ရွေးချယ်မှု
လက်ကိုင်ဖုန်းလေးဟာ အမှိုက်ပုံကြီးလိုပဲ ညစ်ပတ်ပေရေနံစော်နေတဲ့ အလိမ်အညာတွေ။ မကြားသင့်တဲ့ စကားတွေ ကြားရ၊ မမြင်သင့်တဲ့ မဖွယ်မရာတွေ မြင်ရ။ တော်တော်ရှုပ်ပွေတာတွေ ရှိနေသလို သိစရာ၊ ဖတ်စရာ၊ လေ့လာမှတ်သားစရာ အသိအမြင် ဗဟုသုတတွေလည်း အများကြီးရှာလို့ရတဲ့ စာကြည့်တိုက် လိုပါပဲ။ ရှာဖွေလေလေ တွေ့ရှိလေလေပါလား။ အကျိုးပြုတာလည်း ရှိပေသား။
တစ်နေရာမှာ အိန္ဒိယနိုင်ငံသမ္မတကြီးတစ်ဦး ဖြစ်ခဲ့တဲ့ ဒုံးပျံပညာရပ်ဆိုင်ရာ အာကာသသိပ္ပံပညာရှင် အဗ္ဗဒူကာလမ်ပြောစကားအချို့ ကောက်နုတ် တင်ပေးထားတာလေးကို ဖတ်ရတယ်။ တကယ်တော့ လူသားတွေ အမှန်တကယ် မထိန်းကျောင်းနိုင်တဲ့အရာ ငါးခုရှိတယ်တဲ့။ လူရဲ့ဆန္ဒအလိုကို မလိုက်ပါဘဲ သူဖြစ်ချင်သလို ဖြစ်နေတဲ့ သဘော သဘာဝရှိနေကြတယ်တဲ့။ စာရေးသူက သူ့စကားနဲ့ သူ့ဆိုလိုချက် အဓိပ္ပာယ်ကိုကောင်းတယ် ဆိုးတယ်လည်း မပြောလိုဘူး။ ထောက်ခံတာ၊ ကန့်ကွက်တာလည်း မလုပ်ပါဘူး။ ဖြည့်စွက်တာ၊ နုတ်ပယ်တာလည်း မလုပ်ချင်ပါဘူး။ အရှိအတိုင်း သူပြောတာကိုသာ မျှဝေတဲ့ သဘောပါ။ မှန် မမှန် သင့်မသင့်ကိုတော့ စာဖတ်သူက ကိုယ်တိုင်ဆင်ခြင်သုံးသပ် ဆုံးဖြတ်တာက ပိုမိုသင့်လျော်ပါလိမ့်မယ်။ လူတွေက ထိန်းကျောင်းလို့မရဘဲ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေကြတဲ့ အရာငါးခုကတော့၁။ အချိန်။ မရပ်မနားရွေ့ လျားပြီး မိနစ် နာရီနဲ့အမျှ ရှေ့ကိုသာ ပုံမှန်သွားနေတယ်။ သင်က ရပ်ပါဆိုလည်း ရပ်မှာမဟုတ်ဘူး။ နှေးနှေး သွားပါပြောလည်း မနှေးဘူး။ မြန်မြန်ရွေ့ ပါပြောလည်း မရဘူးတဲ့။ အချိန်ယန္တရားဟာ ပုံမှန်သွားနေစမြဲ သွားနေမှာပဲ။ လက်ခံလား။
၂။ အတိတ်နဲ့အနာဂတ်။ အတိတ်သမိုင်း စာမျက်နှာတွေလည်း ပြီးခဲ့ပြီ၊ လွန်ခဲ့ပြီ။ ပြင်ချင်၊ ပြောင်းချင်လို့မရ။ အနာဂတ်အဖြစ် ဖန်တီးလို့မရဘူး။ အကြောင်းပေါင်းဆုံပြီး ဖြစ်ပေါ်ပြောင်းလဲနေ တာပဲ။ ဗေဒင်ဆရာ၊ မှော်ဆရာတွေ ကြိုဟောကိန်းများလည်း မှန်ချင်မှန်မယ်၊ မှန်ချင်မှမှန်မယ်၊ တိတိကျကျတော့ ဘယ်သူမှ မှန်းဆမသိမြင်နိုင်တာ သေချာတယ်။ (ဒီအချက်မှာ ခြွင်းချက် တစ်ခုတော့ ရှိတယ်၊ နောက်မှာ ဖော်ပြပါမယ်)
၃။ လူတွေ။ သူတို့ကို ကိုယ်ဖြစ်စေချင်သလိုဖြစ်အောင် ထိန်းကျောင်းဖို့ဟာ အပြည့်အဝ မရနိုင်ပါဘူး။ သူတို့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံ၊ ခံစားမှု၊ ယုံကြည်မှု၊ တုံ့ပြန်မှု ဘာကိုမှ ချုပ်ကိုင်ထားဖို့ မလွယ်လှဘူး။
