Skip to main content

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့်ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်၊ ကိုယ်ကျိုးရှာပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျလိုက်ခြင်းဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက်အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။

အကြီးအကဲများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုးလပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများထံသို့ နိုဝင်ဘာ ၁ ရက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ကိုးလတာအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှု၊ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအစီအစဉ်၊ စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး တိုးမြှင့်ထုတ်လုပ်နိုင်စေဖို့၊ စက်သုံးဆီနှင့် စားသုံးဆီသုံးစွဲမှု ခြိုးခြံချွေတာ စေဖို့နှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက် နေထိုင်၍ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး၊ စက်မှုကုန်ထုတ်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နိုဝင်ဘာ၃ရက်ကနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်တို့အား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေး၊ စည်းကမ်းလိုက်နာရေးနှင့် စိုက်ပျိုးမွေးမြူရေးအပါအဝင် ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းပေးခဲ့ သည်။

နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော် ဝန်ကြီးချုပ်က သဝဏ်လွှာပေးပို့ခဲ့ရာတွင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင် များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ်များအတွက် အကောင်းအဖြစ် ချန်ထားပေး ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အင်းတကော် စက်မှုဇုန်၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း)နှင့် မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်)တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၌ ချည်မျှင်နှင့် အထည်ထုတ်လုပ် သုံးစွဲမှုတွင် လိုအပ်ချက်များရှိသဖြင့် ပြည်ပသွင်းကုန်လျှော့ချရန် ပြည်တွင်းစက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အမြတ်ကို အဓိကမထားဘဲပြည်သူများ ဈေးနှုန်း သက်သာစွာရရှိရေးနှင့် ကုန်ကြမ်းရရှိအောင် စိုက်ပျိုးမှုအခြေအနေမှသည် ဈေးကွက်တွင် အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်ရေးအထိ လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်က ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်တော်၌ ကျင်းပသည်။ စကျင်ကျောက်တော်ကြီး အဆင့်ဆင့်တူးဖော်ခြင်းမှ သယ်ယူခြင်း၊ ထွင်းထုခြင်းတို့အပြင် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ ဇရပ်၊ မင်္ဂလာတံတား စသည့် ဘုရားကျောင်းကန်များကို ရတနာပုံခေတ် လက်ရာဖြင့် တည်ထားမည်ဟု သိရှိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့်JSC “Rosoboronexport” ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၂ ရက်က လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာဆိုင်ရာပူးပေါင်းမှု တိုးမြှင့်နိုင်မည့်အခြေ အနေ၊ ခေတ်မီမြန်မာ့တပ်မတော်အဖြစ် အဆင့်မြှင့်တင်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လူသား အရင်းအမြစ်နှင့် နည်းပညာလိုအပ်သည်များ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့မှု၊ နှစ်နိုင်ငံ ကာကွယ်ရေး အပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင် င်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ H.E.Mr.Yohei SASA KAWA အား နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံမှ ကူညီပေးလျက်ရှိသည့်အခြေအနေ များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန် တို့ကိုလည်း တွေ့ဆုံ၍ နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများအတွက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်း ကျောင်းသား ကျောင်းသူ ၇၂ ဦးကို တွေ့ဆုံအမှာစကား ပြောကြားသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ဘွဲ့နှင်းသဘင်ခန်းမနှင့် ပင်လုံခန်းမ တို့မှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ က Video Conferencing ဖြင့် ပါဝင်တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) အား နိုဝင်ဘာ ၂၃ ရက်က ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူများ သိရှိနားလည်လိုက်နာနိုင်စေ ရေးအတွက် ဘက်ပေါင်းစုံမှစဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်ကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ရှေ့မှောက်တွင် ကောင်စီဝင်များက ကတိသစ္စာပြုကြ သည်။ ယင်းအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင် ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက် အလက်များကို ပြည်သူများရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက် ပေးရန်တာဝန်ရှိကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွင် စာနယ်ဇင်းဆိုင်ရာ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ တတ်သိပညာရှင် များ ပါဝင်ကြသည့်အတွက် သတင်းမီဒီယာ လောကအကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို အောင်မြင်အောင် ဖော်ဆောင်နိုင်ကြ မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၂၁)၏ ဒုတိယမြောက်နေ့ နိုဝင်ဘာ ၂၆ ရက်၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတက်ရောက် မိန့်ခွန်းပြောကြားရာတွင် စစ်မှုထမ်းဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသူများ သည်  ယခင်က တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကိုပင် မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ်လာသည့်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်းနှင့် ယနေ့ အချိန်တွင် တိုင်းပြည်၏အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့သည် တာဝန်သိသိနှင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် (၁၀၁) ကြိမ်မြောက်  အမျိုးသားအောင်ပွဲနေ့တွင် ပြည်သူများအတွက်သဝဏ်လွှာပေးပို့ခဲ့ရာ၌ ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ပြည်သူများ အလိုဆန္ဒ နှင့်ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် ပညာရေးပြောင်းလဲမှု များသည် အဓိကအခန်းကဏ္ဍဖြစ်ကြောင်းနှင့် တိုင်းရင်းသားပြည်သူများသည် အမိနိုင်ငံတော် ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်း သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန်လေးစား ညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို နိုဝင်ဘာ ၅ ရက်က ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြား၍ အခမ်းအနားပြင်ဆင် ဖိတ်ကြားရေးအစီအစဉ်များကို ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ် ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို နိုဝင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အထူးဧည့်သည်တော်အဖြစ် Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံအတွင်း နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် စပ်ဆက်အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ (၂) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (22nd ASEAN Chiefs of Army Multilateral Meeting) ကို နိုဝင်ဘာ ၁၂ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကိုဗစ်-၁၉ကပ်ရောဂါအလွန် ပြန်လည်ထူထောင် ရေးတွင် အာဆီယံကြည်းတပ်များ၏ အခန်းကဏ္ဍ (The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးရာ စီးပွားရေးနှင့် ဆက်စပ်ပြီး လူမှုစီးပွားဘဝ ပြန်လည်နာလန်ထူရေး လုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် နိုင်ငံများအားလုံး ဦးစားပေးလုပ်ဆောင် ရမည့် အရေးအကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်လာမည်ဖြစ်သဖြင့် နိုင်ငံများအကြား ပူးပေါင်းမှုများကို ပိုမိုတိုးမြှင့်သွားရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဘုံအကျိုးစီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းသွားကြပါက နိုင်ငံအားလုံး အတွက် ပိုမိုထိရောက်ပြီး အကျိုးများစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားအတွင်း တပ်မတော်၏ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးတိုးတက်မြင့်မားစေရေး၊ တရားဥပဒေစိုးမိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေးစသည့် ကဏ္ဍများအလိုက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် ယနေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင်သာမက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေး များတွင်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality, ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာတွေ့ရှိလာရကြောင်းနှင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေး နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက အလေးထားဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ်ပြင်လွယ် တောင်းဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦးကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့်အချက်ကို ကျော်လွန်၍ တွေ့ခွင့်ရရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရမှုအပါအဝင် နိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက်မည့် လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ် များကို ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံအလိုက် ဆွေးနွေးတင်ပြ ချက်များအပေါ် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာယဉ်ယဉ်နွယ်က အနှစ်ချုပ် သုံးသပ်ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲရေးအတွက် အထောက် အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian Oceanian Computing Industry Organization (ASOCIO) အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်မှာ ယခုလအတွက် ထူးခြားဂုဏ်ယူဖွယ် သတင်းတစ်ရပ်ဖြစ်သည်။

“ အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ် ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာ အချက်အချာကျမှု၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တပ်မတော် (ရေ)မှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျမဟုတ် သော လုံခြုံရေး ခြိမ်းခြောက်မှုများကို Navy to Navy Staff Talks, Coordinated Patrol, Bilateral & Multilateral ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်ဆွေးနွေးခဲ့သည်။

လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နိုဝင်ဘာ ၁၇ ရက်က လာအိုပြည်သူ့ဒီမိုကရက် တစ် သမ္မတနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်း ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

အင်တာပိုလ်၏ဖိတ်ကြားချက်အရ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ပြီး အင်တာပိုလ် အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်ဒေသဆိုင်ရာ ကိုယ်စားလှယ် ၁၂ နေရာအသစ်ရွေးချယ်မှုကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခန့်အပ်ခြင်းတို့တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက် ခဲ့ခြင်းအပါအဝင် အင်တာပိုလ်၏ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းနိုင်မည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံမှုခင်း တားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

(၁၁)ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများ အစည်းအဝေး (ALAWMM) အား အောက်တိုဘာ ၂၇ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ မြန်မာနိုင်ငံသည် အာဆီယံ ပဋိညာဉ်စာတမ်းကို အလေးထား လိုက်နာပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစား လိုက်နာခဲ့ပါကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်းနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ALAWMM ၏ ဆောင်ရွက်မှုများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြောင်းနှင့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများအစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ (၄၂)ကြိမ်မြောက် အာဆီယံဥပဒေ ပညာရှင်များ အသင်း (42nd ALA Goveming Council) အစည်းအဝေး၊ နိုဝင်ဘာ ၁၇ ရက်က ကျင်းပသည့် (၁၀)ကြိမ်မြောက်အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများ အသင်း (AACC The Association of Asian Constitutional Courts and Equivalent Institutions) အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ နိုဝင်ဘာ ၁၉ ရက်တွင် (၂) ကြိမ်မြောက် တရားသူကြီးချုပ်များ အပြည်ပြည်ဆိုင်ရာ ညီလာခံ (WEBINAR of the 22nd International Afri အဝေးကိုယ်စားပြုတက်ရေးနိုင်ငံ၏ Conference of Chief Justice of the World)၊ (၅၉)ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian - African Legal Consultative Organization-AALCO) အစည်းအဝေးကို လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများအကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး အဖွဲ့ဝင် နိုင်ငံများအကြား ဒေသတွင်းကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး ကို ယခုလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက Virtual Conferencing စနစ်ဖြင့် ပူးပေါင်းဆွေးနွေးခဲ့ပြီး အရှေ့ဖျား အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ဘူမိသိပ္ပံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia (CCOP)၏ (၅၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၇၇)ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တို့မှ Virtual ဖြင့် ကျင်းပရာတွင်လည်း မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကနောင်

(ဆက်လက်ဖော်ပြပါမည်)