ဆင်းကတ်များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး စကားဝိုင်း ကျင်းပ
တယ်လီဖုန်းဆင်းကတ်သုံးစွဲသူများအနေဖြင့် မိမိတို့ နာမည်အမှန်ဖြင့် တရားဝင်မှန်မှန်ကန်ကန် မှတ်ပုံတင်သုံးစွဲနိုင်ရေးနှင့် မှန်မှန်ကန်ကန်မှတ်ပုံမတင်သည့် ဆင်းကတ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန် နောက်ပိုင်းမှစတင်ကာ အထွက်ဖုန်းခေါ်ဆိုမှုကို ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်းသုံးစွဲသူများက ဆင်းကတ်များကို စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် “ဆင်းကတ်များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး စကားဝိုင်း” ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒေါ်မေစန္ဒီမောင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမျိုးသန့်၊ တယ်လီနောမြန်မာမှ Head of customer care ဒေါ်ထက်ထက်ထွန်း၊ အော်ရီဒူးမြန်မာ စားသုံးသူဝန်ဆောင်မှုဌာန အမှုဆောင်အရာရှိချုပ် ဦးစောဆဲသပ်ကလဲနှင့် မိုင်တဲလ်မှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးတို့ ပါဝင်ဆွေးနွေး ခဲ့သည်။
အစီအစဉ်မှူး ။ ။ တယ်လီဖုန်းဆင်းကတ် သုံးစွဲသူတွေ အနေနဲ့ဆင်းကတ်တွေကို မှန်မှန်ကန်ကန် မှတ်ပုံ တင်ရမယ်လို့ သိရပါတယ်။ တကယ်လို့များ မှန်မှန်ကန်ကန် မှတ်ပုံမတင်တဲ့သူတွေရဲ့ တယ်လီဖုန်းဆင်းကတ်တွေကို ပိတ်သိမ်း သွားမယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလို ဆောင်ရွက်ရသလဲဆိုတာသိပါရစေ။
ဦးစိုးသိန်း ။ ။ မိုဘိုင်းတယ်လီဖုန်း သုံးစွဲမှု ကို ကမ္ဘာပေါ်မှာ လူဦးရေ သန်း ငါးထောင်ကျော်လောက် မိုဘိုင်းဖုန်း သုံးစွဲနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့လူဦးရေ အားလုံးရဲ့ ၇ဝရာခိုင်နှုန်းလောက်က သုံးစွဲ နေတဲ့ သဘောပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံပေါင်း ၄၀ ကျော်လောက်က ဆင်းကတ် တွေကို မှတ်ပုံမတင်ဘဲနဲ့ သုံးစွဲလို့ရတာ ရှိသလို နိုင်ငံအများစုဖြစ်တဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာတော့ ဆင်းကတ်တွေကို မှတ်ပုံတင် ပြီးတော့ စနစ်တကျ သုံးစွဲနေတာကို တွေ့ရ ပါတယ်။ ဒီလိုမှတ်ပုံတင် သုံးစွဲတဲ့နေရာမှာ လည်း သက်သေခံ ကတ်ပြားတစ်ခုခုကို အသုံးပြုပြီး မှတ်ပုံတင်တာ၊ မျက်ကြည်လွှာ တို့၊ လက်ဗွေရာတို့ အစရှိတဲ့ (Bio Matric Information) အသုံးပြုပြီး မှတ်ပုံတင်တာ စတဲ့ စနစ်အမျိုးမျိုး သုံးတာကိုလည်း တွေ့ရ မှာဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံအနေနဲ့က လောလောဆယ်မှာတော့ သက်သေခံ ကတ်ပြားတစ်ခုခုကို အသုံးပြုပြီးတော့ မှတ်ပုံတင်သုံးစွဲဖို့ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ဒီလို မှတ်ပုံတင်သုံးစွဲမှုကိုလည်း ၂၀၁၄ ခုနှစ်လောက်ကတည်းက အော်ပရေ တာတွေကို ညွှန်ကြားတယ်။ အများပြည်သူ ကိုလည်း အသိပေးကြေညာချက်တွေ ထုတ်ပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။
သို့သော်လည်း အဲဒီအချိန်အခါတုန်းက ကျွန်တော်တို့က အသုံးပြုတဲ့ မှတ်ပုံတင် ကတ်ပြားကို သုံးစွဲသူအဆင်ပြေအောင်ဆို ပြီးတော့ မည်သည့်သက်သေခံကတ်ပြား မဆို ကျောင်းသားကတ်၊ ဝန်ထမ်းကတ်၊ ထောက်ခံချက်တွေ ဒါတွေနဲ့ ခွင့်ပြုခဲ့တာ ရှိခဲ့တော့ ပြန်လည်စိစစ်တဲ့အခါမှာ အခက် အခဲတွေရှိတယ်။ အော်ပရေတာတွေ၊ အရောင်းဆိုင်တွေ ကိုယ်တိုင်ကလည်း သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာ ဆောင်ရွက်မှု အားနည်းတယ်။
ဒီလို အချက်တွေကြောင့် ဒီနေ့ ဈေးကွက်ထဲမှာ စနစ်တကျ မှန်မှန်ကန်ကန် မှတ်ပုံမတင်ထားတဲ့ ဆင်းကတ်တွေ အများ အပြားရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်းမှာလည်း နှစ်ကတ် ထက်ပိုပြီး ရောင်းချခြင်း မပြု ရဘူးဆိုပြီး ညွှန်ကြားချက်တွေ ထုတ်ပြန် ထားတာ ရှိပါတယ်။ သို့သော်လည်း လက်ရှိ အချက်အလက်တွေအရ စနစ်တကျ မှတ်ပုံတင်မထားတဲ့ ဆင်းကတ်တွေ ၂၈ သန်းကျော်ဖြစ်နေပြီ ဆိုတာကိုလည်း သိရတာ ဖြစ်ပါတယ်။ ဒီလိုဆင်းကတ်တွေ မှတ်ပုံတင်တဲ့ အခါမှာ စနစ်တကျ မတင်ထား တဲ့အတွက် ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝမှာ အခက်အခဲတွေလည်း အများအပြား ကြုံတွေ့ နေရမှာ ဖြစ်ပါတယ်။
အခုဆိုရင် Mobile Money တို့ ၊ Mobile Payment တို့စတဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှုတွေအပါအဝင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တော်တော်များများမှာ မိုဘိုင်းဖုန်း ကို သုံးပြီးတော့ ဆောင်ရွက်တာ တွေ့ရပါ တယ်။ ဒါကြောင့်မို့လို့ မှန်မှန်ကန်ကန် မှတ်ပုံ တင်ထားတဲ့ မိုဘိုင်းဖုန်းတွေကို မှန်မှန်ကန်ကန် သုံးခြင်းအားဖြင့် ဒီလိုဝန်ဆောင်မှုလုပ်ငန်းတွေ ကို လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်မှာကို တွေ့ရ မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အွန်လိုင်းပေါ်မှာ မကြာမကြာ တွေ့နေရတဲ့ မမှန်မကန်သတင်းအချက်တွေ ဖြန့်ဝေနေတာ တွေ၊ အမုန်းစကားတွေ ပြောနေတာတွေ၊ လိမ်လည်မှုတွေ၊ ဆိုက်ဘာပြစ်မှုတွေ ကျူးလွန်နေတာတွေ တွေ့ရမှာ ဖြစ်ပါ တယ်။