၄။ အခြားသူရဲ့ပျော်ရွှင်မှု။ အချိန်နဲ့အမျှ၊ နေရာနဲ့အမျှ၊ အခြေအနေနဲ့အမျှ သဘောသဘာဝတွေက ရွေ့လျားပြောင်းလဲနေတာမို့ မထိန်းကျောင်းနိုင်ပါဘူး။ သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို ပေးနေဖို့ဝေးလို့ ကိုယ့်ဘဝကိုယ်တောင် ပျော်ရွှင်အောင် ခဏလေးနေနိုင်ဖို့ရာ မလွယ်လှပါ။
၅။ ပကတိရှိနေတဲ့ လောကနိယာမ။ အဲဒါကို ကိုယ့်ဆန္ဒနဲ့မတူညီလို့ ညှိနှိုင်းပြုပြင်ဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရေကြီးတာ၊ မီးလောင်တာ၊ ငလျင်လှုပ်တာ၊ မထင်မှတ်ဘဲနဲ့ မီးတောင်ပေါက်ကွဲတာ၊ ဆူနာမီရေ လှိုင်း၊ မုန်တိုင်းတိုက်ခတ်ဖျက်ဆီးတာတွေဟာ လူကထိန်းချုပ်လို့မရသေး။ ဒါဆိုရင် လူက ဘာမှမလုပ်နိုင်၊ မဖန်တီးနိုင်လို့ လက်မှိုင်ချနေရတော့မှာလား။ အရှုံးပေးပြီး ငုံ့ခံနေရုံပဲလားဆိုရင် မဟုတ်ပါ။
လူကထိန်းချုပ်နိုင်တာ ရှိပါတယ်တဲ့။ အဲဒါက တော့ စိတ်ကူးပါပဲတဲ့။ အတွေးဟာ ကိုယ်ကထိန်းကျောင်း တတ်ရင် တည့်မတ်ပြုပြင်လို့ ရပါတယ်လို့ အဗ္ဗဒူကာလမ်က ပြောပါတယ်။ သူရေးထားတဲ့ ဝါကျက "You will become what you believe." သင်ယုံကြည်တဲ့အတိုင်းတော့ ဖြစ်လာမှာပဲ။ ဒီအချက်ဟာ လူ့ဘဝအတွက် အလွန်အရေးကြီး လှပါတယ်။ ယုံကြည်ချက်ရှိရတယ်။ ခိုင်မာ မြဲမြဲ တဲ့ယုံကြည်ချက်က ယုံကြည်တဲ့အတိုင်း ဖြစ်ပေါ်စေ ပါတယ်။ ယုံကြည်ချက်ရှိတယ် သာမန်ဆိုရုံမျှနဲ့တော့လည်း မရဘူး။ ပသန္နသဒ္ဓါ အရိုးကြေကြေ၊ အရေခန်းခန်း၊ နောက်မဆုတ်တမ်း၊ အောင်ပန်းဆွတ်တဲ့ ထိအောင် မလျှော့တမ်း လုပ်ဆောင်မယ်ဆိုတဲ့ လက်တွေ့သဘောဆန္ဒထက်သန်မှုပါတဲ့ ယုံကြည်မှု မျိုးကို ပြောတာ ဖြစ်မယ်။
“ဣဒ္ဓိပါဒ်လေးပါး” ဆိုတာ စာဖတ်သူများ ကြားဖူးမှတ်ဖူးမှာပါ။ စွမ်းအားတန်ခိုးကြီးမားတဲ့ အခြေခံ တရားလေးချက်ပေါ့။ အောင်မြင်ပြီးမြောက်လိုရာ ခရီးပန်းတိုင်ကို ဆိုက်ရောက်စေတဲ့ အရာလေးပါး။
၁။ ဆန္ဒဣဒ္ဓိပါဒ်
၂။ ဝီရိယဣဒ္ဓိပါဒ်
၃။ စိတ္တဣဒ္ဓိပါဒ်
၄။ ပညာဣဒ္ဓိပါဒ်
ကိုယ်က လူတွေကိုလည်း မပိုင်ဘူး။ အတိတ်ကိုလည်း မပြောင်းလဲနိုင်ဘူး။ သဘာဝတရားတွေကိုလည်း မပြုပြင်နိုင်ဘူး။ ကိုယ်လုပ်နိုင်တာက ကိုယ့်မှာ ရှိနေတဲ့ စိတ်ပိုင်းစေတသိက်ပိုင်း ကိုယ့်ရဲ့ နာမ်တရား။ မမြင်ရပေမယ့်ရှိနေတာ သေချာတယ်။ ကိုယ်ကတကယ်ပိုင်လို့ ထိန်းကျောင်း မောင်းနှင်နိုင်တယ်။ ပြုပြင်ဖန်တီးနိုင်ပါတယ်။ ဒါဟာ ကိုယ်စွမ်းတဲ့ အရာတွေဖြစ်ပါတယ်။
