Skip to main content

ရန်ကိုအောင်ကြောင်းတရား

“သစ္စာ ၊ ဝီရိယနှင့် စာဂဟူသည် ရန်သူအောင်မှုကြောင်း လေးခု။”

အရှင်မဟာသီလဝံသ(၁၄၅၃-၁၅၁၈) လက်ရှိပကတိ အခြေအနေတွေကတော့ “အားလုံးလည်း မြင်သိတွေ့ရှိနေကြတဲ့အတိုင်းပဲ။ ကောင်းနေပါတယ်၊ ဆိုးနေပါတယ်စသဖြင့်ပြောရင်လည်း မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကြီးကိုလက်နဲ့စမ်းပြီးကိုယ့်စိတ်ထဲ ထင်ရာပြောနေတာ နဲ့တူနေမှာစိုးရပေတယ်။ ဆင်ဆိုတာကြီးက နှာမောင်းစမ်းမိသူက မြွေကြီးနဲ့တူလှပါလား။ အစွယ်စမ်းမိသူက လှံသွားလိုပဲချွန်သတဲ့။ နားရွက်စမ်းမိသူက ယပ်တောင်လိုပါကွဲ။ ခန္ဓာကိုယ်စမ်းမိသူက နံရံတံတိုင်းကြီးပါလား။ ဆင်ရဲ့ခြေထောက် ကို ဖက်ကြည့်စမ်းတဲ့သူက သစ်ပင်ရဲ့ ပင်စည်တွေ လိုပဲဟေ့။ အမြီးကိုကိုင်မိသူက ကြိုးတုတ်တုတ် တစ်ချောင်းနဲ့ ဆင်ဆိုတာ တူတာပါကွာ။

အားလုံးကို ပြည့်စုံအောင် ခြုံငုံမြင်ကြည့်တဲ့ အမြင်ရှိမှ သူပြောတာက သဘာဝကျပေမယ်။ ကိုယ်ထိတွေ့ရသမျှလေးကို အတိအကျ အပြည့်အစုံ မှန်ကန်ပြီလို့ အငြင်းမသန်သင့်ဘူးပေါ့။

“လူတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ တန်ဖိုးထားပုံတွေကို တည့်မတ်ပေးနိုင်မှ အုပ်ချုပ်တဲ့အစိုးရတွေနဲ့ ရေးဆွဲတဲ့ စီမံကိန်းတွေအောင်မြင် ပါလိမ့်မယ်”လို့ အချို့စာရေးဆရာတွေက အကြံပေးပါတယ်။

“အတွေးအခေါ်တွေ နိမ့်လည်းနိမ့်၊ လွဲလည်းလွဲ၊ စိတ်ဓာတ်တွေကညံ့၊ အောက်တန်းကျ၊ တန်ဖိုး ထားပုံတွေကစံလွဲ၊ ချာတူးလန် နေတဲ့လူတွေနဲ့ဆိုရင် ဘယ်အစိုးရတက်တက် အောင်မြင်ဖို့ရာ ခက်ခဲလိမ့် မယ်”လို့လည်း ထောက်ပြကြပါတယ်။ အများစုက ပြုပြင်ကြဖို့ လိုအပ်နေပြီ။

“နှစ်ဆယ့်တစ်ရာစုခေတ်ကာလ အခြေအနေ ကသယံဇာတတွေ၊ရေခံမြေခံတွေ၊ အရင်းအနှီးတွေ၊ နည်းပညာတွေထက် လူတွေရဲ့ အရည်အသွေးက ပိုပြီးပဓာနကျတဲ့ခေတ်ပါ” တဲ့။ စာရေးသူ လေးစားတဲ့စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာပိုက်တင် ရေးတင်ထားတဲ့ စာပိုဒ်လေး လက်ကိုင်ဖုန်းထဲမှာ ဖတ်လိုက်မိပါတယ်။ လူတွေရဲ့ အရည်အသွေးကို တိုးတက်စေရပေမယ်။ အထူးသဖြင့် လူငယ်တွေ၊ အနာဂတ်ကိုပိုင်ဆိုင်ကြတဲ့ အညွန့်အဖူးလေးတွေရဲ့ ပညာရေး။

