ အပြုသဘော ပါဝင်လုပ်ဆောင်ပါ။

၃။ Don't try to be a leader - ခေါင်းဆောင် တစ်ဦးရယ်လို့ ဖြစ်လာအောင် မကြိုးပမ်းပါနဲ့။

၄။ Read books and inject information - စာအုပ်များကို ဖတ်ပါ။ အသိပညာ အကြံသစ် ဉာဏ်သစ်လောင်းပါ။

၅။ Talk the people - လူတွေနဲ့စကားပြောပါ။

အယ်လွန်မက်စ်ဆိုတဲ့ ကမ္ဘာကျော် သန်းကြွယ် (အချမ်းသာဆုံးလို့ ပြောနေကြတာပဲ) သူဌေးကြီး တစ်ယောက်ရဲ့ စကားကို အောင်မြင်မှုကို ပန်းတိုင်ထားပြီး ကြိုးစားအားထုတ်နေကြတဲ့ လူငယ် အားလုံးအတွက် နှစ်သစ်ကူး နှစ်ဦး လက်ဆောင်ပေးလိုက်ခြင်းပါပဲ။ ။

 

အသုံးကျပါစေ

 

သူပြောတာတွေကို အသေးစိတ် မဖော်ပြတော့ပါ။ အယ်လွန်မက်စ် တိတိကျကျ ရေးထား၊ ပြောထားတာကလည်း ရှင်းလင်းပြီးသားပါ။ အသုံးကျပါစေ။ အသုံးကျအောင် ကြိုးစားနေပါ။ အသုံးကျအောင် ကြိုးစားရတာဟာ လက်တွေ့မှာ တကယ်တမ်း ခက်ခဲပင်ပန်းလှပါတယ်လို့ ပြောထားပါသေးတယ်။

 

ကိုဗစ်ရောဂါကုသဖို့အတွက် အများပြည်သူကုသရာမှာ အသုံးပြုရန် ပြည်ပမှ တင်သွင်း သယ်ဆောင်လာတဲ့ အောက်ဆီဂျင်တိုင်ကီတင်ကားနဲ့ ယာဉ်မောင်းကို ပစ်ခတ်သတ်ဖြတ်ခြင်းမျိုး၊ လူနာတင်ယာဉ်ကို မိုင်းခွဲတိုက်ခိုက်ခြင်းနဲ့ ပြည်သူအများ သွားလာအသုံးပြုနေတဲ့ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းမျိုးတွေက ဘယ်လောက်များ ဆိုးရွားလှပါသလဲ။

 

သူရဲဘောကြောင်ရုံမျှသာမက မိုက်မဲယုတ်မာလွန်းပါတယ်။ အကုသိုလ် အကျိုးပေးမယ့် ဆိုးရွားမှုတွေမို့ အောင်မြင်မှုနဲ့ ဝေးလွန်းပါရဲ့ကွယ်။

 

သန်းကြွယ်သူဌေးကြီး အယ်လွန် မက်စ်အကြံပေးတဲ့ ဒုတိယအချက်ဖြစ်တဲ့ လူ့အဖွဲ့အစည်း၊ လူအများကို ကူညီရိုင်းပင်း ထောက်ပံ့ပေးပါဆိုတာနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေသမျှ ဘဝတက်လမ်းနဲ့ အောင်မြင်မှုဟာ ရနိုင်ပါတော့မလားကွယ်။

 

ခေါင်းဆောင် ဖြစ်ရမယ်လို့တော့ မကြိုးစားလေနဲ့ဆိုတာက အမှန်တကယ်သာ ကိုယ်က လူတော်လူကောင်းဖြစ်နေရင် ခေါင်းဆောင်နေရာ၊ ခေါင်းဆောင် တာဝန်ဆိုတာ အလိုလို ထင်ပေါ်ရင် စင်တော်ကကောက်စမြဲမို့ မိမိကိုယ်ကို အတ္တသမ္မာပဏီဓိစ မင်္ဂလာနဲ့ ပြည့်စုံအောင်ပဲ အတ္တာဟိ အတ္တနော နာထော ကိုယ်တိုင် လူကောင်းလူတော်ဖြစ်ဖို့သာ လုပ်ပါလို့ ဆိုလိုပုံရပါတယ်။