“သင်ရဲ့ ယုံကြည်မှုအတိုင်း သင်ဖြစ်လာတာပဲ။”
ဒီသဘော ဒီအကြောင်းအရာတွေ ရေးထားတဲ့ စာအုပ်ပေါင်းဟာ မရေနိုင်ပါဘူး။ အင်္ဂလိပ်လိုကော၊ မြန်မာလိုကော စိတ်ဓာတ်မြှင့်တင်ရေး၊ စိတ်ပညာ အကြံပေး၊ တိုးတက်အောင်မြင်ရေး၊ ကြီးပွားရေး၊ တက်ကျမ်း (self-help) စာအုပ်တွေတိုင်းမှာ မပါ မဖြစ်ပါနေတဲ့ အခန်းပါပဲ။
ယုံကြည်ချက်ရှိအောင်က လေ့ကျင့်မှရတယ်။
စိတ်လေ့ကျင့်ခန်းပေါ့။
လေ့ကျင့်တော့ တတ်ကျွမ်းမယ်။ ကျွမ်းကျင်တယ်။
ကျွမ်းကျင်တော့ ယုံကြည်တယ်။
ယုံကြည်တော့ ရဲရင့်တယ်။
ရဲရင့်တော့ စွန့်စား လုပ်ဆောင်ဝံ့တယ်။
ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်တဲ့။
ရဲရဲရင့်ရင့် ဝံ့ဝံ့စားစား ဇွဲနဲ့ကြိုးစားလုပ်ဆောင်နေရင် ဘာဖြစ်မလဲ။
အောင်မြင်တာပေါ့။
အောင်မြင်စေတဲ့ လမ်းကြောင်းလမ်းမှန်မို့ ဒီအခြေခံဥပဒေသနည်းနာကို ဣဒ္ဓိပါဒ်လေးပါးလို့ မြတ်စွာဘုရားသခင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဟောကြားသင်ပြခဲ့တာပဲ။
ယုံကြည်ချက်ဆိုတာက ဖြစ်ချင်တဲ့ ဆန္ဒနဲ့ သက်ဆိုင်တယ်။ အဓိပတိတရားလေးပါးထဲမှာ ဆန္ဒာ ဓိပတိက ပထမဦးဆုံးပဲ။ သိတယ်မဟုတ်လား။
မေးပါရစေ၊ ဘာဖြစ်ချင်တာလဲ ။
ဝေဝါးဝါး ယောင်တောင်တောင်နဲ့ သွားနေကြတဲ့ လူပေါင်းများစွာ သနားစရာပါပဲ။ ဘယ်သွားလို့ သွားနေမှန်းလည်းမသိ၊ ချောက်ထဲ ကျင်းထဲကျ။ ဒုက္ခကြုံရ။
လွတ်မြောက်နယ်မြေကို တော်လှန်ရေးသင်တန်း တက်ဖို့ သွားတယ်တဲ့။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ တောရိုင်းတိရစ္ဆာန်လို နိုင်ရာစားလာက အမှောင်တိုက် ထဲမှာ လူလိုလည်း လူ့ဂုဏ်သိက္ခာနဲ့ မနေနိုင်ဘူး။ (ဘာလူ့အခွင့်အရေးမှ မရနိုင်တဲ့သတ္တဝါအကျင့်၊ သတ္တဝါအကြံနဲ့ ရှင်သန်နေကြရတဲ့ တောတောင် ကန္တာရလေ) ရက်ရက်စက်စက်, မတရားသဖြင့် နှိပ်စက်သတ်ဖြတ်တာ တွေ့ရမယ်။ ရိုင်းစိုင်း ကြမ်းတမ်းတာတွေ ကြုံရမယ်။ အသက်ကိုလည်း မကာကွယ်နိုင်။ အရှက်ကိုလည်း မကာကွယ်နိုင်။
ယုတ်မာရက်စက်တဲ့ အနိုင်ကျင့်ခံရမှုတွေကို ခံစားရလိမ့်မယ်။ ဉာဏ်နဲ့ကြိုမြင်နိုင်ပါစေ။