ခေတ်တွေအမျိုးမျိုးကို လူ့သမိုင်းမှာ လူသားတွေ ဖြတ်သန်းခဲ့ပြီးပေါ့။ စိုက်ပျိုးရေးခေတ်၊ စက်မှုစက်ရုံအလုပ်ရုံခေတ်၊ နည်းပညာ ခေတ်၊ အဆင့်မြင့်နည်းပညာခေတ်၊ ဘယ်အချိန်ကာလ ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အခြေခံကျတဲ့ အမိကကိန်း ကတော့“လူသာပဓာန” ဆိုတဲ့သဘော တရားက မှန်နေဆဲပါပဲ။ မှန်ကန်နေဦးမှာပါပဲ။ ပြည်သူတွေတစ်ဦးချင်းစီရဲ့ အလုပ်ဆိုတဲ့ကံ၊ ဉာဏ်၊ ဝီရိယစွမ်းအားသာ အဆုံးအဖြတ်ပေပဲ။

ဖရိုဖရဲ မပြိုကွဲစေရပါ။

ကာယကံ၊ ၀စီကံ၊ မနောကံ၊ အပြုအမူ၊ အပြော အဆို၊ အတွေးအခေါ်ဆိုတဲ့ အလုပ်တွေကို ပြုလုပ် နိုင်စွမ်းရှိကြတဲ့လူသားတွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေ၊ ပြောဆိုဆက်ဆံမှုတွေ၊ တွေးခေါ်မြော်မြင်ပုံတွေက လူ့အဖွဲ့အစည်းကို ကောင်းအောင်ဆိုးအောင် ဖန်တီး မောင်းနှင်နေကြတာပဲလေ။ ဒါဟာ ကံမဟုတ်လား။

သူ့ရဲ့ ခံစားမှုဝေဒနာ သူ့ရဲ့ စေ့ဆော်မှုစေတနာ၊ ဆန္ဒ၊ လုံ့လ သူ့ရဲ့ ဖန်တီးမှုအတတ်ပညာနဲ့ ဉာဏ်ရည်ဉာဏ်သွေး

လူတွေက တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူးမဟုတ်လား။ သူ့ကိုယ်နဲ့သူ့စိတ်တောင် တစ်ခါတစ်ရံ အလိုမကျတာရှိသေး တယ်၊ အခြားလူတစ်ယောက်နဲ့၊ အခြားသောလူပေါင်း များစွာနဲ့ တူညီဖို့ဆိုတာတော့ ဝေလာဝေးပေါ့။ အမြွှာမွေး ညီအစ်မ၊ ညီအစ်ကို တစ်အူထုံဆင်း ချင်းတောင် အယူအဆချင်း၊ စရိုက်ဝါသနာချင်း၊ လက္ခဏာချင်း မတူကြဘူး။ ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားသန်းပေါင်း ၇၅၀၀ လောက်ဟာ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက်၊ ပခုံးနှစ်ခုကြား ခေါင်းပေါက်တာတူပေမယ့် (လူချင်းတူသော်လည်း အသက်ရှူချင်းကွဲကြ တယ်ဆိုသလိုပဲ) လက်ဗွေရာတွေလည်း မတူဘူး၊ မျက်စိသူငယ်အိမ်ထဲက မြေပုံလည်း လုံးဝ (လုံးဝ) မတူကြဘူး။

ဘယ်လောက်အံ့ဩစရာကောင်းသလဲ။

မအံ့ဩနဲ့၊ အဲဒီအမှန်တရားကတော့ ပကတိ အမှန်၊ အချက်အလက်ပေပဲ။ တစ်ယောက်နဲ့ တစ်ယောက် အတွေးမတူဘူး၊ အမြင်မတူ ဘူး၊ လူအုပ် စုချင်းလည်း နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အဆင့်အတန်းတွေ၊ စရိုက်တွေ အကြိုက်တွေတူတာတွေရှိ၊ ကွဲတာလည်းရှိ၊ နီးစပ်တာလည်းရှိ၊ ဝေးကွာတာလည်းရှိ၊ ဒါတွေက ပကတိ အမှန်တရားတွေပါပဲ။ မတူကွဲပြားတာကို ရန်လုပ်ရင် လွဲမှားမှာပေါ့။