နောက်တစ်ချက် ဆင်းကတ်တွေကို မှန်မှန်ကန်ကန် အသုံးမပြုနေတဲ့ အနေအထား ကို မူတည်ပြီးတော့ ငွေကြေးခဝါချတဲ့ကိစ္စတွေ၊ လုံခြုံရေးကို ထိပါးစေမယ့် အဖျက်အမှောင့် လုပ်ငန်းတွေအထိ ဆောင်ရွက်လာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းကတ် တွေကို မှန်မှန်ကန်ကန် စနစ်တကျမှတ်ပုံတင် အသုံးပြုခြင်းက လူတစ်ဦးချင်းရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်မှာဖြစ်သလို ဒီထက် ပိုပြီး စဉ်းစားမယ်ဆိုရင်လည်း နိုင်ငံတော်ရဲ့ လုံခြုံရေးအထိ အကျိုးရှိမှာဖြစ်တဲ့အတွက် ကြောင့် ဆင်းကတ်တွေကို မှန်မှန်ကန်ကန်နဲ့ မှတ်ပုံတင်အသုံးပြုဖို့ ကျွန်တော်တို့ တိုက်တွန်း ဆောင်ရွက်တာ ဖြစ်ပါတယ်။
အချက်အလက် မမှန်မကန်နဲ့ မှတ်ပုံတင် ထားတဲ့ ဆင်းကတ်တွေကို အသုံးပြုခြင်းအား ဖြင့် အချက်အလက် မှန်မှန်ကန်ကန်နဲ့ ရိုးရိုး သားသား မှတ်ပုံတင်ပြီး အသုံးပြုနေတဲ့ ပြည်သူတွေကိုလည်း အကာအကွယ်ပေးရာ ရောက်မှာဖြစ်တဲ့အတွက် ဆင်းကတ်တွေကို မှန်မှန်ကန်ကန် မှတ်ပုံတင်သွားရေးကို တိုက် တွန်းပေးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ဆင်းကတ်တွေကို မှန်မှန် ကန်ကန်မှတ်ပုံတင်ပြီး အသုံးပြုကြဖို့ ပြည်သူ လူထုကို တိုက်တွန်းနှိုးဆော် ထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ တယ်လီဖုန်း ဆင်းကတ် တွေကို ပြန်လည်မှတ်ပုံ တင်တဲ့နေရာမှာ ဘယ်လို ဆောင်ရွက်ထား သလဲဆိုတာ သိပါရစေ။
ဦးမျိုးဆွေ ။ ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲတိုးတက်ပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ အော်ပရေတာတွေရဲ့ ဆင်းကတ် တွေကလည်း ဈေးကွက်ထဲကို အများအပြား ရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ ဆင်းကတ်တွေကို စနစ်တကျ မှတ်ပုံတင်နိုင် ရေးအတွက် ကျွန်တော်တို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ အော်ပရေ တာတွေကို ညွှန်ကြားခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လည်း အော်ပရေတာတွေက ဒီညွှန်ကြားချက်အပေါ်မှာ လိုက်နာမှုအားနည်း တာရယ်၊ တချို့ အရောင်းဆိုင်တွေကလည်း ဆင်းကတ်တွေ မှတ်ပုံတင်ရောင်းချတဲ့အခါမှာ သက်သေခံအားနည်းချက်တွေရှိပြီး ဆင်းကတ် အတွင်းမှာရော မှတ်ပုံတင်မထားတဲ့ ဆင်းကတ် တွေ အများအပြား ရှိနေတဲ့အတွက် ၂၀၁၆ခုနှစ် ဩဂုတ်လကစပြီးတော့ ၂၀၁၇ ခုနှစ် ဇွန်လ အထိ ၁၁ လအကြာ ဆင်းကတ်တွေ ပြန်လည် မှတ်ပုံတင်ခိုင်းတဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက် ခဲ့ပါတယ်။