ဥပဒေမရှိတဲ့ လောကမှာ ဘယ်လိုလုံခြုံမှာလဲ။ ရူးရူးမိုက်မိုက်နဲ့ ထွက်လာခဲ့တဲ့ ရွေးချယ်ဆုံးဖြတ်ချက် ကပင် ပန်းတိုင်မရေရာဘဲ လွဲချော်ခဲ့ပါပြီ။ လူငယ် ပေါင်းများစွာဟာ လေထဲက မြှောက်ပေးတဲ့ အလွဲ မျှော်လင့်ချက်ပေးမှုတွေမှာ နစ်မြောပြီး တော်လှန် ရေးကို ကလေးကစားစရာလို့ မှတ်ထင်မိတာကိုး။
တောခိုသူပုန် ကျောင်းသားခေါင်းဆောင်ဟောင်း ရဲဘော်အောင်ဝင်း (မင်းသားဗိုလ်ဗကို) သေနတ်ဒဏ်ရာရပြီး သူရှင်ပြုပေးမယ့်သားလေး (သန်းနွဲ့ရဲ့သား သန်းထွန်းနွဲ့) ကို ပခုံးလေးကိုင်ရင်း မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးနဲ့ကြည့်ရင်း “တော်လှန်ရေးဆိုတာဟာ ကစားစရာ အလုပ် မဟုတ်ဘူး သားလေးရေ” တဲ့။ မသေခင် နောက်ဆုံး စကား မှာသွားခဲ့ရှာတယ်။
အမေရိကန်ပြည်ထောင်စုက စီအိုင်အေတွေနဲ့ အမေရိကန်ဟောလီးဝုဒ်က အကျော်အမော်ကင်မရာ သမားတွေ ရိုက်ကူးစက်တွေနဲ့ ၁၉၅၀လွန် ကာလဆီ က သခင်နုရေးတဲ့လူထုအောင်သံပြဇာတ်နဲ့ “လူထု အောင်သံ” ရုပ်ရှင်ထဲက ပရိသတ်မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရတဲ့ တောခိုသူပုန်ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒ ဖြန့် ဇာတ်ကွက်လေ။ ကျေးလက်တောရွာတွေ ထိအောင် ပိတ်ကားထောင်ပြီး ပြသခဲ့တယ်။ ပြည်ထောင်စုတည်မြဲရေး၊ ဒီမိုကရေစီရှင်သန်ရေး၊ လက်နက်ကိုင်အကြမ်းဖက် တစ်ပါတီအာဏာရှင် စနစ်ဆန့်ကျင်ရေးကို အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ဗဟိုရုပ်ရှင်ဆိုတာ သိပ်အောင်မြင်တာပဲ။ ပြည်သူ လူထုနားဝင်အောင် စည်းရုံးဆွဲဆောင်တဲ့နေရာမှာ အနုပညာပြောင်မြောက်တဲ့အပြင် ကျယ်ကျယ် ပြန့်ပြန့်လည်း စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရတယ်။ တော်ကြတယ်။ ဦးသန့်၊ ဦးဉာဏ၊ ဆရာကြီးမောင်ထင်၊ ဆရာ ဇော်ဂျီစတဲ့ ဉာဏ်ပညာထူးချွန်ပြောင်မြောက်တဲ့ ပညာရှင်တွေ ပါဝင်ဦးဆောင်ပြီး ပြည်သူ အများ နှစ်သက်လက်ခံအားပေးအောင် အနုပညာစစ်မျက်နှာ က လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ပြည်သူတွေကို လမ်းမှန်ပြပြီး အနုပညာနဲ့ ဆွဲဆောင်ခဲ့ကြတဲ့ ဆရာသုခ( အကယ်ဒမီ ၅ ထပ်ကွမ်းဒါရိုက်တာကြီး ဦးသုခ) (လူထုအောင်သံဇာတ်ကားထဲမှာ ကျောင်းဆရာ ဖိုးဆိတ်အဖြစ် ကွန်မြူနစ်သူပုန်က ဒလန်ဆိုပြီး အသတ်ခံရသူအဖြစ် သဘာဝကျကျ သရုပ်ဆောင်ခဲ့သူ)
“You will become what you believe."