အမြင်မတူတော့ သဘောထားမတူ။ သဘောထားမတိုက်ဆိုင်တော့ ဝိရောဓိဖြစ်။ ဒွန်တွဲရင် လွန်ဆွဲတာလည်း သဘာဝပဲ။

ဝိရောဓိတွေ အားကောင်းလာရင် ပဋိပက္ခဆို တဲ့ ပွတ်တိုက်မှုတွေဖြစ်လာရော။ ပဋိပက္ခဆိုတာ လူ့သမိုင်းမှာ အကြိမ်ကြိမ် နေရာတကာရှိခဲ့ဖူးတာပဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ကြသလဲ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ညီညွတ်ခဲ့လို့ ရခဲ့တဲ့အောင်ပွဲ တွေလည်းမနည်း။

မညီမညွတ်သွေးကွဲခြင်းက ပျက်စီးကြောင်းကို ဖြစ်စေတယ်။ မိသားစုဖြစ်စေ၊ ရပ်ရွာဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေ အချင်းချင်းလေးစား ရိုသေမှု၊ ချစ်ခင်စာနာမှု၊ စည်းလုံးညီညွတ်မှုပြိုကွဲရင် ဆုတ်ယုတ်  ပျက်စီးစမြဲပဲ။ မြတ်စွာဘုရားရှင်လက်ထက်က ဝေသာ  လီပြည် မပျက်စီးမီ မြတ်စွာဘုရား(ဘီစီ ၅၆၃-၄၈၃)  က နိုင်ငံမဆုတ်ယုတ် မပျက်စီးစေနိုင်တဲ့ ကျင့်သုံး ရင် ကောင်းကျိုးရမယ့်တရားကို ဟောကြားခဲ့ပါရဲ့။

ပါဠိပါတ်တွေများများတော့မသိပါဘူး။  ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၊ ၆၀ ကာလဆီက နိုင်ငံတော် တံဆိပ်မှာလည်း ပါခဲ့တယ်။ ပိုက်ဆံစက္ကူပေါ်မှာလည်း တွေ့ခဲ့ရဖူးလို့ မှတ်မိနေတာလေး တစ်ခုရှိတယ်။ ဒါဟာလည်း ဂေါတမဗုဒ္ဓဟောပြခဲ့တဲ့ တရားသဘော တစ်ကြောင်းပါပဲ။

သမဂ္ဂါနံ တပေါ သုခေါ။

စည်းလုံးညီညွတ်ခြင်းဟာ ချမ်းသာခြင်းကို  ဆောင်ယူလာတတ်တယ်တဲ့။ ရှေးရှေးကာလ နိုင်ငံတော်ကိုအုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ သဘောတရား၊ မူကောင်းတွေကို သိရှိခဲ့ကြပါရဲ့။ ကောင်းမွန်တိုးတက်အောင်လည်း လုပ်ဆောင်ခဲ့ဖူးပါရဲ့။ အမျိုးသား လွတ်မြောက်ရေးအတွက် အသက်ပေးပြီး တိုက်ပွဲဝင် ရုန်းကန်ခဲ့ကြတဲ့ သခင် လူငယ်တွေပါပဲ။ နိုင်ငံရေးပါတီ တွေဖွဲ့ရင်းနဲ့ ဖဆပလ နဲ့ ဗကပကွဲ။ စေ့စပ်လို့မရအောင်ကွဲ၊ သူသေကိုယ်သေ ပဲ။ အချစ်အစား အမုန်းတွေများ၊ မှားခဲ့လွဲခဲ့ကြ။

အာဏာရဖဆပလထဲမှာပဲသန့်ရှင်းနဲ့တည်မြဲ။  အဝါနဲ့ အနီ နှစ်ခြမ်းကွဲ။ မကြည့်ချင်ကြလောက် အောင်မုန်း။ သူပြုတ်ကိုယ်ပြုတ် ဆော်ကြ၊ စည်းလုံးမှု ပြိုကွဲ။ - သန့်ရှင်းဖဆပလလက်ထက်မှာပဲ သူ့ပါတီထဲမှာ ဦးဗိုလ်အုပ်စုနဲ့ သခင်အုပ်စုဆိုပြီး ထပ်ကွဲပြန်ရော။ ကွန်မြူနစ်ဝါဒ ယုံကြည်ကြ သူတွေထဲမှာလည်း သခင်စိုးနဲ့ သခင်သန်းထွန်းကွဲ။ ထပ်ပြီးသခင်သန်းထွန်းနဲ့ သခင်သိန်းဖေမြင့် ကွဲကြပြန်။ လက်နက်  ကိုင်တော်လှန်ကြတဲ့ သူပုန်သူကန်တွေထဲမှာလည်း အုပ်စုတွေအုပ်စုတွေ ရေတွက်ရတာတောင်မောလောက် အောင်များလွန်းပါရဲ့။ မညီညွတ်ခဲ့ကြ။