အဲဒီလုပ်ငန်းစဉ် ပြီးတဲ့နောက်ပိုင်းမှာ တချို့ ပြန်လည် မှတ်ပုံမတင်တဲ့ ဆင်းကတ် ၆ ဒသမ ၅ သန်းကိုလည်း ပိတ်သိမ်းခဲ့တာ ရှိပါ တယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်တို့ ပြောခဲ့တာက မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ဘယ်နှကတ် တင်ရမယ်၊ ဘယ်လောက်အထိ တင်လို့ရတယ်ဆိုတဲ့ အရေအတွက်က ကန့် သတ်ထားခြင်းမရှိခဲ့တော့ တချို့တွေက ဆင်းကတ်မှတ်ပုံတင် တစ်ခုတည်းကို ဆင်းကတ်အများအပြားကို မှတ်ပုံတင် တယ်။ ပြန်လည်ရောင်းချတာတွေ ရှိခဲ့ပါ တယ်။
ဒါကြောင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက် နေ့က စပြီးတော့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ်နှစ်ခုပဲ မှတ်ပုံတင်ရမယ်ဆိုပြီး ညွှန်ကြားချက်တွေ သတ်မှတ်ခဲ့တာ ရှိပါ တယ်။ ဒါပေမယ့်လည်း အရင်တင်ထားတဲ့ နံပါတ် ထက် မှတ်ပုံတင်တစ်ခုကို နှစ်ကတ်ထက်မက မှတ်ပုံတင်ထားတဲ့ ဆင်းကတ်တွေကိုလည်း အများအပြား ဈေးကွက်ထဲမှာ ရှိနေခဲ့ပါတယ်။ အဲဒီ ဆင်းကတ်တွေဆိုရင် ဆက်သွယ်ရေး လုပ်ငန်းမှာဆိုရင် နံပါတ်တပ်မှတ်ပုံတင် ထားတာ ၁၃ သန်းလောက်ရှိတယ်။ တယ်လီနော ဆိုရင် ၆ သန်း ကျော်ရှိ တယ်။ အော်ရီဒူးဆိုရင် ၄ ဒသမ ၆ သန်းလောက်ရှိ တယ်။ မိုင်တဲလ်ဆိုရင်လည်း ၄ ဒသမ ၆ သန်း လောက်ရှိတယ်။ စုစုပေါင်း ၂၈ သန်းကျော် လောက်က ဆင်းကတ်မှတ်ပုံ တင်ထားတာ ရှိနေပါတယ်။ မှတ်ပုံတင်ရမှာ ဖြစ်ပါ တယ်။
ဒါတွေကို ပြန်လည် မှတ်ပုံတင်တဲ့နေရာ မှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ တစ်ခုကတော့ ကိုယ်သုံးနေတဲ့ ဆင်းကတ်က ကိုယ့်မှတ်ပုံ တင် ဟုတ် မဟုတ် ပြန်လည်စိစစ်ပေးတဲ့ အပိုင်းပါ။ ဒုတိယအပိုင်းကတော့ ကိုယ်သုံး နေတဲ့ ဆင်းကတ်က ကိုယ့်မှတ်ပုံတင်နဲ့ မှတ်ပုံတင်ထားခြင်း မဟုတ်ဘူးဆိုရင် ပြန်လည်မှတ်ပုံတင်ရမယ့် အပိုင်းပါ။
ပြန်လည်ပြီး စစ်ဆေးတဲ့ အပိုင်းကတော့ သုံးစွဲသူတွေအနေနဲ့ စစ်ဆေးပြီးတော့ ကိုယ် ရဲ့ မှတ်ပုံတင်အမှန်နဲ့ မှတ်ပုံတင်ထားခြင်း မရှိဘူးဆိုရင် ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်လည်မှတ်ပုံတင် တာနဲ့ ပတ်သက်ပြီးတော့ အော်ပရေတာ တွေကလည်း လာရောက်ပြီး မှတ်ပုံတင်တဲ့ သူတွေ၊ လာရောက်ဆောင်ရွက်မယ့် သုံးစွဲ သူတွေ အဆင်ပြေချောမွေ့စွာဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက် တဲ့နေရာမှာ အော်ပရေတာအလိုက် ဘယ်လို ဆောင်ရွက်တယ်ဆိုတာကိုလည်း အော်ပရေတာတစ်ဦးချင်းကလည်း ရှင်းပြ သွားမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေး အော်ပ ရေတာတွေ အနေနဲ့ ဒီလိုမျိုး တယ်လီဖုန်းဆင်းကတ်တွေကို ပြန်လည် မှတ်ပုံတင်တဲ့အခါမှာ ဘယ်လိုမျိုး ပြင်ဆင်ဆောင်ရွက် ထားသလဲဆိုတာကို သိပါရစေ။