အိန္ဒိယသိပ္ပံပညာရှင်သမ္မတကြီး အဗ္ဗဒူကာလမ် ရေးသားပြောကြားခဲ့တာ ကောင်းပါတယ်။ မှန်ပါတယ်။ သူ့အရင်အချိန်ပိုရှေ့ကျတဲ့ ဘဝလမ်းညွှန် စာရေးဆရာတွေ ရေးခဲ့ကြတာလည်း ဒီသဘောမျိုး အများကြီး ရှိခဲ့ပါသေးတယ်။ “သင့်အတွေးအကြံ အတိုင်းသာ ဖြစ်လာမှာပဲ” လို့ ဂျိမ်းစ်အာလန်ဆိုတဲ့ စာရေးဆရာက စာအုပ်တစ်အုပ်ရေးထားပါတယ်။ နှစ်ပေါင်းရှစ်ဆယ်၊ တစ်ရာကြာပါပြီ။
ဘဝတစ်ခုရဲ့ အောင်မြင်မှုဆိုတာက မိမိတစ်ဦး တစ်ယောက်စာ ကွက်ကွက်ကလေးအတွက်ပဲ ထည့်စဉ်းစားရတာမျိုး မဟုတ်ဘူးကွဲ။ မိမိဟာ လူအသိုက်အအုံ ပတ်ဝန်းကျင်လောကထဲမှာ ပေါက်ဖွား ရှင်သန်လာခဲ့ရတာ။ ခြေလေးချောင်း သတ္တဝါမျိုးလိုရက်ပိုင်း လပိုင်းနဲ့ ရပ်နိုင်လျှောက်နိုင် မဖြစ်လာပါဘူး။ လူက ထူးခြားတယ်။
လူတစ်ယောက် ဖဝါးလက်နှစ်လုံး၊ ပခုံး လက်နှစ်သစ် ကနေပြီး ထိုင်နိုင်၊ ရပ်နိုင်၊ လမ်းလျှောက် တတ်အောင် လူဖြစ်လာအောင် ပြုစုယုယ လုပ်ကျွေးပြုစုခဲ့ကြရတဲ့ အမိရယ်၊ အဖရယ်၊ မိသားစုရယ်၊ ဆွေမျိုးရပ်ရွာရယ်၊ ကျေးဇူးပြုခဲ့တဲ့ အသိုင်းအဝိုင်းကို လူပီသရင် ထည့်စဉ်းစားတတ်ရပေမယ်။ ဒါကြောင့် ငါလူ့ဘဝမှာ ဖြစ်ပေါ်ရှင်သန်အောင် မိဘနှစ်ပါးအပါအဝင်၊ မိသားစု၊ ဆွေမျိုးများ အပါအဝင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်တိုင်းပြည်ကို ကျေးဇူးသိတတ် ကျေးဇူးဆပ်တဲ့လမ်းကြောင်း အတိုင်းသွားမယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ဆုံးဖြတ်ချက်၊ စိတ်ဆန္ဒထက်သန်မှုရှိမှ ဒါဟာ မှန်ကန်တယ်။
တရားမျှတတယ်။ ကြိုးစားအားထုတ်လုပ်ဆောင်ချက်ဟာ အဓိပ္ပာယ်ရှိတယ်။ အမြော်အမြင်ပြည့်ဝ ရာရောက်တယ်။ ဟုတ်ပြီနော်။ ဒါမှသာ အောင်မြင်မယ်။
ယုံကြည်ချက်ရှိတယ်၊ အောင်မြင်ရမယ်၊ စွန့်စား မယ်ဆိုသော်လည်း မြန်မာပြည်ကို မငြိမ်မသက် ဖြစ်အောင် ဖျက်ဆီးဖို့၊ မြန်မာတိုင်းရင်းသားတွေကို နှိမ်နင်းသတ်ဖြတ်ဖို့၊ (မျက်နှာဖြူတွေ၊ မျက်လုံးပြူးတွေ၊ မုတ်ဆိတ်တွေ) က ထောက်ပံ့ပေးကမ်းတာနဲ့ သူတို့ခိုင်းသမျှ လိုက်နာလုပ်ဆောင်ဖို့ရာ ရွေးချယ်မှု လမ်းကြောင်း လွဲမှားခဲ့သည်ရှိသော် ဒါမျိုးတွေ များခဲ့ပြီ။
လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ် (နှစ်ပေါင်း ၇၀ ကျော်လောက်က) လွတ်လပ်ရေးရစ လက်နက်ကိုင်ဆူပူ အုံကြွမှုတွေလိုပဲ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေဟာ မိုက်မဲသူအချို့ကြောင့် စစ်မီးလျှံထဲ ကျရောက်ပျက်စီးရပေဦးတော့မယ်။ ကြောက်စရာ ကောင်းလိုက်တဲ့ အသိဉာဏ်နည်းပါးမှု၊ ဆင်ခြင်တုံ တရား ခေါင်းပါးမှုပါလား။
လူဆိုတာအတ္တဗဟိုပြုကြစမြဲပါပဲ။ ဒါကြောင့် ငါ့ကိစ္စ၊ ငါ့ဘဝ၊ ငါ့အကျိုးနဲ့ငါ့ရဲ့ အောင်မြင်မှု၊ ကြီးပွားမှုကို ဦးစားပေးကြတာ သဘာဝပါ။ မိမိတို့လူသားမှာ ပခုံးနှစ်ဖက်ပါလာတာဟာ ထူးဆန်းတယ်။ (နွားတိရစ္ဆာန်ကတော့ တစ်ဘို့တည်းပါတာ အမြင်ပဲ) လူမှာ ပခုံးနှစ်ဖက်နဲ့ မွေးဖွားလာခြင်းရဲ့ အကြောင်းရင်းက အဓိပ္ပာယ်ရှိတာပေါ့။ စာရေးဆရာ ဗန်းမော်တင်အောင်ရေးဖူးတဲ့စာပိုဒ် တစ်ခုဟာ အင်မတန်မှတ်သားလေးစားစရာ ကောင်းပါတယ်။ သမိုင်းတွင် ဂန္ထဝင်စကားလို့ပင် ဆိုထိုက်ပါရဲ့။ ။
“လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို သူဘယ်လောက်ကျေပွန်စွာ ထမ်းဆောင်သလဲဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” တဲ့ မှန်တာပေါ့ကွယ်။ ။
လူသားကောင်းတစ်ယောက်ဖြစ်ဖို့ရာ ပထမဦးစားပေး အရေးကြီးဆုံးလုပ်ရမှာကတော့ လောကတ္ထ စရိယာ၊ လောကကောင်းကျိုးပါပဲ။ လောကကောင်း ကျိုးအတွက်ဆိုရင် ငြိမ်းချမ်းရေးပေါ့။ လက်နက်ကိုင် တိုက်ခိုက်ရေးဟာ စွန့်ပယ်ပါ။ ဒုတိယ ဦးစားပေးလုပ်ဆောင်ရမယ့် သမိုင်းပေးတာဝန်က သင့်ပခုံးပေါ်မှာ ရောက်ရှိနေပါပြီ။ ဉာတတ္ထစရိယာ၊ မိမိရဲ့ မိဘ၊ ဆွေမျိုး၊ လူမျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။ မိမိတို့နိုင်ငံကို မီးလောင်တိုက်သွင်းပြီး ဖျက်ဆီး ချေမှုန်းချင်တဲ့ ခေတ်သစ်နယ်ချဲ့ရဲ့ စီမံချက်ကြံရွယ်ချက်ဟာ မိနစ်နာရီနဲ့အမျှ နီးကပ်နေတဲ့ အချိန်ကာလပါပဲ။ ဒါတွေကို တွန်းလှန်ရမှာလေ။ ။
အမျိုးသားရေးတာဝန်ကျေပွန်ရမယ့်သမိုင်းပေး တာဝန်ကို ရဲရဲရင့်ရင့် ပါဝင်ထမ်းဆောင်ကြပါလေ။
တတိယအချက်ကတော့ လောကကောင်းကျိုးနဲ့ လူမျိုးကောင်းကျိုးကို တာဝန်ကျေပွန်စွာ စွမ်းဆောင် နိုင်တဲ့ လူသားကောင်းတစ်ယောက်အဖြစ် ကမ္ပည်း ထိုးခံရသူ၊ လူကောင်းလူမွန်၊ လူတော်၊ လူချွန်ဖြစ် အောင် ပညာပြည့်၀ နှလုံးလှပါစေ။ ။
မောင်နှင်းဆီ