“အာဏာဟာ လူကိုဖျက်ဆီးတယ်၊ အကြွင်းမဲ့အာဏာဟာ လူကိုအကြွင်းမဲ့ဖျက်ဆီးပစ်တတ် ပါတယ်”လို့ ဗြိတိသျှအမတ် လော့ဒ်အက်တွန်ဆိုသူက ပြောခဲ့ဖူးတယ်။ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ရဲ့ အမှားသင်ခန်းစာ နိုင်ငံပေါင်းများစွာရဲ့ သမိုင်းမှာတွေ့နိုင်တယ်၊ လက်ယာ ပဲဖြစ်ဖြစ်၊ လက်ဝဲပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ်၊ အာဏာရှင်တစ်ပါတီပဲဖြစ်ဖြစ် အာဏာနဲ့တွေ့ ရင် မခံနိုင်ကြဘူး။ အာဏာရူးပြီး မိမိကိုယ်ကို ပျက်စီးမှန်းမသိ လွဲမှားတဲ့နည်းလမ်းတွေ ရောက်စေခဲ့ကြတယ်။ ဘယ်နိုင်ငံက ဘယ်သူ ဘယ်ဝါ ပြောနေစရာမလို။

တိုင်းပြည်လူထု၊ ပြည်သူက အုပ်ချုပ်ရမှာ၊ နိုင်ငံကိုယ်စားပြု ပြည်သူပြည်သားတွေကိုယ်စား အုပ်ချုပ် စီမံကြရတဲ့ ပုဂ္ဂိုလ်တွေဟာ ဝိရောဓိတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်ရင် အဲဒီလူ့အဖွဲ့  အစည်းဟာ တိုးတက်လာတာပဲ။ ပြည်သူတွေကလည်း ဒါတွေသိထားရမယ်။ နိုင်ငံ့ဝန်ထမ်းတွေ ကလည်း ဒီသဘောတွေကို သိမြင်နေရမယ်။ အစိုးရဝန်ထမ်းတွေကလည်း ဒီအချက်တွေကို နားလည်ကြရပါမယ်။ အုပ်ချုပ်သူအဖွဲ့အစည်းထဲမှာ ပါဝင်သူ၊ ဆက်နွှယ်သူ၊ ဆုံးဖြတ်သူ၊ အကောင်အထည် ဖော်နေကြသူ အားလုံးဟာ အေ၊ ဘီ၊ စီ ဆိုတဲ့ A, B, C သုံးချက်ကို မှန်မှန်ကန်ကန် အသုံးချတတ်ကြရပါမယ်။ ဒါမှ ပြည်သူနဲ့အစိုးရ၊ အစိုးရနဲ့ ပြည်သူ အညမည သဟဇာတ ဖြစ်ကြမယ်။ မခက်ခဲပါဘူး။ အထူးအဆန်းလည်း မဟုတ်ပါဘူး။ တကယ် ကျင့်သုံးကြရင် လွယ်လွယ်ကူကူနဲ့ တိုးတက်အောင် မြင်သွားမှာပါ။

A= Atitude- သဘောထားအမြင် ဒါတွေရှိကြရပါမယ် - (အကျယ်ပြောရင် အများကြီးပေါ့။ သိရုံအမြွက်မျှ ဖော်ပြပါရစေ)

၁။ အကောင်းမြင်စိတ် Optimism

၂။ အပြုစိတ် Positive

၃။ ငြိမ်းချမ်းစိတ် Peace of Mind (Good will)