ဦးမျိုးသန့် ။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ကျွန်တော်တို့ MPT ဆင်းကတ်အသုံးပြုနေ တဲ့ မိုဘိုင်း သုံးစွဲသူတွေအနေနဲ့ သုံးစွဲနေတဲ့ဆင်းကတ် တွေရဲ့ အချက်အလက်တွေကို ပြန်လည် စိစစ်ဖို့ဆိုရင် MPT ဆိုင်တွေ ရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိပါတယ်။ MPT ဆိုင်တွေ သွားပြီးတော့ စိစစ်လို့ ရပါတယ်။ နောက် တစ်နည်းကတော့ Online အသုံးပြုပြီး Website ကတစ်ဆင့် စိစစ်လို့ရပါတယ်။ နောက်တစ်ခါ Mobile application တွေရှိ ပါတယ်။ MPT 4U ဆိုတဲ့ application ကို လည်း အသုံးပြုပြီး ချိတ်ဆက်လို့ရပါတယ်။ နောက်တစ်ခုက Call center အသုံးပြုပြီး Call center ကနေ ခေါ်ဆိုပြီး Call center ကနေ လိုအပ်တဲ့ အချက်အလက်တွေ ပြန်လည်စိစစ်လို့ရတယ်ဆိုတာ ဖြေကြား ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက USSD ကုဒ်ကိုလည်း နှိပ်ပြီးတော့ စိစစ်လို့ရ ပါတယ်။
အစီအစဉ်မှူး ။ ။ တယ်လီနော အနေနဲ့ လည်း ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ သိပါရစေ။
ဒေါ်ထက်ထက်ထွန်း ။ ။ တယ်လီနော မြန်မာအနေနဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ ဆင်းကတ်အသေး စိတ်နဲ့ ပိုင်ဆိုင်မှုတွေကို အလွယ်တကူ အခမဲ့ စစ်ဆေးနိုင်ဖို့ဆိုပြီး ဝန်ဆောင်မှုနှစ်မျိုးနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပထမ တစ်ခုက SMS စာတိုပေးပို့ခြင်းပါ။ ၅၀ဝ ဆိုတဲ့ နံပါတ်ကို REG စာသားလေးကို ပေးပို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက USSD ကုဒ်ပါ။ *979*3*3# ကို ဖုန်းခေါ်ဆို ရမှာ ဖြစ်ပါတယ်။
ခုနကပြောတဲ့ SMS ပဲ ပို့ပို့၊ USSD ကိုပဲ ပို့ပို့ သုံးစွဲသူတွေအနေနဲ့က သူတို့ မှတ်ပုံ တင်ထားတဲ့ သက်သေခံကတ်ပြားနာမည် ကတ်လေးရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ရဲ့ သက်သေခံကတ်ပြား နံပါတ်နဲ့ နာမည် တွေကို ပြန်ပြီး ပြင်ဆင်ချင်တယ်ဆိုရင် Online ကနေ တစ်ဆင့်ဖြစ်ဖြစ်၊ အနီးဆုံး တယ်လီနောရဲ့ အရောင်းဆိုင်ကြီးတွေ သွားပြီးတော့ပဲဖြစ်ဖြစ် ပြန်လည်ပြင်ဆင်လို့ ရပါတယ်။
အစီအစဉ်မှူး ။ ။ အော်ရီဒူး အနေနဲ့ရော ဘယ်လို ပြင်ဆင်ထားသလဲဆိုတာ သိပါရစေ။
ဦးစောဆဲသပ်ကလဲ ။ ။ အော်ရီဒူး မြန်မာ အနေနဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီးတော့ အလွယ်တကူ စစ်ဆေးလို့ရတဲ့ နည်းလမ်း ခြောက်ခု ရှိပါတယ်။ ပထမဆုံး နည်းလမ်းကတော့ USSD ကုဒ် ဖြစ်ပါတယ်။ *666# ကို နှိပ်ပြီး လင့်ကနေပြီး ကိုယ့်ရဲ့ ဆင်းကတ် မှတ်ပုံတင်ခြင်းအခြေအနေ နာမည်နဲ့ မှတ်ပုံတင်နံပါတ်ပြီးရင် တစ်ချိန်တည်းမှာပဲ အဲဒီမှတ်ပုံတင်ခြင်းကို ပြန်လည်ပြင်ဆင်ချင် တယ်ဆိုရင် ပြင်လို့ရတဲ့ လင့်လေးရသွားမယ်။