 

ကမ္ဘာကျော် သိပ္ပံပညာရှင်တွေ၊ ပညာကျော်တွေ၊ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်ကြီးတွေ၊ သူဌေးသူကြွယ် ကြီးတွေအားလုံးဟာ စာသိပ်ဖတ်ခဲ့ကြပါတယ်။ စာအုပ်စာပေမှာ မွေ့လျော်တော့ သူတကာတွေထက် ခေါင်းပေါ် ကျော်ပြီး မြော်မြင်နိုင်ကြပေတာပေါ့။ စာမဖတ်ဘဲ ခေါင်းဆောင်နေရာ တက်ထိုင်ရင်တော့ ကျတဲ့အခါကြောင်ကျ မကျဘူး။ စာများများ ဖတ်သူများသာလျှင် ထိပ်ဆုံးသို့ ရောက်စမြဲထုံးစံ။ စာကောင်းပေကောင်းတွေကို အဖော်ပြုပါလေ။

 

မေးမြန်းလေ့လာ

 

အမှတ်စဉ်(၅)အချက် လူတွေနဲ့ စကားပြောပါဆိုတာ ကိုယ်ကသွားပြီး လေပေါနေဖို့ မဟုတ်ပါ။ သူတို့အမြင်၊ သူတို့အတွေး၊ သူတို့ဘဝအတွေ့အကြုံ၊ သူတို့ခံစားချက်၊ သူတို့ထင်မြင်ချက်၊ သူတို့ရဲ့ လက်တွေ့ဘဝထဲကို ထဲထဲဝင်ဝင် သိမြင်နားလည်ပါမှ ကိုယ်ပြောမယ့်၊ လုပ်မယ့်၊ စီမံမယ့်အကြံဉာဏ်က အံဝင်ခွင်ကျ ဖြစ်မယ်မဟုတ်လား။

 

အသက်မွေးမှု မတူ၊ ဒေသမတူ၊ အသက်အရွယ်မတူ၊ အုပ်စုမတူတဲ့ လူမျိုးစုံနဲ့ တွေ့ပါမေးပါ၊ ထိတွေ့ပါ။ သိအောင်လေ့လာပါတဲ့။ နယ်ပယ်စုံကို သိနေရမယ်။

 

စာဖတ်သူ လူငယ်လူရွယ်အပေါင်းတို့ -

ကမ္ဘာကျော် သူဌေးတစ်ယောက် (အယ်လွန်မက်စ်ဟာ အချမ်းသာဆုံး ဖြစ်ရုံမက တစ်နှစ်တာ ကာလအတွင်း ၃၀၄ ဘီလီယံမှ၃၀၆ ဘီလီယံထိအောင် ပိုမိုကြွယ်ဝသွားပြန်ပါပြီတဲ့။ နောက်ဆုံး သတင်းအရ) နှစ်သစ်ကူး နှစ်ဦး လက်ဆောင် ပြောတဲ့စကား ငါးချက်က အပ်ဖျားရေစက်ပါပဲ မောင်ရေ။ အမောင်တို့၊ အမိတို့ ကြည့်တတ်ရင် ပင်လယ်ကိုပင် မြင်တွေ့ရနိုင်တယ်။

 

အပ်ဖျားရေစက် အနက်ပင်လယ်ဆိုတာ အသုံးချတတ်သူအတွက် မောင်ပေါက်ကျိုင်း ထီးနန်းစံရတဲ့ ကိန်းပါပဲကွယ်။ မေးပါများစကားရ၊ သွားဖန်များ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်တဲ့။ အိပ်မနေနဲ့ ကိုယ့်လူရေ စာကောင်း ပေကောင်းတွေ မိတ်ဆွေဖွဲ့မှ လူရာ ဝင်ပေလိမ့်မယ်ခင်ဗျာ။ ။

 

တောသားလေး