၄။ သတ္တိ Courage

၅။ မျှော်လင့်ချက် Hope

၆။ လေးစားမှု Reciprocal Respect

၇။ ယုံကြည်မှု Believe, Trust

၈။ စိတ်အားထက်သန်မှု Enthusiasm

B= Behaviour − အပြုအမူလက်တွေ့ပါရမယ်။

၁။ အလုပ်လုပ်နိုင်တဲ့အင်အား Energy

၂။ မိမိကိုယ်ကိုအားကိုးမှု self-relience

၃။ မဆိုင်းမတွ Personal

လုပ်ဆောင်ခြင်း Initiative

၄။ စုပေါင်းလုပ်ဆောင်ခြင်း Team Work

၅။ ပေါင်းစည်းညီညွတ်မှု Cohesiveness

၆။ စည်းလုံးစွမ်းအားရလဒ် Synergy

C= Context - ဆက်စပ်စဉ်းစားရမယ့်

အကြောင်းအရာ အခြေအနေ။

၁။ ဂေးရှိတော့သီအိုရီ Gestault Theory တစ်ခုလုံးကို ခြုံငုံသုံးသပ်လေ့လာခြင်း

၂။ တစ်သီးတစ်သန့် ဖြစ်တည်နေမှုများကို သိမှတ်နားလည်လက်ခံခြင်း Phenomenological Approach သစ်တောကိုလည်း ရှုမြင်ရမည့်အပြင် သစ်ပင်များ၏ မတူကွဲပြားကြသော ဝိသေသလက္ခဏာများကိုလည်း သိရှိထားရမယ်။ (ယေဘုယျနှင့် ဝိသေသသဘောနှစ်ရပ်)။ ဘာတွေကိုလဲဆိုရင် လူမျိုး၊ ဘာသာ၊ စာပေ။ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ၊ ရေမြေ အခြေအနေ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခံယူမှု၊ ယုံကြည်မှု၊ အကျင့်၊ စရိုက်စသည်။ အခြေခံ ပညာရေးမှာ သမိုင်းနဲ့ပထဝီကိုအလေးထား သင်ခဲ့ကြရမယ်။ ပထဝီနိုင်ငံရေးအရ နိုင်ငံတကာ အင်အားကြီး နိုင်ငံများ၏မဟာဗျူဟာရည်မှန်း ချက်များနှင့် ရင်ဆိုင်နေကြသော ဝိရောဓိများ၊ ပဋိပက္ခများ၊ အပေးအယူ၊ အဆုတ်အတက် အခြေအနေများကိုလည်း မျက်တောင်မခတ် သုံးသပ်ကြည့်ရှုနေရမှာပါ။ သူတို့ရဲ့ဆွဲအား တွန်းအားတွေက ကြီးမားတယ်လေ။ အကယ်၍ သတိမထားရင်လည်း ကွဲသွားနိုင်တာကို။

မျက်ခြည်မပြတ် အကဲခတ်ပြီး မီးစင်ကြည့်ကတတ်ရပါတယ်။ ပြည်သူတွေ အမြင်ကျယ်ဖို့ လိုပေတယ်။ ထင်ရာမြင်ရာစွတ်ပြောရင်း ငြင်းခုံရန်သတ်နေရမယ့်အချိန်မျိုးမဟုတ်။ ခန္တီနဲ့ မေတ္တာက မကျော်လွှားနိုင်တဲ့ ဘေးရန်ဆိုတာ မရှိ။ ဒါကိုသိစေလိုပါတယ်။

ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲတွေကို ဘေးဖယ်လျှော့ချပြီး “ပြည်ထောင်စုကြီး ခိုင်မြဲ တိုးတက်ရေး” အဓိကကိုပဲ ပထမဦးစား ပေးနေရာထားကာ စဉ်းစားစီမံကြရမယ် မဟုတ်လား။ အဓိကနဲ့သာမညကို နေရာအထား မှားခဲ့လို့ သူများထက် နောက်ကျ နေရစ်ခဲ့ရ တယ်။

ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ အခြေအနေတွေကို တာဝန်ရှိသူအဆင့်ဆင့်က နားလည်သိမြင်ထားကြရင် မကြာခင် အောင်မြင်မှုအသီးအပွင့်တွေ မြင်ရဖွယ်ရှိမှာပါ။