ဒုတိယအနေနဲ့ SMS အစားထိုး 666 ကို နှိပ်ပြီး ID ဆိုပြီး ရိုက်လိုက်ရင် ဒီလိုအပ်တဲ့ အချက်အလက်တွေ ပေးသွားမှာဖြစ်ပါတယ်။ တတိယအနေနဲ့က my ooredoo app application ကို သုံးပြီးတော့ အလွယ်တကူ စစ်ဆေးပြီး ပြင်ဆင်နိုင်ပါတယ်။ စတုတ္ထအနေ နဲ့ကတော့ Website တွေရှိပါတယ်။ Website မှာ အချိန်မရွေး အလွယ်တကူ ဝင်ရောက်ပြီး တော့ ကြည့်ရှုနိုင်ပါတယ်။ ပြီးရင် အော်ရီဒူး ဆိုင်တွေရှိပါတယ်။ အော်ရီဒူးစတိုးဆိုင်တွေမှာ လည်း အလွယ်တကူ သွားရောက်မေးမြန်းပြီး တော့ ပြင်ဆင်မှုများကို ပြုလုပ်နိုင်ပါတယ်။ ပြီးလို့ရှိရင်တော့ Call center ကို ခေါ်ပြီးတော့ အချိန်မရွေး ၂၄ နာရီ ခေါ်ဆိုပြီး မေးမြန်းစစ်ဆေး နိုင်ပါတယ်။
အစီအစဉ်မှူး ။ ။ မိုင်တဲလ် အနေနဲ့ရော ဘယ်လို ပြင်ဆင်ထားလဲဆိုတာ သိပါရစေ။
ဦးဇော်မင်းဦး ။ ။ မိုင်တဲလ်အနေနဲ့ ဆင်းကတ် တွေ ပြန်လည်မှတ်ပုံတင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ အကောင်းဆုံးပြင်ထားပါ တယ်။ နံပါတ်(၁) ကတော့ USSD *966# ကို ပေးပို့လိုက်ရင် Menu တစ်ခုကျ လာမယ်၊ နံပါတ် ၂ ကို နှိပ်လိုက်လို့ရှိရင် ကိုယ့်ရဲ့ မှတ်ပုံတင် SMS ပြန်ပို့ပါတယ်၊ SMS ကို ကြည့်ပြီးတော့ ကိုယ့်ဥစ္စာဟုတ်တယ် ဆိုရင်တော့ပြီးပြီ။ မဟုတ်ဘူးဆိုရင်တော့ ပြင်ဆင်မှုအပိုင်းတွေ ဆက်သွားရပါလိမ့် မယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စတိုးဆိုင်တွေကို မိုင်တဲလ်စတိုးဆိုင်ပေါင်း ၁၃၇ ဆိုင်လောက် ရှိပါတယ်။ အဲဒီကိုသွားပြီး စစ်ဆေးပြီးတော့ ကိုယ်ဥစ္စာဟုတ်တယ်၊ မဟုတ်ဘူး စစ်လို့ရပါ တယ်။ နောက်တစ်ခုက တခြား POS တွေမှာ လည်း POS တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော့ ဒါကို စစ်နိုင်အောင် POS ပေါင်း ငါးထောင်ကျော်ရှိပါတယ်။ အဲဒီမှာ သွား စစ်ဆေးလို့ ရပါတယ်။ ကိုယ်သုံးနေတဲ့ ဆင်းကတ်က ကိုယ့်ရဲ့ ဆင်းကတ်ဟုတ်တယ် မဟုတ်ဘူး၊ ကိုယ့်မှတ်ပုံတင်မှန်မမှန် စစ်လို့ ရပါတယ်။ နောက် Website ပါ။ အကောင့် အတွက် mytel .com. mm ဆိုတဲ့ Website မှာ သွားပြီးစစ်ဆေးနိုင်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ တစ်လောကမှ application တစ်ခု Launch လုပ်ထားတာ ရှိပါတယ်။ MY ID ဆိုတာလေးပါ။ MY ID မှာလည်း Menu တစ်ခုရှိပါတယ်။ အဲ့ဒီ Menu ကနေ စစ်ဆေးမယ်ဆိုရင် ကိုယ်သုံးနေတဲ့ ဆင်းကတ်က ကိုယ့်ရဲ့ မှတ်ပုံတင် ဟုတ်တယ် မဟုတ်ဘူးဆိုတာ အလွယ် တကူ သွားရောက် စစ်ဆေးနိုင်ပါ တယ်။
(ဆက်လက်ဖော်ပြပါမည်)
စုစည်းတင်ပြသူ -မင်းသစ်(MNA) / ဓာတ်ပုံ-ဇော်မင်းလတ်(ဒလ)