အရေးအကြီးဆုံးအချက်ကလူတွေရဲ့ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ချင်မှုဟာ သော့ချက် ပါပဲ။ ရှေ့ကသွား နေတဲ့လူက ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ ကိုယ် ကျိုးနည်းတယ်၊ ခွင့်လွှတ်သည်းခံ အနစ်နာခံ အလုပ်လုပ်တယ်၊ စေတနာမှန်တယ်၊ လုပ်ငန်း ကျွမ်းကျင်တယ်၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ထိတွေ့တယ်ဆိုရင် ပြည်သူတွေက (အစိုးရကို ကိုယ်စားပြုကြတဲ့ အစိုးရဝန်ထမ်းတွေ  အပေါ်) ကြည်ညိုနှစ်လိုတာ ကြောင့်ပဲ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်။ လုပ်တတ်ကိုင်တတ်အောင် ကြိုးစားလေ့ကျင့်၊ လိုက်နာကြမယ်။ ဥပဒေနဲ့အညီ လုပ်ရင် သေချာပေါက်တိုးတက်ပြီပေါ့။

ဘယ်လိုခေါင်းဆောင်လဲ။ စည်းလုံးညီညွတ်ရေး၊ သွေးစည်းရေးကို ရှေးရှုသလား၊ သပ်လျှို၊ သွေးခွဲ၊ စည်းလုံးမှုပြိုကွဲအောင် လုပ်ဆောင်သလား။ အကဲခတ်တတ်ကြပါတယ်။

လူလူချင်းစာနာမှု၊ နားလည်မှု၊ တရားမျှတမှု၊ လေးစားမှုတွေနဲ့သာ ပြောဆိုဆက်ဆံပြုမူကြည့်ပါ။ ခေတ်ကိုပြောင်းနိုင်ပါတယ်။ စနစ်ကိုပြောင်းစေ ပါတယ်။ အကျင့်စရိုက်တွေ (ပြင်ဖို့ခက်ပေမယ့်) ကောင်းလာပါလိမ့်မယ်။ လက်စားမချေချင်ပါနဲ့။  သင်ပုန်းချေကြရမယ်။ ဥပဒေကိုချိုးဖောက်ရင် တော့ ဘယ်သူမဆို ဒုက္ခရောက်ပေမှာပဲ။

ဝိရောဓိကနေ တင်းမာပေါက်ကွဲလာတဲ့ ရင်ဆိုင် ပဋိပက္ခတွေကို ဖြေရှင်းနည်းတွေ အများကြီးပါ။ ပရိယာယ်အပါအဝင် တရားတာ ရော၊ မတရားတာရော နည်းလမ်းပေါင်း ၈၀ ရှိပါတယ်။ (လေမျိုးရှစ်ဆယ် လိုပဲနော်) လိုရင်းတိုရှင်းကောက်နုတ်ပြီး ဒီနေရာမှာတော့ ငါးမျိုးသာတင်ပြပါရစေ

၁။ ကိုယ်နိုင်သူရှုံး။ ဖိအားပေးနည်း၊

၂။ ကိုယ်ရှုံးသူနိုင်။ အလျှော့ပေးခြင်းနည်း၊

၃။ လျစ်လျူရှုထား။ ဖျာအောက်ထိုးဝှက်၊ မသိချင်ယောင်ဆောင်နေနည်း၊

၄။ ညှိနှိုင်းခြင်း။ သူနည်းနည်းလျှော့၊ ကိုယ်နည်းနည်းလျှော့၊

၅။သူလည်းနိုင်- Win-Win Method ညှိနှိုင်း ကိုယ်လည်းနိုင်။ တိုင်ပင်ပြီးအဖြေကိုအတူတကွ ဖော်ထုတ်နည်း။

အမုန်းအမျက်မရှိ၊ ပြည်သူအတွက်အဓိကထားပြီး နှစ်ဦးနှစ်ဖက်အကျိုးမပျက်စီးဖို့ တပ်မတော်က အကြိမ်ကြိမ်ကြိုးစားခဲ့တာ ကတော့ အထင်အရှားပါပဲ၊ ဘယ်သူမှားခဲ့သလဲ။

စာရေးသူက လက်တွေ့ ပကတိအခြေအနေနဲ့ သဘောတရားကိုပဲ တင်ပြလိုရင်းပါ။

အချို့နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ နည်းလမ်း(၁)နဲ့(၃)ကိုသာ ထပ်ခါ ထပ်ခါ ကျင့်သုံးလုပ်ဆောင်နေကြတဲ့ အတွက် သူတို့မအောင်မြင်တဲ့အပြင် ပြည်သူတွေလည်း ဆင်းရဲ  ဒုက္ခ အကြီးအကျယ်ရောက်ခဲ့ကြရပါတယ်။ လမ်းရွေးမှားလေတော့ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ကြ ရတယ်။ ခရီးလည်းမရောက်။ နည်း(၁)ကိုပဲ ကြိုက်လို့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောထား (မူ)မျိုး အလွဲ အမှားကြောင့် အားလုံးထိခိုက်နေကြရတာပဲလေ။

ဒေါသနဲ့ဆုံးဖြတ်သမျှက လွဲချော်နေမှာပဲ။

သိကြတဲ့အတိုင်း မေတ္တာပါမှ အဆင်ပြေမှာပါ။ နည်းလမ်း(၄)တို့၊ နည်းလမ်း(၅)တို့နဲ့ကြည့်တတ် မြင်တတ်ရင် လွယ်လွယ်ကူကူ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်မှာ သေချာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက စတီဗင်ကိုဗေး (Steven R.Covey) ရေးခဲ့တဲ့ ထူးခြား အောင်မြင်သူများရဲ့ အလေ့အထ ခုနစ်ချက်ထဲက (Win-Win Method)  ကို အကြိမ်ကြိမ် ရေးသားမျှဝေ ဖူးပါတယ်။ ခေါင်းဆောင်လုပ်သူတွေ အမြော်အမြင်နည်းရင် ပြည်သူတွေနှစ်နာတာပဲ။

ရန်လိုမုန်းတီးတဲ့ဒေါသတရားလက်ကိုင်ထားပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖျက်ဆီး ချေမှုန်းနေကြ တဲ့အုပ်စုတွေ အများကြီး ရှိနေကြ တယ်။ သူတို့က ယနေ့အုပ်ချုပ်တဲ့အစိုးရကိုသာ ကန့်လန့် တိုက်နေ ကြတာမဟုတ်ဘူး။ နိုင်ငံရော ပြည်သူကိုပါ ပြာပုံဖြစ်အောင် မီးရှို့ဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။

ဘယ်သူတွေလဲ။ မြင်အောင်ကြည့်ကြပါ။ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပါ။

အဖြေကရှင်းပါတယ်လေ။

လက်ရှိအခြေအနေ အခက်အခဲဘေး အန္တရာယ်အသွယ်သွယ်ကနေ ကျော်နင်းလွန်မြောက် ထွက်ပေါက်တွေရှိနေပါတယ်။ ကြောက် စရာမလိုပါ။ ပြည်သူတွေရဲ့ အသိဉာဏ်ပညာက အဓိကကျပေတယ်။ ဒီရန်စွယ်အန္တရာယ်တွေ ဘယ်လောက်ပင်များများ မြန်မာနိုင်ငံသား ပြည်သူ တွေက စည်းလုံးခြင်းနဲ့ ကျော်လွှားဖယ်ရှင်း အောင်မြင်ခြင်းနဲ့သာ ရှင်သန်ကြမှာပါ။ စိတ်ချ ယုံကြည်ပါ။ 

သစ္စာ = မှန်ကန်ခြင်း။ သစ္စာတရားတန်ခိုး ကြီးမားပုံတွေကို အကျယ်ပြောမနေတော့ပါ။ အားလုံးသိပြီးသား။

ဓမ္မ = တရားနဲ့ညီခြင်း၊ မျှတခြင်း၊ ဥပဒေနှင့် အညီဖြစ်ခြင်း။  

ဝီရိယ = ကြိုးစားအားထုတ်ခြင်း၊ ကိုယ်စီတာဝန်ကျေပွန်ကြခြင်း။

စာဂ = စွန့်လွှတ်စွန့်စားရဲခြင်း၊ အကျင့်သီလကောင်းကြခြင်း။

ပြည်သူအများ ဒီတရားလေးပါး ရင်မှာပိုက် ထားကြပြီး ရန်တကာအောင်မြင်ပျော်ရွှင်တိုးတက် ကြပါစေ။ ။

ဗညားကျန်းထော